← Chapters

ဓားအလင်းတစ်ချက်က ပြည်နယ်ဆယ့်လေးခုကို ပြာကျစေမယ်

Vol. 18 Ch. 239

ဓားအလင်းတစ်ချက်က ပြည်နယ်ဆယ့်လေးခုကို ပြာကျစေမယ်

Vol. 18 Ch. 239

ချန်ရှောင်းတစ်ယောက် စိတ်ဓာတ်ကျကာ သူ့ဘဝသူ မေးခွန်းထုတ်နေသည်ကို မြင်တော့ အကြီးအကဲလျို လေးနက်စွာ သတိပေးလာ၏။ " ကျင့်ကြံသူချန်၊ မင်းက ဒီအသုံးမကျတဲ့ ကျော်ကြားမှုနဲ့ ဂုဏ်သတင်းကို အရမ်းဂရုစိုက်လွန်းနေပြီ။ အမှန်တရားက အရေးမကြီးဘူး၊ အရေးကြီးတာက ပိုမြင့်တဲ့ ရာထူးကို ရောက်အောင်သွားဖို့ပဲလေ။"

ချန်‌ရှောင်း နာကျင်စွာ ရယ်မောလိုက်သည်။ "ကျွန်တော့်ကို ခင်ဗျားတို့ရဲ့ ညစ်ပတ်တဲ့ သစ္စာဖောက်မှုအစီအစဥ်ထဲ ဝင်ပါခိုင်းနေတာလား? နှစ်သောင်းချီ အမင်္ဂလာ ဖြစ်စေမယ့် လုပ်ရပ်မျိုးကို လုပ်ခိုင်းနေတာလား?"

ဂိုဏ်း၏လုပ်ရပ်များကို သူဘယ်လိုနည်းနှင့်မှ နားလည်မပေးနိုင်ပေ။ အရှေ့ပိုင်းစီရင်စု၏ နံပါတ်တစ် သန့်ရှင်းစင်ကြယ်သော ကျင့်ကြံခြင်းနယ်မြေက ဘာလို့ မရဏချောက်နက် သတ္တဝါတွေနဲ့ ပူးပေါင်းဖို့ ကိုယ့်အဆင့်ကိုယ် နှိမ့်ချပစ်ရတာလဲ? မကောင်းမှုတွေ ဘူးပေါ်သလိုပေါ်ပြီး ပတ်ပတ်လည်ကဂိုဏ်းတွေ ဝိုင်းဝန်းတိုက်ခိုက်တာကိုခံရမှာ မစိုးရိမ်မိဘူးလား?

"ကျင့်ကြံသူချန်၊ မင်းဘာမှ မသိသေးပါဘူး၊ ဂိုဏ်းနဲ့ မရဏချောက်နက်တပ်ဖွဲ့တို့ ပူးပေါင်းတာက နောက်ကွယ်က အင်အားစုတွေကို အာမခံချက်တစ်ခုပေးဖို့ပဲ။ လူသားမျိုးနွယ်ရဲ့ ဖြောင့်မတ်မှုဆိုတာဟာလည်း သေခြင်းရှင်ခြင်းကြားမှာ ဘာမှအရေးပါတော့မှာမဟုတ်ဘူး။ ဒီကမ္ဘာကြီးက ကြီးမားတဲ့ ပြောင်းလဲမှုတွေ တွေ့ကြုံရတော့မယ်၊ ယွီဟွားဂိုဏ်းရဲ့ ဓလေ့ထုံးတမ်းကို ဆက်လက်တည်တံ့စေဖို့ အစောကြီးကတည်းက စီစဉ်ထားရမယ်လေ" အကြီးအကဲလျိုက တိုးတိုးလေး ရှင်းပြလိုက်သည်။

"ဘာ?!"

ချန်‌ရှောင်း အသက်ရှုမဝဖြစ်သွားရသည်။ ဒီစကားတွေထဲမှာ ပါလာတဲ့ သတင်းအချက်အလက်တွေက အရမ်းများလွန်းတယ်၊ တွေးကြည့်ရုံနဲ့ ကြောက်စရာကောင်းတယ်။

ဂိုဏ်းရဲလုပ်ရပ်က မှန်နေတာရော ဖြစ်နိုင်မလား?

