← Chapters

မကောင်းဆိုးဝါး အဖွဲ့အစည်း

Vol. 124 Ch. 1850

မကောင်းဆိုးဝါး အဖွဲ့အစည်း

Vol. 124 Ch. 1850

စုန့်ကျင်းမင် စီးကရက် နှစ်လိပ်ထုတ်ယူပြီး လင်းရီသို့ တစ်လိပ်ကမ်းလိုက်သည်။

လင်းရီ လက်ခံ၍ သူသိချင်တာကို မေးမြန်းလိုက်၏။ “ ရန်ချိန်က အခြေအနေ ဘယ်လိုရှိလဲ …”

“ မင်းရဲ့ ပြာကို မြှုပ်ပြီးတော့ မင်းရဲ့ မွေးစားအမေက ဆေးရုံတင်လိုက်ရတယ်… ငါထွက်မလာခင်တုန်းက ကြားတာတော့ အခြေအနေက တည်ငြိမ်သွားပြီတဲ့ … ဒါပေမယ့် ဆေးရုံက ဆင်းရဖို့တော့ အချိန်နည်းနည်းလိုဦးမယ်…”

လင်းရီ တိတ်ဆိတ်စွာဖြင့် ဆေးလိပ်သောက်နေပြီး တစ်ဆက်တည်း လေးငါးကြိမ်ခန့် ဆေးလိပ်ဖွာလိုက်သည်။

“ တခြားဟာတွေကတော့ အကုန် အဆင်ပြေပါတယ်… မင်းရဲ့ မွေးစား အဖေနဲ့ ကျန်တဲ့သူတွေကလည်း တော်တော် သန်မာကြတယ်… သူတို့က ဂေဟာကို ထောက်ပံ့ပေးထားတယ်ဆိုတော့ ဘာမှ ထွေထူးပြဿနာတော့ မရှိပါဘူး …” စုန့်ကျင်းမင် ပြောလိုက်သည်။

“ ကျုပ် အမေရော အဆင်ပြေရဲ့လား …”

“ ပြေပါတယ်… မနေ့တုန်းကတောင် ရှော့ပင်ထွက်လိုက်သေးတယ်… ဒါပေမယ့်ကြည့်ရသာတော့ မသိအောင် ခိုးထွက်တဲ့ပုံပဲ …”

“ ဟင် … ရှော့ပင်ထွက်တယ် ဟုတ်လား … ကျုပ်ဖို့ မသာအဝတ်တွေ ဝယ်ပေးဖို့လား ….”

“ မီရာနဲ့ မိုနီကာလည်း သူနဲ့ အတူ ပါသွားတာပဲ … သူတို့တွေ အင်္ကျီလှလှတွေ အများကြီး ဝယ်ခဲ့ကြတယ်….”

“ အတည်ကြီးလား … ကျုပ် တစ်ယောက်လုံးသေသွားခဲ့တာတောင် သူက ရှော့ပင်ထွက်ပြီး အဝတ်အစားလှလှတွေ ဝယ်ဖို့ စိတ်ရှိနေသေးတယ်ပေါ့ …”

“ မင်း မသေဘူးဆိုတာ သူသိတယ်….”

“ ဟမ် … ဘယ်လိုဖြစ်ပြီး သိသွားတာ …”

“ မင်းရဲ့ ပြာကို မြုပ်တဲ့နေ့က အမျိုးသမီးတွေက ဂေဟာမှာနေပြီး သက်ပြင်းချလိုက် … မချိတင်ကဲတွေ ဖြစ်လိုက် … မင်းအမေကလည်း မင်းအဖေကို အပြစ်တွေတင်လိုက်နဲ့ ကြာတော့ မင်းအဖေလည်း ခေါင်းတွေ တော်တော်ကိုက်လာတာပေါ့ … အဲ့တာနဲ့ မင်းအဖေလည်း ငါတို့တစ်သိုက်ကို ခေါ်ပြီး အရက်ဝယ်တိုက်တယ်ကွာ … ငါ တစ်ခုတော့ ပြောရမယ်သိလား … မင်းတို့ဆီက ဟော့ပေါ့နဲ့ သိုးခြေထောက်ကင်က တော်တော် စားကောင်းတယ် … “

“ အရစ်တွေ ရှည်လိုက်တာ … အဓိက အချက်ကိုသာ ပြောစမ်းပါ …”

