ဘုရင်တန့်ယို နှင့် မရဏမျိုးနွယ် (ဆက်)
Vol. 18 Ch. 252
"မင်းတို့ အရမ်းသိချင်နေကြမှာ သေချာတယ်။ ဟုတ်တယ်မလား? တစ်ချိန်က မရဏချောက်နက် ကို တည်ထောင်ပြီး မျိုးနွယ်စုတစ်ရာကို လွှမ်းမိုးခဲ့တဲ့ မရဏမျိုးနွယ်ဟာ ဘာကြောင့်ရုတ်တရတ် သမိုင်းမြစ်ကြောင်းထဲ ပျောက်ကွယ်သွားပြီး အခုမှ အပြင်လောကလူတွေအဖြစ် ပြန်ပေါ်လာတာလဲ ဆိုတာကိုပေါ့။"
မရဏမျိုးနွယ်၏ မျိုးဆက်သံတမန်က ဘုရင်တန့်ယိုနှင့် အပေါင်းအပါများကို မာန်မာနထောင်လွှားစွာဖြင့် အပေါ်စီးမှကြည့်ရင်း ဆက်ပြောသည်။ "မင်းတို့ရဲ့ သခင်တစ်ယောက်အနေနဲ့ ငါ မင်းတို့ကို ပြောပြနိုင်သလောက်က အခုလက်ရှိ ခွင်းလွင်နယ်မြေရဲ့အခြေအနေဟာ အပေါ်ယံလောက်ပဲရှိသေးတယ်ဆိုတာပဲ။ ဟိုး...လွန်ခဲ့တဲ့ ရှေးတစ်ချိန်တုန်းကတော့ ခွင်းလွင်နယ်မြေရဲ့ အထွတ်အထိပ်ကာလဆိုတာ ရှိခဲ့သေးတာပေါ့။"
"အဲဒီအချိန်က မသေမျိုးဘုံ ဆိုတာ မရှိဘူး။ မသေမျိုးဘုံသို့တက်ရောက်ခြင်း ဆိုတာကိုတော့ စကားထဲထည့်ပြောစရာတောင်မလိုဘူး။ ဘာလို့လဲဆိုတော့ အဲဒီအချိန်က ခွင်းလွင်နယ်မြေရဲ့ ပတ်ဝန်းကျင် အခြေအနေဟာ အခု မသေမျိုးဘုံလို့ခေါ်တဲ့ အဲ့ဒီနေရာထက် အများကြီး သာလွန်တယ်။"
"နှစ်သောင်းချီ သက်တမ်းရှိတဲ့ ရှေးဟောင်းဆေးမြစ်တွေ နေရာတိုင်းမှာ ရှိပြီး မသေမျိုးပေါင်း မရေမတွက်နိုင်အောင် တည်ရှိခဲ့ကြတဲ့ နယ်မြေတစ်ခုပဲ။ သာမန် မွေးကင်းစ ကလေးတွေတောင် ဘေးဒုက္ခကျော်လွှားခြင်းအဆင့်ကနေ စတင်ကြရတဲ့အထိပေါ့။ အဲဒီအချိန်က ခွင်းလွင်နယ်မြေဟာ ကြယ်တံခွန်နယ်မြေ ပေါင်းများစွာကို အုပ်စိုးချုပ်ကိုင်ခဲ့တယ်။ နယ်ခြားမျိုးနွယ်တွေက သူတော်စင်တွေနဲ့ နတ်သမီးတွေ အတော်များများက ခွင်းလွင်နယ်မြေကို မြင့်မြတ်စင်ကြယ်လှတဲ့ ကျင့်ကြံရေးနယ်မြေတစ်ခုအဖြစ် သဘောထားပြီး သူတို့ရဲ့ မြင့်သွန်းလှတဲ့ မူလနောက်ခံအဆင့်အတန်းတွေကိုတောင် စွန့်လွှတ်ခဲ့ကြပြီး ခွင်းလွင်ရှေးဟောင်းဂိုဏ်းတွေမှာ သာမန်တပည့်အဖြစ် လာရောက်သစ္စာခံခဲ့ကြတယ်လေ။"
ထိုအကြောင်းများကို ပြောပြနေစဥ်တွင် သံတမန်၏စကားသံ၌ တမ်းတမှန်းဆနေသည့် ဆွေးမြည့်မြည့်ခံစားချက်နှင့် ဝမ်းနည်းမှုအရိပ်အယောင်လေးလည်း ထင်ဟပ်နေသည်။
သူတို့ ကိုယ်တိုင် ထိုသို့ ခမ်းနားထည်ဝါခဲ့သော တစ်ခေတ်တစ်ခါအား မျက်မြင်မတွေ့ခဲ့ရလျှင်တောင် ထိုမျှအင်အားကြီးမားသောမျိုးဆက်၏ ဆက်ခံသူတစ်ဦးဖြစ်ခွင့်ရသည်အား ဂုဏ်ယူမဆုံးနိုင်ကြပေ။
"သူပြောနေတာတွေက အမှန်ရောဟုတ်ရဲ့လား?" မရဏချောက်နက် ဘုရင်တွေမှာတော့ ယုံရခက်ခက်ပင်။ ခွင်းလွင်နယ်မြေဟာ အရင်က ဒီလောက် အစွမ်းထက်ခဲ့တာလား!