ချန်‌ရှောင်း အတွင်းစိတ်က ဒွိဟဖြစ်စွာဖြင့် ခဏတာမျှ ဆုံးဖြတ်ချက်မချနိုင်ဖြစ်နေသည်။

အကြီးအကဲလျို ခေါင်းခါလိုက်သည်။ "မင်းမှာ ကြီးမားတဲ့ အလားအလာရှိတယ်။ အဲဒီဘက်က လူတစ်ချို့တောင် မင်းကို အရမ်းတန်ဖိုးထားတာလေ။ မင်းရဲ့ အနာဂတ်က ချောမွေ့ရှင်းလင်းမယ့် ကံကြမ္မာပါပြီးသား၊ ပိုမြင့်တဲ့နေရာကို ရောက်မှ ပိုဝေးဝေးကို လှမ်းမျှော်ကြည့်နိုင်လိမ့်မယ်။ ဒီလိုကြမ်းတမ်းတဲ့လောကကြီးမှာ ဘာဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် စည်းမျဥ်းတွေအများကြီး ကန့်သတ်ထားနေမှာလဲ? မင်း နောင်တစ်ချိန် မသေမျိုးဘိုးဘေးကြီး ဖြစ်လာပြီး သတ္တဝါအားလုံးအားလုံးရဲ့အထက်ကို ရောက်တဲ့အခါ ကျော်ကြားမှုတွေ ဂုဏ်သတင်‌းကောင်းတွေဆိုတာ ဘာမှအရေးမပါမှန်း သိလာလိမ့်မယ်။ ဒီကမ္ဘာမှာ ခွန်အားသာလျှင် အမှန်တရားပဲ။"

"ပြောစရာရှိတာ အားလုံးပြောပြီးပြီ။ မင်း ဒီမှာနေခဲ့။ အခု ငါ လူသတ်ပွဲကြီး စတင်တော့မယ်!"

ဗုံး!

ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီး ပတ်ဝန်းကျင်ရှိ သဲနှင့် ကျောက်များ အရှိန်ကြောင့် ကြေမွပျက်စီးသွားရသည်။ ထိုအချိန်တွင် အကြီးအကဲလျို၏ ဆံပင်များမှာ ရူးသွပ်စွာ လွင့်ပျံလျက်ရှိပြီး သူ၏ နက်ရှိုင်းသော မျက်လုံးများတွင် ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်များ လျှံထွက်နေ၏။ ထိုနေ့ာက် ရုတ်တရက် ကောင်းကင်သို့ ထိုးတက်သွားရာ တောင်တစ်ခုလုံး ပြိုကျသွားတော့မတတ် တုန်ခါသွားရလျက်။

သူသည် တောက်ပသော အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး ပြင်းထန်သော အရှိန်အဝါဖြင့် ဓားဆင့်ခေါ်ဂိုဏ်းဆီသို့ တိုက်ရိုက် ဦးတည်ပျံသန်းသွားတော့၏။

"ယဲ့ကျွင်းလင်၊ မင်းရဲ့ ပြိုင်ဘက်က ငါပဲ!" အိုမင်းသော အသံကြီးမှာ မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်နေပြီး ပြင်းထန်သော တိုက်ခိုက်လိုစိတ်များ ပါရှိသည်။

ဓားဆင့်ခေါ်ဂိုဏ်း။

အမှောင်မျိုးနွယ်၊ ညနက်မျိုးနွယ်နှင့် အရိပ်မျိုးနွယ် တို့၏ မဟာမိတ်တပ်ဖွဲ့သည် ထိတ်လန့်နေသော တပည့်များနှင့် အကြီးအကဲများကို ကြည့်ကာ မျက်နှာများကို အလွန်ကြောက်မက်ဖွယ်ကောင်းစွာ ပြူးပြဖြဲပြနေကြရင်း ရက်စက်သော အပြုံးများဖြင့် ကျေနပ်နေကြတော့၏။

ထိုမရဏချောက်နက် သတ္တဝါများသည် မကြခာင် လူသတ်ပွဲကြီးကို စတင်တော့မည်ဖြစ်ပြီး ဤရှေးဟောင်းဂိုဏ်းကို သွေးချောင်းစီးအောင် ဖျက်စီးပေတော့မည်!

