မိစ္ဆာနတ်ဘုရားစစ်မြေပြင် ပျက်ဆီးသွားခြင်း....
Vol. 19 Ch. 289
အနက်ရောင်မြူခိုးတောင်တန်းတွင် လင်းယွမ်က မိစ္ဆာနတ်ဘုရား စစ်မြေပြင်ရှိရာသို့ ကြည့်နေခဲ့သည်။
" စစ်ပွဲက ပြီးခါနီးပြီထင်တယ်။ " ကမ္ဘာအတားအဆီးက ခြားနားထားသောကြောင့် လင်းယွမ်က မိစ္ဆာနတ်ဘုရား စစ်မြေပြင်ရှိ အခြေအနေများကို အာရုံခံကြည့်၍ မရနိုင်ပေ။
သို့သော် ကပ်ပါးကောင်များ၏ သေခြင်းရှင်ခြင်းကို ကြည့်ခြင်းဖြင့် စစ်ပွဲက အခြေအနေကောင်းသည်ကို သိနိုင်လေသည်။ ဘိုးဘေးနတ်ဆိုးသစ်ပင်၏ မျိုးဆက်အနေဖြင့် လင်းယွမ်က ဘိုးဘေးနတ်ဆိုးသစ်ပင်၏ တည်နေရာကို အာရုံခံနိုင်လေသည်။
လင်းယွမ်၏ အာရုံခံမှုအရ ဘိုးဘေးနတ်ဆိုးသစ်ပင်က မိစ္ဆာနတ်ဘုရား စစ်မြေပြင်နှင့် တစ်ခါမှ နီးကပ်မလာခဲ့ပေ။
ထိုအချိန်တွင် အမြစ်များမှ အနက်ရောင်မီးတောက်က ရုတ်တရက် လှုပ်ရှားလာသည်။ လင်းယွမ်က ၎င်းကို မြင်သောအခါ ချက်ချင်း အာရုံစိုက်လိုက်သည်။
မကြာမီ ဘိုးဘေးနတ်ဆိုးသစ်ပင်၏ စိုးရိမ်ပြီး စိတ်မရှည်သော အသံက အနက်ရောင်မီးတောက်ထဲမှ ထွက်ပေါ်လာသည်။
" အခု မင်းဘယ်အဆင့်ကို ရောက်ပြီလဲ။ ဒီကအခြေအနေက ပြောင်းလဲလို့မရတော့ဘူး။ အခု မင်းအပေါ်ပဲ မူတည်တော့တယ်။ "
ဘိုးဘေးနတ်ဆိုးသစ်ပင်က အလွန်ကြေကွဲနေပြီဖြစ်သည်။ တဖြည်းဖြည်း ပြိုကျနေသော စစ်မြေပြင်ကို ကြည့်ရသည်မှာ သူ၏ နှလုံးသားကို ဓားနှင့် မွှမ်းနေသကဲ့သို့ ဖြစ်သည်။ မိစ္ဆာနတ်ဘုရား စစ်မြေပြင်ကို ဖန်တီးခြင်းက ကြီးမားသော ပေးဆပ်မှုကို လိုအပ်ပြီး နှစ်ထောင်ချီမှ သောင်းချီကြာအောင် အချိန်ယူရလေသည်။
လင်းယွမ်ကို ပေးထားသော မူလစွမ်းအားများအပြင် မိစ္ဆာနတ်ဘုရား စစ်မြေပြင်ကို ဆုံးရှုံးမှုက ဘိုးဘေးနတ်ဆိုးသစ်ပင်ကို စည်းစိမ်အားလုံး ဆုံးရှုံးသွားသော အလောင်းကစားသမားတစ်ယောက်နှင့် တူသွားစေလေသည်။
အကယ်၍ ဆုံးရှုံးမှုများထက် ထျန်းချင်းကမ္ဘာသို့ မဆင်းသက်နိုင်ခဲ့လျှင် ဘိုးဘေးနတ်ဆိုးသစ်ပင်၏ စိတ်အခြေအနေက လုံးဝပြိုလဲသွားမည်ဖြစ်ပြီး မည်သည့်အချိန်မှ ပြန်ကောင်းလာမည်ကို မသိနိုင်ပေ။
