ထျန်းချင်းမဟာမိတ်ခေါင်းဆောင်၏ တုန်လှုပ်မှု....
Vol. 19 Ch. 290
ကမ္ဘာဓားကို ကိုင်ဆောင်သူအနေဖြင့် ထျန်ချင်းမဟာမိတ်ခေါင်းဆောင်က ထိုလက်နက်မှာ မည်မျှစွမ်းအားကောင်းသည်ကို သိလေသည်။ သာမန်အခြေအနေများတွင် ထိုကဲ့သို့ လက်နက်မျိုးက ရှိမနေသင့်ပေ။
၎င်းက ထွက်ပေါ်လာခဲ့လျှင်လည်း ထျန်းချင်းကမ္ဘာ၏ စိတ်အသိအပေါ် ကြီးမားသော သက်ရောက်မှုရှိလေသည်။ သို့သော် မိစ္ဆာနတ်ဘုရား၏ ခြိမ်းခြောက်မှုက ကြီးမားလှသည်။ ထို့ကြောင့် ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က ကမ္ဘာဓားကိုင်ဆောင်သူဖြစ်လာခဲ့သည်။ ကမ္ဘာဓားမပါလျှင် သူက မိစ္ဆာနတ်ဘုရားကို ခုခံရုံသာ တတ်နိုင်ပေလိမ့်မည်။ သို့သော် ကမ္ဘာဓားနှင့်ဆိုလျှင် သူက မိစ္ဆာနတ်ဘုရားနှင့် အပြန်အလှန်တိုက်ခိုက်နိုင်လေသည်။
" ကမ္ဘာဓားကို ဒီမှာ ထားခဲ့မှာလား။ " အာယန်က မဟာမိတ်ခေါင်းဆောင်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
" အမှန်ပဲ။ ကမ္ဘာဓားက ကောင်းကင်တာအိုစိတ်အသိရဲ့ စုစည်းမှုပဲ။ ဒါကို ဒီမှာ ထားလိုက်ရုံနဲ့ ဘိုးဘေးနတ်ဆိုးသစ်ပင်ရဲ့ နည်းလမ်းတွေကို တားဆီးနိုင်လိမ့်မယ်။ " ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က ခေါင်းငြိမ့်လိုက်သည်။
" အာယန် မင်းအခြားသူတွေနဲ့ ကမ္ဘာကို ပြန်သွားလိုက်။ ငါ ကမ္ဘာဓားကို တပ်ဆင်ပြီးရင် မင်းတို့ဆီ လာခဲ့မယ်။ " ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က ပြောလိုက်သည်။
" ကောင်းပြီ။ " အာယန်က ခေါင်းငြိမ့်ပြီး ထွက်ခွာသွားသည်။
အာယန်ပျောက်ကွယ်သွားသောအခါ ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က လေထဲတွင် မျောလွင့်နေသော ကမ္ဘာဓားကို ကြည့်လိုက်သည်။
" မိတ်ဆွေဟောင်းကြီး ငါတို့ လမ်းခွဲရတော့မယ်။ ဒါပေမယ့် မင်း လှုပ်ရှားမှုတစ်ခုခုရှာတွေ့ရင် ငါ့ကို ချက်ချင်း အကြောင်းကြားပါ။ " ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က ကမ္ဘာဓားနှင့် နှစ်ပေါင်းများစွာ ရှိနေခဲ့ပြီး ၎င်း၏ တစ်စိတ်တစ်ပိုင်းကို သန့်စင်ခဲ့ပြီးဖြစ်သည်။ သူသာ ဆန္ဒရှိလျှင် ကမ္ဘာဓားကို ခံစားနိုင်ပြီး အချိန်မရွေး ပြန်လည်ဆင့်ခေါ်နိုင်လေသည်။
ကမ္ဘာဓားက ကမ္ဘာကို ကျော်လွန်၍ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
" ပြန်ချိန်ရောက်ပြီ။ " ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က သက်ပြင်းချပြီး ထျန်းချင်းကမ္ဘာဆီသို့ ပျံသန်းသွားသည်။
ထျန်းချင်းကမ္ဘာ၏ အစွန်တွင် ဒုမဟာမိတ်ခေါင်းဆောင် ဆယ့်နှစ်ယောက်၊ နတ်သားရဲဘုရင်လေးပါး၊ ကာကွယ်သူ ၃၃ ယောက်၊ အကြီးအကဲ ၁၅၆ ယောက်နှင့် နတ်ဆိုးသားရဲဘုရင် ၉၃ယောက်တို့က ထိုနေရာတွင် ရပ်နေကြသည်။
