← Chapters

ကျုပ်အမှားပါ

Vol. 124 Ch. 1854

ကျုပ်အမှားပါ

Vol. 124 Ch. 1854

သုံးယောက်သား ကားထံသို့ ပြန်ရောက်လာခဲ့ကြပြီး ချိုးယွီလော့က ကားမောင်းဖို့ တာဝန်ယူသည်။ ထို့ကြောင့် သူမ လှည့်ပြီး လင်းရီကို မေးလိုက်၏။

“ အခု ဘယ်သွားမှာ …”

လင်းရီ မျက်လုံးမှိတ်ထားလျက် ထိုင်ခုံအားမှီထား၏။

“ ကျိုးလျန်ရဲ့ မိသားစု ဘယ်မှာလဲ သိလား … သူ့မိဘတွေ ဘာလုပ်နေလဲ ….”

“ ငါသိတယ် .. ငါ အရင်က တစ်ခါရောက်ဖူးတယ်…” ချိုးယွီလော့ ခေါင်းညိမ့်လိုက်၏။

“ ငါကြားတာတော့ မိသားစု စီးပွားရေး လုပ်ငန်းကို စီမံဖို့ သူတို့ တူလေးဆီ လွှဲပေးလိုက်တယ်ဆိုပဲ … အဘိုးကြီး အဘွားကြီး လင်မယားက နှစ်ယောက်လုံး အိမ်မှာပဲ … ဒီဖြစ်ရပ်ကြီးက သူတို့ဖို့ အတော်လေးပြင်းတဲ့ ထိုးနှက်ချက်ဆိုတော့ အချိန်တစ်ခုလောက်အထိ အိမ်မှာပဲ ရှိနေကြလောက်တယ်….”

“ ဒါဆိုလည်း အိမ်သွားကြည့်ကြတာပေါ့ …”

“ နင် သေချာလား …” ချိုးယွီလော့ မေးလိုက်သည်။

“ အသင်း ၁ ရဲ့ ခေါင်းဆောင် တစ်ယောက်အနေနဲ့ ဒီလို ကိစ္စမျိုး ဖြစ်ထားပြီးမှတော့ သေချာပေါက် သွားကို သွားရမှာပဲ ….”

“ သူတို့ နင့်ကို သဘောမကျမှာ စိုးလို့ပါ ….” ချိုးယွီလော့ ပြောလိုက်ပြီး “ နင် တကယ်ပဲ သွားချင်တယ်ဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ထားတာ အကောင်းဆုံးပဲ ….”

“ အဆင်ပြေတယ် … သွားစို့ …”

ချိုးယွီလော့ ဘာမျှ ထပ်မပြောတော့ချေ။ လင်းရီက ပြောလာခဲ့ပြီး ဖြစ်သဖြင့် ကျိုးလျန်၏ အိမ်သို့ တန်းမတ်စွာ ဦးတည်လိုက်လေတော့သည်။

ကျိုးလျန်၏ အိမ်က ဟွမ်ဟာမြစ်လက်တက် ဘေးဧရိယာအတွင်းရှိ ဗီလာတစ်လုံးတွင် ဖြစ်သည်။ ထိုနေရာက ချွမ်ရှန်းမြို့၌ အင်မတန် ကောင်းမွန်သည့် ရပ်ကွက်တစ်ခု ဖြစ်၏။

အကယ်၍ ကျိုးဟိုင်တွင် ဖြစ်မည်ဆိုပါက ကျိုကျုံးဗီလာနှင့် အဆင့်ချင်းညီနိုင်သည်။

ကျိုးမိသားစု၏ ဗီလာမှာ ဗီလာနံပါတ် ၁ ကဲ့သို့ သေးသေးလေး မဟုတ်ဘဲ အပြင်တွင် ဧရာမ ဥယျာဉ်ခြံကြီး တစ်ခု ပါရှိ၏။ ခြံဝန်းထဲ၌ ဇိမ်ခံကားတစ်ချို့ ပါကင်ထိုးထားပြီး ဘန်ထလေ၊ မာစီးတီး ၊ ဖာရာရီ စသဖြင့် ဘရန်းမျိုးစုံပင်။