" ဘိုးဘေး ဘာဖြစ်လို့လဲ။ " လင်းယွမ်က မသိချင်ဟန်ဆောင်ပြီး စိုးရိမ်သော အသံနှင့် မေးလိုက်သည်။
ဘိုးဘေးနတ်ဆိုးသစ်ပင်၏ အမြင်တွင် သူက ထျန်းချင်းကမ္ဘာထဲတွင် ရုန်းကန်နေရဆဲ ဖြစ်သည်။ ဘိုးဘေးနတ်ဆိုးသစ်ပင် ပေးသော မူလစွမ်းအားများနှင့်ပင် ထျန်းချင်းကမ္ဘာတွင် နေထိုင်ရန် ခက်ခဲလေသည်။ အကယ်၍ သူ့ကိုသူ သဲလွန်စတစ်ခု ဖော်ထုတ်မိသွားလျှင် မရေတွက်နိုင်သော ကျင့်ကြံသူများ၏ တိုက်ခိုက်မှုကို ခံရနိုင်ပြီး ကမ္ဘာဓားကို ကိုင်ဆောင်ထားသော ထျန်းချင်းမဟာမိတ်ခေါင်းဆောင်ကိုပင် ဆွဲဆောင်မိသွားနိုင်လေသည်။
" ငါ့ရဲ့ ခွန်အားတွေ အများကြီး နည်းသွားပြီ။ မဟာမိတ်ခေါင်းဆောင်က ငါ့ရဲ့ အားနည်းချက်ကို ရှာတွေ့သွားခဲ့တယ်။ အခု စစ်မြေပြင်ကို ထိန်းချုပ်လုနီးပါး ဖြစ်နေပြီ။ " ဘိုးဘေးနတ်ဆိုးသစ်ပင်က အသေးစိတ်မရှင်းပြဘဲ တိုက်ရိုက်ပြောလိုက်သည်။
" ငါမင်းကို နှစ်တွေအများကြီးကြာအောင် မူလစွမ်းအားတွေ ပေးခဲ့တယ်။ မင်းဘာလို့အဲ့လောက်နှေးနေတာလဲ။ "
ဘိုးဘေးနတ်ဆိုးသစ်ပင်က လင်းယွမ်ကို ဒေါသထွက်နေသည်မှာ ထင်ရှားလေသည်။ လင်းယွမ် ယူထားခဲ့သော မူလစွမ်းအားများက အဆင့်ခြောက်သို့ ရောက်နိုင်နေပြီဖြစ်သည်။ အနိမ့်ဆုံး အရည်အချင်းရှိသော နတ်ဆိုးသစ်ပင်များပင် ထိုပမာဏရှိသော မူလစွမ်းအားများကို စုပ်ယူခဲ့လျှင် ယခု အဆင့်ငါးသို့ ရောက်နေလောက်ပြီ ဖြစ်သည်။
" ဘိုးဘေး ကျွန်တော် အသုံးမကျဘူး။ ကျွန်တော်က နတ်ဆိုးသားရဲတွေ အမဲလိုက်တာ ခံရတော့ ဒဏ်ရာကလိုက် သေမလိုဖြစ်လိုက်နဲ့ ဘိုးဘေးပေးတဲ့ မူလစွမ်းအားတွေကို ကုသဖို့ပဲ အသုံးပြုခဲ့ရတယ်။ " လင်းယွမ်က သူ၏ အဖြေကို ပြင်ဆင်ထားပြီဖြစ်ပြီး လျင်မြန်စွာ ပြောလိုက်သည်။
ထိုအကြောင်းပြချက်က ခိုင်မာလွန်းလှသည်။ အနက်ရောင်မြူခိုးတောင်တန်းက နတ်ဆိုးသားရဲများ နေထိုင်ရာဖြစ်သည်။ လင်းယွမ်က နတ်ဆိုးသစ်ပင်များ၏ မိစ္ဆာအော်ရာကို ထိန်းချုပ်ရန် ခက်ခဲပြီး အလွယ်တကူ သတိပြုမိနိုင်လေသည်။
