← Chapters

မကောင်းသည့် စိတ်ခံစားချက်

Vol. 124 Ch. 1857

မကောင်းသည့် စိတ်ခံစားချက်

Vol. 124 Ch. 1857

“ မင်းမှန်တယ်… ဒါပေမယ့် ငါ့အထင် ငါတို့ဒါကို အချက်ပြမှုတစ်ခုလိုမျိုး သဘောထားလို့ရတယ်…” လင်းရီ ပြောလိုက်ပြီး “ ပြောကြေးဆိုကွာ … ငါနဲ့ လုပေချိန်ရဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးအရဆိုရင် ဘယ်သူကမှ လင်းယွင်အုပ်စုအပေါ် အကြံအစည်တွေ ရှိဝံ့မှာ မဟုတ်ဘူး … ဒါပေမယ့် ဒီလူတွေသာ အတူပေါင်းစည်းပြီး လုပေချိန်ကို တိုက်ခိုက်လာမယ် ဆိုရင်တော့ လင်းယွင်အုပ်စုက သူတို့ရဲ့ ပစ်မှတ် ဖြစ်လာမှာ လုံးဝ သေချာတယ်… ဘာလို့ဆို လုပေချိန်က သူတို့ကို ဆက်ပြီး မထိန်းချုပ်နိုင်တော့လို့ပဲ …”

စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ်မှုတစ်ခုက ကြီးစိုးသွားခဲ့သည်။

ထို့နောက် ခေါင်းညိမ့်လိုက်၏။

“ သူတို့သာ နင့်ရဲ့ လင်းယွင်အုပ်စုကို ထိချင်တယ်ဆိုရင် ဝေ့နဲ့ ကျူးမိသားစုလည်း သူတို့ကိုယ်ပိုင် အစွမ်းအစတွေနဲ့တော့ ရမှာ မဟုတ်ဘူး … တခြား မိသားစုတွေနဲ့ အင်အားပူးပေါင်းမှပဲ အဆင်ပြေမှာ… အနည်းဆုံး မိသားစု ဆယ်ခုလောက်ပေါ့ …” နင်ချဲ့ ပြောလိုက်သည်။

ချိုးယွီလော့နှင့် နင်ချဲ့တို့မှာ ယခင်က သတိမပြုမိခဲ့ကြချေ။ သို့သော် ယခု …. လင်းရီ၏ အဖွဲ့အစည်းကြီးက မည်မျှ အင်အားကြီးမားလဲဆိုတာကို သူမတို့တွေ ကောင်းကောင်းကြီး သတိပြုမိသွားခဲ့ကြလေသည်။

လင်းရီကို ဖြစ်စေ … သို့မဟုတ် သူတည်ထောင်ထားသည့် လင်းယွင်အုပ်စုကို ဖြစ်စေ ၊ တစ်ဦးတည်း ရယူရန် ကြိုးပမ်းမည်ဆိုပါက အချည်းနှီးသာ ဖြစ်လိမ့်မည်။

အတူလက်တွဲပူးပေါင်းမှသာလျှင် မျှော်လင့်ချက် တစ်ချို့ ရှိနိုင်မည်။

“ အဲ့လိုသာဆိုရင် တခြား မိသားစုတွေလည်း ငြိမ်ငြိမ်ထိုင်မနေလောက်တော့ဘူးပဲ …” ချိုးယွီလော့ ပြောလိုက်ပြီး “ Semiconductor နယ်ပယ်က ဂျပန်မှာ အခု လောလောလတ်လတ် အရှိန်တက်နေတာ … လူတော်တော်များများကလည်း အဲ့ဒီအပေါ်ကို လောဘမျက်ဝန်းတွေနဲ့ မျက်စိကျနေကြတယ်… တကယ်လို့ သူတို့သာ လင်းယွင်အုပ်စုနားကနေ ကိတ်မုန့်သေးသေးလေး တစ်ဖဲ့လောက်ပဲ ဖြစ်ဖြစ် ရလိုက်ရင်တောင် သူတို့ကိုယ်ပိုင် မိသားစုတွေအတွက် အကျိုးအမြတ်တွေ အများကြီး ရှိလာနိုင်တယ်… ဒီရဲ့ ဝံပုလွေတွေနဲ့ ကျားတွေက အတူပူးပေါင်းကြမှာသေချာပေါက်ပဲ … ဘယ်သူကမှ နောက်မှာ ကျန်ရစ်ချင်ကြမှာ မဟုတ်ဘူး …”

