← Chapters

လင်းရီရဲ့ အကြံသေးသေးလေး

Vol. 124 Ch. 1852

လင်းရီရဲ့ အကြံသေးသေးလေး

Vol. 124 Ch. 1852

“ မင်းငါ့ကို အလုပ်ကြမ်းသမား လုပ်ခိုင်းဖို့တော့ မဟုတ်ဘူးမလား …” စုန့်ကျင်းမင် သင်္ကာမကင်း မေးခွန်းထုတ်လိုက်သည်။

“ အဲ့လို စိတ်မျိုး မထားစမ်းပါနဲ့ .. ကျုပ်ကဖြင့် ခင်များ အကူအညီ လိုမလား မလိုဘူးလားတောင် မသေချာသေးတဲ့ဟာ …” လင်းရီ ပြောလိုက်ပြီး “ ပြီးတော့ ခင်များက ကျုပ်အဖေအတွက် အလုပ်လုပ်ပေးနေတဲ့လူ … သူ ခင်များကို လစာတိုးပေးအောင် ပြောပေးမယ်… ခင်များ လိုက်ခဲ့တာ အလကား မဖြစ်စေရဘူးဗျာ …”

“ မင်း ဖားသားကြီးအကြောင်းတော့ ထည့်မပြောစမ်းနဲ့ … ငါတို့ ဟောပေါ့နဲ့ သိုးခြေထောက်ကင် သွားစားတုန်းက မင်းအမေ စားပွဲလှန်ပစ်လို့ ပျက်စီးသွားတဲ့ ပစ္စည်းဖိုးတွေကိုတောင် ငါပဲ လျော်ပေးခဲ့ရတာ ….”

“ အာ ….”

လင်းရီ ပြောစရာစကားတို့ ပျောက်ဆုံးသွားခဲ့ရ၏။ ယင်းကလည်း သူတို့အတွက် တော်တော်အဖြစ်ဆိုးသည့် အခြေအနေပင်။

“ ဒါကြောင့်မို့ ငါ တွေးနေတာ မင်းက မင်းအဖေထက်တော့ သာပါတယ်ဆိုပြီးတော့ပေါ့ … အနည်းဆုံးတော့ မင်းက မာဆတ်သွားရင် ပိုက်ဆံရှင်းပေးတတ်သေးတယ်လေ… အဲ့တာနဲ့တင် အတော်လေး ကျေနပ်လှပြီ…”

“ ခင်များက အဲ့လို ပြောတယ်ဆိုမှတော့ ကျုပ်လည်း အပြစ်ရှိသလို ခံစားမနေတော့ဘူး ….” လင်းရီ ပြောလိုက်ပြီး “ အဆင်သင့်ပြင်ထားလိုက် .. နောက် ရက်နည်းနည်းကြာရင် ထွက်မယ်….”

“ လူသတ်ဖို့လား …”

“ သွေးထွက်သံယို ကိစ္စတော့ မဟုတ်ပါဘူး … ဒါပေမယ့် တချို့ စကားနားမထောင်တဲ့လူတွေကျ နည်းနည်းကြမ်းပေးမှ အဆင်ပြေတာ ခင်များ နားလည်ပါတယ်…”

“ ဘာမှ ကောင်းတဲ့ဟာ မဟုတ်ဘူးဆိုတာ ငါသိသားပဲ …” စုန့်ကျင်းမင် အညောင်းဆန့်ရင်း ပြောလိုက်ပြီး “ ငါ သွားလည်ဖို့ နေရာရှာလိုက်ဦးမယ်… တစ်ခုခုလိုအပ်ရင် လှမ်းခေါ်လိုက် …”

“ အင်း ဟုတ်ပြီ….”

နှုတ်ဆက်စကား ဆိုပြီးနောက် နှစ်ယောက်မှာ လမ်းခွဲလိုက်ကြ၏။ သို့သော် ခြေနှစ်လှမ်း ၊ သုံးလှမ်းခန့်သာ လှမ်းပြီးသည့် တစ်ကာလ ၊ စုန့်ကျင်းမင် နောက်သို့ ရုတ်တရက် ပြန်လှည့်လာပြီး ပြော၏။

“ မင်းရဲ့ မန်ဘာကတ် ငါ့ငှားစမ်းပါ …”

“ ရော့ … အဲ့မှာ ဝအောင်သုံးခဲ့ ….”