ဓားဆင့်ခေါ်ဂိုဏ်းကို အလုံးစုံ ဖျက်ဆီးလိုက်နိုင်သည်နှင့် ဤတာအိုပြည်နယ် ရှိ မည်သည့်အင်အားစုမျှ သူတို့ကို တားဆီးနိုင်တော့မည်မဟုတ်ပေ!

"မင်းတို့ သားရဲကောင်တွေ၊ ဘယ်သူ ရှေ့တက်ရဲလဲ၊ လာကြစမ်း!" တားမြစ်ကျင့်ကြံနယ်မြေ၏ နက်ရှိုင်းသောအတွင်းတစ်နေရာမှ ဘေးဒုက္ခကျော်လွှားခြင်းအဆင့် ကျွမ်းကျင်သူအချို့ ထွက်လာကြသည်။ အမျိုးသမီးများရော အမျိုးသားများပါ ရောနှောပါဝင်ပြီး ၎င်းတို့အားလုံးသည် ဓားဆင့်ခေါ်ဂိုဏ်း ၏ အစစ်အမှန် အခြေခံအုတ်မြစ်များ ဖြစ်ကြကာ သူတို့၏ သက်တမ်းမှာ ကျောက်ဖြစ်ရုပ်ကြွင်းများဖြင့်ပင် နှိုင်းယှဥ်နိုင်လောက်သည်အထိ ရှည်လျားလှပေ၏။

ဂိုဏ်းတစ်ခုလုံး ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရသည်ကို မြင်သောအခါ သူတို့အားလုံး ကျူးကျော်သူများကို တိုက်ခိုက်ရန် ထွက်ပေါ်လာကြခြင်းပင်။

"ဟဲဟဲ၊ ဒီတစ်ခေါက်တော့ ငါတို့က အနိုင်ရဖို့ ဆုံးဖြတ်ထားပြီးသား!"

သိသာထင်ရှားသော ခြိမ်းခြောက်မှုကို ခံစားမိသော အမှောင်မျိုးနွယ် ခေါင်းဆောင်က လှောင်ပြောင်ရယ်မောလိုက်ပြီး မရဏမူလဆေးလုံး တစ်လုံးကို ထုတ်ယူကာ ချက်ချင်းဆိုသလို မျိုချလိုက်သည်။

ဗုံး!

မီးတောင်တစ်ခုလို ကြီးမားပြင်းထန်သော အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာသည်။ အမှောင်မျိုးနွယ် ခေါင်းဆောင်၏ ကျင့်ကြံဆင့်သည် ဘေးဒုက္ခကျော်လွှားခြင်း၏ ပြီးပြည့်စုံခြင်းအဆင့်ထိ မြင့်တက်သွားပြီး သူ့မျက်လုံးများက ခရမ်းရင့်ရောင် နတ်ဘုရားဆန်ဆန် အလင်းများ ထွက်ပေါ်လာသည်။ သူ့မျက်နှာသည် အလွန်ကြောက်မက်ဖွယ်ကောင်းပြီး လူအများကို ကိုက်ဖြတ်စားသောက်တော့မည် သားရဲတစ်ကောင်ကဲ့သို့။

အရိပ်မျိုးနွယ်နှင့် ညနက်မျိုးနွယ်မှ ဘုရင် ဆယ်ယောက်ကျော်ခန့်သည်လည်း ဆေးလုံးများကို ထုတ်ယူကာ တစ်လုံးပြီးတစ်လုံး မျိုချလိုက်ကြသည်။ ထို့နောက် သူတို့အားလုံး ခေါင်းမော့ကာ နားကွဲမတတ် အော်ဟစ်ကြပြီး သူတို့ခန္ဓာကိုယ်များတွင် ကြောက်မက်ဖွယ် စွမ်းအင်များ ပေါက်ကွဲထွက်လာကြတော့၏။ သူတို့အားလုံး ဘေးဒုက္ခ‌ကျော်လွှားခြင်း၏ ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေကြလေပြီ။

