← Chapters

သူတို့ကို မတားနဲ့

Vol. 124 Ch. 1853

သူတို့ကို မတားနဲ့

Vol. 124 Ch. 1853

နောက်တစ်နေ့ နံနက်ခင်း၌ နှစ်ယောက်မှာ ဟိုတယ်၌ မနက်စာ အတူစားလိုက်ကြသည်။ ထို့‌နောက် နင်ချဲ့က ကျုံးဝေ့တပ်ဖွဲ့သို့ ပြန်သွားပြီး လင်းရီကို ကူညီပေးရန်အတွက် ပြင်ဆင်သည်။

လင်းရီ မနက်စာ တစ်ချို့ ဝယ်လာခဲ့ပေးပြီး လီချူးဟန်နှင့် ချောင်ရှင်းကို ပို့ပေးလိုက်သည်။ လီချူးဟန်၏ အခြေအနေက နေ့စဉ်နှင့်အမျှ တိုးတက်ကောင်းမွန်လာနေပြီး သူ မနက် ရောက်လာခဲ့သည့် အချိန်၌ ကိုယ့်ဘာကိုယ် အားပြု၍ပင် ထထိုင်နိုင်နေလေပြီ။

“ အစ်ကိုရီ … ရှင် တစ်ခုခု လုပ်စရာ ရှိတယ်မဟုတ်ဘူးလား …” ချောင်ရှင်းက မနက်စာလှမ်းယူရင်း မေးမြန်းလာခဲ့၏။

“ အင်း … ပြင်စရာ ၊ ဆင်စရာ တစ်ချို့တော့ ရှိတယ်… ငါ မနက်ဖြန် သွားတော့မှာ …”

“ အိုး … အိုကေလေ….”

တစ်နေ့တာလုံး … လင်းရီ ဘယ်ကိုမျှ မသွားဘဲ ဆေးရုံ၌သာ နေ၍ လီချူးဟန်ကို အဖော်ပြုပေးနေခဲ့သည်။

နေ့စဉ် အာဟာရဖြစ်စေသည့် စားသောက်စရာများကို မှီဝဲနေသည့် အတွက်ကြောင့် လီချူးဟန်၏ ပြန်လည်သက်သာလာသည့်နှုန်းမှာ စိတ်ကူးထားသည်ထက်ပင် မြန်ဆန်နေသည်။

ယနေ့ အောက်ထပ်သို့ ဆင်းရာ၌ ဝှီးချဲ အသုံးပြုရန်ပင် မလိုတော့ချေ။ သို့ပေမယ့် တစ်စုံတစ်ယောက်က သူမကို ကူတွဲပေးဖို့တော့ လိုအပ်နေသေး၏။ ဤသို့ဖြင့် သူမဘာသူမ လမ်းလျှောက်နိုင်သည်။

သို့သော် လင်းရီကတော့ သူမကို အာဟာရဖြည့်စွက်စာများ ထပ်ပြီး မကျွေးတော့ဖို့ ဆုံးဖြတ်ထား၏။ အကြောင်းအရင်းကတော့ အာဟာရလွန်ကဲသွားမည်ကို စိုးရိမ်သောကြောင့်ပင်။ အကယ်၍ ယခုလို ဆက်လက် သုံးဆောင်ခိုင်းနေဦးမည် ဆိုပါက နှာခေါင်းသွေးလျှံလာနိုင်သည်။

ညနေ ငါးနာရီဝန်းကျင်ခန့်တွင် နင်ချဲ့ သူ့ထံသို့ ဖုန်းခေါ်လာပြီး အချက် အလက်များ ရလာပြီ ဖြစ်ကြောင်း ပြောသည်။ ထို့နောက် အီးမေးလ်ကတဆင့် ပေးပို့လာခဲ့၏။

နင်ချဲ့ပို့ပေးလာခဲ့သည့် အချက်အလက်ထဲတွင် အင်မတန် စိတ်ဝင်စားဖို့ကောင်းသည့် တစ်ချက်ကို လင်းရီ သွား သတိပြုမိသည်။

