ရက်လည်
Vol. 124 Ch. 1849
“ ငါတော့ ဒီကိစ္စတွေ စိုးရိမ်နေဖို့ လိုမယ် မထင်ဘူး …” ချိုးယွီလော့ ပြောလိုက်ပြီး “ အကြီးအကဲလုရဲ့ အစွမ်းအစတွေနဲ့ဆိုရင် ဒီလို ကိစ္စတွေ ကိုင်တွယ်ဖို့က လေညင်းတိုက်သလောက်ရှိမှာပဲ .. မဟုတ်ရင် ဒီလောက် နှစ်တွေ အကြာကြီး အေးအေးဆေးဆေး ရှိနေနိုင်ဖို့ ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာ …”
ချိုးယွီလော့၏ စကားကို နင်ချဲ့ ခေါင်းညိမ့်ထောက်ခံလိုက်၏။ သူမလည်း အလားတူ တွေးတောနေသည်။
လုပေချိန်က သူတို့တေါ ကျုံးဝေ့တပ်ဖွဲ့ထဲ ဝင်စဉ်မှစ၍ တစ်လျှောက်လုံး သူတို့ရင်ဘက်ထဲ၌ တုနှိုင်းမဲ့ ပုံရိပ်တစ်ခု ဖြစ်နေခဲ့သည်။ အခြေအနေက သတိချပ်စရာ ဆိုသော်လည်းပဲ သူ့အတွက်က ပြောပလောက်သည့် အခက်အခဲမျိုး ဖြစ်ချင်မှလည်း ဖြစ်နေနိုင်သည်။
သို့သော် လင်းရီကတော့ အတွေးတူညီမနေချေ။ လုပေချိန်၏ အစွမ်းအစတို့ဖြင့် တစ်လှမ်းချင်း တစ်လှမ်း၊ အဆင့်အဆင့် စီစဉ် ဆောင်ရွက်သွားမည်ဆိုပါက ပြဿနာ မရှိနိုင်သော်လည်း ယခု သူ လုပ်လိုက်သည့် ပြဿနာက ချက်ချင်း ရုတ်တရက် ဆန်လွန်းပြီး လုံလောက်သည့် ပြင်ဆင်မှုတို့လည်း မပြုလုပ်ရသေးချေ။
ဤသည်က မရေရာမှု ပြဿနာများနှင့် စွန့်စားရမည့် အခြေအနေတို့အား ကြီးကြီးမားမား တိုးပွားလာစေသည်။
၎င်းအပြင် လင်းရီကို စိုးရိမ်အောင် ပြုလုပ်နေသည်က ဝမ်မိသားစု၏ ပြိုကွဲပျက်စီးခြင်းသည် ရန်ကျင်းနှင့် ဟွာရှ၌ ကမ္ဘာတုန်ဟီးလောက်စရာ အဖြစ်အပျက်ကြီးပင်။
မည်သို့ပင်ဆိုစေ ၎င်းတို့က ဟွာရှ မိသားစုကြီး ငါးခုထဲက တစ်ခု ဖြစ်ပြီး ၎င်းတို့၏ ပုံမှန် မဟုတ်သည့် နည်းလမ်းဖြင့် ပျက်စီးမှုက သင်္ကာမကင်း ဖြစ်စေမှုကို မြင့်တက်လာစေလိမ့်မည်။
သို့သော် ယခုထိတိုင်အောင် မည်သည့် လှိုင်းတွန့်လေးကိုမျှ မခံစားရသေးချေ။ လုပေချိန်က ဤအပိုင်းတွင် တစ်စိတ်တစ်ပိုင်း ကစားထားခဲ့ဟန်ပင်။
ယင်းအတွက်လည်း တန်ကြေးတစ်ခု ပေးဆပ်ခဲ့ရမည်က ပြောနေစရာ မလိုအောင်ကိုပင်။ မည်သည့်အရာ ပေးဆပ်ခဲ့ရလဲ ဆိုတာကိုတော့ လုပေချိန် တစ်ဦးတည်းသာလျှင် သိလိမ့်မည်။