တားမြစ်ကျင့်ကြံနယ်မြေမှ ထွက်လာသော ဓားဆင့်ခေါ်ဂိုဏ်း ကျွမ်းကျင်သူ အချို့၏ နဖူးတွင် ပဲစေ့အရွယ် ချွေးစက်များ စီးကျလို့လာပြီး သူတို့၏ အမူအရာများက မယုံကြည်နိုင်ဟန်များ အပြည့်ရှိနေသည်။

အောင်ပွဲခန့်မှန်းချေကား ယခုအချိန်တွင် ထပ်မံ၍ ကွဲပြားသွားပြန်ပြီ မဟုတ်လော။

အန်းကျစ်ကျိုင်း မျက်စိမျက်နှာပျက်ကာ သူ့နှလုံးသားထဲမှ နက်ရှိုင်းသော အန္တရာယ်ခံစားမှုတစ်ခု ပေါ်ပေါက်လာသည်။

ဓားဆင့်ခေါ်ဂိုဏ်း တစ်နေ့နေ့မှာ ဒီလိုချောင်ပိတ် ဝိုင်းရံခံရလိမ့်မယ်လို့ သူ မတွေးခဲ့ဖူးပေ။

"ဂိုဏ်းချုပ်အန်း၊ ပညာရှိဆိုရင် အခြေအနေကို သဘောပေါက်ရောပေါ့။ မင်း ငါတို့နဲ့ ပူးပေါင်းဖို့ စဉ်းစားနိုင်တယ်၊ ဒါဆို မင်းနဲ့ မင်းရဲ့ ဆွေမျိုးသားချင်းတွေ ဒီဘေးကနေ အသက်ရှင်နိုင်ဦးမှာပဲ။"

"မဟုတ်ရင်တော့ အသက်ရှင်ဖို့ အခွင့်အရေး ထပ်မရှိတော့ဘူး!"

ပုပုဝတ အရိပ်မျိုးနွယ်ဘုရင်က နက်ရှိုင်းသောအသံဖြင့် ခြိမ်းခြောက်လိုက်၏။

"ဖေဖေ၊ မသဘောတူပါနဲ့! သမီး သေရမှာ မကြောက်ဘူး!" အန်းမြောင်ယိ မျက်လုံးတွေ နီရဲလျက် ဝင်ပြောလာသည်။

အန်းကျစ်ကျိုင်း မျက်နှာက အတော်လေးအကျပ်ရိုက်နေဟန်ပင်။ "မြောင်ယိ၊ မင်းကို မကာကွယ်နိုင်တာ ဖေဖေ့အပြစ်ပါပဲ။"

ထို့နောက် သူသည် ပုပုဝဝ အရိပ်မျိုးနွယ်ဘုရင်ကို ပြန်စိုက်ကြည့်လိုက်သည်။ သူ့ကိုယ်ခန္ဓာမှ နဂါးတစ်ကောင်ကဲ့သို့ အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာပြီး သူ့ဝတ်ရုံစများက လှုပ်ယိမ်းနေလျက်။ သူ့မျက်နှာတွင် သေခြင်းကို တည့်တည့်ရင်ဆိုင်ရန် ဆုံးဖြတ်ထားသော ပြတ်သားခိုင်မာသည့် အမူအရာအပြည့်ဖြင့် အံကြိတ်ကာ တုံ့ပြန်စကားဆိုသည်။ "မင်းတို့ သားရဲကောင်တွေ၊ အန်းမိသားစုမှာ ကြောက်သွေးပါရင် ဖောက်ထုတ်ပစ်လိုက်မယ်ကွ၊ မင်းတို့ဆီတော့ ဘယ်တော့မှ ခေါင်းငုံ့မှာမဟုတ်ဘူး! အဆိုးဆုံးမှ သေရုံပဲရှိတာပေါ့ကွာ!!"