သူတို့မှာတော့ ခက်ခက်ခဲခဲနဲ့ အတားအဆီးပေါင်းများစွာကို ကျော်ဖြတ်ခဲ့ရပြီးမှ ဘေးဒုက္ခကျော်လွှားခြင်းအဆင့် ကျင့်ကြံသူတွေ ဖြစ်လာပြီး အဲဒီအခါမှ အုပ်စိုးသူဘုရင်နေရာကို ကျားကုတ်ကျားခဲအရယူခဲ့ရတာ။ ဒါလိုကြိုးစားယူရတဲ့အဆင့်က အဲ့ဒီရှေးခေတ်ကာလတစ်ချိန်မှာတော့ မွေးကင်းစကလေးအဆင့်ပဲပေါ့လေ။
ဘုရင်တန့်ယို အသက်ရှူနှုန်း မြန်ဆန်လာပြီး တင်းတင်းဆုပ်ထားသောလက်သီးများမှာလည်း အသံတဖျစ်ဖျစ်မြည်လျက်ရှိ၏။ သူသာ ထိုအချိန်ကမွေးဖွားလာခဲ့လျှင် ယခုလို မသေမျိုးအဆင့်ကိုမတက်နိုင်ဘဲ ဘေးဒုက္ခကျော်လွှားခြင်းအဆင့်မှာ ပိတ်မိနေရတဲ့ဖြစ်ရပ်မျိုး ကြုံတွေ့ရတော့မည်မဟုတ်။
ဘာလို့လဲဆိုတော့ အခုလက်ရှိ သူတို့အတွက် မသေမျိုးဘုံသို့တက်ရောက်ခြင်း ဆိုတာ သာမန်လူတစ်ယောက် ကောင်းကင်ကိုပျံတက်ဖို့ မဖြစ်နိုင်သလောက်အထိ ခက်ခဲနေလို့ပါပဲ!
တစ်ချိန်တည်းမှာပင် ဘုရင်တန့်ယိုသည် ကြီးစွာနောင်တရပြီး အတွေးများရှုပ်ထွေးနေသည်။ ထိုရှေးခေတ်တစ်ချိန်၏ ဂုဏ်ကျက်သရေမှာ အဘယ်ကြောင့် ဆက်လက် မတည်တံ့နိုင်ခဲ့သနည်းဟု တွေးတောမိရ၏။ ခေတ်ကာလများစွာ ကွာခြားကြာညောင်းသွားသည်ဆိုလျှင်ပင် ပြောင်းလဲမှုသည် ဤမျှလောက် မကြီးမားသင့်ပေ။
"နောက်ပိုင်းမှာတော့ ခွင်းလွင်နယ်မြေဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ အပြောင်းအလဲကြီးတစ်ခုကို ကြုံတွေ့ခဲ့ရတယ်။ ဒီအပြောင်းအလဲက ခွင်းလွင်နယ်မြေရဲ့ ပတ်ဝန်းကျင်ကို ပြောင်းပြန်လှန်ပစ်ခဲ့ပြီး သန်းပေါင်းများစွာသော သက်ရှိသတ္တဝါပေါင်း ကံကြမ္မာအလှည့်အပြောင်းတစ်ခု ဖြစ်ခဲ့တယ်။ အင်အားကြီး ပုဂ္ဂိုလ်တွေအများကြီး ဆုံးရှုံးခဲ့ရပြီး နေရာတိုင်းမှာ သွေးချောင်းစီးခဲ့ရတဲ့ အချိန်တွေပေါ့လေ။ မသေမျိုးပေါင်း မရေမတွက်နိုင်အောင် သေဆုံးခဲ့တယ်။ ခွင်းလွင်နယ်မြေ ဟာ မူလ ချီ ဓာတ်တွေ အများအပြား ဆုံးရှုံးခဲ့ရပြီး မျိုးနွယ်စုအားလုံး ပျက်စီးခဲ့ရတယ်။"
