အကူအညီ ကမ်းလှမ်းခြင်း
Vol. 124 Ch. 1855
“ အန်တီ ရှင် ….. “
“ ဘယ်သူမှ မလှုပ်နဲ့ …”
ချိုးယွီလော့နှင့် နင်ချဲ့တို့ ရှေ့တက်လာတော့မည့် အချိန်မှာပဲ လင်းရီ သူမတို့တို့ လက်ကာပြလိုက်သည်။
ဖန်ရှုရှန်းသည် လင်းရီ၏ ကော်လံကို ဆွဲဆောင့်ရင်း ပြင်းထန်စွာ ငိုရှိုက်နေခဲ့၏။
“ နင်က သူ့ခေါင်းဆောင်လေ … ဘာလို့ သူ့ကို ကောင်းကောင်း မကာကွယ်ပေးခဲ့တာလဲ … ငါတို့မှာက ဒီသားတစ်ယောက်တည်း ရှိတာ … သူထွက်သွားမှတော့ ငါတို့ ဘယ်လိုဆက်ပြီး အသက်ရှင်ရမှာလဲ …”
လင်းရီက မြေပြင်၌ သစ်ငုတ်ကြီး တွယ်နေသကဲ့သို့ မလှုပ်မယှက် ရပ်နေသည်။
အကယ်၍ ဤသည်က သူမ၏ စိတ်ခံစားချက်များအားလုံးကို ဖွင့်ထုတ်ပစ်လိုက်နိုင်မည်ဆိုပါက ထိုက်တန်သည်ဟု လင်းရီ ခံစားနေရ၏။
ဖန်ရှုရှန်းမှာ လင်းရီ၏ ရင်ဘက်ကို အဆက်မပြတ် ထုနှက်နေခဲ့သည်။
အမေတစ်ယောက်အနေနှင့် သူမ စိတ်လွတ်သွားခဲ့၏။ တစ်ဦးတည်း ရှိသည့် သားတစ်ယောက်ကို ဆုံးရှုံးလိုက်ရသည့် မိခင်တစ်ယောက်၏ ဝမ်းနည်းစိတ်တို့ကို မည်သူကများ စာနာပေးနိုင်မည်နည်း။
“ မိန်းမ … မင်း တော်တော့ …”
ကျိုးရှီချန် အေးစက်စွာ အော်ဟစ်လိုက်ပြီး “ မင်း ဒေါ်လေးကို အိမ်ထဲ လိုက်ပို့ပေးလိုက် … ငါ ဒီလူတွေနဲ့ စကားပြောလိုက်မယ်…”
“ ဟုတ် အန်ကယ် …”
ဖန်ရှုရှန်းမှာ အပေါ်ထပ်သို့ ခေါ်သွားခံခဲ့ရပြီး ဗီလာ၏ ပထမထပ်မှာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။
“ ငါ တကယ်ကို တောင်းပန်ပါတယ် ခေါင်းဆောင်လင်း … ငါ့မိန်းမက ဝမ်းနည်းစိတ်ကြောင့် ဆင်ခြင်နိုင်စွမ်း ကင်းမဲ့သွားတယ်…”
“ ရပါတယ်… ဒီအတွက် ကျုပ်မှာလည်း တာဝန်မကင်းပါဘူး … အန်တီက သားတစ်ယောက် ဆုံးရှုံးလိုက်ရတဲ့ ဝေဒနာကို ခံစားနေရတာဆိုတော့ သူ ဘယ်လိုတွေ ခံစားနေရမလဲ ဆိုတာ ကျုပ် နားလည်ပေးနိုင်ပါတယ်…”
“ ခေါင်းဆောင်လင်း … မင်း အဲ့လိုပြောလိုက်တာ ငါတို့ ကျိုးမိသားစုက အမြင်မကျယ်တဲ့လူတွေလိုမျိုး ဖြစ်သွားပြီ …” ကျိုးရှီချန် ပြောလိုက်ပြီး “ ငါ့သား ကျုံးဝေ့တပ်ဖွဲ့ထဲ စဝင်ပြီ ဆိုကတည်းက အဲ့နေရာက ဘယ်လိုနေရာမျိုးလဲ ငါတို့သိတယ်… မစ်ရှင်တွေ ထမ်းဆောင်နေရင်း ဘာမဆို ဖြစ်ပျက်သွားနိုင်တဲ့အချိန်မှာ ငါတို့ လျန်လေးက ကံမကောင်းဘူးလို့ပဲ ပြောရမှာပဲ … ဒီအတွက် ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရဘူး … စစ်ပွဲမှာ မြေပြင်အခြေအနေက အမြဲ ပြောင်းလဲနေတာ … မင်းလည်း အရာရာကို ကြိုသိနေရအောင် ဘုရားမှ မဟုတ်တာ …. ဆိုတော့ လူတွေ အများကြီးကို ဂရုစိုက်မပေးနိုင်ဘူးဆိုတာ ပုံမှန်ပါပဲ … ငါ ဒါတွေ အားလုံး နားလည်တယ်…”
နှစ်ယောက်သား စကားပြောနေစဉ်မှာပဲ ဖန်ကျားရီ အောက်ထပ်သို့ ဆင်းလာသည်။
“ မင်း ဒေါ်လေး ဘယ်လိုနေလဲ ..” ကျိုးရှီချန် မေးမြန်းလိုက်သည်။
“ ဆေးသောက်ပြီး အိပ်ပျော်သွားပြီ …”
“ ဟင်း ….”