“ အဲ့တာကတော့ အကြီးအကဲလုနဲ့ ပတ်သက်ပြီး သူတို့ရဲ့ ရပ်တည်ချက် သဘောထားအပေါ်မှာပဲ မူတည်တယ်…” နင်ချဲ့ ပြောလိုက်ပြီး “ တကယ်လို့ သူတို့မှာ အကြီးအကဲလုအပေါ် အကြံအစည်တွေ ရှိနေတယ်ဆိုရင်တော့ လင်းယွင်အုပ်စုအပေါ် သေချာပေါက် လှုပ်ရှားလာမှာပဲ … မရှိဘူးဆိုရင်တော့ အရာအားလုံး အဆင်ပြေတယ်… လင်းယွင်အုပ်စုလည်း အန္တရာယ်ကင်းနေလိမ့်မယ်…”

ချိုးယွီလော့ သူမကိုယ်သူမ ရေကစားရင်း လင်းရီကို ကြည့်လိုက်သည်။

“ တကယ်လို့ အသင်း ၄ မှာ ရှိတဲ့ မိသားစုတွေ အကုန်လုံး ပေါင်းစည်းလိုက်ရင် မိသားစုတွေက ၂၀ ကျော်လောက် ရှိမှာ … သူတို့သာ တကယ်ကြီး လှုပ်ရှားလာရင် လင်းယွင်အုပ်စုက တောင့်ခံနိုင်မယ်လို့ နင်ထင်လား …”

“ တောင့်ခံနိုင်တာပေါ့ … တခြားသူတွေကိုတောင် မလိုဘူး … ချီရှန်းကျောက် ၊ ဟော်ယွမ်ယွမ်နဲ့ ထျန်းရန်တို့ တည်းနဲ့တင် ကိစ္စပြတ်တယ်…” လင်းရီ ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်သည်။

သူ‌ ရည်ညွှန်းသည့် ‘အခြားသူ ‘ ဆိုသူကတော့ ကျီချင်းရန်ပင်။

ကျီချင်းရန်၏ စီးပွားရေး အမြင်ထက်ရှမှုက ချီရှန်းကျောက်ထက်ပင် သာလွန်သေးသည်။ အကယ်၍ ထိုသုံးယောက်သာ ပေါင်းစည်းလိုက်မည်ဆိုပါက လင်းယွင်အုပ်စုကို စိန်ခေါ်ချင်နေသည့် အနှီမိသားစုကြီးများမှာ အခွင့်အရေး တစ်ခုလေးပင် ရှိလာမှာ မဟုတ်‌ချေ။

သူတို့အား ဖိနှိပ်ချင်သည် ဆိုပါက ပိုလီအုပ်စုနှင့် ဟွာရှ ကုန်သည်ကြီးများ အုပ်စုကဲ့သို့သော အစိုးရ နောက်ခံပေးထားသည့် ကုမ္ပဏီကြီးတို့ကသာလျှင် သူတို့သုံးယောက်အား ဖိနှိပ်နိုင်စွမ်း ရှိသည်။ မဟုတ်ဘဲ ဒေသတွင်း ပြိုင်ဘက်များကတော့ ချီရှန်းကျောက်တို့အတွက် ခြိမ်းခြောက်မှု တစ်ရပ် မဖြစ်လာနိုင်ချေ။

“ နင် အဲ့လောက်တောင် ယုံကြည်ချက် ရှိနေတယ်ပေါ့ …” နင်ချဲ့ အပြုံးလေးဖြင့် ပြောလိုက်၏။

“ ဒါပေါ့ … ငါ့ လီတိုဂရပ်ဖီ သုတေသန စင်တာရဲ့ ရှယ်ယာ တစ်စိတ်တစ်ပိုင်းက ဟွာရန်အုပ်စု အပိုင်လေ … တကယ်လို့ ဒီကိစ္စသာ ထိန်းချုပ်မှုအောက်က လွတ်သွားခဲ့မယ်ဆိုရင် ရှန်းရှုရီက ဝင်ပါလာမှာပဲ …”

“ ရှန်းရှုရီ …”

ရှန်းရှုရီ၏ နာမည်ကို ကြားတော့ သူမတို့နှစ်ယောက်မှာ လေးစားအားကျသည့် မျက်ဝန်းတို့ဖြင့် ဖြစ်သွားခဲ့ကြ၏။