"ကံကောင်းစွာနဲ့ပဲ၊ ငါတို့ရဲ့ မရဏမျိုးနွယ် ဘိုးဘေးကြီးက ဒီလိုအပြောင်းအလဲတွေကို ကြိုတင်မြော်မြင်မိခဲ့တဲ့အတွက် မငြိမ်မသက်မှုတွေကြားကနေ သူ့လူတွေကို ခွင်းလွင်နယ်မြေကနေ ခေါ်ထုတ်သွားပြီး တခြား ကြယ်တံခွန်နယ်မြေတွေမှာ အခြေချခဲ့တယ်။ မင်းတို့ရဲ့ ဘိုးဘေးတွေကတော့ မရဏချောက်နက်မှာပဲ ကျန်ရစ်ခဲ့ပြီး ငါတို့လက်ထဲက စစ်တုရင်နယ်ရုပ်တစ်ခုအဖြစ် တာဝန်ထမ်းဆောင်ပေးပါ့မယ်လို့ သစ္စာခံခဲ့ကြတာပဲ"
"အခုတော့ ဒီရှေးဟောင်းကမ္ဘာကြီး ပြန်လည်နိုးထတော့မယ်။ နဂါးက အချိန်ကြာမြင့်စွာ အိပ်စက်ပြီးနောက် ကိုယ်ပိုင်အသွင်ကို ထုတ်ပြလာတော့မယ်။ အဲဒီအချိန်မှာ ရှေးဟောင်းခေတ်ရဲ့ တိမ်မြုပ်နေခဲ့တဲ့ ဂုဏ်ကျက်သရေတွေ ပြန်လည်ပေါ်ထွန်းလာလိမ့်မယ်!"
"ငါတို့ မရဏမျိုးနွယ်ဆီကို ရောက်လာရတဲ့ အကြောင်းရင်းကတော့ နယ်ခြားမျိုးနွယ် တွေ ခွင်းလွင်နယ်မြေကို မကျူးကျော်လာခင် ကြိုတင်စီစဉ်မှုတွေ ပြုလုပ်ပြီး အသာစီးရဖို့ပဲ!"
မရဏမျိုးနွယ်သံတမန်က မျိုးနွယ်စု၏ ရည်မှန်းချက်ပန်းတိုင်များကို ပြန်လည်အောက်မေ့ရင်း ရည်မှန်းချက်ခိုင်မာစွာဖြင့် ပြောလာသည်။
"ဒီလိုတွေရှိခဲ့တာကိုး"
ဘုရင်တန့်ယို၏ နှလုံးသားမှာ လွန်စွာခါးသက်နာကျည်းလျက်။ သူဟာ မရဏမူရင်း တော်ဝင်နန်းတော်ကို အုပ်ချုပ်သူ၊ သူရဲကောင်းတို့မော်ဖူးရာ ပလ္လင်အထက်က အုပ်စိုးသူ၊ ဤဒေသတစ်ကြော၏ တစ်ဦးတည်းသောအာဏာရှင်ဖြစ်ခဲ့ပေသည့် နောက်ဆုံးတော့ တစ်ပါးသူ၏လက်အောက်က ခွေးတစ်ကောင်ထက်မပိုခဲ့...
ဤမျှကွာခြားသော အနေအထားကို သူချက်ချင်းလက်ခံနိုင်စရာမရှိပေ။
"နေဦး၊ မင်းတို့ ခွင်းလွင်နယ်မြေကို ဘယ်လိုဝင်လာတာလဲ? ပြီးတော့ ဘာလို့ မင်းတို့ခြောက်ယောက်ပဲ ရောက်လာရတာလဲ?" ဘုရင်တန့်ယို ရုတ်တရက် သတိရပြီး ယုံတစ်ဝက် မယုံတစ်ဝက်ဟန်ဖြင့် မေးလိုက်သည်။
ပါးစပ်ကတော့ အဆုံးမရှိလေကျယ်နေတာပဲ။ ဒါဆိုရင် မင်းတို့ရဲ့ ကြီးကျယ်ခမ်းနားလှတဲ့ ရှေးဟောင်း မရဏမျိုးနွယ် ဘာလို့ လူအများကြီး မပို့နိုင်ရတာလဲ? ဒီလောက်ကြီးမားတဲ့ ကံကြမ္မာအချိုးအကွေ့တစ်ခုမှာ ဘာလို့ မရဏချောက်နက် မျိုးနွယ်စုတစ်ရာရဲ့ အင်အားကို သုံးပြီး အရှေ့တိုင်းစီရင်စုကို တိုက်ခိုက်ဖို့စီစဥ်ရတာလဲ?