ခြံဝန်းတစ်ခုလုံးက သန့်ရှင်းသပ်ရပ်နေကာ ညှို့မှိုင်းအုပ်ဆိုင်းနေသည့် အငွေ့အသက်တစ်ချို့က ဝန်းကျင်၌ ပျံ့လွင့်နေသည်။

စိမ်းညှို့ညှို့ မြက်တို့နှင့် မွှေးပျံ့သည့် ပန်းမန်တို့၏ သင်းရနံ့သည်ပင် မိသားစုခြံဝန်းအား အသက်၀င်ရန် အလို့ငှာ မစွမ်းနိုင်ခဲ့ချေ။

သုံးယောက်သား ကားကို ဝင်ပေါက်ဝ၌ ပါကင်ထိုးလိုက်ကြ၏။ သူတို့ အထဲသို့ ဝင်မည်လုပ်တော့ တံခါးဝရှိ လုံခြုံရေး အစောင့်က ဟန့်တားလာသည်။

“ မင်းတို့ သုံးယောက်က ….. “

ချိုးယွီလော့ သူမ၏ အိုင်ဒီကို ချက်ချင်း ထုတ်ပြလိုက်ပြီး “ ငါတို့က ကျိုးလျန်ရဲ့ လုပ်ဖော်ကိုင်ဘက်တွေပဲ … အရင်ကလည်း ဒီကို တစ်ခါလာခဲ့ဖူးတယ်… ဒီတစ်ခေါက်က ငါတို့ရဲ့ အထက်လူကြီးတွေကိုယ်စား သူတို့ရဲ့ ဝမ်းနည်းကြောင်းကို လာပြီး ဖော်ပြပေးတာ …”

ချိုးယွီလော့၏ အိုင်ဒီကို မြင်တော့ ဘော်ဒီဂတ်နှစ်ယောက်က သူ့ကို အနားသို့ ကပ်လာပြီး တစ်ချက်လာကြည့်သည်။

သူမကို အနည်းငယ် မျက်နှာရင်းနှီးနေသယောင်တော့ ရှိ၏။ ထို့ကြောင့် တံခါးဖွင့်ပေးပြီး ပေးဝင်လိုက်သည်။ အရေးကြီးဆုံးကတော့ သူမလက်ထဲရှိ အထောက်အထားပင်။ ယခုလို အထောက်အထားနှင့် တစ်စုံတစ်ယောက်ကို ပေးမဝင်ဘူးဆိုပါက ပြဿနာ တက်သွားနိုင်လေသည်။

တစ်ချိန်တည်းတွင် ဗီလာဧည့်ခန်းထဲရှိ ဆိုဖာပေါ်တွင် လူသုံးယောက် ထိုင်နေကြသည်။ နှစ်ယောက်က သက်လတ်ပိုင်း စုံတွဲဖြစ်ပြီး ထိုသူတို့ကတော့ ကျိုးလျန်၏ မိဘများ ဖြစ်ကြသည့် ကျိုးရှီချန်နှင့် ဖန်ရှုရှန်းတို့ပင်။

ဖန်ရှုရှန်းဘေး၌ အသက် ၂၀ အလယ်အလတ်ပိုင်း ရှိမည့် အမျိုးသမီး တစ်ဦး ထိုင်နေသည်။ သူမ၏ ဆံနွယ်တို့က ပခုံးနှစ်ဖက်သို့ ဖြာကျနေပြီး ချိုးယွီလော့နှင့် ဆင်တူသည့် အရှိန်အဝါတို့အား ထုတ်လွှတ်နေလျက် ရှိသည်။ အစ်မကြီး တစ်ယောက်ကဲ့သို့သော ခံစားချက်မျိုးအား ခံစားရရှိနေစေသည်။