“ အဓိက အချက်က ငါတို့တွေ သောက်စားလို့ ကောင်းနေတုန်း မင်း အမေက ငါတို့ စားသောက်ဆိုင်မှာ သောက်စားနေကြတယ်ဆိုတာ သိသွားတော့ ရောက်ချလာပြီး စားပွဲလှန်ပစ်တယ်တဲ့ကွာ … အဲ့မှာ မင်းအဖေနဲ့ စကားတွေများတယ်ဆို ကွာရှင်းလုနီးနီးပဲ … နောက်ဆုံးတော့ မင်းအဖေလည်း ရွေးချယ်စရာမရှိဘဲ အမှန်အတိုင်း ပြောလိုက်ရတော့တာပဲ …”

လင်းရီ၏ နှုတ်ခမ်းတို့ တွန့်လိမ်သွားခဲ့၏။ သူ၏ အခြေအနေက ထိုကဲ့သို့ ရုပ်ရှင်ဆန်ဆန် ဖော်ထုတ်ခံလိုက်ရလိမ့်မည်လို့ လုံးဝကို မျှော်လင့်မထားခဲ့မိတာ အမှန်ပင်။

“ ထားပါတော့ … ကျန်တဲ့သူတွေရော ဘယ်လိုနေလဲ …”

“ မင်း လျန်ရူရွှယ်ဆိုတဲ့ တစ်ယောက်ကိုတော့ သိတယ်မလား …”

စုန့်ကျင်းမင် နောက်ထပ် စီးကရက် တစ်လိပ်ထုတ်၍ မီးညှိလိုက်ပြီး “ ခုနစ်ရက်ပြည့်ပြီးတော့ ရန်ကျင်းကို ပြန်သွားခဲ့တယ်… သူ့အခြေအနေက သိပ်ကောင်းပုံတော့ မရဘူး … ဒါပေမယ့် လက်တွေ့အမှန်တရားကို နှလုံးသွင်းနိုင်တယ်ဆိုတော့ သိပ်မဆိုးဘူး ပြောရမှာပဲ …”

“ ကျီချင်းရန်ကော …….. သူ အဆင်ပြေတယ်မလား ….” လင်းရီ စိတ်ပူသံစွက်သည့် လေသံဖြင့် မေးမြန်းလိုက်၏။

“ သူလည်း အတူတူပဲ … ဘာပဲပြောပြော မင်းက သေသွားပြီလေကွာ … အဲ့တာကို ဘယ်လိုလုပ် အဆင်ပြေနိုင်မှာတုန်းဟ … မင်းအမေက သူ့ကို အဖော်လုပ်ပေးနေတယ်….”

“ ကျုပ် အမေက ….”

“ အေး … မင်း ရှုပ်ထားတာတွေ အကုန်ပေါ်ကုန်တော့ မင်းအမေက တစ်ချိန်လုံး မင်းကိုယ်စား လိုက်ကာဗာ လုပ်ပေးနေတာ …”

“ ကျီချင်းရန်ကို နားချဖို့ လုပ်နေတာတော့ မဟုတ်ဘူးမလား …”

“ အဲ့လိုပဲ ဆိုပါတော့ …” စုန့်ကျင်းမင် ဆေးလိပ်ဖွာရင်း ပြောလိုက်ပြီး “ ငါ့မှာသာ မင်းလို အမေမျိုး ရှိလို့ကတော့ ဒီခုလို ပျက်စီးနေမှာ မဟုတ်ဘူး … မင်းအဖေနဲ့ အတူအလုပ်လုပ်ရတာ သေမင်းနှုတ်ခမ်းဝနား နေ့တိုင်း ဖြတ်လျှောက်နေရသလိုပဲ …”

“ အပိုတွေ ပြောမနေနဲ့ … ကျုပ် နောက်ကျရင် ခင်များကို အနှိပ်ခံဖို့ လိုက်ပို့ပေးမယ်…”

“ မင်းအဖေရဲ့ စရိုက်က မေးခွန်းထုတ်ချင်စရာဆိုပေမယ့် မင်းကတော့ အဆင်ပြေသားပဲ …”

လင်းရီ သက်တောင့်သက်သာ ဖြစ်စွာဖြင့် သူ့လက်ကို ဦးခေါင်းနောက်သို့ ထားလိုက်သည်။ သူ ကျိုးဟိုင်နှင့် ရန်ချိန်ရှိ ကိစ္စရပ်များကို စိတ်ပူပင်နေခဲ့သည်မှာ တော်တော်ကြာပြီ။ သို့သော်လည်းပဲ အရာအားလုံးက ထိန်းချုပ်မှုအောက်၌သာ ရှိနေကာ မည်သည့် ပြောပလောက်သည့် ပြဿနာမျှ မဖြစ်ပွားခဲ့ဟန်ပင်။

