ပုန်းကွယ်နေသည့် အရေးအခင်း
Vol. 124 Ch. 1848
တရှုံ့ရှုံ့ ငိုကြွေးသံတို့က နှစ်ခြိုက်စွာ အိပ်မောကျနေသည့် ချောင်ရှင်းကို နိုးကြားလာစေသည်။
သူမ မျက်လုံးပွင့်လာခဲ့တော့ တစ်ပြင်လုံး မျက်ရည်အပြည့်ဖြင့် ဖြစ်နေသည့် လင်းရီကို သူမ မြင်တွေ့လိုက်ရ၏။ ချက်ချင်းဆိုသလို သူမ၏ နှလုံးက လည်ချောင်းဝ၌ တစ်ဆို့လာပြီး တစ်စုံတစ်ခု မကောင်းတာများ ဖြစ်သွားလေပြီလောဟု စိတ်က ချက်ချင်း တွေးမိသွားခဲ့သည်။
သို့သော် သူမ လှည့်ကြည့်လိုက်သည့်အခါ၌ လီချူးဟန်က မျက်လုံးပွင့်လာနေပြီ ဖြစ်ကြောင်းကို သူမ သတိထားမိလိုက်လေသည်။ သူမက လင်းရီကို စူးစိုက်ကြည့်နေခဲ့ပြီး သူမ၏ မျက်ဝန်းတို့က ချစ်မြတ်နိုးမှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။
“ အစ်မလီ … နင် သတိရလာပြီ …”
လင်းရီကဲ့သို့ တိတ်ဆိတ်စွာ ခံစားပြမနေဘဲ ချောင်ရှင်း၏ ငိုကြွေးသံတို့မှာ ကမ္ဘာပျက်မတတ်ပင်။
တစ်လွှာလုံးကပင် ကျယ်လောင်သည့် သူမ၏ ငိုကြွေးသံကို ကြားနေရလေသည်။
လီချူးဟန်သည် သူမ၏ ခေါင်းကို ခက်ခက်ခဲခဲလှည့်၍ ချောင်ရှင်းကို ကြည့်လိုက်သည်။ ထိုကောင်မလေးမှာ မျက်လုံးထဲက ကျဆင်းနေသည့် မျက်ရည်တို့အား အဆက်မပြတ် ဖယ်သပ်နေခဲ့ရင်း မျက်ဝန်းတို့က ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်နေသည်။
လီချူးဟန်မှာ စကားမပြောနိုင်သည်အထိ အားနည်းနေခဲ့သော်လည်း စိတ်၏ ပြတင်းပေါက်ဖြစ်သည့် မျက်ဝန်းတို့က မည်သည်ကိုမျှ ကွယ်ဝှက်ထားခြင်း မရှိခဲ့ချေ။
လင်းရီနှင့် ချောင်ရှင်းကို တစ်ဖန် ပြန်မြင်လိုက်ရတော့ သူမ၏ မျက်ဝန်းတို့မှာ ကျေးဇူးတင်မှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။
“ ရပြီ … လုံလောက်ပြီ … မငိုနဲ့တော့ … နှစ်ယောက်လုံး စိတ်ငြိမ်ငြိမ်ထားဖို့လိုတယ်… အခုက ခံစားချက်တွေ ပြင်းထန်နေရမယ့် အချိန်မဟုတ်သေးဘူး …” လင်းရီ နှစ်သိမ့်လိုက်၏။
နှုတ်က ထိုသို့ပြောလိုက်သော်လည်း သူတို့ထဲ မည်သူကမျှ အငိုမရပ်နိုင်ခဲ့ကြချေ။
သူတို့မှာ ပျော်ရွှင်လွန်း၌ ကမ္ဘာပေါ်ရှိ မည်သည့် ပျော်ရွှင်စရာကမျှ ဤအခိုက်အတန့်လေးကို ယှဉ်နိုင်မှာ မဟုတ်ဟု ခံစားနေခဲ့ရသည်။