ဤအမျိုးသမီး၏ နာမည်က ဖန်ကျားရီ ဖြစ်ပြီး ဖန်ရှုရှန်း၏ တူမဖြစ်၏။ ကျိုးလျန်နှင့်တော့ ဝမ်းကွဲတော်စပ်သည်။ တက္ကသိုလ်ဘွဲ့ရပြီးနောက် ကျိုးမိသားစု၏ ကုမ္ပဏီ၌ လက်ထောက် အထွေထွေ မန်နေဂျာအဖြစ် ဝင်ရောက် လုပ်ကိုင်နေခဲ့သည်မှာ ယခုထက်ထိပင်။

သူမ ယနေ့ အိမ်သို့ ရောက်လာခဲ့သည်က ကျိုးရှီချန်နှင့် အလုပ်ကိစ္စ ပြောဆိုချင်၍ပင်။ သို့သော် ထိုလင်မယားကို မြင်ပြီးသည့်နောက် သူမ ပြောလိုသည့် စကားတို့အား ခေတ္တ မျိုသိပ်ထားကာ ဘာမျှ မပြောဖြစ်သေးချေ။

“ ဒေါ်လေး … အပြင်မှာ ရာသီဥတုက အတော်လေး ကောင်းတယ်… ကျွန်မတို့ လမ်းခဏ ထွက်လျှောက်ရအောင်လားဟင် …” ဖန်ကျားရီသည် ဖန်ရှုရှန်း၏ လက်မောင်းကို တွဲရင်း ပြောလိုက်၏။

“ ငါ ခဏထိုင်လိုက်ဦးမယ်… ငါ့ဖို့ စိတ်မပူနဲ့ … ငါအဆင်ပြေတယ်….”

ဖန်ကျားရီလည်း စိတ်ထဲ မကောင်းပေ။ သို့သော် သေခြင်းတရားကား ပြန်အသက်သွင်း၍ ရသည့် အရာတစ်ခု မဟုတ်သဖြင့် ဤပုံစံအတိုင်း တစ်သက်လုံးကြီး နေသွားလို့တော့ မဖြစ်သေးပေ။

“ မိန်းမ … အပြင်ထွက်ပြီး လမ်းခဏထွက်လျှောက်ကြမယ်…”

ကျိုးရှီချန် မတ်တပ်ရပ်ပြီး လေးပင်စွာ သက်ပြင်းတစ်ချက် ချလိုက်သည်။

စိတ်ခံစားချက်များနှင့် ပတ်သက်လာသည့်အခါ၌ အမျိုးသားတစ်ဦး၏ စိတ်ခံစားချက်တို့က အမျိုးသမီးတို့ထက်ပိုပြီး ချုပ်တည်းထားလေ့ရှိ၏။

ကျိုးရှီချန်မှာမူ သူလည်း ဝမ်းနည်းနေမိသော်လည်း နှစ်ပေါင်းများစွာ မရေမတွက်နိုင်သည့် လှိုင်းဂယက်တို့၏ ရိုက်ခတ်ခြင်းကို ကြံ့ကြံ့ခံလာပြီးသည့်နောက် ခိုင်မာသည့် သံမဏိနှလုံးသားကို ပုံသွင်းနိုင်ခဲ့သည်။

ကံဆိုးစွာဖြင့် သူ၏ ပါရမီအရည်အချင်းက အကန့်အသတ်နှင့် ဖြစ်နေခဲ့၏။ တန်းထျန်ထဲက အတွင်းအားထုတ်သည့် နည်းလမ်းကို လေ့ကျင့်ရာ၌ ပါရမီ ပါမလာသဖြင့် ကျုံးဝေ့တပ်ဖွဲ့ထဲသို့ ဝင်ရောက်နိုင်ခဲ့ခြင်း မရှိခဲ့ချေ။