"ဟမ့်၊ ငတုံးကောင်၊ မင်းက ခွင်းလွင်နယ်မြေကို ဝင်ချင်တဲ့အချိန်တိုင်း ဝင်လို့ရတဲ့ နေရာလို့ ထင်နေတာလား?"
မရဏမျိုးနွယ်သံတမန်က မလွင့်ပျယ်သေးသော စိုးကြောက်စိတ်ဖြင့် ရှင်းပြလာသည်။ "တစ်ချိန်က ထာဝရ မပျက်စီးနိုင်တဲ့ ကမ္ဘာတစ်ခုအနေနဲ့ ကျဆင်းမှုကာလကို ရောက်ပြီးနောက်မှာတောင် သူ့ရဲ့ အားနည်းလျော့ရဲနေတဲ့ ဘုံဥပဒေဟာ ကြောက်မက်ဖွယ်ကောင်းနေတုန်းပဲ။ ပြင်ပလောကက အင်အားဘယ်လောက်ကြီးမားတဲ့ဖြစ်နေနေ ခွင်းလွင်ကမ္ဘာမြေထဲ အတင်းအကြပ် ဝင်ရောက်ဖို့ ကြိုးစားရင် တိုက်ရိုက် ဖျက်ဆီးခံရပြီး သူတို့ရဲ့ ဝိညာဉ်ပါမကျန် ပျက်စီးသွားလိမ့်မယ်။"
"ဒါ့အပြင် အဲဒီကြီးမားတဲ့ ရိုက်ချက်တစ်ချက်ကို ခံစားလိုက်ရပြီးကတည်းက ခွင်းလွင်နယ်မြေရဲ့ တာအိုလမ်းကြောဟာ ကာကွယ်ရေးပုံစံအဖြစ် ကူးပြောင်းသွားခဲ့ပြီး နယ်စည်းကာကွယ်ရေးက ပိုခိုင်မာလာတဲ့အတွက် ထိုးဖောက်ဝင်ရောက်ဖို့က လွယ်ကူမနေခဲ့ဘူးလေ။"
"ငါတို့ခြောက်ယောက် ဝင်နိုင်ခဲ့တဲ့ အကြောင်းရင်းက ခွင်းလွင်မှာနေထိုင်ခဲ့တဲ့ ဘိုးဘေးတွေရဲ့ အနီးစပ်ဆုံမျိုးဆက်ဖြစ်နေလို့ပါ။ ငါတို့ခန္ဓာကိုယ်မှာ ခွင်းလွင်နယ်မြေဇာတိခံသတ္တဝါတွေရဲ့သွေးတွေ စီးဆင်းနေဆဲပဲ။ ဒါကြောင့် ငါတို့ဝင်ရောက်ဖို့ နည်းနည်းလောက်ပိုပြီး လွယ်ကူခဲ့တာပေါ့။ ဒါတောင်မှ ငါတို့ဘေးကင်းကင်းနဲ့ ဒီအထိရောက်သွားစေဖို့အတွက် မျိုးနွယ်စုက ထိုက်ထိုက်တန်တန်ကို ပေးဆပ်ခဲ့ရပါသေးတယ်"
"အစကတော့ ဒီအထိ အောင်အောင်မြင်မြင် ဝင်ရောက်ပြီးနောက်မှာ စိတ်ကြိုက်မွှေနှောက်လို့ရပြီး ဒီက ဇာတိခံလူသားတွေကို အလွယ်တကူ နှိမ်နင်းနိုင်မယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ ငါတို့က ခွင်းလွင်ရဲ့တာအိုစည်းမျဥ်းကို အထင်သေးခဲ့မိတာပဲ။ ဒီနေရာမှာ ကိုယ်ပိုင်အစွမ်းကို သုံးလိုက်မိတာနဲ့ စည်းမျဥ်းတွေက မူမမှန်မှုကို ချက်ချင်းထောက်လှမ်းမိပြီး ဖျက်ဆီးချေမှုန်းလိုက်ကြလိမ့်မယ်။ ဆိုတော့ ဒီမှာတိုက်ခိုက်နိုင်ဖို့ဆိုရင် ငါတို့ရဲ့ချီစွမ်းအင်ကို ဒီနေရာနဲ့ လိုက်လျောညီထွေဖြစ်အောင် ညှိယူဖို့လိုတယ်။ ဒီအတွက်လည်း ခက်ခဲပြီး အချိန်အတော်ယူရပြန်ဦးမယ်လေ!"