ချွမ်ရှန်းက လာသည့် ကျုံးဝေ့တပ်ဖွဲ့ အသင်း ၄ အသင်းဝင် နှစ်ယောက် ရှိ၏။

တစ်ယောက်က မျိုးရိုးနာမည် ဝေ့နှင့် ဖြစ်ပြီး အမည်ရင်းကား ဝေ့ယွီလုံပင်။ ကျန်တစ်ယောက်က မျိုးရိုးနာမည် ကျူးဖြစ်ပြီး သူ တစ်နေ့က ရိုက်နှက် သင်ခန်းစာပေးခဲ့သည့် ကျူးကျွင်းချီ ဖြစ်၏။

နှစ်ဦးလုံးက ချွမ်ရှန်းသားများပင်။

လင်းရီ နှုတ်ခမ်းကိုက်မိလိုက်၏။

ဒါ တအားကြီး တိုက်ဆိုင်လွန်းမနေဘူးလား …

ထို့နောက် လင်းရီ သူတို့၏ အချက်အလက်များထံ အာရုံစူးစိုက်လိုက်သည်။

သူ သတိပြုမိလိုက်သည်က ထိုမိသားစု နှစ်ခု ပိုင်ဆိုင်ထားသည့် ကုမ္ပဏီတို့က ချွမ်ရှန်း၌ ထိပ်တန်း ကုမ္ပဏီကြီးများ ဟုတ်မနေချေ။ ဝေ့မိသားစုက ချွမ်ရှန်း၌ အဆင့် ၉ ချိတ်ပြီး ကျူးမိသားစုကတော့ အဆင့် ၁၂ ဖြစ်၏။

အကယ်၍ သူတို့က ချွမ်ရှန်း၌ပင် ပါမွှားလေးဖြစ်နေခဲ့သည်ဆိုပါက တစ်တိုင်းပြည်လုံး အဆင့်နှင့် နှိုင်းယှဉ်မည်ဆိုပါက မပြောပလောက်တော့ချေ။

အခြားတစ်ဖက်ရှိ ကျိုးမိသားစု၏ ဈေးကွက် တန်ဖိုးကတော့ ချွမ်ရှန်း၌ အဆင့် ခြောက် ချိတ်လေသည်။ ၎င်းတို့က ကျန်သူများထက် အများကြီးပိုပြီး အဆင့်မြင့်၏။ သို့သော် ယင်းက အရေးမဟုတ်သေးပေ။

ဟွာရှကဲ့သို့သော နိုင်ငံမျိုး၌ ကြွယ်ဝမှု တစ်ခုတည်းက မလုံလောက်နိုင်ချေ။

အာဏာသည်သာလျှင် ၎င်းတို့၏ အန္တိမ ရည်မှန်းချက်ကြီး ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် … အာဏာရှိ ပုဂ္ဂိုလ်တစ်ဦးက မရေမတွက်နိုင်သည့် ကြွယ်ဝချမ်းသာသည့် လူပုဂ္ဂိုလ်များအား ဖန်တီးမွေးထုတ်ပေးနိုင်သောကြောင့်ပင်။ ဤတစ်ချက်က အခြားသော အရင်းရှင် နိုင်ငံကြီးများနှင့် ကြီးကြီးမားမားကွာဟနေခဲ့၏။

အမေရိကန်နှင့် ဂျပန်ကဲ့သို့သော နိုင်ငံများ၌ ကြွယ်ဝမှုက ခေတ်ကို ဖန်တီးတည်ဆောက်သည်။ သို့သော် ဟွာရှတွင်‌တော့ ၎င်းတို့က ဆန့်ကျင်ဘက်ပင်။

ခေတ်ကသာလျှင် ကြွယ်ဝမှုကို ဖန်တီးဆောင်ကြဉ်းပေးလေသည်။

ထို့ပြင် အနှီခေတ်ကိုလည်း အာဏာရှိပုဂ္ဂိုလ်တို့ကသာလျှင် ဖန်တီးထားခြင်းဖြစ်၏။ ထို့ကြောင့် အဆိုပါ မိသားစုကြီးတို့က အာဏာနောက် လိုက်နေသည့် သူတို့၏ ခြေလှမ်းများကို ဘယ်သောအခါမှ ရပ်တန့်သွားမှာ မဟုတ်ချေ။

