← Chapters

ချွမ်ရှန်းလိုက်ခဲ့

Vol. 124 Ch. 1851

ချွမ်ရှန်းလိုက်ခဲ့

Vol. 124 Ch. 1851

“ ဆိုပါတော့ … ဒါတောင် အခု ငါတို့က ဘက်စ်သတ္တုရဲ့ အလားအလာတွေ အကုန်လုံးကို ဖော်ထုတ်နိုင်ကြသေးတာ မဟုတ်ဘူး … ဒါပေမယ့် သိပ္ပံနယ်ပယ်အသိုင်းအဝိုင်းကတော့ အဲ့ဒီ သတ္တုကိုသာ သေချာလေး အသုံးချတတ်မယ်ဆိုရင် ကမ္ဘာကြီးကိုတောင် ပြောင်းလဲပစ်နိုင်မယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ကြတယ်…”

ထို့နောက် စုန့်ကျင်းမင် ဆက်ပြောသည်။

“ အခုတောင် နိုင်ငံအသေးစားလေး တစ်ခုက အဲ့ဒီ နည်းပညာကို ပိုင်နိုင်သွားပြီဆိုရင် ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်ခု ဖြစ်လာနိုင်သွားပြီ … ဒါကြောင်မို့ပဲ လူတိုင်းက အဲ့ဒီအရာအပေါ် မျက်စိကျနေကြတာပေါ့ …”

“ ကျုပ် သိထားသလောက်ဆိုရင် ဘက်စ်သတ္တုရဲ့ အဓိက လုပ်ဆောင်နိုင်စွမ်းက အင်မတန် သိပ်သည်းမြင့်မားတဲ့ အောက်ဆီဂျင်ပမာဏကို ထုတ်လွှတ်ပေးနိုင်တာပဲ မဟုတ်ဘူးလား .. အဲ့တာက တကယ်ကြီး သိသာထင်ရှားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိနိုင်လို့လား …”

“ မင်းက သိပ္ပံပညာရဲ့ လွှမ်းမိုးနိုင်စွမ်းကို လျှော့တွက်ထားတာပဲ … အဲ့ဒီ တစ်ချက်လေးနဲ့တင် ကမ္ဘာကြီးကို ပြောင်းလဲဖို့ လုံလောက်လို့ပေါ့ကွ …” စုန့်ကျင်းမင် ပြောလိုက်ပြီး “ ဘာလို့ဆို တိကျမှု မြင့်မားတဲ့ လက်နက်တွေအတွက်ပါ အသုံးချနိုင်ရုံတင် မကသေးဘူး … တခြား နယ်ပယ်ပေါင်းစုံမှာပါ စွမ်းရင် စွမ်းသလောက် အသုံးချလို့ရတယ်… ငါလည်း ဆရာကြီး မဟုတ်တော့ အတိအကျတော့ မသိဘူး … ဒါပေမယ့် ဒီဘက်စ်သတ္တုက မာဆတ် အသိုင်းအဝိုင်းကြီးကို အဆင့်မြင့်တင်ပေးနိုင်ရင်တော့ ကောင်းမယ်လို့ ထင်တယ်…”

လင်းရီ တိတ်ဆိတ်သွားခဲ့၏။

ကမ္ဘာကြီးကို ပြောင်းလဲနိုင်သည့် နည်းလမ်းတို့က မရေမတွက်နိုင်အောင် ရှိသည်။

ကြွယ်ဝမှုက ကမ္ဘာကြီးကို ပြောင်းလဲနိုင်သည်။

စကေးဆိုသည့် အရည်အချင်းတစ်ရပ်ကလည်း ကမ္ဘာကြီးကို ပြောင်းလဲနိုင်သည်။

လက်နက်တို့ကလည်း ကမ္ဘာကြီးကို ပြောင်းလဲနိုင်သည်။

ဆင်းရဲမွဲတေမှု ၊ ငတ်မွတ်ခေါင်းပါးမှု၊ စစ်ပွဲ ၊ ရောဂါကပ်ဘေး …

အရာအားလုံးတွင် ကမ္ဘာကြီးကို ပြောင်းလဲနိုင်သည့် အစွမ်းအစတို့ ရှိသည်။ သို့သော် မည်သူကမျှ ယင်းအရာအတိအကျက ဘာလဲဆိုတာကို မပြောပြနိုင်ကြချေ။