ဆဋ္ဌမအလွှာ နတ်ဆိုးသားရဲများနှင့် ရင်ဆိုင်ရချိန်တွသ် လင်းယွမ်က ခုခံနိုင်စွမ်းမရှိသည့်အပြင် နတ်ဆိုးသားရဲများကိုလည်း ဆွဲဆောင်မိနေသောကြောင့် အခြေအနေက ပိုဆိုးသွားခဲ့သည်။
" ငါ့ရဲ့ မူလစွမ်းအားတွေကို ကုသဖို့ အသုံးပြုလိုက်တယ်။ "
ဘိုးဘေးနတ်ဆိုးသစ်ပင်က နှလုံးသွေးယိုနေပြီဖြစ်သည်။ လင်းယွမ်က သူ့ကိုသူ တိုးတက်ရန် မူလစွမ်းအားများကို စုပ်ယူခဲ့လျှင် သူက မူလစွမ်းအားများကို ပြန်ယူနိုင်လေသည်။ သို့သော် ဒဏ်ရာများကုသခြင်းက လုံးဝ ဆုံးရှုံးမှုပင် ဖြစ်သည်။
" ဒါပေမယ့် ဘိုးဘေး အခု ကျွန်တော်က အဆင့်လေး အထွတ်အထိပ်ထိ ကြီးထွားလာပါပြီ။ အဆင့်ငါးရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်။ " လင်းယွမ်က ပြောလိုက်သည်။
" အဆင့်လေး အထွတ်အထိပ် " ဘိုးဘေးနတ်ဆိုးသစ်ပင်က အနည်းငယ် သက်သာသွားသည်။ အနည်းဆုံးတော့ ၎င်းက သတင်းကောင်းဖြစ်လေသည်။
" မင်း အဆင့်ငါးထိ ကြီးထွားဖို့ အချိန်ဘယ်လောက်ယူရမှာလဲ။ " ဘိုးဘေးနတ်ဆိုးသစ်ပင်က မေးလိုက်သည်။ လင်းယွမ်က အဆင့်ငါးသို့ ကြီးထွားလာလျှင် သူ၏ အသက်စွမ်းအားက လေဟာနယ်လမ်းကြောင်းဖွင့်ရန် လုံလောက်သွားပြီဖြစ်သည်။
" ကျွန်တော် ငါးနှစ်အတွင်း အောင်မြင်လောက်ပါတယ်။ " လင်းယွမ်က ခနစဉ်းစားပြီး ပြန်ဖြေလိုက်သည်။
ငါးနှစ်က ဘိုးဘေးနတ်ဆိုးသစ်ပင်အတွက် ခနသာဖြစ်သည်။
" မရဘူး မရဘူး။ ငါးနှစ်က အရမ်းကြာတယ်။ " ဘိုးဘေးနတ်ဆိုးသစ်ပင်က ငြင်းဆိုလိုက်သည်။
မိစ္ဆာနတ်ဘုရား စစ်မြေပြင်၏ လက်ရှိအခြေအနေကို သုံးသပ်ကြည့်လျှင် ငါးနှစ်အတွင်း သန်မာသော ကျင့်ကြံသူများက ထျန်းချင်းကမ္ဘာသို့ ပြန်ရောက်နေလောက်ပြီဖြစ်သည်။ အဆုံးတွင် စစ်ပွဲက ပြီးသွားပေလိမ့်မည်။
ထိုအချိန်တွင် လင်းယွမ်က လေဟာနယ်လမ်းကြောင်းဖွင့်လျှင်တောင် ဆင်းသက်လာသောအခါ အန္တရာယ်များ ရှိလာနိုင်လေသည်။
" ဒီလိုလုပ်မယ်။ ငါမင်းကို မူလစွမ်းအားအချို့ ထပ်ပို့ပေးမယ်။ မင်း တစ်နှစ်အတွင်း အဆင့်ငါးကို ရအောင် ချိုးဖျက်ရမယ်။ " ဘိုးဘေးနတ်ဆိုးသစ်ပင်က ဆုံးဖြတ်လိုက်သည်။