ယခု လင်းရီ စိတ်ပူမိသည့် တစ်ဦးတည်းသောလူကတော့ ဝမ်ရင်းပင်။

သူသေသွားခဲ့သည့် သတင်းကလည်း အွန်လိုင်းပေါ်သို့ ပျံ့နှံ့ထားပြီး ဖြစ်၏။ ထို့ပြင် အနည်းငယ် တူးဆွကြည့်လိုက်ရုံမျှဖြင့် အစ်မရင်းက သိသွားနိုင်သည်။

သူမ အခု ဘာတွေလုပ်နေမလဲ သူ မသိပေ။

လီချူးဟန်ကဲ့သို့ ခေါင်းမမာသရွေ့ အဆင်ပြေပြေရှိလောက်၏။

“ စကားမစပ် ငါမင်းနဲ့ ဆွေးနွေးချင်တာ တစ်ခု ရှိတယ်…”

“ သတ္တုရိုင်း ကိစ္စလား …”

စုန့်ကျင်းမင် ခေါင်းညိမ့်လိုက်သည်။

“ ချီပိုပါကို သွားတဲ့လမ်းမှာ ကျုပ်တို့ ဒူဘိုင်းမှာ တွေ့ခဲ့တဲ့ အုပ်စုနဲ့ တွေ့ပြီး သတ္တုရိုင်းကို သူတို့ ယူသွားခဲ့တာပဲ …”

စုန့်ကျင်းမင် နောက်ထပ် စီးကရက်တစ်လိပ်ထုတ်၍ မီးပြန်ညှိလိုက်သည်။ သူ၏ သွင်ပြင်အမူအရာမှာ သိပ်ပြီးမှတော့ ကောင်းမွန်မနေချေ။

“ မင်းနောင်ကျ လှုပ်ရှားရင် ဂရုစိုက်… ငါ့မှာ သက်သေ အခိုင်အမာတော့မရှိပေမယ့် ငါ့အလိုလိုသိစိတ်က ဒီအဖွဲ့အစည်းက အရမ်း အန္တရာယ်များတယ်လို့ ပြောနေတယ်… မင်းလည်း ဒါကို သိမယ်လို့ ငါ ယုံတယ်…”

“ အမှန်ပဲ …”

ယခုမတိုင်မီက လင်းရီသည် ပြဿနာ၏ လေးနက်ပြင်းထန်မှုကို သတိမမူမိသေးချေ။

ယခုတစ်ခေါက် စစ်ဆင်ရေး ကျရှုံးသွားခဲ့မှုက ဤအဖွဲ့အစည်းကြီးက ထိတ်လန့်ဖွယ်ကောင်းမှုကို နက်နက်ရှိုင်းရှိုင်း သတိပြုမိသွားခဲ့လေသည်။

မည်သည့်နေရာ၌ပဲ သတ္တုရိုင်း ရှိနေပါစေ ၊ အနက်ဝတ်နှင့်လူက ကျိန်းသေပေါက် ပေါ်ထွက်လာမည် ဖြစ်၏။

ထိုကဲ့သို့ အင်အားကြီးသည့် ထောက်လှမ်းနိုင်စွမ်းက သာမန်လူတို့ စွမ်းသာနိုင်သည့် အမှုတစ်ခု ဟုတ်မနေပေ။

ယခုအဖွဲ့အစည်းက သူတို့ ဤကဲ့သို့ စွမ်းဆောင်နိုင်သည်ကို ပြသနေခြင်းကပင် ၎င်းတို့ အဖွဲ့အစည်းက သူတို့ လက်လှမ်းမမီနိုင်သည့် အမြင့်သို့ ရောက်ရှိနေပြီး ဖြစ်ကြောင်းကို ပြသနေလေသည်။

“ ဘယ်အဖွဲ့အစည်း ဖြစ်မယ်လို့ ခင်များထင်လဲ…”

“ မာမွန်း …”

“ သမ္မာကျမ်းစာအုပ်ထဲက နတ်ဆိုးလိုမျိုးလား …”

“ ဆိုပါတော့ ….” စုန့်ကျင်းမင် ပြောလိုက်ပြီး “ ငါတို့လည်း ဒီအဖွဲ့အစည်းအကြောင်း သိပ်ပြီးတော့ များများစားစား မသိထားဘူး … ငါတို့ သိထားတာဆိုလို့ အဲ့ဒီ အဖွဲ့အစည်းက အတော်လေး မကောင်းဆိုးဝါးဆန်တဲ့ အဖွဲ့အစည်းပဲ … လူမဆန်ဘူးလို့တောင် ရည်ညွှန်းလို့ရတယ်….”