သို့သော်လည်းပဲ … သူ့သားတစ်ယောက် ကျုံးဝေ့တပ်ဖွဲ့၏ စမ်းသပ်စစ်ဆေးမှုကို ကျော်ဖြတ်ပြီး တရားဝင် အဖွဲ့ဝင်တစ်ယောက် ဖြစ်လာသည့် အချိန်မှစ၍ ဤသို့ ဖြစ်လာမည့် အချိန်ကို သူ့စိတ်ထဲ၌ ကြိုတင် ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။

အကြောင်းမူကား သူ့ဖခင်ထံမှတဆင့် ကျုံးဝေ့တပ်ဖွဲ့ဟူသော နေရာသည် မည်ကဲ့သို့သော နေရာမျိုး ဖြစ်ကြောင်း ကောင်းကောင်း သိခဲ့ရသောကြောင့်ပင်။

အန္တရာယ်နှင့် အခွင့်အလမ်းဟူသည်ကား ဒွန်တွဲ တည်ရှိနေပြီး မိသားစု၏ အင်အားကို လျင်လျင်မြန်မြန်နှင့် ခိုင်မာတောင့်တင်းလာနိုင်စေသည့် အလျောက် တပ်ဖွဲ့ဝင်များ ရင်ဆိုင်ကြုံတွေ့ရသည့် အန္တရာယ်တို့ကလည်း သေးမွှားသည့် အရာများ ဟုတ်မနေခဲ့ချေ။ ထို့ကြောင့် အချိန်အတော်ကြာကတည်းကပင် ဤသို့ ဖြစ်လာနိုင်သည့် ရလဒ်မျိုးကို သူ လက်ခံထားပြီး ဖြစ်သည်။

သူ မည်သူ့ကိုမျှ မပြစ်မဆိုလိုပေ။ ကောင်းကင်က သူတို့ ကျိုးမိသားစုကို အခွင့်အရေးမပေးလိုရုံမျှသာ ဖြစ်၏။

သို့သော် အဖေတစ်ယောက်အနေနှင့် … ကျိုးလျန်ကား သူ၏ တစ်ဦးတည်းသောသားပင်။ သူ၏ လိမ္မာသိတတ်သည့်သားက ယခုလိုပဲ သူ့ထက်အရင် ထွက်ခွာသွားခဲ့ချေပြီ။ သူသည်လည်း ရင်ထဲရှိ ဝမ်းနည်းမှုတို့အား ဖြေဆည်နိုင်ရန်အတွက် အချိန်ခဏ လိုအပ်၏။

“ ဒေါ်လေး … ကျွန်မတို့တွေ အန်ကယ်ပြောတာ နားထောင်လိုက်ကြရအောင်နော်.. ခဏလောက် အပြင်ထွက်ပြီး လေကောင်းလေသန့်ပဲ ဖြစ်ဖြစ် ရှူရှိုက်ကြတာပေါ့ .. အိမ်ထဲ တစ်ချိန်လုံး အောင်းနေတာက ကျန်းမာရေးအတွက် မကောင်းဘူး …” ဖန်ကျားရီ သူမကို နှစ်သိမ့်ပေးလိုက်၏။

“ ကောင်းပြီလေ… သွားကြတာပေါ့ …” ဖန်ရှုရှန်း အသက်မပါစွာ ဆိုလိုက်သည်။

ဖန်ကျားရီ၏ ဖေးမပေးမှုဖြင့် သုံးယောက်သား အပြင်သို့ လမ်းလျှောက်ထွက်လာခဲ့ကြသည်။ ထိုအချိန်မှာပဲ လင်းရီတို့ အုပ်စုကလည်း အထဲသို့ ဝင်လာကြလေသည်။

ကျိုးအဖေနှင့် အမေက ချိုးယွီလော့ကို မျက်နှာစိမ်းနေခြင်း မရှိပေ။ သူမက ကျိုးလျန်၏ ဈာပနာကို တက်ရောက်ခဲ့သူ ဖြစ်၏။ သို့သော် လင်းရီနှင့် နင်ချဲ့ကိုတော့ သူတို့ မျက်နှာစိမ်းနေသည်။