ဖြစ်ကောင်းဖြစ်နိုင်သည်မှာ အထက်အကြီးအကဲပိုင်း တစ်ချို့က သူ့နောက်ကွယ်တွင် အင်အားတပ်ကူ တစ်ချို့ အဖြစ် ရှိနေသည်မျိုးလည်း ဖြစ်နိုင်သည်။ အကယ်၍ အမှောင်ထဲ၌ ပုန်းကွယ်နေသည့် မိသားစုများက သူ့ကို ယခု အချိန်တွင် သူ့ကို တိုက်ခိုက်လာခဲ့မည်ဆိုပါက အကျိုးသက်ရောက်မှုတို့မှာ သူ ထင်မှတ်ထားသည်ထက်ပင် ကြီးမားလာနိုင်သည်။
အန္တရာယ်များသည့် အပိုင်းကလည်း ပို၍ ကြီးမားလာမည်ဖြစ်ကာ သူ့အတွက် ကောင်းသည့် လက္ခဏာတော့ မဟုတ်ချေ။
သို့ပေမယ့် ယခုအချိန်ထိတိုင်အောင် မည်သည့် လှုပ်ရှားမှုကိုမျှ မမြင်တွေ့ရသေးချေ။ သူ တတ်နိုင်သည့်အရာကား လျှို့ဝှက်စွာဖြင့် စူးစမ်းအကဲခတ်နေဖို့ ဖြစ်၏။
“ ဒီကိစ္စကို လောလောဆယ် ဘေးချိတ်ထားကြစို့ … ဘာပဲပြောပြော အခုထိ ဘာတစ်ခုမှ ထုတ်ဖော်ပြလာသေးတာမှ မဟုတ်သေးတာ … ငါတို့တွေ တစ်ကြိမ်ကို ခြေတစ်လှမ်းပဲ လှမ်းလို့ ဖြစ်မှာပဲ … ကြိုပြီး တွေးပူနေစရာ အကြောင်း မရှိဘူး …”
နှစ်ယောက်သား ခေါင်းညိမ့်လိုက်ပြီး နင်ချဲ့ မေးမြန်းလိုက်သည်။
“ ဒါရိုက်တာလီရဲ့ အခြေအနေက တဖြည်းဖြည်းနဲ့ သက်သာလာနေပြီဆိုတော့ နင် နောင်ကျ ဘာလုပ်ဖို့ စီစဉ်ထားလဲ …”
ဤသည်က သူတို့နှစ်ဦးလုံး ဂရုစိုက်နေသည့် အရာဖြစ်၏။ ယခု သူတို့ဘက်က လက်စားချေ၍လည်း ပြီးသွားခဲ့ပြီး လင်းရီအတွက် ရန်ကျင်းတွင် နေဖို့လိုအပ်သည့် အကြောင်းပြချက်တို့က များများစားစား မရှိတော့ချေ။
ထို့ကြောင့် သူမတို့နှစ်ယောက်လုံးက လင်းရီ ဘာဆက်ပြီး လုပ်မလဲဆိုတာကို သိချင်နေကြလေသည်။
လင်းရီ တိတ်ဆိတ်သွားခဲ့၏။ ဤသည်က သူ ကိုယ့်ကိုယ်ကို လိမ်ညာပြီး ရှောင်ပြေးနေခဲ့သည့် မေးခွန်းတစ်ခုပင်။ ရန်ကျင်းကလွဲပြီး သွားလို့ရမည့် နေရာကို စဉ်းစားမရပေ။
လျန်ရူရွှယ်က အဆင်ပြေနိုင်သည်။ သို့သော် ကျီချင်းရန်ကို မည်သို့ မျက်နှာချင်းဆိုင်ရမည်မှန်း လင်းရီ စဉ်းစားရခက်နေခဲ့၏။
ကိစ္စရပ်တို့က ရုတ်တရက်ဆန်ဆန် ဖြစ်ပေါ်သွားခဲ့ကာ သူ့မှာ ပြင်ဆင်ချိန်ပင် လုံးဝ မရရှိခဲ့ချေ။ သူ့ဘက်က သင့်တင့်သည့် အကြောင်းပြချက် တစ်ခုရှာ၍ ပြန်သွားဖို့ နည်းလမ်းကို စဉ်းစားဖို့ လိုအပ်လေသည်။
“ ဒီအကြောင်းနောက်မှ ပြောကြတာပေါ့ .. ငါ သိပ်မကြာခင် ချွမ်ရှန်းကို သွားဖို့ စီစဉ်ထားတယ်… ကျိုးလျန်က ငါ့ကြောင့် သေသွားခဲ့တာ … ဘယ်လိုပဲ ဖြစ်နေပါစေ ငါသူ့ဆီ သွားကို သွားရမှာပဲ …”
လင်းရီ၏ အတွေးတို့က သူမတို့ မျှော်လင့်ထားသည့် အတိုင်းအတာတွင်း၌သာ ရှိသည်။