မရဏမျိုးနွယ်သံတမန်က လက်သီးကိုတင်းတင်းဆုပ်ပြီး ဒေါသတကြီးဆိုလာသည်။ "မဟုတ်ရင် ဘာလို့ မင်းတို့လို အစေခံတွေရဲ့ အင်အားကို ငှားသုံးဖို့ လိုမှာလဲ? ငါတို့ ခြောက်ယောက်တည်းရဲ့ အင်အားနဲ့ အရှေ့တိုင်းစီရင်စုရဲ့ ပြည်နယ်ဆယ့်လေးခုလုံးကို ဖြတ်ထုတ်သိမ်းယူပြီး ခုခံသူအားလုံးကို သတ်ပစ်နိုင်တယ်!"
လွန်စွာဂုဏ်မောက်ကြွားဝါနေသော စကားဖြစ်ပါလျက် မရဏချောက်နက်ဘုရင်များ၏ရင်ထဲတွင် သံသယစိတ် တစိုးတစိမှ မပေါ်ပေါက်လာခဲ့ကြပေ။
“ဒါဆို ဒါကြောင့် မင်းတို့က မရဏချောက်နက် မျိုးနွယ်စုတစ်ရာကို အရှေ့တိုင်းစီရင်စုတစ်လွှား စစ်တပ်စေလွှတ်ခိုင်းပြီး နေရာအနှံ့အပြားမှာ ဝှက်ထားတဲ့ ကြယ်တံခါးတွေကို သိမ်းပိုက်ခိုင်းတာပေါ့၊ ဒါမှ မင်းတို့မျိုးနွယ်ဝင်တွေ ခွင်းလွင်နယ်မြေကို ချောချောမွေ့မွေ့ ဝင်နိုင်မယ့် လမ်းကြောင်းတစ်ခု ဖွင့်ပေးနိုင်မှာပေါ့လေ”
ဘုရင်တန့်ယို မျက်လုံးများကိုမှေးစင်းလျက် တစ်ဖက်လူအား ခပ်စူးစူးစိုက်ကြည့်လိုက်သည်။ “ဒါပေမဲ့ မင်း အရင်က ပြောခဲ့သလိုဆိုရင် မင်းတို့ မရဏမျိုးနွယ် အင်အားကြီးသူတွေ အားလုံး ဆင်းသက်လာရင်တောင် တာအိုစည်းမျဥ်းက အလွတ်ပေးလိမ့်မှာမဟုတ်ဘူးဆို။ အဲဒီအချိန်ကျ ဘာစွမ်းအားမှထုတ်မသုံးနိုင်ရင် ဒေသခံ လူသားမျိုးနွယ် အင်အားစုတွေရဲ့ ပြန်လှန်တိုက်ခိုက်မှုကို ခံရဦးမှာ မဟုတ်ဘူးလား?”
သူပြောသလို မရဏမျိုးနွယ်စုဝင်များ ခွင်းလွင်နယ်မြေသို့ ဝင်ရောက်လာနိုင်လျှင်ပင် စွမ်းအင်ကိုညှိယူဖို့ အချိန်တစ်ခုတော့ ယူရပေဦးမည်။ စွမ်းအားကို အချိန်မတိုင်မီ ထုတ်ဖော်မိလျှင် တာအိုစည်းမျဥ်းတို့၏ အပြစ်ပေးချေမှုန်းခြင်းကို ခံရနိုင်သည်။ မရဏမျိုးနွယ်မှ အင်အားကြီးသူ အများအပြား ဆင်းသက်လာချိန်တွင် လူသာကျင့်ကြံသူတို့က သတိမထားမိဘဲ ရှိပါဦးမလား?
တကယ်လို့ အဲ့လိုအခြေအနေမှာ မဖြစ်မနေတိုက်ခိုက်ရမယ်ဆိုရင် မရဏမျိုးနွယ်က အသာစီးရနိုင်ပါဦးမလား။
စာစဉ်ပြီး၏