← Chapters

လမ်းကြောင်း အသစ်

Vol. 124 Ch. 1856

လမ်းကြောင်း အသစ်

Vol. 124 Ch. 1856

“ ရှင်တို့ … ရှင်တို့တွေ တကယ်ကြီး ….”

၎င်းတို့ မည်သူမည်ဝါ ဖြစ်သည်ကို သိလိုက်ရတော့ ဖန်ကျားရီ အံ့ဩဘနန်း ဖြစ်သွားခဲ့ရ၏။

အဘယ်ကြောင့်ဆိုသော် သူတို့ထဲ မည်သည့် ကုမ္ပဏီတစ်ခုကမဆို သူမဦးလေး၏ ဟာကျူလီ အုပ်စုထက် သန်မာအားကောင်းနေသောကြောင့်ပင်။

အထူးသဖြင့် လင်းယွင်အုပ်စု ဖြစ်၏။ ၎င်းက Semiconductor ၏ ဒိတ်ဒိတ်ကျဲကြီး တစ်ဦးသာလျှင်မကဘဲ အကန့်အသတ်မဲ့ အလားအလာတို့ဖြင့် စူပါယူနီကွန်းကြီးလည်း ဖြစ်သည်။

အများပြည်သူပိုင်အဖြစ်သို့ စာရင်းဝင်လိုက်သည်နှင့် သူတို့၏ ဥက္ကဌဖြစ်သူသည် အလိုအလျောက် ဟွာရှ၏ အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာနိုင်လေသည်။

ယခု ထိုကဲ့သို့ ဒိတ်ဒိတ်ကျဲ ပုဂ္ဂိုလ်ကြီးက သူမအရှေ့တွင် ရှိနေသည်တဲ့လော။

အိပ်မက်တစ်ခုဟူ၍ပင် သူမ ထင်ယောင်လာခဲ့မိတော့သည်။

“ ငါ ဒါတွေ နင်သိအောင် ပြောပြနေတယ်ဆိုတာ ငါတို့ ဒီလာခဲ့တာက ဘာမကောင်းတဲ့ ရည်ရွယ်ချက်နဲ့မှ မဟုတ်ဘူးဆိုတာ သက်သေပြချင်လို့ပဲ … အခု နင့်ဝမ်းကွဲကလည်း မရှိတော့ဘူး … နင့်ဦးလေးရဲ့ မိသားစုထဲမှာ ရှိတဲ့ သားသမီးက တစ်ယောက်တည်းရယ် … ငါတို့မှာ ကျိုးမိသားစုကို ဂရုစိုက်ပေးဖို့ တာဝန်ရှိတယ်…” ချိုးယွီလော့ ပြောလိုက်၏။ “ တကယ်လို့ ဟာကျူလီအုပ်စုရဲ့ အော်ပရေးရှင်းတွေက ကောင်းကောင်းမွန်မွန် လည်ပတ်နေတယ်ဆိုရင်တော့ … အဲ့ဒါဆို ကောင်းတာပေါ့ .. ငါတို့လည်း စိုးရိမ်နေစရာ မလိုတော့ဘူး …. ဒါပေမယ့် တခြား ပြဿနာတွေ ရှိနေတယ်ဆိုရင် နင် ငါတို့ကို ပြောပြလို့ ရတယ်… ပြီးတော့ ငါတို့ဘက်က အကောင်းဆုံး ကူညီပေးမယ်….” နင်ချဲ့ ပြောလိုက်သည်။

“ ဒါက ………… “

ဖန်ကျားရီ မပြောခင် ချီတုံချတုံ ဖြစ်နေမိသည်။

သူမက ဤအတိုင်း လက်ထောက် အထွေထွေ မန်နေဂျာတစ်ဦးမျှသာ ဖြစ်ပြီး ယခုလို ကိစ္စမျိုးအား သူမ၏ ဦးလေးနှင့် တိုင်ပင်ဆွေးနွေးခြင်း မရှိဘဲ ပြောဆိုနေရသည်က သိပ် မဟုတ်သေးဟု စိတ်ထဲ ခံစားနေရသည်။

