ထျန်းချင်းကမ္ဘာ၏ မြင့်မြတ်သစ်ပင်...
Vol. 19 Ch. 296
နှစ်သုံးရာက ကမ္ဘာကြီးအတွက် မကြာသော်လည်း သက်ရှိများအတွက် ထာဝရဟုပင် ပြောဆိုနိုင်ပြီး သာမန်လူများအတွက်မူ မျိုးဆက်များစွာ ရှည်လျားလေသည်။
ထျန်းချင်းကမ္ဘာတွင် နှစ်ပေါင်းသုံးရာအတွင်း ကြီးမားသော ပြောင်းလဲမှုများ ရှိခဲ့သည်။ ပထမဆုံး သိုင်းတာအိုကျင့်ကြံခြင်းစနစ်ကို ကျယ်ပြန့်စွာ လက်ခံကျင့်သုံးလာကြသည်။
ထျန်းချင်းကမ္ဘာ၏ မူလကျင့်ကြံခြင်းစနစ်က အဆင့်တက်ရန် ခက်ခဲလှပြီး အင်အားကြီးသူများကလည်း အရင်းအမြစ်များကို လက်ဝါးကြီးအုပ်ထားကြသည်။ အောက်ခြေမှ လူများက တိုးတက်နိုင်ခြင်းမရှိဘဲ သူတို့ တစ်ဘဝလုံး အဆင့်မြင့်သောနေရာသို့ မရောက်နိုင်ကြပေ။
လွန်ခဲ့သော နှစ်ပေါင်းသုံးရာက သိုင်းတာအိုကျင့်ကြံခြင်းစနစ် ပျံ့နှံ့လာခဲ့သည်။ မူလကျင့်ကြံခြင်းစနစ်နှင့်ယှဉ်လျှင် သိုင်းတာအိုကျင့်ကြံခြင်းစနစ်၏ စတင်လေ့ကျင့်ရန် ကန့်သတ်ချက်များက အလွန်နိမ့်ပါးနေသည်။
လူသားဖြစ်နေသရွေ့ သူတို့က သိုင်းတာအိုကို ကျင့်ကြံရန် အရည််အချင်း ပြည့်မီကြသည်။ ရောက်ရှိနိုင်သော အဆင့်များကတော့ မိမိအပေါ်တွင် မူတည်လေသည်။ သို့သော် လူတိုင်းတွင် အခွင့်အရေးရှိလေသည်။
ဒုတိယအနေဖြင့် လွန်ခဲ့သော နှစ်ပေါင်းသုံးရာအတွင်း ထျန်းချင်းကမ္ဘာ၏ အကြီးမားဆုံး ပြောင်းလဲမှုဖြစ်သည်။ ကောင်းကင်ကို ထောက်ထားသကဲ့သို့ အလွန်မြင့်မားသော ရှေးဟောင်းသစ်ပင်ကြီးတစ်ပင် ကြီးထွားလာခဲ့သည်။
ထိုရှေးဟောင်းသစ်ပင်က ထျန်းချင်းကမ္ဘာ၏ မြင့်မြတ်သစ်ပင်ဖြစ်၏။ နှစ်တိုင်း နှစ်တိုင်း ကမ္ဘာပေါ်ရှိ အသန်မာဆုံး တည်ရှိမှုများက ထိုသစ်ပင်အောက်သို့ ကိုယ်တိုင်လာပြီး ဝတ်ပြုဆုတောင်းကြလေသည်။
ထိုမြင့်မြတ်သစ်ပင်၏ မိုင်တစ်သောင်းပတ်လည်ကို တားမြစ်နယ်မြေအဖြစ် သတ်မှတ်ထားသော်လည်း မြငံမြတ်သစ်ပင်က ပုရွက်ဆိတ်ကဲ့သို့ လူများ ချဉ်းကပ်လာခြင်းကို စိတ်မဝင်စားပေ။