ကျိုးရှီချန် သက်ပြင်းတစ်ချက်ချလျက် ခေါင်းအသာခါရမ်းလိုက်သည်။ စိတ်တည်ငြိမ်စေရန် ဆေးကို မှီဝဲနေသည်က ရေရှည်အတွက် ကောင်းကျိုး မရှိနိုင်ပေ။
“ ကျားရီ … ငါတို့ဆီ ဧည့်သည်တွေ လာတယ်… ရေနွေးသွားဖောက်ခဲ့ပါဦး …”
“ ဟုတ် …”
ကျိုးရှီချန်က လင်းရီနှင့် ကျန်သူများကို ဆိုဖာပေါ်သို့ ပျူငှာလိုက်ပြီး ယဉ်ကျေးစွာ စကားဆိုလိုက်သည်။
“ ခေါင်းဆောင်လင်း .. မင်း ဒီနေ့ ရောက်လာခဲ့တာ ဘာအကြောင်းပြချက်ကြောင့်များလဲ … တကယ်လို့ ရှိတယ်ဆိုရင် ငါ့ကိုပြော .. ငါ အကောင်းဆုံး ပူးပေါင်းပေးမယ်…”
“ ခင်များ အတွေးလွန်နေပါပြီ အန်ကယ် … ကျုပ်တို့က ဒီကို တခြားကိစ္စကြောင့်နဲ့ ရောက်လာတာ မဟုတ်ပါဘူး … အဓိကက ကျိုးလျန်ကို အရိုအသေပေးပြီး ဒီမှာ ကျုပ်တို့ ကူညီပေးနိုင်တာ တစ်ခုခုရှိမလား သိရအောင်ပါ …”
“ ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခေါင်းဆောင်လင်း … မိသားစုရဲ့ စီးပွားရေးကို အခု ငါ့တူက စီမံနေပြီ …” ကျိုးရှီချန် ပြောလိုက်ပြီး “ ပြီးတော့ ငါ့တူမလေးလည်း ရှိတော့ သူတို့နှစ်ယောက်နဲ့ အခု အရာအားလုံးက ထိန်းချုပ်မှုအောက်မှာပဲ …”
“ ကုမ္ပဏီရဲ့ အနာဂတ်အတွက်ရော ဘယ်လို အစီအစဉ်တွေ ရှိထားလဲ …” လင်းရီ မေးမြန်းလိုက်သည်။
“ အချိန်တစ်ခုလောက်အထိတော့ ငါ့မှာ ဘာ တွေးထားတာမှ မရှိသေးဘူး … “ ကျိုးရှီချန် မည်သည်ကိုမျှ ကွယ်ဝှက်ထားခြင်း မရှိဘဲ သူ့အတွေးများအား ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်သည်။
“ ပြီးတော့ နောက် ၂ နှစ် ၃ နှစ်လောက်အထိလည်း ကုမ္ပဏီကိစ္စတွေမှာ ဝင်ပါဖြစ်ဦးမှာ မဟုတ်လောက်သေးဘူး …”
“ ဒါဆို အနာဂတ်အတွက်ကျတော့ကော …”
“ အနာဂတ် …………. “
ကျိုးရှီချန် သက်ပြင်းချလိုက်၏။
“ အနာဂတ်မှာ ဘယ်လိုလာမလဲ ငါမသိဘူး … အခု ငါ့အသက်ကလည်း ငယ်တော့တာ မဟုတ်ဘူး … ၂ နှစ် ၃ နှစ် နေပြီးလို့ ငါ့မှာသာ လုပ်နိုင်သေးတဲ့ ခွန်အားတွေ ရှိသေးရင်တော့ ကုမ္ပဏီကို ပြန်လာဖြစ်လောက်တယ်… ဒါပေမယ့် မရှိဘူးဆိုရင်တော့ အနောက်မှာ ထိုင်နေဖို့ပဲ တတ်နိုင်မယ်…”