သူတို့နှစ်ဦးက ကျုံးဝေ့တပ်ဖွဲ့အတွက် အလုပ်လုပ်နေသော်လည်း နှစ်ဦးလုံးက မိသားစုပိုင် စီးပွားရေးလုပ်ငန်းများ၌ ပါဝင်ပတ်သက်နေသဖြင့် ရှန်းရှုရီကို သိကြသည်။

သူမက အင်မတန် အထင်ကြီးဖို့ကောင်းသည့် အမျိုးသမီး တစ်ဦး ဖြစ်၏။

စီးပွားရေး လောက၌ သူမက အမျိုးသမီး နတ်ဘုရား တစ်ပါးအလားပင်။

“ ငါ ဒါကို မေ့သွားတယ်… ဥက္ကဌရှန်းက နင့် အနာဂတ် ယောက္ခမကြီးပဲဟာ …”

“ အမှန်ပဲ … ဒါပေမယ့် လူတော်တော်များများက လီတိုဂရပ်ဖီစက် ပရောဂျက်ထဲမှာ သူ့ရဲ့ ရင်းနှီးမြုပ်နှံမှုတွေ ရှိနေတာကို မသိကြဘူး … ဒါကြောင့်မို့ အကြီးအကဲလု အပေါ် သူတို့ရဲ့ သဘောထားကို ရဲရဲကြီး စမ်းသပ်ကြည့်လို့ရတယ်….”

“ လင်းယွင်အုပ်စုရဲ့ သတင်းကိုက စောင့်လို့ရတယ်… ဒါပေမယ့် ကျိုးမိသားစုရဲ့ ကိစ္စကိုတော့ မြန်မြန်ဖြေရှင်းမှ ဖြစ်မှာနော်….”

“ ကျိုးလျန်က မရှိတော့ဘူး … ကျိုးမိသားစုက ကုမ္ပဏီတစ်ခုတည်းပဲ ကျန်တော့တာ …. အဲ့ဒီ ကျန်တဲ့ ကုမ္ပဏီပါ သူများ အသုံးချတာ ခံလိုက်ရမယ်ဆိုရင် ကျိုးလျန်ကို စိတ်ပျက်အောင် လုပ်မိသလို ဖြစ်သွားလိမ့်မယ်…”

လင်းရီ သူ့မျက်နှာကို ရေဖြင့်ဆေးကြောလိုက်ရင်း သက်ပြင်းချလိုက်သည်။ “ ငါလည်း အဲ့လို စဉ်းစားနေတာပဲ …”

“ အရမ်းကြီးလည်း အလျင်လိုနေစရာ မလိုပါဘူး … ငါ ဖန်ကျားရီကို ဆက်သွယ်ပြီး ပရောဂျက် အသေးစိတ်ကို ပို့လာခဲ့ပေးဖို့ ပြောထားတယ်… ခဏနေကျရင် ဘာတွေ ဖြစ်နေလဲ သိရတော့မှာပါ …”

လင်းရီ ခေါင်းညိမ့်လိုက်ပြီး ရေပူစမ်းထဲက ထလိုက်သည်။

“ သွားသောက်ကြစို့ …”

မိန်းကလေးနှစ်ယောက်လည်း လင်းရီနှင့်အတူ ရေပူစမ်းထဲက ထလိုက်ကြ၏။ သူမတို့နှစ်ဦး၏ ဖွေးဥနေသည့် ပေါင်တံတို့က လူတကာကို အကြည့်မလွှဲချင်လောက်အောင် ဖြစ်နေစေသည်။

ဟိုတယ်ထဲက ထွက်လာခဲ့ပြီးနောက် သူတို့သုံးယောက်မှာ အဆင်ပြေမည် ထင်သည့် လမ်းဘေးဆိုင်တစ်ဆိုင်တွင် ဝင်ထိုင်လိုက်ကြသည်။

အကင်တစ်ချို့နှင့် ဟင်းပွဲများ မှာလိုက်ပြီး ခပ်များများလေး ကိုင်ရန် ဟန်ပြင်လိုက်ကြ၏။ မဟုတ်ပါက ကောင်းကောင်းမွန်မွန် အိပ်စက်ဖို့ရာအတွက် ခဲယဉ်းလိမ့်မည်။

အကင်များ လာချပေးသည့် အချိန်မှာပဲ ဖန်ကျားရီထံက ဖုန်းဝင်လာသည်။ ချိုးယွီလော့ ချက်ချင်းကိုင်လိုက်၏။