“ ခင်များ ကျွန်းပေါ်မှာ ရှိတုန်းက သူတို့ လူတစ်ယောက်နဲ့မှ မတွေ့ဖူးဘူးလား …”

“ အခြေအမြစ် မရှိတဲ့ စွပ်စွဲချက်တွေနဲ့ပဲ သုံးလေးခုလောက် ကြုံဖူးတယ်… ဒါပေမယ့် တစ်ခါမှတော့ ထိပ်တိုက် မရင်ဆိုင်ဖူးဘူး … “

စုန့်ကျင်းမင် ပြောလိုက်ပြီး “ အဲ့လိုပြောရင်တောင် ကျွန်းပေါ်မှာ သူတို့နဲ့ တွေ့ရင်လည်း အခု မင်းအခြေအနေအတိုင်းပဲ … ဒီကောင်တွေမှာက တော်တော်လေး အားကောင်းတဲ့ ထောက်လှမ်းရေး အရင်းအမြစ်တွေ ရှိတယ်… ငါတို့ မရောက်သေးခင်မှာပဲ သတ္တုရိုင်းက ပါသွာပြီ …”

“ ဒါပေမယ့် တစ်ခါတစ်လေ ငါတို့ အသာစီးရတဲ့ အခြေအနေတွေလည်း ရှိတာပေါ့ … အဲ့ခါကျရင်တော့ သူတို့တွေ ပေါ်မလာဘူး … တကယ်လို့ အဖွဲ့အစည်း သေးသေးလေးကသာ သတ္တုရိုင်းကို အရင် ရသွားတယ်ဆိုရင်တော့ အင်အားသုံးပြီး ပြန်လုတယ်…. ဒီကောင်တွေက နိုင်ဖို့ မသေချာတဲ့ တိုက်ပွဲကို မတိုက်ကြဘူး … ဒါပေမယ့် လုပ်ပြီဟေ့ဆိုရင်လည်း ပစ်မှတ်ကို ကျစ်ကျစ်လျစ်လျစ်နဲ့ အမြန်ရှင်းပြီး ဘာခြေရာလက်ရာကိုမှ မချန်ထားဘူး …”

“ ဒီနှစ်တွေ တစ်လျှောက်လုံး ဘယ်သူကမှ သူတို့ အဖွဲ့အစည်းက လူတစ်ယောက်လေးကိုတောင် မဖမ်းမိဖူးကြဘူးလား …”

“ ဒီကောင်တွေက ထွက်ပြေးလို့ မလွတ်တော့ဘူးဆိုရင် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားကြတယ်… ဒူဘိုင်းမှာ ငါတို့ တွေ့ခဲ့တဲ့ အုပ်စုလိုပဲလေ… “

“ ဆိုတော့ … ဒီမာမွန်း အဖွဲ့အစည်းက ဘယ်တော့မှ အမှားမလုပ်ဘူးပေါ့ …”

“ သာဓက တစ်ချို့တော့ ရှိခဲ့ရင်လည်း ရှိခဲ့မှာပေါ့ …” စုန့်ကျင်းမင် ပြောလိုက်ပြီး “ ဒါပေမယ့် ထောက်လှမ်းရေးက သူတို့ရဲ့ ဂုဏ်မာနနဲ့ ပျော်ရွှင်မှုပဲ … သူတို့ အဖွဲ့ဝင်တစ်ယောက် အဖမ်းခံလိုက်ရတာကို သိပြီး ဟိုက ကိုယ့်ကိုယ်ကို အဆုံးမစီရင်ထားဘူးဆိုရင် အချိန်မဆိုင်းဘဲ သူတို့ကိုယ်တိုင် ရောက်လာပြီး သက်သေကို ရှင်းတယ်…”

“ အချိန်မဆိုင်းဘဲ ဆိုတာက ဘာကို ပြောချင်တာ …”