သူက ဤသို့သော လူစားမျိုးပင်။ ပတ်သက်ဆက်နွယ်မှုများအား အဆုံးစွန်ဆုံး တန်ဖိုးထားတတ်သည့် လူတစ်ယောက် ဖြစ်၏။
“ ငါလည်း နင်နဲ့ လိုက်မယ်…” ချိုးယွီလော့ ပြောလိုက်သည်။
“ ဘော့စ်လျိုနဲ့ ငါ အဲ့ကို တစ်ခါရောက်ဖူးတယ်… ငါ နင့်ကို လမ်းပြပေးလို့ရတယ်လေ…”
“ ကောင်းပြီလေ… နောက်သုံးလေးရက်နေမှ ဒီအကြောင်းထပ်ပြောကြတာပေါ့ … လောစရာ မလိုပါဘူး …”
“ အင်း … နင် သွားမယ်ဆိုရင် ဖုန်းဆက်လိုက် …”
“ အိုကေ …”
နှစ်ယောက်မှာ ဆေးရုံတွင် ခေတ္တ နေထိုင်ပြီးနောက် ကျုံးဝေ့တပ်ဖွဲ့သို့ ပြန်သွားခဲ့၏။
လင်းရီ ပျင်းရိစွာ အညောင်းဆန့်၍ ချောင်ရှင်းကို ကြည့်လိုက်သည်။
“ တစ်ညလုံး ဒီမှာ နေထားတာဆိုတော့ ဟိုတယ်ပြန်ပြီး ရေမိုးချိုးလိုက်ဦး … တစ်ရေးတစ်မောအိပ်ပြီးမှ ဒီပြန်လာခဲ့ပေါ့ …”
“ ရတယ် … အဆင်ပြေတယ်… ညီမ မပင်ပန်းပါဘူး …” ချောင်ရှင်း ပြောလိုက်၏။ သူမ ထွက်သွားလိုစိတ် မရှိသည်မှာ သိသာလှသည်။
“ မင်းကိုယ်မင်း ပြန်ကြည့်ဦး … နံစော်နေပြီ … မိန်းကလေးဖြစ်ပြီး ဘာလို့ တစ်ကိုယ်ရေ သန့်ရှင်းရေးကို အဲ့လောက် လျစ်လျူရှုနိုင်ရတာ …”
ချောင်ရှင်း သူမ၏ ကိုယ်ကို နှာတရှုံ့ရှုံ့လုပ်လိုက်ရင်း “ ဟုတ်လည်း မဟုတ်ဘဲနဲ့ … သိပါတယ်နော်… ဒီတိုင်း ညီမကို မောင်းထုတ်ချင်နေတာမလား …”
သူမ လီချူးဟန်နှင့် ခေတ္တဆက်ပြီး နေချင်သေးသော်လည်း ချောင်ရှင်းသည် သူမ ဤနေရာ၌ နေ၍ အပိုဘီး မဖြစ်သင့်သည်ကို နားလည်သည်။
“ ဟွန့် ... ဒီကပဲ အလိုက်တသိနဲ့ ထွက်သွားပေးလိုက်ပါ့မယ်…”
ပစ္စည်းများ သိမ်းဆည်းပြီးနောက် ချောင်ရှင်းသည် နှစ်ယောက်လုံးကို နှုတ်ဆက်၍ ပျော်ပျော်ရွှင်ရွှင်နှင့် ထွက်ခွာသွားခဲ့သည်။
“ ကုတင်ပေါ်မှာ ခဏထိုင်နေဦးနော် .. လောလောဆယ် မလှုပ်ရှားသေးနဲ့ဦး … မဟုတ်ရင် ကိုယ့်ကိုယ်ကို ထိခိုက်လိမ့်မယ်…”
လီချူးဟန်မှာ အတော်လေး စကားနားထောင်သည်။ လင်းရီ၏ အကူအညီဖြင့် စောင်အောက်သို့ ဖြည်းညင်းစွာ ရွေ့လျားသွားခ့၏။
“ ငါ အခု မင်းရဲ့ ကြွက်သားတွေနဲ့ အရိုးအဆစ်တွေကို ပြေလျော့အောင် လုပ်ပေးမယ်…. ဒီလိုအဆင့်မှာ လူက ဖြည်းဖြည်းချင်း ပြန်သက်သာလာဖို့ လိုတယ်…”