"ကမ်းလှမ်းချက်ကို တန်ဖိုးမထားရင် မင်းလည်း သူတို့နဲ့အတူ သေချာပေါက်မြေမြှုပ်ခံရမှာပါပဲ!" အရိပ်မျိုးနွယ်ဘုရင်က အေးစက်စွာ ပြောလိုက်သည်။

"ဂိုဏ်းချုပ်!" ဖန်းသယ်ကျန့် ဝမ်းနည်းပူဆွေးနေသော်ငြား လှုပ်ယိမ်းကခုန်နေဆဲခန္ဓာကိုယ်ကြောင့် ဤအခြေအနေတွင် ဝင်ပြောင်သလိုပင်ဖြစ်နေတော့သည်။

လီဝူကျယ်တို့အဖွဲ့မှာလည်း လေးနက်သောမျက်နှာအမူအရာဖြင့် အသင့်အနေအထားတွင် ရှိကြ၏။

သူတို့သည်လည်း မည်မျှအထိ ပြိုင်ဘက်ကင်းနေပါစေ၊ လက်ရှိတွင် ဘေးဒုက္ခကျော်လွှားခြင်း ပြီးပြည့်စုံခြင်းအဆင့် ဆယ်ယောက်ကျော်ကျော်သာမက မရဏချောက်နက် တပ်ဖွဲ့အများအပြားလည်း ရှိနေတာကြောင့် တိုက်ပွဲက ပြင်းထန်မည်မှာ မလွဲမသွေပင်။

ထိုအချိန်တွင်။

ယဲ့ကျွင်းလင် အရမ်းစိတ်ဓာတ်ကျနေရရှာ၏။

မင်းတို့ မရဏချောက်နက် သတ္တဝါတွေ၊ ငါ့ကို စိတ်ဒုက္ခပေးလို့ မပြီးကြသေးဘူးလား?

ငါ အခုမှ စားတုန်းသောက်တုန်းဆိုတာ မင်းတို့ မမြင်ဘူးလား?

【တင်၊ ဓားဆင့်ခေါ်ဂိုဏ်းကို ရောက်ရှိခြင်းအတွက် ပိုင်ရှင်ကို အောင်မြင်မှုဆုလာဘ် ချီးမြှင့်လိုက်ပါပြီ။ ကောင်းကင်ပြာမရဏဓားဟာ မသေမျိုးအဆင့်မှော်ရတနာအဖြစ် တိုးမြှင့်ခံလိုက်ရပါပြီရှင့်】

ထိုအချိန်မှာမှ သူ့စိတ်ထဲတွင် စနစ်သတိပေးချက်တစ်ခု ထွက်ပေါ်လာသည်။

"စနစ်၊ ကောင်းကောင်းမှ အိပ်‌ပျော်ခဲ့ရဲ့လား?" ယဲ့ကျွင်းလင်က စိတ်ပူသလိုဟန်လုပ်လျက်‌ မေးလိုက်သည်။

【တင်၊ ပိုင်ရှင်ရဲ့စိုးရိမ်မှုအတွက် ကျေးဇူးတင်ပါတယ်၊ စနစ်တကယ်ကို ကောင်းကောင်းအိပ်ပျော်ခဲ့ပါတယ်ရှင့်!】

"မင်းမေ၊ မင်းကိုငါတကယ်စိတ်ပူနေတယ်များထင်နေသလား၊ ငါ့ဈာပနမှာဂုန်းဆင်းချင်လို့များ ငါတစ်ခုခုဖြစ်မှာကို တမင်တကာ ပျော်ပျော်ကြီးစောင့်နေတာလား!"

【တင်၊ အဟင့် ဝမ်းနည်းလိုက်တာနော်၊ ပိုင်ရှင်က ဘာလို့ ဒီလိုထင်ရတာပါလဲ? ကျွန်မ နောက်တစ်ခါ အချိန်မှန်ပါ့မယ်လို့ ကတိပေးပါတယ်။!】

"ဟမ့်"

စနစ်၏ ယုံကြည်စိတ်ချချင်စရာမကောင်းလှသော ကတိစကားကို ယဲ့ကျွင်းလင်အတည်မယူပေ။ တစ်ခြားလူများ လှည့်စားခံရလျှင်တောင် မိမိကတော့ အလှည့်စားမခံနိုင်တော့ပါချေ။

"သတ်!!"

ရုတ်တရက် အရိပ်မျိုးနွယ်ဘုရင် က ပြင်းရှစွာ အော်ဟစ်အမိန့်ပေးလိုက်သည်။ သူ့ကိုယ်ခန္ဓာမှ နက်မှောင်သော မကောင်းဆိုးဝါးအရှိန်အဝါများ ပေါက်ကွဲထွက်လာပြီး ခန်းမတစ်ခုလုံးကို ပြည့်နှက်သွားစေ၏။

All Chapters