“ မင်း အစ်မလီကို ကူပြီး နှိပ်ပေးလိုက် … သူ မလှုပ်ရှားဖြစ်တာ ရက်တွေ အတော်ကြာနေပြီ … တစ်ကိုယ်လုံး တောင့်တင်းနေရောပေါ့ …”
“ အွန်း …”
သို့နှင့် နှစ်ယောက်အတူ လီချူးဟန်၏ ခြေသလုံး ကြွက်သားများနှင့် အရိုးအဆစ်တို့အား နှိပ်နယ်ပေးလိုက်ကြသည်။
လီချူးဟန် ဟန့်တားချင်သော်ငြားလည်း သူမ၏ ကိုယ်က အားနည်းလွန်းနေခဲ့၏။ ထို့အပြင် လင်းရီ၏ ခိုင်မာသည့် သဘောထားက သူမကို ရွေးချယ်စရာ မရှိစေဘဲ သူတို့ စိတ်တိုင်းကျ လုပ်ခွင့် ပြုပေးလိုက်ရသည်။
ဤသို့ဖြင့် နှစ်ယောက်မှာ မမောနိုင် မပမ်းနိုင်စွာဖြင့် လီချူးဟန်၏ ကိုယ်ကို မနက်မိုးလင်း အရုဏ်တက်သည်အထိ နှိပ်နယ်ပေးနေခဲ့ကြ၏။
မနက် ခုနစ်နာရီ ဝန်းကျင်လောက်ရောက်တော့ ချိုးယွီလော့နှင့် နင်ချဲ့တို့မှာ မနက်စာ ကိုယ်စီဖြင့် အရေးပေါ် ဆေးကုခန်းထဲ ရောက်လာခဲ့ကြပြီး လီချူးဟန်မှာ ပြန်လည် သတိရရုံမျှမက ရိုးရှင်းသည့် လှုပ်ရှားမှုများကိုပါ ပြုလုပ်နိုင်နေသည်ကို မြင်တော့ သူမတို့နှစ်ဦးလုံး အံ့အားသင့်သွားခဲ့ကြ၏။
သုံးယောက်မှာ ပြောဆိုဆက်ဆံဖူးခြင်း သိပ်မရှိသော်လည်း လင်းရီအတွက် လီချူးဟန်က မည်မျှ အရေးပါလဲဆိုတာကို နင်ချဲ့တို့ နှစ်ဦးစလုံး သိကြသည်။
အကယ်၍ ဤအမျိုးသမီးသာ တစ်ခုခု ဖြစ်သွားခဲ့မည်ဆိုပါက လင်းရီအတွက် ဧရာမ ထိုးနှက်ချက်ကြီး တစ်ခု ဖြစ်သွားပေမည်။
“ အခြေအနေ ဘယ်လိုလဲ … သူ ဘယ်တော့လောက် အပြည့်အဝ ပြန်သက်သာလာမှာ …” နင်ချဲ့ စိုးရိမ်နေသည့် လေသံဖြင့် မေးမြန်းလိုက်၏။
“ အခုက နည်းနည်း အားနည်းနေသေးတယ်…. ပုံမှန်အတိုင်း ပြန်ဖြစ်ဖို့ဆို အနည်းဆုံး တစ်ပတ်လောက်ကြာမယ်… “ လင်းရီ ပြောလိုက်၏။ သူ့လေသံထဲတွင် ပျော်ရွှင်မှုတို့က မသိမသာ စိုးမိုးနေသည်။
လီချူးဟန်နှင့် ပတ်သက်၍ ဘာမျှ စိုးရိမ်စရာ မလိုတော့ပေ။ အစာအိမ်ထဲရှိ အိပ်ဆေးများကိုလည်း စုပ်ထုတ်ခဲ့ပြီးဖြစ်၏။
အားနည်းလွန်းနေသည့် ခန္ဓာကိုယ်ကြောင့်သာ ယခုလောလောဆယ်တွင် လှုပ်လှုပ်ရှားရှား သိပ်မလုပ်နိုင်သေးခြင်းပင်။