" အားလုံး..." ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က ခံစားချက်များ ဖုံးလွှမ်းနေသည်။ " အိမ်ပြန်ကြစို့။ "
ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကမ္ဘာထဲသို့ ဝင်ရောက်သွားသည်။
လမ်းတစ်လျှောက်တွင် မရေတွက်နိုင်သော သက်ရှိများက သူတို့၏ ကမ္ဘာကို ကယ်တင်ခဲ့သော ဒဏ္ဍာရီလာပုဂ္ဂိုလ်ကို ရိုသေစွာ ဦးညွှတ်နေကြလေသည်။
အားလုံးက အနက်ရောင်မြူခိုးတောင်တန်းကို ဖြတ်ကျော်ချိန်တွင် ဒုခေါင်းဆောင်တစ်ယောက်က မျက်ခုံးတစ်ချက်ပင့်ပြီး ထျန်းချင်းမဟာမိတ်ခေါင်းဆောင်ကို ပြောလိုက်သည်။ " ခေါင်းဆောင် ကျွန်တော် အောက်မှာ ထူးခြားမှုတစ်ခုကို ခံစားမိတယ်။ "
" အိုး..." ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က ချက်ချင်း အလေးအနက်ထားလိုက်သည်။
ထိုဒုခေါင်းဆောင်က ရှာဖွေခြင်းကို အထူးပြုသော သတ္တမအလွှာ အထွတ်အထိပ် ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းလေးရာကျော်က သူသာ မိစ္ဆာနတ်ဘုရားကို ရှာမတွေ့ခဲ့လျှင် ပျက်ဆီးဆုံးရှုံးမှုများ ပိုများနိုင်လေသည်။
" အနက်ရောင်မြူခိုးတောင်တန်း... " မဟာမိတ်ခေါင်းဆောင်က အောက်သို့ ငုံ့ကြည့်လိုက်သည်။
" သွားစို့။ အဲ့ဒီမှာ ဘာရှိလဲဆိုတာ ကြည့်ရအောင်။ " ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က သာမန်အတိုင်း ပြောလိုက်သည်။
" ကျွန်တော်တို့ မဟာမိတ်ခေါင်းဆောင်ရဲ့ အမိန့်ကို လိုက်နာပါမယ်။ "
" ဘယ်လိုတည်ရှိမှုက ငါတို့ဖြတ်သွားတာကို နှောက်ယှက်ရဲတာလဲ။ သေချင်နေပြီထင်တယ်။ "
" ဒါဆို အတူတူဆင်းကြစို့။ " ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က သူ၏ ရဲဘော်ရဲဘက်များကို ဦးဆောင်ပြီး အနက်ရောင်မြူခိုးတောင်တန်း၏ အနက်ရှိုင်းဆုံးသို့ ဦးတည်သွားခဲ့သည်။
ဒုခေါင်းဆောင်၏ စကားအရ ထူးခြားသော အော်ရာထွက်ပေါ်နေသည်မှာ အနက်ရောင်မြူခိုးတောင်တန်း၏ အနက်ရှိုင်းဆုံးမှဖြစ်သည်။
" ဟမ်... " သူတို့က အထဲသို့ ရောက်ချိန်တွင် ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က မျက်မှောင်ကြုတ်သွားသည်။
သူက အနက်ရောင်မြူခိုးတောင်တန်း၏ အနက်ရှိုင်းဆုံးမှ ထွက်ပေါ်နေသော အော်ရာက မိစ္ဆာနတ်ဘုရားနှင့် ဆင်တူနေသည်ဟု ခံစားမိနေသည်။
" အားလုံး သတိထားကြ။ " ထျန်းချင်းမဟာမိတ်ခေါင်းဆောင်၏ အမူအရာက လေးနက်သွားပြီး သူ၏ လက်အောက်ငယ်သားများကို သတိပေးလိုက်သည်။
ခနကြာသောအခါ ထျန်းချင်းမဟာမိတ်ခေါင်းဆောင်နှင့် အခြားသူများက အနက်ရောင်မြူခိုးတောင်တန်း၏ အနက်ရှိုင်းဆုံးနေရာသို့ ရောက်သွားကြသည်။
ထိုနေရာက ချိုင့်ဝှမ်းတစ်ခုဖြစ်ပြီး အလယ်တွင် မရေတွက်နိုင်သော နွယ်ပင်များနှင့် ရှေးဟောင်းသစ်ပင်တစ်ပင် ရှိနေသည်။