“ တုံ့ဆိုင်းနေဖို့ မလိုဘူး … စိတ်ထဲရှိတာ ထုတ်ပြောလို့ရတယ်…” နင်ချဲ့ အားပေးစကား ဆိုလိုက်သည်။ “ ငါတို့နင့်ကို ဒီခေါ်လိုက်တာက နင့်ဦးလေးနဲ့ ပရောဂျက်မှာ ပြဿနာတစ်ချို့ ရှိနေတဲ့အကြောင်း နားစွန်နားဖျား ကြားမိလိုက်လို့ပဲ … ဘာတွေ ဖြစ်နေလဲ ငါတို့သိချင်တယ် … ငါတို့မှာ မကောင်းတဲ့ ရည်ရွယ်ချက်ဆိုတာ လုံးဝ မရှိဘူး … နင် ငါတို့ကို ပွင့်ပွင့်လင်းလင်း ပြောပြဖို့ မျှော်လင့်တယ်…”

ဖန်ကျားရီ၏ အကြည့်က သုံးယောက်လုံးထံသို့ ယှက်သန်းသွားခဲ့သည်။ ၎င်းတို့၏ အမူအရာများက စိတ်ရင်းပါသည်ကို သူမ အထင်းသား မြင်တွေ့နေရလေသည်။

ထို့ပြင် ဤလူများက သူ့ဝမ်းကွဲ၏ ရဲဘော်ရဲဘက်ျား ဖြစ်သဖြင့် ၎င်းတို့၏ အကျင့်စရိုက်က ယုံကြည်အားထား၍ ရသည်မှာ သံသယရှိဖို့ လိုလိမ့်မည် မဟုတ်ချေ။

၎င်းအပြင် … လက်ရှိ အန်တီနှင့် အန်ကယ်၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေက ကုမ္ပဏီ ကိစ္စရပ်များအား စီရင်ဆုံးဖြတ်ပေးရန်အတွက် သင့်တင့်လျောက်ပတ်သည့် အခြေအနေ၌ ရှိမနေချေ။ အကယ်၍ ဤကိစ္စကို အချိန်အကြာကြီး ဆွဲနေမည်ဆိုပါက အမှန်ပင် ပြဿနာတစ်ရပ် ဖြစ်လာနိုင်သည်။

“ ဒီခုမတိုင်ခင်တုန်းက ကျိုးယွမ်နဲ့ ကျွန်မက ကျွန်မတို့ ဦးလေးရဲ့ ကုမ္ပဏီမှာ အလုပ်လုပ်ကြတယ်… သူက အထွေထွေ မန်နေဂျာ … ကျွန်မကကျ လက်ထောက် …. ဒါပေမယ့် ဝမ်းကွဲ ကွယ်လွန်သွားပြီးတော့ ဦးလေးက ကုမ္ပဏီကို သူ့လက်ထဲ လွှဲပေးလိုက်တယ်…” ဖန်ကျားရီ ဖြည်းဖြည်းချင်း စတင်ရှင်းပြသည်။

“ ဒါပေမယ့် သိပ်မကြာခင်ကပဲ သူ ကုမ္ပဏီတစ်ခုကို တိတ်တိတ်လေး မှတ်ပုံတင်ထားတယ်.. ပြီးတော့ လတ်တလော ကုမ္ပဏီက ပရောဂျက်ကြီးသုံးခုကို လက်မှတ်ထိုးထားတယ်… ဒါပေမယ့် သူက အဲ့ဟာတွေ အကုန်လုံးကို သူ့ကိုယ်ပိုင် မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေဆီ လွှဲပေးလိုက်တယ်… ကျွန်မ တစ်ခုခု မူမမှန်ဘူး ခံစားနေရလို့ ဦးလေးနဲ့ လာဆွေးနွေးမလို့လုပ်တာ ဒါပေမယ့် ဒီနေ့ သူ့စိတ်အခြေအနေကလည်း ကောင်းမနေဘူး … ဒါကြောင့်မို့ မပြောဖြစ်တော့တာ …”

“ ပုံစံကြည့်ရတာ ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုတွေကို သူ့ထဲ လွှဲနေတာနဲ့ တူတယ်…” လင်းရီ ပြောလိုက်သည်။

“ အမှန်ပဲ …” ချိုးယွီလော့ ခေါင်းညိမ့်လိုက်၏။

ကုမ္ပဏီတော်တော်များအတွက် ပရောဂျက်များအား လက်မှတ်ထိုးပြီး ပြင်ပသို့ ပြန်လည်ဖြန့်ဝေသည်က ပုံမှန်ကိစ္စရပ်ပင်။

သို့သော် ယခု သူ လွှဲပြောင်းပေးလိုက်သည့် ပြင်ပ ကုမ္ပဏီက သူ့ကိုယ်ပိုင် ကုမ္ပဏီ ဖြစ်နေလေသည်။