မန်ဘာကတ်ကို စုန့်ကျင်းမင်ထံသို့ ပစ်ပေးပြီးနောက် လင်းရီ ဖုန်းထုတ်၍ လီချူးဟန်အတွက် အစားအသောက် တစ်ချို့ မှာလိုက်သည်။ အကုန်လုံးက ဈေးကြီးသည့် ဖြည့်စွက်စာများ ဖြစ်ကြ၏။ ခန္ဓာကိုယ် ပြန်လည် အားမွေးဖို့အတွက် အတော်လေး သင့်လျော်သည်။

အရာအားလုံး စီစဉ်ပြီးနောက် လင်းရီသည် အရေးပေါ် ဆေးကုခန်းထဲသို့ ပြန်ရောက်လာပြီး လီချူးဟန်မှာ နိုးနေပြီ ဖြစ်ကြောင်းကို သတိပြုမိလိုက်သည်။

“ နည်းနည်းလောက် ထပ်အိပ်လိုက်ပါဦးလား …” လင်းရီ အနားသို့ ရောက်လာပြီး ပြောသည်။

“ ငါ ထပ် မအိပ်နိုင်တော့လို့ …”

အပြုံးတစ်ပွင့်က လီချူးဟန်၏ မျက်နှာထက်၌ ပွင့်လန်းလာသည်။ အိပ်စက်ပြီးနောက် သူမ၏ စိတ်အခြေအနေက အများအပြား သက်သာ ကောင်းမွန်လာခဲ့၏။

“ ကိုယ်မင်းဖို့ တစ်ခုခုမှာထားတယ်… ခဏဆို ရောက်လာတော့မှာ …”

“ ငါ မဆာသေးဘူး …”

လီချူးဟန်သည် လင်းရီ၏ လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်၏။ သူမ၏ အမြင်တွင် လင်းရီကို တစ်ဖန်ထပ်ပြီး မြင်တွေ့နိုင်သည်ကပင် ပျော်စရာ အကောင်းဆုံး ကိစ္စရပ်ကြီး ဖြစ်၏။

သူမ အိပ်မပျော်နိုင်လောက်သည်အထိကို ပျော်ရွှင်နေခဲ့လေသည်။

လီချူးဟန်သည် လင်းရီ၏ ပခုံးထက်သို့ ညင်သာစွာ မှီခိုလိုက်၏။ ဤသည်က သူမအဖို့ ဘာနှင့်မျှ မလဲနိုင်သည့် ပျော်ရွှင်မှုကြီး တစ်ခုပင်။

နာရီဝက်ခန့် ကြာပြီးနောက် လင်းရီ အော်ဒါမှာထားသည့် အရာတို့ ရောက်ရှိလာသည်။

လီချူးဟန်၏ စားသောက်ချင်စိတ်က မနက်ပိုင်းတွင် အတော်လေး အားကောင်းနေခဲ့ပြီး ထမင်း ပန်းကန်လုံး တစ်ဝက်ခန့်ကို အပြတ်ဖြတ်ပစ်လိုက်သည်။

မွန်းလွဲပိုင်း၌ လင်းရီ၏ စီစဉ်ပေးမှုအောက်တွင် ခေတ္တ လမ်းလျှောက်လိုက်ပြီး သူမ၏ အခြေအနေမှာ ဖြည်းဖြည်းချင်း တိုးတက်လာနေသည်။

ထိုည၌ ချောင်ရှင်းပြန်လာပြီးနောက် လင်းရီသည် လီချူးဟန်ကို အထူးကြပ်မတ် ကုသဆောင်သို့ ရွေ့ပေးရန် ဆေးရုံကို ပြောလိုက်၏။

အရေးပေါ် ဆေးကုခန်းနှင့် နှိုင်းယှဉ်ပါက ထိုနေရာသည် နေရာလည်း ပိုကျယ်ဝန်းပြီး ရှုခင်းလည်း ပိုကောင်းသည်။

နောက်ပိုင်း၌ လင်းရီ ဖြည့်စွက်စာ တစ်ချို့ အော်ဒါမှာလိုက်ပြီး လီချူးဟန်၏ အသားအရေကလည်း ဖြည်းဖြည်းချင်း တိုးတက်ကောင်းမွန်လာနေသည်။