လင်းရီ ခေါင်းညိမ့်လိုက်သည်။ အကယ်၍ ကျိုးလျန်သာ အသက်မသေခဲ့ဘူးဆိုပါက ဤမျှအထိ အိုစာသွားခဲ့မှာ မဟုတ်ချေ။ အနည်းဆုံးတော့ နောင် ၈ နှစ်ကနေ ၁၀ နှစ်လောက်အထိတော့ စွမ်းဆောင်နိုင်သေးသည်ဆိုသည့် မာန်ကတော့ ရှိနေဦးမှာ ကျိန်းသေလေသည်။
ထိုအချိန်ဆိုပါက ကျိုးလျန်လည်း အကျိုးပြု ရမှတ်တို တပွေ့တပိုက်ကြီးနှင့် ချွမ်ရှန်းတို့ ပြန်လာ၍ သူ စိုက်ပျိုးထားခဲ့သည့် အသီးအပွင့်တို့အား ခူးဆွတ်နိုင်နေလောက်ပြီး ဖြစ်သည်။
သို့သော် ယခု … ကျောက်မိသားစု၏ အစီအစဉ်အကုန်လုံးမှာ အချည်းနှီးဖြစ်သွားခဲ့ပြီ ဖြစ်၏။
ဤကဲ့သို့ ကြီးမားသည့် ထိုးနှက်ချက်ကြီး တစ်ခုအား ခံစားပြီးသည့်နောက် နဂိုမူအတိုင်း ဆက်လက်ရှိနေဖို့ဆိုသည်မှာ မဖြစ်နိုင်တော့ချေ။
“ အန်ကယ် …. ကျွန်မ တစ်ခု ဝင်ပြောဦးမယ်… ဒီနေ့ ကျွန်မလာခဲ့တာက အန်ကယ်နဲ့ အလုပ်ကိစ္စအကြောင်း စကားပြောချင်လို့ …”
“ ဘာကိစ္စ ရှိလို့ …”
“ အရင်ရက်တွေမှာ ကျိုးယွမ် နောက်ဆုံး အပြီးသတ်ထားတဲ့ ပရောဂျက် တစ်ချို့ရှိတယ်… တစ်ချို့ မသင့်လျော်တဲ့ အချက်တစ်ချို့ ရှိတယ်ထင်လို့ အန်ကယ့်ဆီလာပြီး အကြံဉာဏ်လာတောင်းတာ …”
“ လောလောဆယ်တော့ ထားလိုက်ဦး … ငါတို့ နောက်မှ စကားပြောကြတာပေါ့ …”
“ ဟုတ်ကဲ့ …”
ကျိုးလျန်၏ အချက်အလက် ဖိုင်မှတဆင့် လင်းရီသည် ကျိုးမိသားစု၏ အခြေအနေကို အကြမ်းဖျင်းတော့ နားလည်သဘောပေါက်ထားသည်။
ကျိုးယွမ်ဆိုသူက ကျိုးလျန်၏ ဝမ်းကွဲဖြစ်၏။ သူက ကျိုးလျန်ထက် ၂ နှစ်ကြီးပြီး အမေရိကား၌ ကျောင်းသွားတက်နေခဲ့လေသည်။ မနှစ်တုန်းက ပြန်လာခဲ့ပြီး ကျိုးမိသားစု၏ ကုမ္ပဏီ၌ ဝင်ပြီး စီမံနေခဲ့သည်။
အဆိုပါ အချက်အလက်များကို ကျိုးလျန်၏ ဖိုင်တွဲထဲ၌ တိကျရှင်းလင်းစွာ ဖော်ပြထား၏။
“ အန်ကယ်ကျိုး … ကျုပ်တို့ ဒီနေ့ လာခဲ့တာ တစ်ယောက်ယောက်က အခုလို အခြေအနေကို အခွင့်ကောင်းယူမှာ စိုးလို့ပဲ … “ လင်းရီ ပြောလိုက်ပြီး “ တကယ်လို့ တစ်ခုခုလိုအပ်တယ်ဆိုရင် ကျုပ်ကိုပြော … ကျုပ် တခြားတော့ အာမ မခံဝံ့ဘူးဆိုပေမယ့် ကျိုးမိသားစုကို နောက် လယ်ဗယ်တစ်ခုရောက်အောင် ကူညီပေးနိုင်ဖို့တော့ အာမခံတယ်….”