အထူး ဖြည့်စွက်စာ တစ်ချို့ သုံးဆောင်၍ သူမကိုယ်သူမ ရက်အနည်းငယ်ကြာ ပြန်လည် အားမွေးဖို့ လိုအပ်လေသည်။ ဒီအတွက်ကိုလည်း သူ လုပေချိန်ထံ တောင်းဆို၍ရသည်။
အဘိုးကြီးက ဒိတ်ဒိတ်ကျဲ ပုဂ္ဂိုလ်ကြီး တစ်ဦးဖြစ်ပြီး သူ့အိမ်တွင် ရှိနေသည့် အထူးဖြည့်စွက်စာတို့က တောင်ပူစာလေး တစ်လုံးစာလောက်ကို ရှိတော့မည်။ မသုံးပေးဘူးဆိုပါက နှမြောဖို့ ကောင်းလှ၏။
“ အဆင်ပြေတယ်ဆိုရင် ပြီးတာပါပဲ …”
လင်းရီသည် ဆန်ပြုတ်ကိုယူ၍ ကြက်ဥကို ဖိချေလိုက်ပြီး လီချူးဟန်ကို တစ်ဇွန်းပြီး တစ်ဇွန်း ကျွေးလိုက်သည်။
သူမ စားပေးလေလေ ၊ ပြန်လည်သက်သာမှုနှုန်းက ပိုမြန်လာလေလေပင်။ သို့သော် အရေးကြီးသည်က ဖြည်းဖြည်းချင်း သွားရမှာ ဖြစ်ပြီး အလွန်အကျွံ မပြုလုပ်ဖို့ပင်။
“ ရှင်းရှင်းကို လုပ်ခိုင်းလိုက် … နင် သူတို့နဲ့ စကားပြောလိုက်ဦးလေ… နင် ငါ့ကို စိတ်ပူစရာ မလိုပါဘူး …” လီချူးဟန် အားနည်းသည့်လေသံဖြင့် ပြောလိုက်၏။
“ ရတယ် …”
“ ငါ အဆင်ပြေတယ်.. နင် ပူစရာ မလိုဘူး …” လီချူးဟန်သည် လင်းရီ၏ လက်ကို ဆုပ်ကိုင်လိုက်၏။ သူမ၏ မျက်လုံးတို့က ညင်သာသိမ်မွေ့မှုတို့ ပြည့်နှက်နေသည်။
ထိုအချိန်မှာပဲ ချိုးယွီလော့နှင့် နင်ချဲ့တို့နှစ်ဦးမှာ လီချူးဟန်က အဘယ်ကြောင့် လင်းရီ၏ ရင်ထဲ၌ အရေးကြီးသည့် နေရာတစ်နေရာကို ရရှိထားနိုင်လဲဆိုတာ နားလည်သဘောပေါက်သွားခဲ့ကြတော့သည်။
အဘယ်ကြောင့်ဆိုသော် သူမက လင်းရီအပေါ်သို့ သူမတို့နှစ်ဦး မကြုံစဖူးဖြစ်သည့် ညင်သာသိမ်မွေ့မှုတို့ ပြသနေခြင်းကြောင့်ပင်။
“ အစ်ကိုရီ … ညီမလုပ်လိုက်မယ်… အစ်ကိုရီက ညီမလောက် အနုစိတ်နိုင်မှာ မဟုတ်ဘူး …” ချောင်ရှင်းက ပန်းကန်လုံးကို အပြုံးလေးဖြင့် လက်လွှဲယူလိုက်သည်။ လင်းရီလည်း ဆက်လက် ခေါင်းမာမနေတော့ဘဲ ပေးပြီး နင်ချဲ့နှင့် ချိုးယွီလော့ထံ လျှောက်သွားခဲ့လေသည်။
“ နင် ကျောက်မိုနဲ့ တခြားလူတွေကို ဘယ်လို ဖြေရှင်းလိုက်တာ …” နင်ချဲ့ မေးမြန်းလိုက်၏။
“ သွားပြီး ရိုက်နှက်လိုက်တယ်… ပြီးတာနဲ့ ဆေးရုံကနေ မောင်းထုတ်လိုက်တယ်…”
“ သူတို့တွေကို ရိုက်နှက်တယ် ဟုတ်လား …” နင်ချဲ့ ခေတ္တ အတွေးနက်သွားခဲ့ပြီးနောက် အံ့အားသင့်စွာ မေးလိုက်မိသည်။