ဤအချက်အလက်များမှတဆင့် အဆိုပါ မိသားစုကြီးများက ၎င်းတို့၏ စစ်မှန်သည့် အင်အားကို သိုဝှက်ထားကြောင်း လင်းရီ သတိပြုမိလိုက်သည်။

အကယ်၍ စစ်မှန်သည့် အင်အားချင်း တိုင်းတာမည်ဆိုပါက ဝေ့နှင့် ကျူးမိသားစုက ထိပ်တန်း အဆင့် နှစ်ခုအတွင်း ရှိနေမည်မှာ မြေကြီးလက်ခတ်မလွဲပင်။ သို့သော် ယခု … တစ်ဦးက အဆင့်ကိုး ချိတ်ပြီး ကျန်တစ်ဦးက အဆင့် ၁၂ ဖြစ်နေသည်။

၎င်းတို့က သိုသိုသိပ်သိပ် နေထိုင်၍ မည်သည့်အရာကိုမျှ ထုတ်ဖော်ပြသခြင်း မရှိဘဲ သိုဝှက်စွာဖြင့် တိုးတက်အောင် ကြိုးပမ်းအားထုတ်နေကြသည်။

မိသားစု နှစ်ခု၏ သတင်းအချက်အလက်များအား ဖတ်ရှုပြီးနောက် လင်းရီသည် အသင်း ၄ ၏ ကျန်အဖွဲ့ဝင်များကို ဆက်လက် ကြည့်ရှုလိုက်၏။

၎င်းတို့ အကုန်လုံးနီးပါက ဤမိသားစု နှစ်ခုနည်းတူ ၎င်းတို့၏ ဆိုင်ရာ စီရင်စုများ၌ ထိပ်တန်း မိသားစုကြီး သုံးခုအတွင်း၌ ရှိမနေကြချေ။

သူတို့တွေ အကုန်လုံးက သိုသိုသိပ်သိပ်ပဲ နေထိုင်ကြ၏။

သို့သော်လည်းပဲ ဤသို့ဖြစ်လေလေ ၊ လင်းရီပိုပြီး စိုးရိမ်မိလေလေပင်။

ယခုလို မိသားစုကြီးများ၏ စိတ်ရှည်သည်းခံနိုင်မှုက သာမန်လူတို့ထက် အများကြီး ကျော်လွန်နေပြီး ၎င်းတို့ လှုပ်ရှားသည့်အခါ၌ လူတိုင်းကို အံ့ဩထိတ်လန့်သွားစေမှာ ဖြစ်ကာ အခြားသူတို့အဖို့ မည်သည့် အခွင့်အရေးကိုမျှ ရရှိစေမှာ မဟုတ်ချေ။

လင်းရီ နှုတ်ခမ်းကိုက်မိသွားခဲ့၏။

ချွမ်ရှန်းသို့သွားမည့် ခရီးစဉ်၌ စုန့်ကျင်းမင်ကို ဘော်ဒီဂတ်အဖြစ် ခေါ်လာခဲ့မှာက အတော်လေး ဉာဏ်ရှိသည့် အကြံကောင်း တစ်ခုပင်။ အကယ်၍ အသုံးဝင်လာခဲ့လျှင်လည်း ကောင်း၏။ မလိုအပ်ခဲ့လျှင်လည်း ကိုယ့်ဘက်က ထပ်ဆောင်း အကာအကွယ်တို့ ရှိနေသည်က မမှားချေ။

နောက်တစ်နေ့ နံနက်ခင်း၌ လင်းရီသည် ထွက်သွားဖို့ကို အလျင်လိုမနေချေ။ သူ အရင်ဆုံး လီချူးဟန်ကို မနက်စာ ခွံ့လိုက်ပြီး သူမ၏ ကြွက်သားများအား သက်တောင့်သက်သာ ဖြစ်စေရန်အတွက် နှိပ်နယ်ပေး၏။