“ ခေါင်းဆောင်ချိုး …. ဒီကို ဘာကိစ္စနဲ့ လာခဲ့တာလဲ မသိဘူး …”

ချိုးယွီလော့ကို မြင်တော့ ကျိုးရှီချိန်သည် အပြုံးတစ်ခုကို အတင်း လုပ်ဆောင်ကာ လာပြီး တွေ့ဆုံနှုတ်ဆက်မှုပြုသည်။

ချိုးယွီလော့ ခေါင်းညိမ့်ပြလိုက်ပြီး ဘေးသို့ ကပ်ရပ်လိုက်ကာ လင်းရီနှင့် နင်ချဲ့တို့အား အာရုံစူးစိုက်မှု ရရှိအောင် လုပ်ပေးလိုက်၏။

“ သူတို့နှစ်ယောက်က ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေပဲ … အဲ့ဒီတုန်းက သူတို့တွေ တခြား လုပ်စရာ ကိစ္စလေးတွေ ရှိနေလို့ ဒီကို မလာဖြစ်လိုက်ဘူး … ဒီခုတစ်ခေါက် ကျွန်မတို့ လာခဲ့တာ အဓိကက ရှင်တို့နဲ့ တွေ့ဖို့ပဲ … တကယ်လို့ တစ်ခုခု လိုအပ်တာ ရှိရင် ကျွန်မတို့ကို ပြောလို့ရတယ် … ကျွန်မတို့ တတ်နိုင်တဲ့ အတိုင်းအတာအတွင်း ရှိသရွေ့ အဆင်ပြေပြီလို့သာ မှတ်လိုက် …”

“ ခေါင်းဆောင်ချိုး …. မင်း သိပ်ယဉ်ကျေးလွန်းနေပါပြီ… ငါ့ အဖေကလည်း အရင်က ကျုံးဝေ့တပ်ဖွဲ့ထဲမှာ တာဝန်ထမ်းခဲ့ဖူးတယ်… အဲ့ဒီနေရာက ဘယ်လိုနေရာမျိုးလဲဆိုတာ ငါ ကောင်းကောင်းကြီး သိတာပေါ့… ဘယ်သူကရော ဒီလိုမျိုးကြီး ဖြစ်စေချင်မှာ … ဖြစ်ခဲ့ပြီးတဲ့ ကိစ္စအပေါ် ကိုယ့်ကိုယ်ကို အပြစ်တင်မနေပါနဲ့ …. မင်းတို့က မင်းတို့ အလုပ် မင်းတို့လုပ်နေတာပါပဲ …” ကျိုးရှီချန် ပြောလိုက်၏။

ထိုအချိန် လင်းရီ မာ့စ်ချွတ်၍ ကျိုးလျန်၏ မိဘများရှေ့တွင် မျက်နှာအား ဖော်ပြလိုက်သည်။

“ ကျုပ်က အသင်း ၁ ရဲ့‌ ခေါင်းဆောင်ပါ …ကျိုးလျန်က ကျုပ်ရဲ့ အသင်းသားပဲ … သူ အခုလို ဖြစ်သွားခဲ့တဲ့ ကိစ္စမှာ ကျုပ်မှာ တာဝန်ယူဖို့ ရှိတယ်… ကျုပ် သူ့ကို ကောင်းကောင်း မကာကွယ်ပေးနိုင်ခဲ့လို့ ဒီလိုတွေ ဖြစ်သွားရတာ … ကျုပ် …. တောင်းပန်ပါတယ်…”

“ မင်းက အသင်း ၁ ရဲ့ခေါင်းဆောင် ဟုတ်ာလး …”