“ နင် ကျောက်ဟော်နဲ့ တခြားလူတွေကို ရိုက်ခဲ့တယ်လို့ ငါ့ မပြောနဲ့နော်…”
“ ဒါပေါ့ … ကျောက်မိုနဲ့ တခြားကောင်တွေကိုကျ ခြေထောက်ချိုးပြီးပြီဆိုတော့ သူတို့ကို ဆက်အနိုင်ကျင့်လို့ ဘာထူးတော့မှာ … ပြီးတော့ ကျောက်ဟော်ကလည်း ငါ့ရှေ့မှာ စောက်ချိုးက သိပ်ပြေတာ မဟုတ်ဘူး … သုံးလေးချက်လောက် ပါးဖြတ်ရိုက်ပေးလိုက်တာ ချက်ချင်း အပိုးကျိုးလာတော့တာပဲ …”
“ အခု နင့်ကို လေးစားမိသလောက် ငါဘယ်သူ့ကိုမှ မလေးစားခဲ့ဖူးဘူး သိလား … နင်က ကျောက်ဟော်ကိုတောင် ပါးရိုက်ရဲတယ်…”
“ ဘာပဲပြောပြော ငါက အခု သေလူလေ… သူတို့ လက်စားချေချင်လို့ ရှာရင်တောင် ဘယ်သူလဲဆိုတာ ရှာတွေ့မှာမှ မဟုတ်တာ ….”
“ ငါတော့ ဒီလို အစီအစဉ်မျိုး ဖန်တီးပေးတဲ့လူကို တကယ် လေးစားသွားပြီ သိလား … အခု နင်က လုံးဝကို ဥပဒေဘောင် အပြင်ဘက်ကို ရောက်နေပြီ … နင် လုပ်ချင်တာ လုပ်တော့ပဲ …” နင်ချဲ့ ပြောလိုက်ပြီး “ ခေါင်းဆောင်ချိုးက စင်ဂယ်ဖြစ်နေတာ ကြာပြီဆိုတော့ ညဘက် ညဘက်တွေမှာ အတော်လေး အထီးကျန်နေရောပေါ့ … နင် သူ အိပ်နေတဲ့ချိန် အခွင့်ကောင်းယူလို့ရတယ်လေ… သူ နင့်ကို တိုင်လည်း ဘယ်သူက နင့်ကို ခြေရာခံနိုင်မှာ …”
“ နင်တို့နှစ်ယောက် … ပေါက်ကရတွေ ပြောချင်လည်း ကိုယ့်ဘာကိုယ်ပဲ ပြောကြ … ငါ့ကို လာလာဆွဲမထည့်နဲ့ …” ချိုးယွီလော့ မျက်လုံးလှိမ့်လိုက်သည်။
“ ငါက နင့်ကိုယ်စား ရှာပေးနေရုံပဲ … လက်ခလယ်ဘဲ အားကိုးနေတော့ နင့် လက်သည်းညှပ်လည်း သံချေးတက်လောက်ရောပေါ့ ….”
လင်းရီနှင့် ချောင်ရှင်းတို့ နှစ်ယောက်လုံး ချိုးယွီလော့၏ လက်ခလယ်ထံ အကြည့်ရောက်သွားခဲ့သည်။
“ သူ့ လက်ခလယ်တင်မဟုတ်ဘူးပဲ .. လက်ညိုးမှာလည်း လက်သည်းမရှိဘူး …” ချောင်ရှင်း နှုတ်က အလိုလို ထွက်မိသွားခဲ့၏။
ချိုးယွီလော့ “ ….. “
“ အစ်မချိုးရယ် … နင် မနေနိုင်ရင်လည်း လျှပ်စစ် device တစ်ခုလောက် ဝယ်လိုက်စမ်းပါ … ဒီခုခေတ် လူမှုအသိုင်းအဝိုင်းကြီး ပွင့်လင်းမြင်သာတဲ့ခေတ်ကို ရောက်နေပြီ … နင်အခု လုပ်နေတာကြီးက မသန့်ရှင်းဘူးနော်..”