သူ၏ မူလစွမ်းအားက အထွတ်အထိပ်အချိန်ထက် ခုနှစ်ဆယ်ရာခိုင်နှုန်းသာ ကျန်တော့လေသည်။ သူ၏ မူလစွမ်းအား နှစ်ဆယ်ရာခိုင်နှုန်းက နာကျင်စွာ နှုတ်ယူပြီး လင်းယွမ်ဆီသို့ ပို့ပေးလိုက်သည်။
ဘိုးဘေးနတ်ဆိုးသစ်ပင်၏ အမြင်တွင် လင်းယွမ်ကသာ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်လေသည်။ လင်းယွမ် အဆင့်ငါးသို့ ရောက်လျှင် ရင်းနှီမြှုပ်နှံမှုများကို အားလုံးမဟုတ်လျှင်တောင် အများစုကို ပြန်လည်သိမ်းယူနိုင်ပေလိမ့်မည်။
" ဘိုးဘေး.... ဘိုးဘေး ဒါက မများလွမ်းဘူးလ။ " လင်းယွမ်က ဘိုးဘေးနတ်ဆိုးသစ်ပင်ပို့ပေးသော မူလစွမ်းအားများကြောင့် ဝမ်းသာသွားသော်လည်း စိုးရိမ်ဟန်ဆောင်လိုက်သည်။ " ဘိုးဘေး မူလစွမ်းအားတွေ အများကြီး ဆုံးရှုံးတာက ဘိုးဘေးကို မထိခိုက်ဘူးလား။ "
" အဲ့ဒါက ကြီးကြီးမားမား မဟုတ်ပါဘူး။ " ဘိုးဘေးနတ်ဆိုးသစ်ပင်က အံကျိတ်ပြီး ပြောလိုက်သည်။
အမှန်မှာ သက်ရောက်မှုက ကြီးမားလှသည်။ ကမ္ဘာဓားကိုင်ဆောင်ထားသော ထျန်းချင်းမဟာမိတ်ခေါင်းဆောင်နှင့် ရင်ဆိုင်ရလျှင် ဘိုးဘေးနတ်ဆိုးသစ်ပင်က ထွက်ပြေးရုံသာ တတ်နိုင်ပေလိမ့်မည်။ သို့သော် သူက ထျန်းချင်းကမ္ဘာသို့ ဆင်းသက်နိုင်သရွေ့ အရာအားလုံးက ထိုက်တန်လေသည်။
သူက အားနည်းနေလျှင်တောင် မိစ္ဆာနတ်ဘုရားသာ ဖြစ်သည်။ သူက ထျန်းချင်းကမ္ဘာသို့ ဆင်းသက်နိုင်လျှင် သူ၏ စွမ်းရည်နှင့် လျို့ဝှက်နည်းစနစ်တစ်ခုကို အသုံးပြုပြီး ကမ္ဘာ၏ ကျယ်ပြောလှသော မူလအရင်းအမြစ်နှင့် ပေါင်းစည်းနိုင်ပေလိမ့်မည်။ ထို့နောက် ထျန်းချင်းကမ္ဘာတစ်ခုလုံး၏ မူလစွမ်းအားများက သူ့အတွက်သာ ဖြစ်ပေလိမ့်မည်။ လျို့ဝှက်နည်းစနစ်က အချိန်လိုအပ်သော်လည်း ဘိုးဘေးနတ်ဆိုးသစ်ပင်က ထျန်းချင်းကမ္ဘာ၏ သန်မာသော ကျင့်ကြံသူများ သတိမပြုနိုင်မီ မူလစွမ်းအားများကို စုပ်ယူနိုင်လိမ့်မည်ဟု ယုံကြည်မှုရှိလေသည်။
" ဒါဆို ဘိုးဘေး စိတ်ချပါ။ ကျွန်တော် တာဝန်ကျေစေရပါမယ်။ " လင်းယွမ်က လေးနက်စွာ ပြောလိုက်သည်။
" လေဟာနယ်လမ်းကြောင်းကို ဖန်တီးနိုင်ရင် ငါမင်းကို ကောင်းကောင်းဆုချမယ်။ " ဘိုးဘေးနတ်ဆိုးသစ်ပင်က ဆုချမည့်အကြောင်းကို ပြောရန်လည်း မမေ့ပေ။