စုန့်ကျင်းမင် နောက်ထပ် စီးကရက် တစ်ဘူးထုပ်၍ တစ်လိပ်ယူပြီး မီးညှိလိုက်သည်။

“ ငါ မင်းကို ဥပမာ တစ်ခု ပေးမယ်… တကယ်လို့ ငါတို့အုပ်စုက သတ္တုရိုင်းကို အရင်ရသွားတယ်ဆိုရင် ဒီကောင်တွေ ငါတို့ကို တိုက်ရိုက်ကြီး လာမတိုက်ရဲဘူး … ဒါပေမယ့် သူတို့လူကို ငါတို့ ဖမ်းထားတယ်ဆိုရင်တော့ ဘယ်နည်းနဲ့မှ ရပ်တန့်လို့ရမှာ မဟုတ်ဘူး … အကုန်ရင်းပြီး ပစ်မှတ်ကို ချက်ချင်းသတ်ပစ်မှာပဲ …”

“ ငါတို့ချင်း တိုက်ရိုက် အထိကရုဏ်းတွေ မရှိခဲ့ဘူးဆိုပေမယ့် မင်းပြောသလိုပဲ .. ရှေ့သုံးလေးနှစ်လောက်တုန်းက … တော်တော်လေး အင်အားကြီးတဲ့ အဖွဲ့အစည်းကြီး တစ်ခုကပဲ မာမွန်း အဖွဲ့အစည်းက လူတစ်ယောက်ကို အရှင် ဖမ်းမိသွားတယ်…

အဲ့ဒီမှာ မာမွန်း အဖွဲ့အစည်းရဲ့ တုံ့ပြန်မှုက တော်တော်ကြမ်းတယ်… နောက်ဆုံး မသက်သာတော့တဲ့ အဆုံး တစ်ဖက် အဖွဲ့အစည်းလည်း သူတို့ ဖမ်းမိထားတဲ့ မာမွန်းအဖွဲ့သားကို လူသိရှင်ကြား သတ်ဖြတ်လိုက်တော့မှ အခြေအနေက ပြန်တည်ငြိမ်သွားတာပဲ ….”

“ ခင်များပြောသလိုဆိုရင်တော့ သူတို့ကိုယ်သူတို့ ဖော်ထုတ်ခံရမယ့် အခွင့်အရေးက အတော်နည်းတာပဲ …”

မာမွန်း အဖွဲ့အစည်းက အင်အားကြီး အဖွဲ့အစည်းများနှင့် ထိပ်တိုက်ရင်ဆိုင်လေ့ မရှိသဖြင့် ၎င်းတို့ ဖမ်းခံရမယ့် အရေးက မရှိသလောက်နည်းသည်။

ထို့ပြင် အားနည်းသည့် ပြိုင်ဘက်များနှင့် ရင်ဆိုငရာ၌ သူတို့၏ ဖြုံလောက်သည့် ခွန်အားကို အသုံးချ၍ အနိုင်ယူတတ်သေး၏။ ကံကောင်းထောက်မ၍ ဖမ်းမိသည် ရှိခဲ့လျှင်လည်း မိမိကိုယ်ကို ဖောက်ခွဲပြီး အဆုံးစီရင်သွားခဲ့ကြလေသည်။

အနည်းငယ် မဆင်မခြင်နိုင်သော်လည်းပဲ လူမသိသူမသိ တိုးတက်ဖွံ့ဖြိုးရန်အတွက်တော့ အကြံကောင်းပင်။

“ သူတို့ပုံစံကြည့်ရတာ အင်အားကြီး အဖွဲ့အစည်းတစ်ခုရဲ့ ပြုမူပုံတွေနဲ့လည်း မတူဘူးပဲ ….”

“ အမှန်ပဲ … သူတို့မှာက တစ်သားတည်းဖြစ်တဲ့ အယူဝါဒနဲ့ တင်းကြပ်တဲ့ စည်းမျဉ်းတွေ ရှိတယ်.. တိတ်တိတ်လေး အမှောင်ထဲမှာ ကြီးထွားအောင် ကြိုးစားနေပြီး တစ်နေ့မှာ ခြိမ့်ခြိမ့်သဲသဲနဲ့ ကမ္ဘာကြီး ရှေ့မှောက် ထွက်ပေါ်လာနိုင်အောင်လို့ပေါ့ …”

“ ဒီအကြောင်းကို လူတွေ ဘယ်လောက်များများ သိကြလဲ …”