“ မြင်လား … ပရော်ဖက်ရှင်နယ် ဆရာဝန်ကတောင် အကြံပေးနေပြီ … ဒေါက်တာပြောတာကို နားထောင်စမ်း …”
“ လစ် လစ် လစ် … ငါ့ကို နင်တို့လိုများ နင်ထင်နေလား … ငါ့ဟာက ဒီတိုင်း လက်သည်းကျိုးသွားရုံပဲ .. ညစ်ညမ်းတဲ့ အတွေးတွေနဲ့ လျှောက်တွေးမနေနဲ့ …”
လီချူးဟန် သတိပြန်လည်လာပြီ ဖြစ်သောကြောင့် အခန်းထဲရှိ လေထုသည်လည်း တစ်ဖန် လှုပ်ရှားသက်ဝင်လာသည်။
“ စကားမစပ် … အကြီးအကဲလုရော အသင်း ၄ ကို ဘယ်လို ကိုင်တွယ်လိုက်လဲ …” လင်းရီမေးလိုက်သည်။
“ ဘာသတင်းမှတော့ မကြားမိသေးဘူး … ဒါပေမယ့် ကြည့်ရသလောက်တော့ အသင်း ၄ ကို ဘယ်လိုနည်းနဲ့မှ ဆက်မထားဖြစ်ဖို့က သေချာသလောက် ရှိတယ်… တချို့ အဖွဲ့ဝင်တွေက ပါဝင်ပတ်သက်မနေဘူးဆိုရင်တောင်မှ သူတို့တွေ အရေးကြီးတဲ့ ကဏ္ဍနေရာမှာ ဆက်ပြီး ရှိနေတော့မှာ မဟုတ်ဘူး … သူတို့က သမိုင်းပုံရိပ်တစ်ခုအနေနဲ့ပဲ ကျန်ရစ်ခဲ့တော့မှာ …”
“ အသင်း ၄ ရဲ့ မိသားစုဝင်တွေ ဘက်ကရော ဘယ်လို တုံ့ပြန်လဲ …” လင်းရီ မေးကြည့်လိုက်သည်။
“ ငါတို့တော့ ဘယ်လို များများစားစား တုံ့ပြန်တာမျိုးမှ မမြင်မိဘူးပဲ .. ဘာလို့ဆို တိကျတဲ့ မူဝါဒတွေ ၊ စီမံချက်တွေနဲ့ ဆုံးဖြတ်ခဲ့တာလေ… သူတို့တွေ ခုလောလောဆယ်တော့ ဘာမှ မလုပ်ရဲကြသေးဘူးပဲ ..” နင်ချဲ့ ပြန်ဖြေလိုက်သည်။ “ ဒါပေမယ့် ငါ့စိတ်ထင်တော့ အဲ့ဒီ မိသားစု ၂၀ ကျော်ကနေ တစ်ခုခု လုပ်လာဖို့က မလိုတော့ဘူးလို့ ထင်တယ်… တစ်ဦးတစ်ယောက်ချင်း တုံ့ပြန်လာမှာတော့ မဟုတ်လောက်ဘူး … အဲ့ဒီအစား အတိုင်းအတာ တစ်ခုလောက်အထိ ပူးပေါင်းပြီး လုပ်ဆောင်ကြလောက်တယ်…”
“ လက်မောင်းတစ်ခုက ပေါင်တစ်ဖက်ကို ပြန်လှန်နိုင်မှာလား …”
ဤသည်က လင်းရီ အတော်လေး စိုးရိမ်ကြောင့်ကြနေသည့် ကိစ္စရပ်တစ်ခုပင်။ အဘယ်ကြောင့်ဆိုသော် လုပေချိန်၏ ခွန်အားက သူ စိတ်ကူးထားသည်ထက် ကျော်လွန်နေသောကြောင့် ဤအထိကရုဏ်း၏ ရလဒ်ကလည်း မသေချာ မရေရာ ဖြစ်နေသည်။
“ ကျိန်းသေပေါက် ဘယ်လှန်နိုင်မှာ … ဟွာရှမှာ ဘယ်သူကမှ အကြီးအကဲလုရဲ့ ရာထူးကို လှုပ်ခါနိုင်မှာ မဟုတ်ဘူး … ဒါပေမယ့် တစ်ခုခု လွဲမှား ချော်မှားတွေ ရှိသွားခဲ့ရင်တော့ စောစောစီးစီး အနားယူလိုက်ရမှာပေါ့ …”