ပရောဂျက်ကြီး သုံးခုကို လက်မှတ်ထိုးထားသည်က ရက်အနည်းငယ်သာ ရှိသေးပြီး ဤသည်က အတော်လေး သံသယဖြစ်ဖို့ ကောင်းလွန်းလှ၏။

နင်ချဲ့သည် ဖန်ကျားရီကို ကြည့်၍ “ ကျိုးယွမ် တိတ်တိတ်လေး မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီနာမည်က ဘာလဲ … ပြီးတော့ ဘယ်ကုမ္ပဏီက နင်တို့နဲ့ ပရောဂျက်ကို လက်မှတ်ထိုးထားတာ …”

“ ကျိုးယွမ်ရဲ့ ကုမ္ပဏီက ‘ လီနို ထုတ်လုပ်ရေး ကုမ္ပဏီ ‘ …. “ ဖန်ကျားရီ ပြောလိုက်ပြီး “ ပရောဂျက်ကို လက်မှတ်ထိုးတဲ့ အဖွဲ့အစည်းတွေက တစ်ခုက ဖုန်းနန် အုပ်စု .. နောက်တစ်ခုက ခေါ့ရန် အုပ်စု … နှစ်ခုလုံးက ချွမ်ရှန်းမှာ အတော်လေး ကြီးမားတဲ့ ကုမ္ပဏီကြီးတွေချည်းပဲ … ဒါပေမယ့် ကျွန်မ ဦးလေးရဲ့ ကုမ္ပဏီလောက်တော့ မကြီးဘူးပေါ့ …”

“ ဖုန်းနန် အုပ်စု … ခေါ့ရန် အုပ်စု …”

လင်းရီ ရေရွတ်လိုက်ပြီး သုံးယောက်မှာ အကြည့်ချင်း ဖလှယ်မိလိုက်ကြ၏။

အဘယ်ကြောင့်ဆိုသော် ကုမ္ပဏီနှစ်ခုက ဝေ့ယွီလုံနှင့် ကျူးကျွင်းချီတို့၏ ကုမ္ပဏီအသီးသီးများ ဖြစ်နေသောကြောင့်ပင်။ သူတို့နှစ်ယောက်လုံးကလည်း ကျုံးဝေ့တပ်ဖွဲ့ အသင်း ၄ အဖွဲ့ဝင်များ ဖြစ်လေသည်။

“ တော်တော် နှလုံးသား မရှိတဲ့ ကောင်တွေပဲ … ဘယ်လောက်မှတောင် မကြာသေးဘူး ကျိုးမိသားစုအပေါ် မျက်စိကျနေပြီပေါ့ …”

ချိုးယွီလော့၏ စကားကို ကြားတော့ ဖန်ကျားရီသည် တစ်ခုခုမူမမှန်သည်ကို သတိထားမိသွားခဲ့သည်။

သူမ မသိသည့် တစ်စုံတစ်ရာ ရှိလိမ့်ဦးမည်ဟု ခံစားလိုက်ရ၏။

“ ရှင်တို့က ဒီ ကုမ္ပဏီနှစ်ခုကို သိနေကြတာလား …”

“ ငါ နည်းနည်းတော့ သိတယ်… ဒါပေမယ့် မပူနဲ့ … ငါတို့ ဒီကိစ္စ သေချာကိုင်တွယ်လိုက်မယ်… ကျိုးလျန် မရှိတော့ဘူးဆိုရင်တောင် ငါတို့ ရှိနေသရွေ့ ကျိုးမိသားစုရဲ့ စီးပွားရေးလုပ်ငန်းတွေကို ဘယ်ကောင်မှ လာမထိရဲစေရဘူး …”

လင်းရီ အမဲသားတစ်အား ညင်သာစွာ လှီးဖြတ်ရင်း ပြောဆိုလိုက်သည်။

“ အခုအချိန်မှာပဲ ဖြစ်စေ … နောင်အခါမှာပဲ ဖြစ်စေ … ကျိုးမိသားစုကို လာထိပါးဝံ့တဲ့လူတွေကို ငါ လုံး၀ ခွင့်မလွှတ်ဘူး …”

လင်းရီ ဤစကားများအား ဖန်ကျားရီ ကြားစေရန်အတွက် တမင် ရည်ရွယ်ပြောဆိုလိုက်ခြင်း ဖြစ်၏။