“ အချက်အလက်တွေ ပို့လာခဲ့ပြီ …”

“ ဟုတ်လား … ဘာတွေလဲတဲ့ …”

“ သူတို့တွေက အတူပူပေါင်းပြီး ကျိုးဟိုင်နဲ့ အာရှတွင်းမှာ အကြီးဆုံး အပျော်ရေကစားကွင်းကို ဖန်တီးဖို့ စီစဉ်နေကြတာ … ရင်းနှီးမြုပ်နှံငွေက ၄၈ ဘီလီယမ်ရှိတယ်…”

ချိုးယွီလော့ အကင်အား ဖြည်းဖြည်းချင်း ဝါးရင်း ပြောလိုက်သည်။

“ ဒါပေမယ့် စိတ်ဝင်စားဖို့ ကောင်းတဲ့ အချက် တစ်ခုရှိတယ် သိလား … ဒီရဲ့ အပျော်ရေကစားကွင်းထဲမှာ ရွက်လှေစီးပွားရေးလုပ်ငန်းလည်း ပါတယ်….”

“ ရွက်လှေတွေငှားမှာလား ….” နင်ချဲ့ သူမ၏ တူကို ချလိုက်ပြီး “ လင်းယွင်အုပ်စုရဲ့ ဝမ်ကျန်း ဆိပ်ကမ်းကလည်း ဒီလုပ်ငန်း လုပ်နေပြီးမှ အရွယ်အစားကလည်း တော်တော်ကြီးမားတယ် မဟုတ်ဘူးလား …”

“ အတိအကျပဲ … ဒါ သူတို့ လင်းယွင်အုပ်စုကို ဝါးမျိုချင်နေတာလို့ ခန့်မှန်းလို့ရတယ်…” ချိုးယွီလော့ ပြောလိုက်ပြီး “ ငါ့အထင် သူတို့တွေ လူချင်းတွေ့ပြီးလို့ ကိတ်မုန့်တွေကို ဘယ်လိုဘယ်ပုံ ခွဲဝေကြမယ်ဆိုတာတောင် ဆွေးနွေးပြီးကြပြီ ထင်တယ်…”

နှစ်ယောက်လုံး ခေါင်းညိမ့်လိုက်ကြသည်။ ထို့နောက် နင်ချဲ့က ပြောလိုက်၏။

“ အခု ဒီမိသားစုတွေက အင်အားပေါင်းစည်းနေတယ်ဆိုတာ သေချာသွားပြီ … မုန်တိုင်းတစ်ခုကတော့ စပြီး အရှိန်စပျိုးနေပြီ …”

“ ငါတို့ဘက်က သေချာတယ်ဆိုရင်တောင် ဒီအချက်ကို အတည်ပြုဖို့ လင်းယွင်အုပ်စုရဲ့ အခြေအနေကို မျက်စိဒေါက်ထောက် ကြည့်နေသင့်တုန်းပဲ ….” ချိုးယွီလော့ ပြောလိုက်သည်။ “ ဒါပေမယ့် အခုလောလောဆယ် အရေးကြီးဆုံးက ကျိုးမိသားစုရဲ့ ပြဿနာကို ဖြေရှင်းဖို့ပဲနော်…”

အမျိုးသမီးနှစ်ယောက်လုံးက လင်းရီကို ကြည့်လိုက်ကာ သူ့အမြင်ကို ကြားချင်နေကြသည်။

“ လွယ်ပါတယ် .. မင်းတို့ လျန်ရူရွှယ်ကို ဆက်သွယ်ပြီး အခြေအနေကို သူနားလည်အောင် ရှင်းပြလိုက် … သူ့စကားတစ်ခွန်းနဲ့ ပရောဂျက်ကို ရပ်ဆိုင်းလိုက်လို့ရတယ်….” လင်းရီ ပြောလိုက်သည်။ “ ပြီးရင် တစ်ဘက်ခြမ်းက ငါးစာဟပ်လာမှာကို စောင့်ဆိုင်းနေရုံပဲ …”

ကုမ္ပဏီတစ်ချို့၏ ပရောဂျက်ကို ရပ်ဆိုင်းလိုက်ခြင်းက ၎င်းတို့ကို စော်ကားလိုက်ခြင်းပင်။

သူတို့တွေ ဖြစ်ရခြင်း၏ အကြောင်းတရားခံကို သေချာပေါက် စုံစမ်းစစ်ဆေးကြမည် ဖြစ်ပြီး လင်းရီကို သူ့နည်းသူ့ဟန်အတိုင်း ထိန်းချုပ်နိုင်ဖို့အတွက် ခွင့်ပြုပေးစေလိမ့်မည်။