ညမမှောင်ခင် လင်းရီတို့နှစ်ဦးမှာ လီချူးဟန်ကို လေကောင်းလေသန့် ရှူရှိုက်ရန် အပြင်သို့ ခေါ်သွားပေး၏။ ဤသို့ဖြင့် သူမလည်း ပိုပြီး နေလို့ထိုင်လို့ ကောင်းလာလိမ့်မည်။

ဖြည့်စွက်စာများနှင့် အားဆေးများ၏ အကူအညီဖြင့် ယခုလိုပုံစံအတိုင်းဆိုပါက လီချူးဟန်သည် တစ်ပတ်အတွင်း ဆေးရုံက ဆင်း၍ ရနေပြီ ဖြစ်၏။

“ နင် တစ်ခုခု လုပ်စရာ ရှိတယ်ဆို သွားလုပ်လေ … ရှင်းရှင်း ငါနဲ့ အတူနေပေးလိမ့်မယ်…” လီချူးဟန်သည် လှေကားထစ်သို့ တက်ရင်း လင်းရီအား ညင်သာစွာ ပြောလိုက်သည်။

“ အဆင်ပြေတယ်… ကိုယ်မင်းနဲ့ နောက်သုံးလေးရက်လောက် အဖော်ပြုပေးဦးမယ်…”

“ တကယ် မလိုအပ်တာ ..” လီချူးဟန် ခပ်ပျော့ပျော့ ပြောလိုက်ပြီး “ ငါလည်း ဆရာဝန်တစ်ယောက်ပဲဟာ ကိုယ့်အခြေအနေကိုယ် သိတာပေါ့ … အခု ငါ အများကြီး သက်သာလာနေပြီ … အချိန်တစ်ခုပဲ လိုအပ်တော့တာ …. နင့်ကိစ္စပြီးတဲ့အချိန်ကျရင် ငါလည်း ဆေးရုံက ဆင်းပြီးလောက်ပြီ …”

“ အဲ့တာ ဟုတ်တယ် အစ်ကိုရီ …. ရှင် ထွေထူး စိတ်ပူနေစရာ မလိုပါဘူး … အစ်မလီကို ဂရုစိုက်ပေးဖို့ ဒီမှာ ညီမတစ်ယောက်လုံး ရှိတယ် စိတ်ချ… ဘာပြဿနာမှ မဖြစ်စေရဘူး ….”

“ ကောင်းပြီလေ… ဒါဆိုငါ မနက်ဖြန် သွားဖို့ စီစဉ်လိုက်မယ်….”

လင်းရီ အဆိုပါ အသေးမွှား ကိစ္စလေးကို များများစားစား အတွေးလွန်မနေတော့ချေ။

ထိုည၌ … လင်းရီသည် ချိုးယွီလော့နှင့် နင်ချဲ့တို့ကို ဖုန်းဆက်၍ လမ်းဘေးဆိုင် တစ်ဆိုင်၌ အရက်သောက်ရန် ဖိတ်လိုက်သည်။

“ နင် အသက်ရှင်နေသေးတဲ့ ကိစ္စကို ဘယ်အချိန်လောက်မှ ကြေညာဖို့ စဉ်းစားထားလဲ …” ချိုးယွီလော့ မေးမြန်းလိုက်၏။ “ နင် သေနေတယ်ဆိုပြီး ငါတို့ တစ်သက်လုံး သရုပ်ဆောင်ပေးနေလို့မှ မဖြစ်တာ ဟုတ်တယ်မလား ….”

“ သဘာဝအတိုင်းပဲ ထားလိုက်တာ ကောင်းတယ် …” လင်းရီ ပြောလိုက်ပြီး “ မဟုတ်ရင် ငါလူတွေနဲ့တွေ့တိုင်း ဘာလို့ ပြန်ရှင်လာတာလဲဆိုပြီး လာမေးနေကြမှာ ရှင်းပြရ စိတ်ရှုပ်တယ်… နောက်မှ ဖြည်းဖြည်းချင်း ငါ အသက်ရှင်နေသေးတဲ့ သတင်းတွေ ပျံ့သွားပြီး လူတွေကလည်း တဖြည်းဖြည်းနဲ့ လက်ခံလာမယ်… အဲ့ခါကျ ငါ ပြန်ပေါ်လာခဲ့ရင် မေးခွန်းတွေလည်း နည်းသွားလိမ့်မယ်…”