အနက်ရောင်မြူခိုးတောင်တန်းတွင် လင်းယွမ်က ဘိုးဘေးနတ်ဆိုးသစ်ပင်နှင့် ဆက်သွယ်မှုကို ဖြတ်တောက်လိုက်သည်။
" အခု တော်တော်အားနည်းသွားလောက်ပြီ။ " လင်းယွမ်က လွန်ခဲ့သည့်အချိန်များအတွင်း ဘိုးဘေးနတ်ဆိုးသစ်ပင်ဆီမှ သူရရှိခဲ့သော မူလစွမ်းအားများက တစ်ဝက်နီးပါး ရှိလောက်ပြီဟု ခန့်မှန်းလိုက်သည်။
မူလစွမ်းအားများ ထိုပမာဏကို ဆုံးရှုံးလိုက်ရလျှင် လင်းယွမ်က စဉ်းစားစရာမလိုဘဲ ဘိုးဘေးနတ်ဆိုးသစ်ပင်မှာ ယခု သနားစရာကောင်းသော အခြေအနေတွင် ရှိနေသည်ကို သိနိုင်လေသည်။
ထျန်းချင်းကမ္ဘာ၏ အပြင်ဘက် မိစ္ဆာနတ်ဘုရား စစ်မြေပြင်တွင် ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က စောင့်ကြည့်နေသော်လည်း ဘိုးဘေးနတ်ဆိုးသစ်ပင်က မနှောက်ယှက်ခဲ့ပေ။ မိစ္ဆာနတ်ဘုရားစစ်မြေပြင်၏ ကြီးမားသော အစိတ်အပိုင်းက လျင်မြန်စွာ ပျက်ဆီးသွားပြီး ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားသည်။
" ငါတို့နိုင်ပြီ။ "
" နောက်ဆုံးတော့ ငါတို့ နိုင်ခဲ့ပြီ။ "
" ငါတို့ မိစ္ဆာနတ်ဘုရားကို အနိုင်ယူလိုက်နိုင်ပြီ။ "
" ငါတို့က ငါတို့အမိမြေ ထျန်းချင်းကမ္ဘာကို ကာကွယ်လိုက်နိုင်ပြီ။ "
မရေတွက်နိုင်သော ကျင့်ကြံသူများက မျက်ရည်များနှင့် ပျော်ရွှင်နေကြပြီး ထျန်းချင်းမဟာမိတ်ခေါင်းဆောင်ပင် ခံစားချက်များ ထွက်ပေါ်လာသည်။
နှစ်ပေါင်းလေးရာ။
နှစ်ပေါင်းလေးရာကြာခဲ့သော စစ်ပွဲ။
နောက်ဆုံးတော့ အဆုံးသတ်သွားခဲ့ပြီ။
" သွမ့်လန် အိမ်ပြန်ကြစို့။ ငါတို့နေခဲ့တဲ့ အိမ်ကို ပြန်ကြမယ်။ " အာယန်က ပျော်ရွှင်စွာ ပြောလိုက်သည်။
" အိမ်..." ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က ခန တိတ်ဆိတ်သွားသည်။
" ခနနေဦး။ မိစ္ဆာနတ်ဘုရားစစ်မြေပြင်က ပျက်ဆီးသွားရင်တောင် မိစ္ဆာနတ်ဘုရားက အသက်ရှင်နေသေးတယ်။ "
" အဲ့ဒီမိစ္ဆာနတ်ဘုရား ပြန်မလာနိုင်အောင် ငါ ကမ္ဘာဓားကို ဒီမှာ ထားခဲ့ရလိမ့်မယ်။ " ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က အနည်းငယ် တွန့်ဆုတ်စွာ ပြောလိုက်သည်။