မြင့်မြတ်သစ်ပင်နှင့် မိုင်ထောင်ချီဝေးသော နေရာတစ်ခုတွင် လူအချို့က ရပ်ပြီး မြင့်မြတ်သစ်ပင်ကို ကြည့်နေကြသည်။ ထိုအကွာအဝေးမှပင် သူတို့က မြင့်မြတ်သစ်ပင်၏ အံ့ဩထိတ်လန့်ဖွယ်ကောင်းအောင် ခမ်းနားလွန်းသည်ကို ခံစားနေရဆဲ ဖြစ်သည်။
" အဲ့ဒါ လွန်ခဲ့တဲ့ နှစ်ရာချီက အလွန်ကြောက်စရာကောင်းတဲ့ စစ်ပွဲကို အဆုံးသတ်ခဲ့တဲ့ မြင့်မြတ်သစ်ပင်ပဲ။ " ရှေ့ဆုံးမှ သက်လတ်ပိုင်းလူတစ်ယောက်က ပြောလိုက်သကဲ့သို့ သူက ဆရာတစ်ယောက် ဖြစ်ပုံရပြီး သူ၏ နောက်တွင် လူငယ် ဆယ်ယောက်ကျော် ရှိနေသည်။
" ကျွန်တော်လည်း အဲ့ဒါကို ကြားဖူးတယ်။ "
" မြင့်မြတ်သစ်ပင်က အရမ်းခမ်းနားတယ်။ "
လူငယ်များက တစ်ယောက်ပြီးတစ်ယောက် ခေါင်းငြိမ့်လိုက်ကြပြီး သူတို့၏ မျက်နှာတွင် လေးစားမှုများနှင့် ပြည့်နှက်နေသည်။
" ဒါပေမယ့်... " ထိုအချိန်တွင် လူငယ်တစ်ယောက်က တုန့်ဆိုင်းစွာဖြင့် ပြောလိုက်သည်။ " ကျွန်တော်ကြားဖူးတာ မြင့်မြတ်သစ်ပင်က စစ်ပွဲကို စတင်ခဲ့တဲ့ ဘိုးဘေးနတ်ဆိုးသစ်ပင်နဲ့ ကြီးမားတဲ့ ဆက်နွယ်မှုရှိတယ်လို့ လူတွေက ပြောကြတယ်။ "
ထိုသို့ ပြောပြီးသောအခါ လူငယ်က သူ၏ ဆရာကို သတိထားပြီး ကြည့်လိုက်သည်။ ထျန်းချင်းကမ္ဘာတွင် ထိုစကားမျိုးပြောသည်မှာ မထူးဆန်းပေ။
နှစ်သုံးရာက အရာအားလုံးကို ဖျောက်ဖျက်ရန် မလုံလောက်ပေ။ မိစ္ဆာနတ်ဘုရား၏ ကျူးကျော်မှုအတွင်း ထျန်းချင်းကမ္ဘာ၏ မရေတွက်နိုင်သော ကျင့်ကြံသူများက စစ်မြေပြင်သို့ ရောက်ခဲ့ကြသည်။
ထိုအချိန်က ဘိုးဘေးနတ်ဆိုးသစ်ပင်၏ ပုံသဏ္ဍန်ကို မှတ်မိကြသော ကျင့်ကြံသူများက ယနေ့အချိန်ထိ အသက်ရှင်နေကြဆဲ ဖြစ်ပြီး သူတို့ ဝတ်ပြုနေသော မြင့်မြတ်သစ်ပင်နှင့် ဆင်တူသည်ကို သိကြလေသည်။
" ဘိုးဘေးနတ်ဆိုးသစ်ပင်.... အဓိပ္ပါယ်မရှိတာ..." သက်လတ်ပိုင်း လူကြီးက ဒေါသထွက်သွားသည်။
" ငါမင်းတို့အားလုံးကို မေးမယ်။ ငါတို့ထျန်းချင်းကမ္ဘာကို မိစ္ဆာနတ်ဘုရားက ဘာရည်ရွယ်ချက်နဲ့ ကျူးကျော်ခဲ့တာလဲ။ " သူက လူငယ်များကို ကြည့်ပြီး လေးနက်စွာ ပြောလိုက်သည်။
" မိစ္ဆာနတ်ဘုရားက ကျွန်တော်တို့ကမ္ဘာကို ဖျက်ဆီးချင်လို့ပါ။ "