“ ငါတို့ အပြင်ကို သုံးယောက်ထက် မပိုဘူး …” စုန့်ကျင်းမင် ပြောလိုက်ပြီး “ သိတဲ့လူတွေကလည်း ငါတို့လို အဖွဲ့အစည်းကြီးတွေပဲ … ငါမင်းကို ပြောပြနေတာက ငါ့ရဲ့ ထင်မြင်သုံးသပ်ချက်တွေပေါ် အခြေခံပြီးတော့ပဲ … ဒါကြောင့်မို့ ကျွန်းပေါ်မှာ ရှိတဲ့အချိန်ကျ ဒီပြဿနာကို သေချာလေး အာရုံစိုက်ထားရတယ်…”

“ သူတို့ စားပွဲလှန်လာမှာကို စိုးရိမ်လို့လား ….”

“ အတိအကျပဲ … ငါတို့ကောင်တွေက ငါတို့မှာသာ ပိုက်ဆံ လုံလုံလောက်လောက်ရှိပြီဆိုတာနဲ့ အနားယူကြမယ့် ဥပဒေဘောင်ပြင်ပမှာ နေကြတဲကောင်တွေ … ဒါပေမယ့် ဒီကောင်တွေက ကမ္ဘာကြီးကို လွှမ်းမိုးချင်နေကြတဲ့ကောင်တွေ … ဆိုတော့ သတိထားရမှာပဲ ….”

“ ကျုပ်သိချင်တာက သူတို့ ကမ္ဘာကြီးကို ပြောင်းလဲချင်မှန်း ဘယ်လိုလုပ်ပြီး သိတာ … ခင်များမှာ သက်သေအထောက်အထား ရှိလို့လား …” လင်းရီ မေးမြန်းလိုက်သည်။ “ သူတို့က ဘက်စ်သတ္တုတွေကို တောက်လျှောက် စုဆောင်းနေတယ်ဆိုရင်တောင် ဒီလိုမျိုး စွပ်စွဲတယ်ဆိုတာက အခြေအမြစ် တစ်ချို့တော့ ရှိသင့်တယ်လေ….”

“ ဒါကြောင့်မို့ မင်းလို စောက်ဦးနှောက် ရှိတဲ့ကောင်တွေနဲ့ ပြောရဆိုရ လက်ပေါက်ကပ်တာ … ဒါတွေ အကုန်လုံးက ငါတို့ ခန့်မှန်းမှု သပ်သပ်ပဲ .. ဒါကို လခွမ်းမို့ သက်သေ အထောက်အထား အကြောင်းတွေ လာပြောနေတာလား …”

စုန့်ကျင်းမင် ပြောလိုက်ပြီး “ မင်း ဆဠမ အာရုံဆိုတာကို ကြားဖူးလား …”

“ 7d တော့သိတယ်…”

“ အဲ့တာတော့ ငါမသိဘူး .. ငါတစ်ခါမှ မသုံးဖူးဘူး …”

“ ချီး … ကျုပ်လည်း မသုံးဖူးပါဘူး ..”

“ ဒီကိစ္စထဲ တအားကြီး နစ်မြောမသွားနဲ့ …. ငါမင်းကို အခု ပြောပြနေတယ်ဆိုတာ ငါ့ရဲ့ ထင်ကြေးသပ်သပ်ပဲ … မင်း အရမ်းကြီး အရေးတယူပြုနေဖို့ မလိုဘူး … ဒါပေမယ့် မင်း မှတ်ထားရမှာက …. ငါတို့မှာသာ ဒီလို အလိုလိုသိစိတ် အာရုံမျိုး မရှိရင် ဒီအချိန်ထိ အသက်ရှင်နိုင်ဦးမှာ မဟုတ်ဘူးဆိုတာပဲ …”

လင်းရီ စီးကရက်တစ်လိပ်ကို မီးညှိ၍ ခပ်ပြင်းပြင်း ရှိုက်လိုက်၏။

ဆဠမ အာရုံဆိုသည့် အရာကို သူလည်း ယုံကြည်သည်။

ကိစ္စတော်တော်များ၌ သူသည် ပြင်ပ ကိစ္စရပ်များအား ခိုင်မာသည့် သက်သေ အထောက်အထားတို့ မရှိပါဘဲနှင့် ဆုံးဖြတ်ချက် ချရလေ့ရှိ၏။