သူတို့တွေ ည ဆယ်နာရီကျော်သည်အထိ သောက်နေခဲ့ကြပြီး အနည်းငယ် ရီဝေလာသည့်အချိန်ရောက်တော့မှ ဟိုတယ်သို့ ပြန်လာခဲ့ကြ၏။

အိပ်ရာမဝင်မီ ၊ လင်းရီက ချောင်ရှင်းထံသို့ ဖုန်းခေါ်၍ လီချူးဟန်၏ အခြေအနေကို မေးမြန်းစုံစမ်းလိုက်သည်။ အရာအားလုံးက အဆင်ပြေပြေရှိနေကြောင်း သိရတော့မှ နှစ်ခြိုက်စွာ အိပ်မောကျသွားခဲ့လေသည်။

လျန်ရူရွှယ်နှင့် ဆက်သွယ်ဖို့ ကိစ္စကိုတော့ … ချိုးယွီလော့နှင့် နင်ချဲ့တို့ ကိုင်တွယ်ကြမည်ဖြစ်ရာ လင်းရီ စိတ်ပူနေဖို့ မလိုပေ။

နောက်တစ်နေ့ နံနက်ခင်း ၊ ရှစ်နာရီ ဝန်းကျင်ခန့်၌ ချိုးယွီလော့နှင့် နင်ချဲ့တို့ အိပ်ရာထလာကြပြီး ကုမ္ပဏီသုံးခု၏ အရေးကိစ္စတို့အား ကိုင်တွယ်ရန် စတင်စီစဉ်ကြ၏။

လျန်ရူရွှယ်၏ လှုပ်ရှားမှုတို့က လျင်မြန်ပြီး ကျစ်ကျစ်လျစ်လျစ် ရှိလှသည်။ ချိုးယွီလော့ ဖုန်းဆက်ပြီး နာရီဝက်အတွင်းမှာပဲ ကုမ္ပဏီသုံးခုလုံး၏ ပရောဂျက်များကို ရပ်ဆိုင်းပစ်လိုက်ကာ ဆက်လက် လုပ်ဆောင်အကောင်အထည်ဖော်ခွင့် လုံးဝ မပေးခဲ့ချေ။

_______

ချွမ်ရှန်း ၊ ယွဲ့လိုင်ဟိုတယ်မှာ အဆိုပါ ဧရိယာအတွင်း အဆင့်အမြင့်ဆုံး ဟိုတယ်တစ်ခု ဖြစ်ပြီး လင်းရီ၏ ပန်နီဆူလာဟိုတယ်ထက်ပင် အဆင့်အတန်းချင်းအရ အနည်းငယ် မြင့်မားသည်။

ယွဲ့လိုင်ဟိုတယ်၊ အခန်း ၃၀၂က စတုရန်းမီတာ ၃၀မျှသာ ကျယ်ဝန်းသည့် အခန်းအသေးလေး တစ်ခန်းပင်။ ၎င်းက မကြီးမားပေ။ သို့သော် ထူးခြားဆန်းကြယ်စွာ စတိုင်ကျနေလျက် ရှိ၏။

လူငယ်တစ်ဦးက အဆိုပါ သီးသန့်ခန်းထဲ ထိုင်နေပြီး သူ့အရှေ့တွင်တော့ စားပွဲဝိုင်းကြီး တစ်လုံးနှင့် ဟင်းတို့ ဖွယ်ဖွယ်ရာရာ တည်ခင်းထားသည်။ သူ၏ အမူအရာမှာ အကျည်းတန်နေပြီး စကားလည်း တစ်ခွန်းမျှ မဆိုချေ။

အနှီလူပုဂ္ဂိုလ်ကား ကျိုးရှီချန်၏ တူ ၊ ကျိုးလျန်၏ ဝမ်းကွဲ၊ ကျိုးယွမ် ဖြစ်လေသည်။

ထိုအချိန်မှာပဲ သီးသန့်ခန်းတံခါး တွန်းပွင့်လာခဲ့ပြီး လူငယ် နှစ်ယောက် အထဲသို့ ဝင်လာခဲ့၏။

“ လောင်ကျိုး … မင်း ငါတို့ကို ဒီခေါ်လိုက်တာ ဘာကိစ္စနဲ့လဲ …”

All Chapters