" မှန်တယ်။ ဘိုးဘေးနတ်ဆိုးသစ်ပင်က အရမ်းယုတ်မာတယ်။ သူက ငါတို့အပါအဝင် အရာအားလုံးကို စားသောက်ချင်တယ်။ "
" ကံကောင်းတာ ဘိုးဘေးနဆ်ဆိုးသစ်ပင်က ရှုံးနိမ့်သွားခဲ့တယ်။ မဟုတ်ရင် ငါတို့သွားပြီပဲ။ "
" ဒါဆို မြင့်မြတ်သစ်ပင်က ဘိုးဘေးနတ်ဆိုးသစ်ပင်နဲ့ ပက်သက်မှုရှိတယ်ဆို ငါတို့က ဒီမှာရပ်ပြီး စကားပြောနေနိုင်ပါ့မလား။ "
သက်လတ်ပိုင်းလူကြီးက ဆက်ပြောလိုက်သည်။ " လူအချို့က မြင့်မြတ်သစ်ပင်ကို သိက္ခာချတာ ငါဂရုမစိုက်ပေမယ့် မင်းတို့ကတော့ ကိုယ်တိုင်စဉ်းစားသင့်တယ်။ "
" မြင့်မြတ်သစ်ပင်ကြောင့်သာ မဟုတ်ရင် အဆင့်မြင့်တဲ့နေရာတွေက သူတို့အရင်းအမြစ်တွေကို ငါတို့အတွက် ဖွင့်ပေးပါ့မလား။ "
" မြင့်မြတ်သစ်ပင်ကြောင့် သိုင်းတာအိုကျင့်ကြံခြင်းစနစ် မပျံ့နှံ့ခဲ့ရင် မင်းတို့ထဲက ဘယ်နှစ်ယောက်က ကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းနိုင်မှာလဲ။ "
" မြင့်မြတ်သစ်ပင်ကြောင့်သာမဟုတ်ရင် ထျန်းချင်းကမ္ဘာက ဒီရာစုနှစ်တွေအတွင်းမှာ အရမ်းအေးချမ်းနေပါ့မလား။ "
သက်လတ်ပိုင်းလူကြီးက စကားပြောလာသည်နှင့်အမျှ ပို၍ မာန်ပါလာသည်။ သူက ငယ်စဉ်းကတည်းက ဘိုးဘေးနတ်ဆိုးသစ်ပင် မထွက်ပေါ်လာမီ ထျန်းချင်းကမ္ဘာက အင်အားစုကြီးများ၏ ပြိုင်ဆိုင်မှုများကြား အဆုံးမရှိသော စစ်ပွဲများနှင့် ဖရိုဖရဲ ဖြစ်ခဲ့သည်ကို ကြားဖူးခဲ့လေသည်။
အသန်မာဆုံး ထျန်းချင်းဂိုဏ်းကလည်း ပဋိပက္ခများကို ဖြေရှင်းပေးနိုင်စွမ်းရှိသော်လည်း နောက်ကွယ်တွင် နေထိုင်ပြီး ပါဝင်ပက်သက်ခြင်းမရှိခဲ့ပေ။
သက်လတ်ပိုင်းလူကြီး၏ စကားများက လူငယ်များကို အတွေးနက်သွားစေသည်။ အမှန်တကယ် ထိုစကားများက အဓိပ္ပါယ်ရှိလေသည်။
လူငယ်များက သူတို့ကျင့်ကြံသော သိုင်းတာအိုကျင့်ကြံခြင်းစနစ်မှာ မြင့်မြတ်သစ်ပင်မှ လာသည်ကို သိထားကြလေသည်။ မြင့်မြတ်သစ်ပင်၏ အမိန့်ကြောင့် ထိုအဆင့်မြင့်ပုဂ္ဂိုလ်များက သိုင်းတာအိုကို ဖြန့်ကျက်ခဲ့ကြသည်။ ထို့ကြောင့် သူတို့က သိုင်းတာအိုကျင့်ကြံခြင်းစနစ်ကို ကျင့်ကြံနိုင်ကြခြင်းဖြစ်သည်။