နင်ချဲ့ စက္ကန့်အနည်းငယ် ကြာအောင် တွေးတောပြီးနောက် ဆက်ပြောသည်။
“ အာဏာနဲ့ လွှမ်းမိုးမှုကြားမှာ ချိန်ခွင်လျှာတစ်ခု ရှိတယ်… အထက်ကြီးပိုင်းတွေက အမှန်ကန်ဆုံး ဆုံးဖြတ်ချက် တစ်ခု မချမှတ်ခင် ကောင်းကျိုး ဆိုးပြစ်တွေကို အရင် ချင့်ချိန်ကြည့်ရတယ်…”
လင်းရီ မျက်လုံးလှန်လိုက်ပြီး စိတ်ထဲ အနည်းငယ် ကမောက်ကမ ဖြစ်သွားခဲ့၏။
လက်ရှိ ပုံစံ အတိုင်းဆိုပါက လုပေချိန်သည် အသင်း ၄ ကို ဖျက်သိမ်းချင်နေသည်မှာ ကြာပြီး ဖြစ်သော်လည်း လက်ရှိ အချိန်ထိ မဖျက်သိမ်းနိုင်သေးခဲ့ခြင်းပင်။ မည်သို့ပင်ဆိုစေ အသင်း ၄ သည်လည်း သူ့တာဝန်သူ ကျေပွန်နေသည်။
ယေဘုယျအားဖြင့် ၎င်းတို့နှင့် စပ်လျဉ်းပြီး မည်သည့် အရာကမျှ မှားယွင်းမနေခဲ့ချေ။
သို့သော် ဝမ်မိသားစုက သူ့ကို နောက်ကွယ်ကနေ အကွက်ချ ကြံစည်ခဲ့ပြီး ချိန်ကွမ်းကျဲ့ကလည်း သူ့ကို တိတ်တဆိတ် ပစ်ခတ်ခဲ့လေသည်။
အဆိုပါ အကြောင်းပြချက်တို့ကြောင့် လုပေချိန်သည် နဂိုကတည်းက စိတ်ကူးရှိထားခဲ့သည့် သူ၏ အကြံအစည်ကို ဆက်လက် တုံ့ဆိုင်းမနေတော့ဘဲ ယခုအချိန်၌ ချက်ချင်း အကောင်အထည် ဖော်ရန် ကြံရွယ်လိုက်တော့သည်။ ဤသို့ဖြင့် သူ အနားယူသည့် အချိန်၌ နောက်တက်လာမည့် သူ၏ အမွေဆက်ခံသူကို အရှုပ်အရှင်းကင်းသည့် ကျုံးဝေ့တပ်ဖွဲ့အား လက်လွှဲပေးခဲ့နိုင်မည် ဖြစ်၏။
သို့ပေမယ့်လည်း … ဤကိစ္စကို အသွင်ဆောင်လာသည်နှင့်အမျှ ဖြစ်ပေါ်သက်ရောက်လာသည့် အကျိုးဆက်တို့ကလည်း ဖြည်းဖြည်းချင်း ကြီးမားလာနေသည်။
မည်သို့ပင်ဖြစ်စေ ထင်းတစ်ချောင်းတည်းဆိုပါက လွယ်လင့်တကူ ချိုး၍ရသည်။ သို့သော် ထင်းစည်းလိုက်ဖြစ်မည်ဆိုလျှင်တော့ ချိုးဖို့က ခဲယဉ်းသွားပြီ ဖြစ်၏။
ဤသည်က အတော်လေး ရုန်းကန်လှုပ်ရှားရမည့် တိုက်ပွဲတစ်ခုဖြစ်၏။ ယင်းက လုပေချိန် ဖြစ်နေသည့်တိုင်အောင် နောက်ဆုံး၌ မည်သူက ရယ်မောရင်း ကျန်နေရစ်နိုင်မည်လဲဆိုတာကတော့ ပြောရ အတော်လေး ခဲယဉ်းလှ၏။