လင်းရီ မည်သူမည်ဝါ ဖြစ်သည်ကို သိလိုက်ရတော့ ကျိုးမိသားစုမှာ အတော်လေး အံ့အားသင့်သွားခဲ့ကြသည်။

အဘယ်ကြောင့်ဆိုသော် သူတို့တွေ ရန်ကျင်း၌ ဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနားကို တက်ရောက်စဉ်၌ ဖြစ်စဉ် ဇာတ်လမ်း တစ်ရပ်လုံးကို ကြားသိခဲ့ရပြီး သူတို့သားလေးနှင့် အသင်းခေါင်းဆောင်မှာ တစ်ပြိုင်နက် သေဆုံးသွားခဲ့ကြသည်ဟူ၍ပင်။

သို့သော် ယခု .. ထိုလူက မည်ကဲ့သို့ ပြန်ရှင်လာခဲ့သနည်း။

“ အဲ့ဒါက အထင်လွဲမှု တစ်ခုပါ … တကယ်တော့ အဲ့အချိန်တုန်းက ကျုပ်မှာ အသက်မျှင်းမျှင်းလေး ကျန်နေသေးတယ်…”

လင်းရီ အသံနိမ့်၍ ပြောလိုက်ပြီး “ ကျုပ် တစ်ယောက်တည်းပဲ ပြန်လာနိုင်ခဲ့တာကို ကျုပ်လည်း တကယ် ဝမ်းနည်းမိတယ်… ကျုပ် ဘာပဲ ပြောပြော ခင်များတို့ရင်ထဲက မချိတင်ကဲ ခံစားနေရတာတွေကို ချေဖျက်ပေးနိုင်မှာ မဟုတ်တာကိုလည်း သိတယ်… ဒါတွေ အကုန်လုံးက ကျုပ်အမှားပါ …”

ချိုးယွီလော့နှင့် နင်ချဲ့တို့ နှစ်ယောက်လုံး လင်းရီကို ကြည့်လိုက်ကြ၏။

ကျုံးဝေ့တပ်ဖွဲ့က တိုက်ပွဲအတွင်း၌ ကြီးမားသည့် ဆုံးရှုံးမှုကြီး တစ်ခုကို ခံစားခဲ့ရသည်။ ပြဿနာများအားလုံးကို သူ့အပေါ်သို့ ပုံချလိုက်ဖို့ မလိုပေ။ လင်းရီလည်း ယခုလို ဖြစ်စေချင်ခဲ့သူ မဟုတ်သည်ဖြစ်ရာ ယခုလို အပြစ်ပုံချဖို့က မမျှတလှချေ။

“ ငါ့သားက မင်းနဲ့ အတူထွက်သွားခဲ့တယ်….”

ဖန်ရှုရှန်းသည် လင်းရီကိုကြည့်လျက် တုန်ယင်နေသည့် အသံဖြင့် ပြောလိုက်သည်။

“ အမှန်ပါပဲ .. ကျုပ်တို့တွေ ပနားမားမှာ မစ်ရှင် အတူ လုပ်နေခဲ့ကြတာ … ဒါပေမယ့် ကျုပ်ရဲ့ မထင်ထားတဲ့ ဆုံးဖြတ်ချက် အမှားလေးတစ်ခုက ဖြည်းဖြည်းချင်း ပျက်ဆီးကိန်းဆိုက်တဲ့ အနေအထားကို ရောက်သွားစေခဲ့တယ်….”

ဖြန်း …

သတိလက်လွတ် ဖြစ်နေသည့် အချိန်မှာပဲ ဖန်ရှုရှန်းသည် သူမ၏ လက်ကို မြှောက်၍ လင်းရီ၏ မျက်နှာကို ပြင်းထန်စွာ ဖြတ်ရိုက်ပစ်လိုက်သည်။

ဖြန်းကနဲ မြည်သံက သူတို့နားထဲ၌ အဆုံးမရှိစွာ ပဲ့တင်ထပ်သွားခဲ့လေသည်။

All Chapters