ယခု ထျန်းချင်းကမ္ဘာက မြင့်မြတ်သစ်ပင်၏ အလိုတော်အောက်တွင် သာမန်လူများပင် ရှင်သန်နိုင်စွမ်းရှိကြလေသည်။ သတ္တဝါအားလုံးက ပိုမိုကောင်းမွန်သောဘဝကို လျှောက်လှမ်းနိုင်ကြလေသည်။
ထိုမြင့်မြတ်သစ်ပင်က ရက်စက်ကြမ်းကြုတ်သော ဘိုးဘေးနတ်ဆိုးသစ်ပင်နှင့် ဘယ်လိုလုပ် ပက်သက်မှု ရှိနိုင်မှာလဲ။
" အဲ့ဒီလူတွေက မြင့်မြတ်သစ်ပင်ကို ဘာကြောင့် အပြင်းအထန် မေးခွန်းထုတ်နေကြတာလဲ။ အဲ့လိုလုပ်လို့ သူတို့ ဘာအကျိုးအမြတ်တွေ ရလဲ ငါဂရုမစိုက်ဘူး။ " သက်လတ်ပိုင်းလူကြီးက အသက်ပြင်းပြင်းရှူလိုက်သည်။
" ဒါပေမယ့် မြင့်မြတ်သစ်ပင်ကို ဘိုးဘေးနတ်ဆိုးသစ်ပင်နဲ့ တူအောင်ပြောတာကတော့ တကယ်ရယ်စရာကောင်းတယ်။ "
" မြင့်မြတ်သစ်ပင်က ဘိုးဘေးနတ်ဆိုးသစ်ပင် ဖြစ်နိုင်ပါ့မလား။ အဲ့ဒါက ငါတို့အားလုံးရဲ့ အကာအကွယ်ဖြစ်တဲ့ ကမ္ဘာသစ်ပင်ပဲ။ "
သက်လတ်ပိုင်းလူကြီးက အဝေးမှ မြင့်မြတ်သစ်ပင်ကို ကြည့်လိုက်ပြီး သူ၏ မျက်လုံးများထဲတွင် ရိုသေလေးစားမှုများ ပြည့်နှက်နေသည်။
" ရန်သူက ငါတို့ထဲမှာ ပုန်းနေတာပဲ။ အခုကစပြီး မြင့်မြတ်သစ်ပင်ကို ပြစ်တင်ရှုံ့ချတဲ့သူက ငါ့ရန်သူပဲ။ "
လူငယ်များက လွန်ခဲ့သော နှစ်ရာချီမှ ဘိုးဘေးနတ်ဆိုးသစ်ပင်၏ ကျူးကျော်မှုကို ဆန့်ကျင်သော တိုက်ပွဲကို သေချာမသိကြပေ။ သို့သော် ယခု သူတို့နေထိုင်သောဘဝက အလွန်ကောင်းမွန်လှပြီး အရာအားလုံးက မြင့်မြတ်သစ်ပင်၏ ကျေးဇူးများဖြစ်ဝည်။
၎င်းက ရိုးရှင်းသော နိယာမတစ်ခုဖြစ်လေသည်။ သင်ပြောသော အရာက အရေးမကြီးဘဲ သင်လုပ်သောအရာကသာ အဓိကဖြစ်သည်။
ယခု ထွန်းကားပြီး သာယာဝပြောသော ထျန်းချင်းကမ္ဘာက မြင့်မြတ်သစ်ပင်အပေါ် သံသယဝင်နေသော ကောလဟာလများကို ချေမှုန်းပစ်ပေလိမ့်မည်။
မြင့်မြတ်သစ်ပင်ထိပ်က ထျန်းချင်းကမ္ဘာ၏ အတားအဆီးနှင့် နီးကပ်နေပြီး အနည်းငယ် ကြီးထွားလာလျှင် ကမ္ဘာအပြင်ဘက်သို့ ထွက်သွားပေလိမ့်မည်။ ယခု မြင့်မြတ်သစ်ပင်၏ ပင်စည်ပေါ်တွင် ပုံရိပ်တစ်ခုထိုင်နေသည်။
" နှစ်သုံးရာ..." ထိုပုံရိပ်က လင်းယွမ်ပင် ဖြစ်သည်။