ကျိုးရှီချန်၏ လက်ရှိ အခြေအနေတိုင်းဆိုပါက နောင်တွင် ကုမ္ပဏီသို့ ပြန်လာဖို့က မဖြစ်နိုင်ပေ။ ကျွမ်းကျင်သည့် ပရော်ဖက်ရှင်နယ် မန်နေဂျာတစ်ဦး ရှာဖွေခန့်အပ်ရုံသာ ရှိတော့မည်။

ထိုလူကလည်း … မကောင်းသည့် ရည်ရွယ်ချက်တို့ ပြည့်နှက်နေသည့် ကျိုးယွမ်ဖြစ်ပြီး သကောင့်သားအား ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်၏။

ယခုလောလောဆယ် ယုံကြည်အားကိုးထိုက်သည့် လူပုဂ္ဂိုလ်က ယခု သူတို့ရှေ့တွင် ထိုင်နေသည့် အမျိုးသမီး ဖန်ကျားရီပင်။

သို့ပေမယ့် လူတစ်ယောက်၏ စိတ်ကား အစဉ်အမြဲ ပြောင်းလဲနေတတ်သဖြင့် လုံးဝဥဿုံ ယုံကြည်စိတ်ချ၍တော့ မရသေးချေ။ သူမက ယခု လောလောဆယ်၌ ယုံကြည်အားထား၍ ရနေသော်လည်း နောင်အနာဂတ်တွင် ဘာတွေ ဖြစ်ပျက်လာမလဲဆိုတာကတော့ ခန့်မှန်းရ ခဲယဉ်းလှ၏။

ထို့ကြောင့် လင်းရီ၏ စကားလုံးတို့က သူမကို သတိပေးလိုက်သည့် စကားဆိုလျှင်လည်း မမှားချေ။ အကယ်၍ နောင်တစ်ချိန်၌ သူမကသာ ကျိုးမိသားစုကို ဒုက္ခပေးလာခဲ့မည်ဆိုပါက သူ လုံးဝ ခွင့်မလွှတ်မှာ ကျိန်းသေသည်။

“ ရှင်တို့အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်…”

ဖန်ကျားရီ ပြောပြီးနောက် ခွက်ချင်းတိုက်ရန်အတွက် သူမ၏ ဖန်ခွက်ကို ပင့်မြှောက်လိုက်သည်။

သူတို့ချင်း ရင်းနှီးမှု သိပ်မရှိသဖြင့် ညစာစားပွဲမှာ နှစ်နာရီမပြည့်မီ အချိန်မှာပဲ ပြီးဆုံးသွားခဲ့၏။

သုံးယောက်အတူ ဟိုတယ်သို့ ပြန်လာခဲ့ကာ ရေပူစမ်း၌ အပန်းဖြေကြသည်။

“ တစ်ခုတော့ သေချာတယ်… ဝေ့နဲ့ ကျူးမိသားစုက ဒီအခွင့်အရေးကို အသုံးချပြီး ကျိုးမိသားစုကို ဝါးမျိုးချင်နေကြတာ … ငါတို့ မြန်မြန်လှုပ်ရှားသင့်တယ်နော်… မဟုတ်ရင် သူတို့ အောင်မြင်သွားလိမ့်မယ်...” ချိုးယွီလော့ ပြောလိုက်သည်။

“ ဒါပေမယ့် ငါ နားမလည်တာ …… ပိုက်ဆံက သူတို့အတွက် အရေးမပါဘူး မဟုတ်လား …. ဒီလူတွေက ဘာလို့ ဒီလောက်တောင် လောနေကြတာ …” နင်ချဲ့ မေးမြန်းလိုက်လေသည်။

သူမ၏ မေးခွန်းက ချိုးယွီလော့ကို အတွေးနက်သွားစေခဲ့၏။

ကျိုးမိသားစုက ဤဒေသ၌ အရှိန်အဝါ တစ်ချို့ ရှိသည့် မိသားစုတစ်ခု ဆိုသော်ငြားလည်း ထိပ်တန်းဖြစ်နေသည်တော့ မဟုတ်သေးချေ။

သို့သော် ၎င်းတို့၏ လုပ်ရပ်က အတော်လေး အလျင်စလို ဖြစ်နေပြီး ရူးသွပ်နေသကဲ့သို့ ခံစားရ၏။ ၎င်းအပြင်ကို မိသားစုကြီးများက ၎င်းတို့ ပိုင်ဆိုင်ထားသည့် အခွင့်အာဏာကို တန်ဖိုးအထားဆုံး ဖြစ်သည်။ သို့သော် ယခု … သူတို့က စိတ်လွတ်သွားသည့် အရင်းရှင်ကြီးများကဲ့သို့ ပြုမူနေသည်။