" မိစ္ဆာနတ်ဘုရားလား။ " ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က တုန်လှုပ်သွာူသည်။
ဘိုးဘေးနတ်ဆိုးသစ်ပင်နှင့် နှစ်ပေါင်းများစွာ တိုက်ခိုက်ပြီးနောက် မဟာမိတ်ခေါင်းဆောင်က ထိုရှေးဟောင်းသစ်ပင်က ဘိုးဘေးနတ်ဆိုးသစ်ပင်နှအလွန်တူနေသည်ကို ချက်ချင်း သတိပြုမိလေသည်။
" နေဦး မဟုတ်သေးဘူး။ ဒါက မိစ္ဆာနတ်ဘုရားမဟုတ်ဘူး။ " ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က ဂရုတစိုက် လေ့လာနေသည်။
သူက ဘိုးဘေးနတ်ဆိုးသစ်ပင်နှင့် လွန်စွာ ရင်းနှီးပြီး သူ၏ ရှေ့မှ ရှေးဟောင်းသစ်ပင်က ဘိုးဘေးနတ်ဆိုးသစ်ပင်ကဲ့သို့ ရက်စက်ယုတ်မာခြင်းများ မရှိပေ။
" အဲ့ဒါက မိစ္ဆာနတ်ဘုရားရဲ့ မျိုးဆက်ပဲ။ လွန်ခဲ့တဲ့နှစ်တစ်ရာကတည်းက အခုအချိန်ထိ အသက်ရှင်နိုင်လိမ့်မယ်လို့ ဘယ်သူက တွေးမိမှာလဲ။ " ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က သက်ပြင်းချလိုက်ပြီး သတ်ဖြတ်လိုသော အရိပ်အယောင်တစ်ခုက သူ၏ မျက်နှာပေါ်တွင် ပေါ်လာသည်။
လွန်ခဲ့သော နှစ်တစ်ရာက ဘိုးဘေးနတ်ဆိုးသစ်ပင်မှာ ထျန်းချင်းကမ္ဘာ၏ အတားအဆီးကို ဖွင့်ပြီး နတ်ဆိုးမျိုးစေ့များစွာကို ကမ္ဘာထဲသို့ ဖြန့်ကျဲခဲ့သည်။ ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က ၎င်းကို သိပြီးနောက် နတ်ဆိုးမျိုးစေ့အားလုံးကို ဖျက်ဆီးရန် စီစဉ်ခဲ့သည်။ သို့သော် နတ်ဆိုးမျိုးစေ့များထဲမှ တစ်ကောင်က ယခုအချိန်ထိ အသက်ရှင်နိုင်လိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။
" မင်းရဲ့ ဘိုဘေးတောင် ငါ မောင်းထုတ်တာ ခံလိုက်ရတာ မင်းက ဘာမလို့လဲ။ " အဝေးမှ ယိမ်းနွဲ့နေသော ရှေးဟောင်းသစ်ပင်ကို စိုက်ကြည့်ရင်း သူက တွေးလိုက်သည်။
ထိုအချိန်တွင် သူက လင်းယွမ်သေဆုံးပြီကို သေချာတွေးလိုက်သည်။ သတ္တမအလွှာ အထွတ်အထိပ်တစ်ယောက်အနေဖြင့် သူက စစ်မှန်သော ဘိုးဘေးနတ်ဆိုးသစ်ပင်ကိုပင် အချိန်တစ်ခုထိ ထိန်းထားနိုင်လေသည်။ ဘိုးဘေးနတ်ဆိုးသစ်ပင်၏ မျိုးဆက်ကို ပြောစရာပင် မလိုပေ။
" ဒုခေါင်းဆောင်ဖန် အဲ့ဒီ ဘိုးဘေးနတ်ဆိုးသစ်ပင်ရဲ့ အကြွင်းအကျန်ကို ကိုင်တွယ်ဖို့ မင်းကို တာဝန်ပေးလိုက်မယ်။ " ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က သာမန်အတိုင်း ပြောလိုက်သည်။
ဒုခေါင်းဆောင်ဖန်က အနက်ရောင်မြူခိုးတောင်တန်းထဲတွင် ထူးခြားသော အော်ရာကို ခံစားမိခဲ့သူဖြစ်ပြီး သတ္တမအလွှာ ခွန်အားကို ပိုင်ဆိုင်လေသည်။ သူအနေဖြင့် နတ်ဆိုးသစ်ပင်ကို ကိုင်တွယ်ရန် ပြဿနာမရှိပေ။
" တာဝန်ပေးတယ်။ " ဒုခေါင်းဆောင်ဖန်က ခနတိတ်ဆိတ်သွားပြီးနောက် သူက လင်းယွမ်ကို ဦးညွှတ်လိုက်သည်။ " သခင် အခု ကျွန်တော်တို့ ဘာလုပ်ရမလဲ။ "