သူ သေသည့် ရှင်သည့် ကိစ္စကို လင်းရီ အရေးလုပ်ပြီး ခေါင်းထဲ ထည့်မနေချေ။ သူနှင့် နီးစပ်သည့် ဆွေမျိုးမိတ်ဆွေ သူငယ်ချင်းများ ဘေးကင်းလုံခြုံနေသရွေ့ သူ ကျေနပ်သည်။

ဤသည်ကိုလည်း စုန့်ကျင်းမင်ထံကနေ အတည်ပြုချက် ရထားပြီး ဖြစ်သဖြင့် ယခုအချိန်၌ သတင်းထွက်သွားလည်း ကိစ္စမရှိချေ။

“ အဲ့လိုလည်း ကောင်းသားပဲ …” နင်ချဲ့ ရေရွတ်လိုက်ပြီး “ နင် ချွမ်ရှန်းကို ဘယ်အချိန် သွားဖို့ ပြင်ထားလဲ …”

လင်းရီ ဘီယာတစ်ကျိုက်မော့သောက်လိုက်၏။

“ မြန်လေ ကောင်းလေပဲ … ဒါပေမယ့် အဲ့တာမတိုင်ခင် ငါမင်းကို စစ်ဆေးပေးစေချင်တာလေးတွေ ရှိတယ်…”

“ ပြောလိုက်စမ်းပါ … ဘာလို့ စကားပလ္လင်တွေ ခံနေတာ …”

“ ဒီတစ်ခေါက် အသင်း ၄က လူ ဘယ်နှယောက်လောက် တာဝန် ပြန်ချမှတ်ခံရတဲ့ထဲ ပါလဲ .. ငါ သူတို့ အကုန်လုံးရဲ့ အချက်အလက်တွေ အကုန်သိချင်တယ်… အသေးစိတ် ဖြစ်နိုင်သလောက်ပေါ့ ….”

သူတို့၏ ဖန်ခွက်များက လေထဲတွင် တစ်ချိန်တည်းနီးပါး ရပ်တန့်သွားခဲ့ကြပြီး မကောင်းသည့် ခံစားချက်တို့က စိတ်ထဲ ပျံ့နှံ့လာသည်။

“ ရတာက ရပါတယ်… ဒါပေမယ့် နင်က ဒါတွေ သိပြီး ဘာလဲလုပ်မှာ ….”

နှစ်ဦးလုံးက လင်းရီ အဘယ်ကြောင့် ဤအချက်အလက်များအား လိုချင်နေလဲဆိုတာကို သိသည်။ ထို့အပြင် သူမတို့ကလည်း လင်းရီကို မရစေချင်ပေ။

“ ထွေထူးတော့ မဟုတ်ပါဘူး … ဒီတိုင်း ငါ့ကိုသာ ကူပြီး စုဆောင်းပေးစမ်းပါ …” လင်းရီ သူ့ခွက်ထဲရှိ ဘီယာကို အပြတ်ဖြတ်လိုက်ပြီး “ အဲ့တာတွေ အကုန်ရတာနဲ့ ငါတို့ စထွက်ကြမယ်…”

“ အဲ့လောက် ရိုးရှင်းတယ်ပေါ့ … ငါ ဘော့စ်လျိုဆီ သွားပြီး ကော်ပီတစ်စုံတောင်းလိုက်မယ်…”

“ သတိလည်း ထားဦး … ကျုံးဝေ့တပ်ဖွဲ့ဝင်တိုင်းရဲ့ အချက်အလက်တွေက ထိပ်တန်းလျှို့ဝှက်ချက်တွေ .. နင့်ကိုသာ သူတို့တွေ သိသွားခဲ့ရင် နင် သေချာပေါက် အပြစ်ပေးခံရမှာပဲ …” ချိုးယွီလော့ သတိပေးလိုက်သည်။

“ လင်းရီ တောင်းဆိုတာလို့ ပြောလိုက်မယ်လေ… ဘော့စ်လျို ငါ့ကို အပြစ်ပေးလို့ မရပါဘူး ဟဲဟဲ ….”