“ အစ်မလီ … ဘယ်သူက နှိပ်တာ ပိုကောင်းလဲ … ညီမလား .. ဒါမှမဟုတ် အစ်ကိုရီလား …” ချောင်ရှင်း အပြုံးလေးဖြင့် မေးလိုက်သည်။

“ နင့် အစ်ကိုရီပေါ့ ..” လီချူးဟန် ညင်သာစွာ ပြောဆိုလိုက်၏။

“ ဟုတ်တယ်နော်… ညီမဆို ပရော်ဖက်ရှင်နယ်ကျကျ လေ့လာထားတာတောင် အစ်ကိုရီလောက် လက်မပေါက်ဘူး …”

လင်းရီ စိတ်အတွင်း၌ ကြိတ်ပြီး မာန်တက်ချင်သွားခဲ့၏။

မင်းထင်နေတာ ငါ့အရင် နှစ်နှစ်တုန်းက အပြင်းအထန် လက်တွေ့ခံစားပြီး လေ့ကျင့်နေတာတွေကို အလကားလို့ ထင်နေတာလား ….

မနက် ရှစ်နာရီဝန်းကျင်လောက်ရောက်တော့ အရာအားလုံး ပြီးဆုံးသွားခဲ့သည်။ လင်းရီသည် နင်ချဲ့နှင့် ချိုးယွီလော့တို့ကို ဆက်သွယ်လိုက်ပြီး သုံးယောက်သား လေဆိပ်၌ ဆုံကြ၏။

ကိုယ်ပိုင်လေယာဉ်နှင့် ဖြစ်သောကြောင့် ချွမ်ရှန်းသို့ နှစ်နာရီအတွင်း ဆင်းသက်လာခဲ့ပြီး ယင်းဒေသရှိ သင်္ချိုင်းသို့ နေ့လည်မတိုင်မီ ရောက်ရှိလာခဲ့လေသည်။

သုံးယောက်လုံးက အနက်ရောင်အဝတ်အစားများ ဝတ်ဆင်ထားခဲ့ကြ၏။

လင်းရီက အနက်ရောင်မာ့စ်နှင့် လျှာထုပ်ဦးထုပ်ဆောင်းထားပြီး ကားထဲက ထွက်ရင်း လက်ထဲတွင်လည်း အဖြူရောင် ဂန္ဓာမာပန်းစည်း တစ်စည်းကို ကိုင်ထားလျက်ရှိ၏။

“ ဟားဟား … မင်းစွန်ကြီးက ရုပ်ဆိုးလိုက်တာဟေ့ရောင် … ကြည့်လို့လည်း မကောင်းဘူး … ငါ့ စွန်လိပ်ပြာလောက်လည်း မမြင့်ဘူး …”

“ မင်းဟာက မဟုတ်ဘူး …. ငါ့ရဲ့ သိန်းငှက်စွန်က ငါ့ဘိုးဘိုး ကိုယ်တိုင် လုပ်ထားပေးတာ … မင်းဟာထက် ပိုကောင်းတယ်….”

“ ကျစ် … ဒါဆို ဘယ်သူ့စွန် ပိုမြင့်လဲ ပြိုင်မလား ….”

“ ဟားဟား … ငါ့ဟာက မင်းထက် ပိုမြန်တယ် … ငါ့စွန်က မင်းစွန်ထက် အမြင့်ကြီး ပိုရောက်မှာ ….”

သူတို့သုံးယောက် ကားထဲက ထွက်သည်နှင့် ကလေးတစ်အုပ်စုက တံခါးဝ၌ စွန်ပြိုင်လွှတ်နေကြသည်ကို မြင်တွေ့လိုက်ရသည်။

ချိုးယွီလော့ မျက်မှောင်ကြုတ်မိသွားခဲ့၏။

ဒီလို ဝမ်းနည်းဖို့ကောင်းတဲ့ နေရာမျိုးမှာ ဆူညံဆူညံ လာလုပ်နေတာ ဖြစ်သင့်လား ….

“ နင်တို့နှစ်ယောက် အရင်ဝင်နှင့်လိုက် … ငါ ဒီကလေးတွေကို မောင်းလိုက်ဦးမယ်….”

“ ထားလိုက် …” လင်းရီ အသံနိမ့်၍ ပြောလိုက်ပြီး “ သူတို့ ဆော့ပါစေ ..”