ထိုစကားများ ထွက်ပေါ်လာပြီးနောက် လေထုက ရုတ်တရက် ထူးဆန်းသွားသည်။
ထျန်းချင်းမဟာမိတ်ခေါင်းဆောင်၏ သူငယ်အိမ်များ ကျုံ့သွားသည်။ သူအယုံကြည်ရဆုံး လူတစ်ယောက်က မိစ္ဆာနတ်ဘုရား၏ အကြွင်းအကျန်ကို သခင်ဟု ခေါ်လိမ့်မည်ဟု လုံးဝမမျှော်လင့်ထားခဲ့မိပေ။
" ဖန်ကျန်းချင်း မင်းရဲတင်းလှချည်လား။ " ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ၏ အတွေးများက လှုပ်ရှားသွားပြီး လမ်းတလျှောက်မြင်ကွင်းများက သူ၏ စိတ်ထဲတွင် ပြန်ပေါ်လာသည်။
ဖန်ကျန်းချင်းက အနက်ရောင်မြူခိုးတောင်တန်းတွင် ထူးခြားသော အော်ရာတစ်ခုကို ခံစားမိခဲ့သောကြောင့် သူတို့ကို ဤနေရာသို့ ခေါ်လာပြီး ယခု ဖန်ကျန်းချင်းက မိစ္ဆာနတ်ဘုရား၏ အကြွင်းအကျန်ကို သခင်ဟု ခေါ်နေလေသည်။ ဆိုလိုသည်မှာ ဖန်ကျန်းချင်းက ကြိုတင်စီစဉ်ခဲ့ခြင်း ဖြစ်သည်။
" မကောင်းတော့ဘူး။ အားလုံး ဆုတ်ကြ။ " ထျန်းချင်းမဟာမိတ်ခေါင်းဆောင်၏ အမူအရာက ပြောင်းလဲသွားပြီး သူ၏ လက်အောက်ငယ်သားများကို ထိုနေရာမှ ဆုတ်ခွာရန် ညွှန်ကြားလိုက်သည်။
သို့သော် ထိုခနတွင် သူ၏ ဘေးတွင် ရပ်နေသော သူအယုံကြည်ရဆုံး ချစ်ခင်ရသူ အာယန်က သူမ၏ ညာလက်ကို မြှောက်ပြီး မဟာမိတ်ခေါင်းဆောင်၏ ရိုက်လိုက်သည်။
ဝုန်း....
ထျန်းချင်းမဟာမိတ်ခေါင်းဆောင်၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။ သူ၏ အသက်စွမ်းအားများက အလွန်လျင်မြန်စွာ လျှော့နည်းသွားသည်။
ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က နောက်လှည့်ပြီး အာယန်ကို တုန်လှုပ်စွာ ကြည့်လိုက်သည်။ " အာယန် မင်း..."
သူအချစ်ရဆုံး အမျိုးသမီးက သူ့ကို ထိုကဲ့သို့ ပြင်းထန်စွာ ဆိုက်ခိုက်လမ့်မည်ဟု မထင်ထားခဲ့ပေ။
ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က သူ၏ ဒဏ်ရာကို ဖိနှိပ်ပြီး ကောင်းကင်သို့ ပျံသန်းသွားရန် ပြင်လိုက်သည်။ ထိုအချိန်တွင် သူ၏ လက်အောက်ငယ်သားအားလုံးက တညီတညွတ် ရှေ့တိုးလာကာ သူတို့၏ အော်ရာများကို ပေါင်းစည်းပြီး သူ့ကို ဖိနှိပ်လိုက်ကြသည်။
" မင်းတို့အားလုံး..." ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က သူ၏ လူများကို ကြည့်ပြီး ထိတ်လန့်ခြင်းနှင့် စိတ်ရှုပ်ထွေးခြင်းများ ဖြစ်ပေါ်နေသည်။
အနက်ရောင်မြူခိုးတောင်တန်း၏ အနက်ရှိုင်းဆုံး နေရာတွင် ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က သွေးများဆူပွက်နေပြီး ဒေါသကြောင့် ရူးသွပ်လုနီးပါး ဖြစ်နေသည်။ သူအယုံကြည်ရဆုံး သူ၏ ဒုခေါင်းဆောင်များ၊ အကြီးအကဲများ၊ သူ၏ ညီအကိုများနှင့် သူ၏ ချစ်သူ အားလုံးက သူ့ကို သစ္စာဖောက်သွားခဲ့ကြသည်။