အတိအကျပြောရလျှင် ၎င်းက ဘိုးဘေးနတ်ဆိုးသစ်ပင်၏ မျိုးစေမှ ဖန်တီးထားသော လူဝင်စားခြင်း သို့မဟုတ် ကိုယ်ပွားပင်ဖြစ်သည်။
ဘိုးဘေးနတ်ဆိုးသစ်ပင်ဖြစ်လာပြီးနောက် လင်းယွမ်က ဘိုးဘေးနတ်ဆိုးသစ်ပင်၏ နတ်ဆိုးမျိုးစေ့ လူဝင်စားခြင်း အပါအဝင် စွမ်းရည်အားလုံးကို ရရှိခဲ့သည်။
ဤဆင်းသက်ခြင်းတွင် သူက နတ်ဆိုးသစ်ပင်ဖြစ်လာခဲ့သော်လည်း သူ၏ စိတ်အသိက လူသာဖြစ်သောကြောင့် သူက နတ်ဆိုးမျိုးစေ့ကို လူပုံသဏ္ဍန် ဖန်တီးပြီး အတွင်းတွင် နေထိုင်ခဲ့လေသည်။
" ကံမကောင်းတာက ဘိုးဘေးနတ်ဆိုးသစ်ပင်ရဲ့ စွမ်းရည်အများစုက ဘိုးဘေးနတ်ဆိုးသစ်ပင်နဲ့ ချိတ်ဆက်နေတယ်။ ငါ အဲ့ဒါတွေကို အပြည့်အဝ နားလည်တယ်ဆိုရင်တောင် မူလကမ္ဘာမှာ အသုံးမပြုနိုင်ဘူး။ " လင်းယွမ်က သက်ပြင်းချလိုက်၏။
ဥပမာ နတ်ဆိုးမျိုးစေ့က နတ်ဆိုးသစ်ပင်မှ ဖွဲ့စည်းရသော အရာဖြစ်ပြီး လင်းယွမ်က မူလကမ္ဘာသို့ ပြန်သောအခါ လူပုံသဏ္ဍန်နှင့် နတ်ဆိုးမျိုးစေ့ကို ဖွဲ့စည်းနိုင်ခြင်းမရှိဘဲ ကပ်ပါးကောင်စွမ်းရည်ကိုလည်း အသုံးပြုနိုင်တော့မည် မဟုတ်ပေ။
လင်းယွမ်က လူသားပုံသဏ္ဍန်ကို စွန့်လွှတ်ပြီး ဘိုးဘေးနတ်ဆိုးသစ်ပင်အဖြစ် လုံးဝ အသွင်ပြောင်းလဲရန် ဆန္ဒမရှိလျှင် အရားအားလုံးကို အမွေဆက်ခံရန် မဖြစ်နိုင်ပေ။
လင်းယွမ်က ဘိုးဘေးနတ်ဆိုးသစ်ပင်အပေါ် နားလည်မှုဖြင့် ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းကို အသုံးပြုပြီး အသက်အနှစ်သာရကို အသွင်ပြောင်းလဲနိုင်သော နည်းစနစ်တစ်ခုကို ဖန်တီးခဲ့သည်။
ထို့နောက် မူလကမ္ဘာသို့ ပြန်ရောက်လျှင် ထိုအသွင်ပြောင်းလဲခြင်း နည်းစနစ်ကို အသုံးပြုပြီး ဘိုးဘေးနတ်ဆိုးသစ်ပင်အဖြစ် စတင်ပြောင်းလဲနိုင်ပေလိမ့်မည်။
လူသားမဟာမိတ်တွင် လူသားခံယူချက်က ခန္ဓာကိုယ်တွင်မဟုတ်ဘဲ စိတ်ဝိညာဉ်ပေါ်တွင် ဖြစ်သည်။ လင်းယွမ်က ဘိုးဘေးနတ်ဆိုးသစ်ပင် ဖြစ်လာလျှင်တောင် သူ၏ စိတ်ဝိညာဉ်က မပြောင်းလဲဘဲရှိနေလျှင် လူသားမျိုးနွယ်၏ အစိတ်အပိုင်းအဖြစ် အသိအမှတ်ပြုခြင်း ခံရပေလိမ့်မည်။