လင်းရီသည် စောင်အောက်သို့ လက်ရောက်သွားခဲ့ပြီး သူမ၏ ခြေသလုံး ကြွက်သားများနှင့် အရိုးအဆစ်တို့အား နှိပ်နယ်ပေးလိုက်သည်။
သို့သော်လည်း အာဟာရပျော်ရည် တစ်မျိုးတည်းကိုသာလျှင် နေ့ပေါင်းများစွာ မှီဝဲခဲ့ရသောကြောင့် လီချူးဟန်မှာ ဝိတ်တော်တော်များများ ကျသွားခဲ့ပြီး ခြေသလုံးကြွက်သားတို့မှာ အတော်လေး အားနည်းနေခဲ့လေသည်။
လီချူးဟန်မှာ ကုတင်ပေါ်တွင် မလှုပ်မယှက် ထိုင်နေပြီး သူမရှေ့ရှိ အမျိုးသားကို ကြည့်လိုက်သည်။
လင်းရီမှာမူ သေချာလေး အာရုံစိုက်နေပြီး လီချူးဟန်၏ ကြွက်သားများ သက်တောင့်သက်သာ ဖြစ်၍ လျင်လျင်မြန်မြန် ပြန်လည် သက်သာလာဖို့ မျှော်လင့်နေသည်။
နှာရှုံ့သည့် အသံကို ကြားတော့မှသာ လီချူးဟန်၏ မျက်လုံးနှစ်ဖက် ထောင့်စွန်း၌ မျက်ရည်တို့ စီးကျလာနေသည်ကို သတိပြုမိလိုက်လေသည်။
“ ဟင် … ဘာလို့ ငိုနေတာလဲ ….”
လင်းရီ လက်ဆန့်တန်း၍ မျက်ရည်များအား ဖယ်သပ်ပေးလိုက်သည်။
“ ကိုယ်လည်း အဆင်ပြေနေတယ်… မင်းလည်း ပြန်သက်သာလာနေပြီကို ဘာလို့ ငိုနေသေးတာ … ဟမ် …”
လင်းရီ ထိုသို့ ပြောဆိုလိုက်သော်လည်းပဲ လီချူးဟန်၏ မျက်ရည်တို့က လုံးဝ ရပ်တန့်သွားခြင်း မရှိပေ။
သူမ လက်မောင်းကို မြှောက်၍ လင်းရီကို ညင်သာစွာ ပွေ့ဖက်လိုက်ပြီး ပို၍ပင် ပြင်းထန်စွာ ငိုကြွေးလာခဲ့တော့သည်။
ဘာကြောင့်လဲ သူမ မသိ။ သို့သော် ယခုလို ဖြစ်နေသည့် လင်းရီကို ကြည့်ရင်းက သူမကို ငိုချင်လာအောင် ပြုလုပ်နေလေသည်။
လင်းရီ သူမကို ညင်သာစွာ ပြန်ဖက်ထားပေးလိုက်ပြီး သူမ၏ နောက်ကျောကို ပွတ်သပ်ပေးလိုက်၏။
“ ငိုလိုက် … ရင်ထဲ ရှိတဲ့ ခံစားချက်တွေ အကုန် လွှတ်ပေးပြီး ငိုပစ်လိုက် … ကိုယ်တို့နှစ်ယောက်ရဲ့ ရှေ့ဆက်ရမယ့် ခရီးက အရှည်ကြီး ကျန်သေးတယ်… မင်းသာ မရှိတော့ဘူးဆိုရင် ကိုယ်တကယ် အထီးကျန်နေရမှာ …”
လီချူးဟန်မှာ ကောင်းမွန်စွာ စကားမပြောဆိုနိုင်သည်အထိ အားနည်းနေခဲ့၏။ သို့သော် သူမ၏ မျက်ရည်တို့က မည်သည့် စကားလုံးတို့ထက်မဆို သက်သေပြရာ ရောက်လေသည်။
ဘာကြောင့်လဲဆိုတော့ ငါ နင့်ကို နားလည်လို့ပဲ …
နင်က ငါ့မျက်လုံးထဲမှာ … ပြီးတော့ ငါက နင့်နှလုံးသားထဲမှာ …
တဖြည်းဖြည်းနှင့် လီချူးဟန်၏ နှာရှုံ့သံတို့က ဖြည်းဖြည်းချင်း တိတ်ဆိတ်သွားခဲ့ပြီး အားနည်းနေမှုကြောင့် လင်းရီ၏ ပခုံးထက်တွင်ပဲ အိပ်မောကျသွားခဲ့သည်။