“ ပိုပြီးတိတိကျကျ ရှင်းပြပေးလို့ရလား …”

စုန့်ကျင်းမင် ခေတ္တ အတွေးနက်သွားခဲ့ပြီး “ ငါတို့လို အဖွဲ့အစည်းတွေနဲ့ … တခြား ကျန်တဲ့ နိုင်ငံခြားက အဖွဲ့အစည်းတွေက လူကောင်းမဟုတ်ရင်တောင် အရမ်း ဆိုးရွားနေတဲ့ လူတွေ မဟုတ်ဘူး … ပစ်ခတ်တဲ့အချိန် လူအုပ်စုလိုက် ဖြစ်နေတဲ့ နေရာတွေကို ရှောင်တယ်… တကယ်လို့ ဖြစ်နိုင်ရင် သက်ကြီးရွယ်အို ၊ မိန်းမနဲ့ ကလေးတွေကို ထိခိုက်အောင် မလုပ်ဘူး … ဒါပေမယ့် ဒီအုပ်စုကတော့ မတူဘူး … သူတို့က သူတို့ရဲ့ မစ်ရှင်ကိုပဲ ဦးစားပေးတယ်… လူသားဆန်တာတွေ ဘာတွေ နားမလည်ဘူး …”

“ ဒါပေမယ့် တစ်ခု ထူးဆန်းတာ …. ဒီကောင်တွေက ဘက်စ်သတ္တုကို တော်တော်လေး စွဲစွဲလမ်းလမ်း ဖြစ်နေကြတဲ့ပုံပဲ …”

လင်းရီလည်း ဤအရာကို မတိုင်မီကတည်းကပင် သတိပြုမိခဲ့ပြီးဖြစ်သည်။

တစ်ကမ္ဘာလုံးရှိ နိုင်ငံခြား အဖွဲ့အစည်း တော်တော်များများ၏ အန္တိမ ရည်ရွယ်ချက်က ဘက်စ်သတ္တုရိုင်း ဖြစ်သော်လည်းပဲ ၎င်းတို့ ချဉ်းကပ်ကြသည့် နည်းလမ်းပုံစံတို့ကတော့ မတူကွဲပြားကြသည်။

ဤတစ်ကြိမ်ကဲ့သို့ သူ့တွင် ဘက်စ် ၁၀ ကီလို ရှိနေကြောင်း သတင်းပျံ့သွားခဲ့သည့်အခါ အဖွဲ့အစည်းပေါင်း ၂၀ ကျော်လောက်ကို ပနားမားသို့ ဆွဲဆောင်လိုက်နိုင်သည်။

သို့သော် …. သူ့အဖေ၏ အဖွဲ့အစည်းက သတ္တုရိုင်း၌ စိတ်ဝင်စားဟန် မပြပေ။ မဟုတ်ပါက ယခုလို အခြေအနေမျိုးလည်း ဖြစ်လာခဲ့မှာ မဟုတ်ပေ။

ဆိုပေမယ့်လည်း ယခုလို ဖြစ်သည်က တော်တော်လေး သာမန်ဆန်သည့် ကိစ္စရပ်ဟု ပြော၍ရ၏။ ကလေးတစ်ယောက်က လက်ထဲတွင် ရွှေတုံးကြီးကိုင်ပြီး လမ်းကြားထဲ ဖြတ်သန်းသွားမည်ဆိုပါက မည်သူမဆို လိုချင်တပ်မက်မိမှာ အမှန်ပင်။

သို့ပေမယ့် အဆိုပါ ရွှေတုံးအား တပ်မက်လောဘစိတ် ဖြစ်မိသည့် လူတို့က သာမန်ငနဲများပင်။ အမှန်တကယ် ကြွယ်ဝချမ်းသာကြသူတို့ကတော့ ထိုရွှေတုံးလောက်လေးကို မျက်စိထဲ ထည့်ကြမည်တောင် မဟုတ်ချေ။ ယခု သူ့အဖေ၏ အဖွဲ့အစည်းကဲ့သို့ ဖြစ်၏။ ဘက်စ် ၁၀ ကီလိုက သူတို့၏ အာရုံစူးစိုက်မှုကို ရယူဖို့ မတန်ချေ။