နောက်လယ်ဗယ်တစ်ခု …
ထိုစကားကြားတော့ ဖန်ကျားရီ အံ့အားသင့်သွားခဲ့၏။
ဝမ်းကွဲရဲ့ အထက်လူကြီးက ဒီစကားမျိုး ပြောပြီး အာမခံပေးနိုင်လောက်အောင် ဘယ်လောက်တောင် အစွမ်းအစ ရှိထားလို့လဲ …
“ ကျေးဇူးတင်ပါတယ် လူကြီးမင်းလင်း … မင်းက ဒီလို အချိန်မျိုးမှာတောင် ငါတို့ ကျိုးမိသားစုအတွက် စဉ်းစားပေးနေတုန်းပဲ …”
“ ဒါ ကျုပ်လုပ်သင့်တာပါ …”
ပြောပြီးနောက် လင်းရီ မတ်တပ်ရပ်လိုက်သည်။ “ အခု ဘာမှ မရှိဘူးဆိုတော့ ကျုပ်တို့ ပြန်လိုက်ပါဦးမယ်…”
“ ငါ လိုက်ပို့ပေးမယ်…”
“ အာ ရပြီ အန်ကယ်ကျိုး … ကျုပ်တို့ ကိုယ့်ဘာကိုယ်ပဲ ပြန်လိုက်ပါ့မယ်…”
ကျိုးရှီချန်၏ စေတနာကို ငြင်းပယ်ပြီးနောက် လင်းရီနှင့် နင်ချဲ့တို့က အပြင်သို့ ထွက်လာခဲ့ကြ၏။ ချိုးယွီလော့ကတော့ နောက်၌ ကျန်နေရစ်ခဲ့ပြီး ကျိုးရှီချန်နှင့် စကား ခေတ္တ ပြောနေခဲ့လေသည်။
အဓိကကတော့ လင်းရီ၏ ကိစ္စဖြစ်ပြီး ယခုလောလောဆယ် သူ အသက်ရှင်နေသေးသည့် ကိစ္စကို မပေါက်ကြားစေဖို့ ဖြစ်၏။
ညွှန်ကြားချက်များ ပေးပြီးနောက် ချိုးယွီလော့လည်း ကားထဲ လိုက်၀င်လာသည်။
“ ကျိုးမိသားစုရဲ့ ကိစ္စလည်း ဖြေရှင်းပြီးပြီဆိုတော့ နင် နောက် ဘာဆက်လုပ်မလဲ …”
“ ကျိုးရှီချန် ဘေးမှာ ထိုင်နေတဲ့လူက သူ့တူမ ဖန်ကျားရီ ဟုတ်တယ်မလား …”
“ အင်း … သူတို့ ဆက်ဆံရေးကို ကြည့်ရသလောက်တော့ အဲ့လို ဖြစ်မယ့်ပုံပါပဲ …”
“ သူ့ ပုံစံကြည့်ရတာ ကျိုးမိသားစု ကုမ္ပဏီရဲ့ ပရောဂျက်တွေမှာ ပြဿနာ တစ်ချို့ ရှိနေတဲ့ပုံပဲ … မင်းသူ့ကို ဆက်သွယ်ကြည့်ပါလား … ငါတို့ အခု ဒီရောက်နေတယ်ဆိုတော့ တကယ်လို့ ပြဿနာ ရှိတယ်ဆိုရင် တစ်ခါတည်း ကူညီဖြေရှင်းခဲ့လို့ ရတာပေါ့ …” လင်းရီ ပြောလိုက်ပြီး “ ကျိုးလျန်က မရှိတော့ဘူး … ငါတို့ သူ့ကိစ္စတွေကို မမြင်ချင်ယောင် ဆောင်နေလို့ မဖြစ်ဘူး …”
“ ပြီးပြီလို့သာ သဘောထားလိုက် …”
နင်ချဲ့ သူမ နာရီကို တစ်ချက်ကြည့်လိုက်ပြီး “ ကြည့်ရတာ ဒီနေ့တော့ ပြန်နိုင်မယ့်လမ်းမမြင်ဘူး … ဟိုတယ်တစ်ခုရှာပြီး နေဖို့ထိုင်ဖို့ အရင်လုပ်ကြရအောင်လား … သူ့ကို ညစာဖိတ်ပြီး စကားပြောလို့ ရတာပဲလေ…”