စုန့်ကျင်းမင်တွင်လည်း ထိုကဲ့သို့သော အစွမ်းအစမျိုး ရှိမည်ကို လင်းရီ ယုံကြည်သည်။ သူ၏ ထက်ရှသည့် အလိုလိုသိစိတ်က လင်းရီထက်ပင် ပိုကောင်းနေပေလိမ့်ဦးမည်။

ထို့ကြောင့် စုန့်ကျင်းမင်သည် သူ့အား အပြည့်အဝ မှန်မှန်ကန်ကန် ပြောနေသည်လို့တော့ လင်းရီ မယုံပေ။ ယခုလို တထစ်ချ ကောက်ချက်ချဖို့ ဆိုပါက သူ ပြောသွားခဲ့သည်ထက် ပိုပြီး ပြည့်ပြည့်စုံစုံ သိထားဖို့ လိုအပ်၏။

ဤအတိုင်း မပြောပြရုံမျှသာ ဖြစ်လိမ့်မည်။

သူ့ဘက်က မာဆတ် လိုက်ပို့ပေးလျှင်ပင် မပြောပြလိမ့်မည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။

“ ဘာတွေ စဉ်းစားနေတာ … စကားလည်း မပြော ဘာမပြောနဲ့ …”

“ ကျုပ်စဉ်းစားနေတာ ဘာလို့ ခင်များ တစ်ယောက်တည်း ရောက်လာတာလဲပေါ့ … တခြားလူတွေရော ဘယ်ရောက်သွားခဲ့တာ …”

“ မင်း ဖားသားကြီးက အရင် ထွက်သွားခဲ့ပြီ … ကျန်တဲ့ တခြားလူတွေကလည်း တစ်ယောက်ပြီး တစ်ယောက် ပြန်ကုန်ကြတာပဲ …” စုန်ကျင်းမင် ပြောလိုက်ပြီး “ ငါ မင်းကို လာရှာတာက အနှိပ်ခံဖို့ အဖော်လာညှိတာ … ကျွန်းပေါ်မှာ ပေးတဲ့ ဆားဗစ်က အတော်ဆိုးဆိုးပဲ … ဒီကပေးတဲ့ ဝန်ဆောင်မှုတွေနဲ့ မတူဘူး …”

“ ထင်သားပဲ … လာပြီဆိုကတည်းက ရည်ရွယ်ချက် တစ်ခုခုတော့ ရှိကိုရှိရမယ်လို့ …” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် စောင့်ဦး … ကျုပ် လောလောဆယ် အဲ့ကို သွားဖို့ အချိန်မရှိသေးဘူး …”

“ မင်းလည်း သက်သာလာနေပြီကို ဘာကိစ္စ ဒီမှာ နေဦးမှာ …”

“ ကျုပ်မှာ တခြား လုပ်စရာတွေ ရှိတယ်…” လင်းရီ ပြောလိုက်ပြီး “ အနက်ရောင်မြွေ အဖွဲ့နဲ့ စာရင်းမရှင်းခင် ချွမ်ရှန်းကို သွားပြီး ကျုပ်ရဲဘော်ရဲ့ အုတ်ဂူရှေ့မှာ ပန်းစည်းသွားထားဖို့ စီစဉ်ထားတယ်… “

“ ငါ အစတုန်းက မင်းကို အနက်ရောင်မြွေအဖွဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကူညီပေးမလို့ပဲ … ဒါပေမယ့် မင်းက မင်းဘာမင်း ကိုင်တွယ်ချင်တယ်ဆိုမှတော့ ငါ ဝင်မပါတော့ဘူး … ဒါပေမယ့် မင်းကို သတင်း အချက်အလက် တစ်ချို့တော့ ထောက်ပံ့ပေးလို့ရတယ်…”

လင်းရီ မျက်လုံးလှန်လိုက်၏။

“ အနက်ရောင်မြွေ ကိစ္စကို ခင်များ စိတ်ပူပေးစရာ မလိုဘူး … ဒါပေမယ့် ချွမ်ရှန်းကိုတော့ ကျုပ်နဲ့အတူ လိုက်ခဲ့ပေးရမယ်…”

All Chapters