“ ဒါပေမယ့် ဒီနေရာက သင်္ချိုင်းပေါက်ဝကြီးလေ… ဆူညံလွန်းတယ် မထင်ဘူးလား …”

လင်းရီ သင်္ချိုးဘက်ခြမ်းသို့ လက်ညှိုးညွှန်ပြ၍ တည်ငြိမ်စွာ မေးခွန်းထုတ်လိုက်၏။

“ အထဲကလူတွေ သူတို့ အသက်ရှင်တုန်းက ကြိုးစားခဲ့ကြတာ ဘာအတွက်ကြောင့်လို့ မင်းထင်လဲ …”

လင်းရီ၏ စကားက သူမတို့နှစ်ယောက်ကို ကြက်သေသေသွားစေခဲ့သည်။

“ ငါတို့လူမျိုးတွေ အနာဂတ်မှာ ဝဝလင်လင် စားသောက်နေထိုင်နိုင်ပြီး နွေးနွေးထွေးထွေး ဝတ်ဆင်နိုင်ဖို့ပဲ မဟုတ်ဘူးလား … ဒီလိုမှပဲ သူတို့ရဲ့ နောက်မျိုးဆက် ကလေးတွေက ဘာပူပန်စရာမှမလိုဘဲ ကြီးပြင်းလာနိုင်မှာ မဟုတ်ဘူးလား …”

လင်းရီ လေးပင်စွာသက်ပြင်းတစ်ချက် ချ၍ တည်ကြည်စွာ ပြောဆိုလိုက်သည်။

“ သူတို့တွေ အသက်စွန့်ခဲ့ကြတာ ဒီကလေးတွေ ခုလိုမျိုး ပျော်ပျော်ရွှင်ရွှင် နေနိုင်ဖို့ အတွက်ပဲလေ … အခု သူတို့ရဲ့ ရည်မှန်းချက်တွေ ပြည့်ဝသွားခဲ့ပြီ .. ငါတော့ သူတို့ရဲ့ စွန်တွေကို မြင့်မြင့်ပျံသန်းခိုင်းပြီ အထဲကလူတွေကို ဟွာရှက သူတို့တွေ မျှော်လင့်ခဲ့တဲ့ ခေတ်အခြေအနေကို ရောက်ရှိနေပြီဆိုတာ သိစေချင်တယ်…”

သူတို့၏ အမူအရာမှာ သဘာဝမကျ ဖြစ်သွားခဲ့ကြ၏။ သို့သော် လျင်လျင်မြန်မြန်ပဲ ကွယ်ပျောက်သွားခဲံကြပြီး အပြုံးတစ်ခုက နှုတ်ခမ်းထက်ဝယ် ထွက်ပေါ်လာသည်။

“ နင် ပြောတာ မှန်တယ်… ငါ အဲ့လို မတွေးလိုက်မိဘူး ….”

သို့နှင့် သူတို့တွေ ဝင်ပေါက်ဝ၌ စွန်လွှတ်နေကြသည့် ကလေးတစ်အုပ်စုအား ကျော်ဖြတ်သွားခဲ့ကြ၏။ ချိုးယွီလော့၏ ဦးဆောင်မှုအောက်၌ သုံးယောက်မှာ ကျိုးလျန်၏ အုတ်ဂူရှေ့သို့ ရောက်ရှိလာသည်။

“ ညီကို… ငါ မင်းကို လာတွေ့ပြီ ….”

လင်းရီ ဆောင့်ကြောင့်ထိုင်၍ ပန်းစည်းကို ကျိုးလျန်၏ အုတ်ဂူရှေ့၌ ချထားလိုက်၏။

သူ လက်ဆန့်တန်း၍ အုတ်ဂူထက်ရှိ ဓာတ်ပုံကို ညင်သာစွာ ထိတွေ့လိုက်သည်။

“ ငါသာ အဲ့တုန်းက နည်းနည်းလေးပိုပြီး ဂရုစိုက်ခဲ့မယ်ဆိုရင် မင်းလည်း ဒီခုလို ဖြစ်နေမှာ မဟုတ်ဘူး … ငါ့အမှားတွေပါ …”