သို့သော် မာမွန်း အဖွဲ့အစည်းကတော့ အတော်လေး ကွဲပြားလှ၏။

စုန့်ကျင်းမင် ပြောသွားခဲ့သည့်အတိုင်းဆိုပါက ၎င်းတို့၏ ပျှမ်းမျှအင်အားသည် သူ့အဖေ၏ အဖွဲ့အစည်းနှင့် အင်အားချင်း မတိမ်းမယိမ်း ရှိနိုင်လောက်၏။ သို့သော် ဘက်စ်သတ္တုရိုင်း ပေါ်လာခဲ့သည့်အခါတိုင်း ပမာဏက မည်မျှပင် ဖြစ်နေစေကာမူ သူတို့လူများ ထွက်ပေါ်လာမည်။

ယင်းက Tencent သူဌေးကြီး မစ္စတာမားက ဈေးကဲ့သို့ နေရာမျိုး၌ အကျိုးအမြတ်သေးသေးလေးအတွက် ဈေးဆစ်နေသည်ကို မြင်နေရသကဲ့သို့ပင်။ သူ့နေရာနှင့်သူ ဆီလျော်လိုက်ဖက်မှု ရှိမနေချေ။

“ အဲ့တာက ဘာလို့လည်းဆိုတော့ သူတို့ရဲ့ ရည်မှန်းချက်က ကွဲပြားလို့ပဲ …” စုန့်ကျင်းမင် ပြောလိုက်ပြီး “ လူတော်တော်များများက သတ္တုရိုင်းကို လိုချင်ကြတယ်ဆိုတာ ပိုက်ဆံတွေ အများကြီးနဲ့ လက်နက်တွေ ဖလှယ်ချင်ကြလို့ပဲ …. ဒါပေမယ့် မာမွန်း အဖွဲ့အစည်းကတော့ မတူဘူး … သူတို့က သူတို့ရဲ့ အခြေစိုက်စခန်းမှာ စမ်းသပ်မှုတွေ အမျိုးမျိုး လုပ်နေတယ် ပြောလို့ရတယ်… သူတို့ လုပ်နေတဲ့ စမ်းသပ်မှု အတိအကျကိုတော့ ငါတို့လည်း မသိဘူး … ဒါပေမယ့် ယုံကြည်လို့ရတဲ့ သတင်းအရင်းအမြစ်တွေ ပြောတာကတော့ တကယ်လို့ သူတို့ရဲ့ စမ်းသပ်ချက်တွေသာ အောင်မြင်သွားခဲ့ရင် ကမ္ဘာ့ power structure ကြီးတစ်ခုလုံးပါ ပြောင်းလဲနိုင်မယ့် အလားအလာတွေ ရှိတယ်…”

လင်းရီ ချွေးအေးတို့ ပြိုက်သွားခဲ့၏။

လက်ရှိ ကမ္ဘာ့ အခင်းအကျင်းက တော်တော်လေး တည်ငြိမ်နေပြီး ၎င်းကို ပြောင်းလဲဖို့ဆိုသည်က တော်တော်လေး မလွယ်ကူသည့် ကိစ္စရပ်ပင်။

“ ဒါဆို ကျန်တဲ့ ကမ္ဘာကြီးကရော … အမေရိကန်ကရော ဒီကောင်တွေ ဘာတွေလုပ်နေလဲ မသိဘူးလားတဲ့ ..”

စုန့်ကျင်းမင် စီးကရက်ပြာများအား ခါချ၍ “ သေချာပေါက် မသိလို့ပေါ့ …. သူတို့ ဘာတွေလုပ်နေလဲ သိဖို့ကို မပြောနဲ့ … အခြေစိုက်စခန်းက ဘယ်နေရာမှာလဲဆိုတာတောင် မသိတဲ့ဥစ္စာ … မဟုတ်ရင် ဒီအဖွဲ့အစည်းကြီး ပျောက်ကွယ်သွားတာ ကြာရောပေါ့ …”

“ ကမ္ဘာကြီးရဲ့ Power structure ကိုတောင် ပြောင်းလဲနိုင်တယ်… ဒါကြောင့်မို့ တစ်ကမ္ဘာလုံးက အဲ့ဒီဘက်စ်သတ္တုကို ရူးသွပ်နေကြတာပေါ့ …”

All Chapters