“ အင်း … တစ်ခုခုဆို ငါ့ပေါ် အပြစ်ပုံချလိုက် … ငါ တာဝန်ယူလိုက်မယ်…” လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။

“ ဒါပေမယ့် ငါ သိချင်နေမိတုန်းပဲ သိလား .. နင်က အဲ့တာတွေ ရပြီး ဘာလဲ လုပ်မှာ … နင် အကြီးအကဲလုရဲ့ ဖိအားတွေကို လျှော့ချပေးချင်လို့ တိတ်တိတ်လေး လှုပ်ရှားချင်နေတယ်တော့ မပြောနဲ့နော်….”

“ ငါ့မှာ အဲ့လောက် အစွမ်းအစမရှိပါဘူးကွာ … ဒီတိုင်း သိချင်ရုံပါပဲ … တအားကြီးတွေ အလေးအနက်ထားဖို့ မလိုဘူး … ငါ တောင်းဆိုတဲ့အတိုင်းပဲ လုပ်ပေးရင် အဆင်ပြေပြီ …”

“ ငါနဲ့ လွှဲထားလိုက် …” နင်ချဲ့ အာမခံလိုက်၏။ ထို့နောက် လင်းရီကို သူမ၏ ပခုံးနှင့် အသာအယာတိုက်၍ ရွှတ်နောက်နောက် အပြုံးတစ်ခုဖြင့် မေးမြန်းလိုက်သည်။

“ ဘယ်လိုနေသေးလဲ … နင် ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတယ် မဟုတ်ဘူးလား … အခု ပြန်သက်သာလာပြီလား …”

“ ဒါပေါ့ … မေးနေစရာတောင် လိုနေသေးလို့လား …” လင်းရီ ကျောက်ကပ်တုတ်ထိုး တစ်ခု စားရင်း ပြောလိုက်ပြီး “ အခု ငါ့ပုံစံကြည့်လိုက်လေ … ငါ့ရုပ်က လူမမာရုပ်ပေါက်နေလို့လား …”

“ နင် …… ဟိုနေရာရော ထိခိုက်သွားသေးလား ….”

ဖူး ….

လင်းရီ သွေးတစ်လုတ် အန်ထုတ်လုနီးပါး ဖြစ်သွားခဲ့၏။

“ ငါတို့ အခု စားနေတုန်း ရှိသေးတာလေကွာ … ဒီကိစ္စ မပြောလို့ မရဘူးလား …”

“ ငါက စိုးရိမ်လို့ မေးတာပါဟယ် နင်ကလည်း …” နင်ချဲ့ ပြောလိက်ပြီး “ ငါ ဒီနေ့ နင့်ကို မှာထားပေးတာတွေကြည့်လိုက် … ကျောက်ကပ် ၊ ငါးရှဉ့်၊ ဂုံးခရု ၊ … အားဖြစ်စေမယ့်ဟာတွေ အများကြီးပဲ … နံနံပင်တောင် မထည့်ခိုင်းထားဘူး … ငါ နင့်ကို ဘယ်လောက်ထိ ဂရုစိုက်ထားလဲ အဲ့တာသာကြည့်လိုက် …”

ချိုးယွီလော့ စားရင်းဖြင့် နင်ချဲ့အား မျက်လုံးလှန်ကြည့်လိုက်သည်။ “ ငါတော့ နင် စမ်းသပ်ကြည့်ချင်နေတာလို့ ထင်တာပဲ …”

“ ဟေ့ ဟေ့ ဟေ့ … နင် စကားကို လျှောက်မပြောနဲ့ ….” နင်ချဲ့ ပြောလိုက်ပြီး “ ဒါပေမယ့် အခွင့်အရေးရမယ်ဆိုလည်း ဝမ်းပန်းတသာပါပဲ …”

ညစာစားပြီးသည့်နောက် သုံးယောက်မှာ ထုံးစံအတိုင်း နှစ်အုပ်စု ကွဲသွားခဲ့သည်။

ချိုးယွီလော့က မည်သူမျှ မနေသည့် သူမ၏ အိမ်သို့ ပြန်သွားခဲ့ပြီး နင်ချဲ့ကတော့ လင်းရီနောက် လိုက်ပါလာသည်။

အကြောင်းအရင်းကတော့ ဟိုတယ်နှင့်ခရီးသွားနယ်ပယ်၏ GDP တိုးတက်စေရန်နှင့် ကမ္ဘာလူဦးရေ လျော့နည်းကျဆင်းလာမှု ပြဿနာကို တစ်ဖက်တစ်လမ်းကနေပြီး ကူညီပေးရန်အတွက်ပင်။

All Chapters