လင်းရီသည် နင်ချဲ့၏ အိတ်ထဲက အရက်ဖြူ နှစ်လုံး ထုတ်၍ တစ်ပုလင်းကို အဖုံးဖွင့်ကာ ကျိုးလျန်၏ အုတ်ဂူရှေ့၌ ချထားလိုက်သည်။ ထို့နောက် အခြား တစ်ပုလင်းကို အဖုံးဖွင့်၍ တစ်ကျိုက်မော့လိုက်၏။

“ ငါ မင်းနဲ့အတူ အနှိပ်ခံဖို့ကို သွားပေးနိုင်မှာ မဟုတ်တော့ဘူး .. ဒါပေမယ့် ငါ ကျွန်းပေါ်ကို ရောက်ဖြစ်တဲ့ နေ့ကျရင်တော့ ကျိန်းသေပေါက် မင်းကို ခေါ်သွားမယ်…”

လင်းရီ၏ လက်က စကျင်ကျောက် အစင်းရာများသို့ ညင်သာစွာ ယှက်သန်းသွားခဲ့ပြီး “ ဘယ်လိုပဲ ဖြစ်ဖြစ် အသင်း ၁ က ဘယ်သူ့ကိုမှ ဆုံးရှုံးလို့ မရဘူး …”

လင်းရီ ကျန်သည့် အရက် ပုလင်းတစ်ဝက်အား တစ်ကျိုက်တည်း အကုန်မော့ပစ်လိုက်သည်။

“ မင်းက ကျိုးမိသားစုမှာ တစ်ဦးတည်းသားမှန်း ငါသိတယ်… ဒါပေမယ့် မပူနဲ့ … ငါ ရှိနေသရွေ့ ကျိုးမိသားစုက တိုးတက်နေစေရမယ်.. မင်းရဲ့ မိဘတွေကိုလည်း ငါဂရုစိုက်ပေးမယ်… ငါက မင်းနေရာကို အစားထိုး မဝင်ပေးနိုင်ဘူးဆိုပေမယ့် ကူပြီး စောင့်ရှောက်ပေးလို့တော့ ရတယ်…”

“ ဟူး ….”

လင်းရီ လေးပင်စွာ သက်ပြင်း မှုတ်ထုတ်လိုက်ပြီး “ အောက်မှာ တစ်ယောက်တည်း ပျင်းမနေနဲ့ဦး … ငါ့ဘဝမှာ မကောင်းမှုတွေ အများကြီးလုပ်ထားတာ … ကောင်းကင်ဘုံလည်း ရောက်မယ့်ကောင် မဟုတ်ဘူး .. နောက် ဆယ်စုနှစ် လေးငါးခုဆိုရင် ဆင်းလာပြီး မင်းကို အဖော်ပြုပေးမယ်… ငါ့ကို ကောင်းကောင်းစောင့်နေ ….”

ပြောပြီးနောက် လင်းရီသည် အုတ်ဂူရှေ့၌ အချိန်အတော်ကြာအောင် တင်ပျဉ်ခွေထိုင်နေလျက် ရှိသည်။ ထိုပုံစံအတိုင်း နာရီဝက်ကျော်ကြာအောင် ရှိနေပြီးနောက် မတ်တပ်ရပ်၍ အရိုအသေပေးကာ သင်္ချိုင်းထဲကနေ အမျိုးသမီး နှစ်ယောက်နှင့်အတူ ပြန်ထွက်လာသည်။

သူတို့သုံးယောက် အပြင်ကို ရောက်တော့ ကလေးများ၏ စွန်က အပြင်ဘက်၌ ပျံသန်းနေကြ၏။

တချို့သော အကြောင်းပြချက်တို့ကြောင့် စွန်က ယခုဆို မြင့်မြင့်ပျံသန်းနေပြီး ရယ်မောသံတို့ကလည်း ပိုပြီး ကျယ်လောင်လာနေသည်။

သူတို့ကြည့်ရသည်မှာ အတော်လေး ပျော်ရွှင်နေဟန်ရှိ၏။

All Chapters