“ အဲ့အကြံမဆိုးဘူး …”
မွန်းလွဲ လေးနာရီတွင် သုံးယောက်သားမှာ ချွမ်ရှန်းမြို့ရှိ ရစ်ဇ်ကာတွန်ဟိုတယ်၌ အထိုင်ချလိုက်ကြပြီး ဖန်ကျားရီကို အနောက်တိုင်း စားသောက်ဆိုင်တစ်ခုသို့ လာရောက်ရန် ဖိတ်ခေါ်လိုက်သည်။ သူတို့တွေ သူမနှင့် ကျိုးမိသားစုအကြောင်း ဆွေးနွေးတိုင်ပင်ချင်နေသည်။
ဖန်ကျားရီထံတွင် ယုံကြည်ချက် အပြည့်နှင့် လွှမ်းမိုးနိုင်သည့် အရှိန်အဝါတို့ဖြင့် မိမိကိုယ်ကို အမြဲလွှမ်းခြုံထားသော်လည်း လင်းရီနှင့် ကျန်နှစ်ယောက်ကို မြင်တွေ့လိုက်ရသည့်အခါ၌ အဆိုပါ ယုံကြည်ချက်ပြည့်ပြီး လွှမ်းမိုးနိုင်မှုတို့က နေလာနှင်းကဲ့သို့ ပျောက်ကွယ်သွားခဲ့ရသည်။ ၎င်းတို့၏ အမူအရာက ဖော်ရွေနေသော်လည်း တည်ရှိနေမှု တစ်ခုတည်းကပင် ထူးကဲသာလွန်မှုကို အလိုအလျောက် ခံစားရရှိနေစေသည်။
သူမမှာ လက်ငါးချောင်းတောင်၌ ပိတ်မိခံထားရသည့် မျောက်ကဲ့သို့ ဖြစ်နေကာ နေမထိ ထိုင်မသာ ဖြစ်နေမိတော့၏။
“ သက်တောင့်သက်သာ နေလို့ရတယ်… ငါတို့က မင်းဝမ်းကွဲရဲ့ ရဲဘော်ရဲဘက်တွေပဲ … ငါတို့ ဒီရောက်လာခဲ့တာက ကျိုးမိသားစုအတွက် လုပ်ပေးနိုင်တာ ဘာရှိလဲ လာကြည့်တာ … သူ့ကို ပြန်ရှင်လာအောင် အသက်မသွင်းပေးနိုင်ဘူးဆိုပေမယ့် ကျိုးမိသားစု ကျဆင်းသွားမှာကိုတော့ ငါတို့ ခွင့်မပြုနိုင်ဘူး …” ချိုးယွီလော့ ပြောလိုက်သည်။
“ ကျွန်မဝမ်းကွဲက တာဝန်ထမ်းဆောင်ရင်း အသက်စွန့်သွားခဲ့တာ … ဒီအတွက် အစိုးရက အကျိုးအမြတ်တွေ အများကြီး ပေးခဲ့ပြီးပြီ .. ကျွန်မတို့ ထပ်ပြီး တောင်းဆိုလို့ မသင့်ပါဘူး …” ဖန်ကျားရီ စကားအလှဖြင့် ပြန်ပြောလိုက်၏။
“ ဒါက အစိုးရနဲ့ မသက်ဆိုင်ဘူး .. ငါတို့ ကိုယ်ရေးကိုယ်တာ ရင်းနှီးမှု အရပဲ …” ချိုးယွီလော့ ရှင်းပြလိုက်ပြီး “ ငါက ကျုံးလျန် အုပ်စုရဲ့ အထွေထွေ မန်နေဂျာ … သူက ပေါင်းလုံ အုပ်စုရဲ့ အထွေထွေ မန်နေဂျာ … သူကျတော့ လင်းယွင်အုပ်စုရဲ့ ဥက္ကဌပဲ … ဒါက နင်တို့ မိသားစု စီးပွားရေးလုပ်ငန်းတွေအတွက် အခွင့်အရေးကောင်းတစ်ချို့ ထောက်ပံ့ပေးဖို့ လုံလောက်တယ်မလား …”