လင်းရီ သူမကို သေချာလေး ဂရုတစိုက်နှင့် လဲလျောင်းအိပ်စက်လို့ အဆင်ပြေအောင် ပြုလုပ်ပေးလိုက်ပြီး အရေးပေါ် ဆေးကုခန်းထဲကနေ တိတ်တိတ်လေး ထွက်လာခဲ့လိုက်၏။ သူ့ကြောင့် သူမ အိပ်စက်အနားယူနေသည်အား နှောင့်ယှက်မိမှာကို စိုးရိမ်သည်။
အကယ်၍ ယခုလို အခြေအနေအတိုင်း ဆက်လက် တိုးတက်လာနေမည်ဆိုပါက ညနေပိုင်းခန့်တွင် အထူးကြပ်မတ် ဆေးကုခန်းထဲကနေ ထွက်နိုင်လောက်ပြီ ဖြစ်၏။
ကလင် ကလင် ကလင် …
ကော်ရစ်ဒါတွင် လင်းရီ ကိုယ်ညောင်းဆန့်နေစဉ်မှာပဲ စုန့်ကျင်းမင်က ဖုန်းခေါ်လာခဲ့၏။
“ မင်း အခု ဘယ်မှာလဲ …”
“ ပြည်ထောင်စု ဆေးရုံမှာပဲလေ…”လင်းရီ ပြန်ဖြေလိုက်ပြီး “ ဘာကိစ္စရှိလို့ …”
“ လိပ်စာ အတိအကျပြော …. ငါ အဲ့ကို လာခဲ့မယ်…”
မကြာမီ လင်းရီ လိပ်စာအတိအကျ ပို့ပေးလိုက်ပြီး နာရီဝက်အတွင်းမှာပဲ ရောက်ချလာခဲ့၏။
ဤတစ်ကြိမ်တွင်တော့ စုန့်ကျင်းမင်၏ အဝတ်အစားတို့က ပိုပြီး သန့်သန့်ပြန့်ပြန်ရှိနေသည်။ ဒူဘိုင်းမှာတုန်းကကဲ့သို့ စုတ်တီးစုတ်ပဲ့ … မြင်သာအောင် ပြောရမည်ဆိုပါက သူတောင်းစားရုပ်ဖြင့် ဟုတ်မနေခဲ့ချေ။ နင်ချဲ့ သူ့ကို အရှုံးသမားလို့ ခေါ်သည်ကလည်း ထူးဆန်းသည်လို့တော့ မဆိုသာချေ။
လင်းရီလည်း စုန့်ကျင်းမင် လာလည်ဖို့ကို အတော်လေး မျှော်လင့်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကျိုးဟိုင်နှင့်ရန်ချိန်ရှိ အခြေအနေများအား သူ တစ်ခုမှ မသိရှိသေးသောကြောင့် ဖြစ်၏။
“ ဘာလို့ ဒီပြန်လာခဲ့တာ …”
“ ဟိုမှာ အကုန်ပြီးခဲ့ပြီလေ… အဲ့တာကြောင့် ပြန်လာခဲ့တာပေါ့ ….”
“ တစ်ပတ်တောင် ရှိပြီ … ဒီတိုင်း အရိုးပြာမြှပ်တာလေးကို အဲ့လောက်ထိ အချိန်ကြာစရာ လိုလို့လား … ဘာလဲ .. ခင်များ နတ်ဝင်သည် ရှာပြီး ကျုပ်ကို တမလွန်မှာ ကောင်းစားနေလား ၊ ဆိုးရွားနေလား မေးနေသေးတာလား ဟုတ်လား …”
“ မင်းတို့ ဟွာရှန့်တွေမှာ သေပြီးလို့ ခုနစ်ရက်ပြည့်ရင် ရက်လည်လုပ်ကြတယ်မလား… ငါတို့လည်း ပြန်ဖို့ လောစရာမလိုဘူးဆိုတော့ ရန်ချိန်မှာပဲနေပြီး မင်းရက်လည်ကိစ္စပြီးတဲ့အထိ နေခဲ့လိုက်တာ ..”
အာ … သူ့အတွက် ခုနစ်ရက်ပြည့် ရက်လည်တောင် လုပ်ပေးသေးတာလားဟ …. တော်တော်လေး ရိုးရာလိုက်နာတာပဲ...