“ ဘာလို့ဆို သူတို့က အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်နေလို့ပဲ …” လင်းရီ ပြောလိုက်သည်။

“ နင် ဘာပြောချင်နေတာ …”

“ အကြီးအကဲလုက အသင်း ၄ မှာရှိတဲ့ လူတိုင်းကို ပြန်ပြီး နေရာချဖို့ လုပ်နေတယ်… အပေါ်ယံမှာသာ စုံစမ်းစစ်ဆေးနေသလို ဟန်ပြနေတယ်ဆိုပေမယ့် တကယ့်တကယ်က သူတို့နေရာကို အစားထိုးပြီး ကျုံးဝေ့တပ်ဖွဲ့ကို ပြန်ပြီး မွမ်းမံချင်နေတာ … အခုကစပြီး သူ့အသံကလွဲရင် နောက် ဒုတိယအသံဆိုတာ ရှိလာမှာ မဟုတ်တော့ဘူး …” လင်းရီ တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

“ ဒါပေမယ့် ဒီလိုလုပ်လိုက်တာက ကျုံးဝေ့တပ်ဖွဲ့ထဲမှာ ရှိတဲ့ မိသားစု တော်တော်များများရဲ့ တောက်လျှောက် ဆုပ်ကိုင်လာတဲ့ အစဉ်အလာကို ရိုက်ချိုးဖျက်စီးလိုက်သလို ဖြစ်သွားတယ်… နှစ်တွေ အကြာကြီး … သူတို့ရဲ့ ရည်မှန်းချက်က ရှင်းတယ်… သူတို့ ကလေးတွေကို ကျုံးဝေ့တပ်ဖွဲ့ထဲ လွှတ်မယ်… အောင်မြင်မှုတွေ ရလာရင် အာဏာစက်ဝန်းထဲမှာ ခြေလှမ်းကြီးကြီး လှမ်းနိုင်မယ် …. အခု …. သူတို့ရဲ့ အကြံအစည်တွေက လုပေချိန်ရဲ့ ဖျက်စီးတာ ခံလိုက်ရပြီ … နောင်ကျရင် ဒီလမ်းကြောင်းကို လျှောက်လှမ်းဖို့က ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး … အာဏာရဖို့ မဖြစ်နိုင်တော့ဘူးဆိုတော့ ကျန်တဲ့လမ်းက ငွေကြေးကြွယ်ဝမှုပဲ …. ဒါကြောင့်မို့ပဲ သူတို့တွေ အလျင်လိုနေကြတာ … တကယ်လို့ သူတို့သာ နှောင့်နှေးကြန့်ကြာနေမယ်ဆိုရင် တခြားတစ်ယောက်က ဒီအခွင့်အရေးကို ဖမ်းဆုပ်သွားမှာပဲ …”

လင်းရီ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် သူမတို့နှစ်ယောက်မှာ အခြေအနေကို နားလည်သဘောပေါက်သွားခဲ့တော့၏။

အာဏာနောက် လိုက်ရန် အခွင့်အလမ်းအား ဆုံးရှုံးပြီးသည့်နောက် ဖွံ့ဖြိုးတိုးတက်နိုင်မည့် အခြား လမ်းအသစ် တစ်ခုသို့ ဦးတည်သည်က သဘာဝအလျောက်ပင်။

ထို့ပြင် ကျန်သည့် တစ်ခုတည်းသော လမ်းကြောင်းကလည်း အရင်းရှင်ဈေးကွက်တစ်ခုတည်းသာ ရှိတော့၏။

ခေတ္တာကြာအောင် တိတ်ဆိတ်သွားခဲ့ပြီးသည့်နောက် နင်ချဲ့ သူမကိုယ်သူမ ရေစိုအောင် လက်ဖြင့် ဆော့ကစားလိုက်သည်။

“ နင် ပြောသလိုသာဆိုရင် အန္တရာယ်ရှိနေတာက ကျိုးမိသားစု တစ်ခုတည်းတင် မဟုတ်ဘူးပဲ … နင့်ရဲ့ လင်းယွင်အုပ်စုလည်း အန္တရာယ် များနေပြီ … Semiconductor နယ်ပယ်ရဲ့ ယူနီကွန်းကြီးက အဆီတဝင်းဝင်းနှင့် စားချင်စရာကြီးပဲလေ… ပြီးတော့ တော်တော်များများလည်း လောဘတက်မိလောက်တယ်…”

All Chapters