အခန်း (၂၄၀)
Vol. 18 Ch. 240
အပြင်ဘက်ရှိ မရဏချောက်နက် စစ်တပ်လည်း စတင်ထိုးစစ်ဆင်ခဲ့ပြီး သွေးထွက်သံယို လူသတ်ပွဲကြီးသည် ရှောင်လွှဲလို့မရနိုင်စွာ စတင်ဖြစ်ပွားတော့လေ၏။
"မဖြစ်ဘူး..."
ဓားဆင့်ခေါ်ဂိုဏ်း ကျင့်ကြံသူများအားလုံး ကူကယ်ရာမဲ့စွာ အော်ဟစ်အကူအညီတောင်းမိကြလေတော့သည်။
သို့သော် ထိုအချိန်တွင် နဂါးဟောက်သံလို ကြည်လင်ပြတ်သားသော ဓားသွားသံတစ်ခု ပဲ့တင်ထပ်လာပြီး မိုင်ကိုးသောင်းအကွာရှိ တောင်တန်းမြစ်ချောင်းများတစ်လျှောက် ချက်ချင်းပျံ့နှံ့ ပဲ့တင်ထပ်သွားသကဲ့သို့။
ရွမ်း!
နယ်နမိတ်အကန့်အသတ်မဲ့သော ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ပျံ့နှံ့သွားပြီး ကမ္ဘာပေါ်တွင် အဖြူအမည်း အရောင်များမှလွဲ ကျန်အရောင်အားလုံးမှာ ဤဓားချက်ဖြင့် ဖြတ်ပိုင်းသုတ်သင်ခံလိုက်ရသလို မှေးမှိန်ကျသွားရတော့၏။ အချိန်နှင့်နေရာသည်ပင် ရပ်တန့်သွားသကဲ့သို့၊ လွင့်ကျနေသော အရွက်များကအစ ပုံရိပ်အားလုံး ရပ်တန့်သွားရသည်။
လူတိုင်း ကျောက်ရုပ်ကဲ့သို့ တုံ့ဆိုင်းနေကြပြီး သူတို့မျက်လုံးထဲက ကြောက်ရွံ့မှုတွေက လျှံကျတော့မတတ်ပင်။
"ဘာတွေဖြစ်နေတာလဲ?!"
မရဏချောက်နက် ဘုရင် တစ်ဒါဇင်ခန့်မှာလည်း ရုတ်ချည်းပေါ်လာသော အဖြစ်အပျက်ကြောင့် ကြောက်လန့်တုန်လှုပ်နေကြပြီး အားလုံးက ပင်မခန်းဆောင်ကို လှမ်းကြည့်လိုက်ကြသည်။ အကြောင်းမှာ အရှိန်အဝါ၏ရင်းမြစ်က ထိုခန်းဆောင်မှလာသောကြောင့်။
ပုပုဝဝ အရိပ်မျိုးနွယ်ဘုရင်သည် တဆတ်ဆတ်တုန်လောက်အောင် ကြောက်လန့်နေရာမှ နောက်ဆုံးတွင် မြေပြင်ပေါ်သို့ ပုံလဲကျသွားကာ ထိတ်လန့်တကြား ရေရွတ်လိုက်သည်။ "ဒါ..ဒါက မသေမျိုးအဆင့် မှော်လက်နက်ရဲ့ အရှိန်အဝါ"
မြင်ကွင်းတွင် နတ်ဘုရားဆန်ဆန် အလင်းတန်းများ စီးဆင်းနေသော ရွှေရောင်ဓားပျံတစ်လက်သည် ငွေရောင်ဆံပင်ရှိသော လူငယ်လေး၏ အနီးတစ်ဝိုက်တွင် ပျံဝဲနေသည်။ တောက်ပသော နေမင်းဖြင့် ဝန်းရံထားသည့်ပမာ၊ ချိုးဖျက်၍မရနိုင်သော သန့်ရှင်းစင်ကြယ်မှုဖြင့်။
ယဲ့ကျွင်းလင် ခေါင်းကို အသာခါယမ်းလိုက်သည်။ "ထမင်းစားနေတုန်း အနှောင့်အယှက်ပေးတာကို ငါ အမုန်းဆုံးပဲ။"
"ရှင်းရှင်းပြောရရင်၊ မင်း ငါတားမြစ်ထားတဲ့ စည်းမျဥ်းကို ချိုးဖောက်လိုက်ပြီ!"
အရိပ်မျိုးနွယ်ဘုရင်၏ ဦးရေပြားမှာ ပေါက်ကွဲထွက်တော့မတတ်ပင်။ ဤနေရာတွင် အင်အားကြီးပုဂ္ဂိုလ်တစ်ဦး ရှိနေလိမ့်မည်ဟု သူမထင်မှတ်ခဲ့ပေ။
ဒါက ဒဏ္ဍာရီလာ မသေမျိုးမှော်ရတနာပဲ!
မသေမျိုးအဆင့်ပစ္စည်းကို ဘယ်သကောင့်သားက ယှဥ်နိုင်မှာလဲ? ယှဥ်ဝံ့မှာတဲ့လဲ?
"ဒီငယ်သား သေထိုက်ပါတယ်၊ အကြီးအကဲ ထမင်းစားတာကို အနှောင့်အယှက်ပေးမိလို့ သေသင့်ပါတယ်။ ကျွန်တော်တို့ ဒီနေရာကနေ ထွက်သွားပြီး ဘယ်တော့မှ ဒီမြေကို ပြန်မနင်းတော့ပါဘူးလို့ ကျိန်ဆိုပါတယ်!"
အရိပ်မျိုးနွယ်ဘုရင် တုန်ယင်စွာ ပြောလိုက်သည်။
"နောက်ကျသွားပြီ။"
ယဲ့ကျွင်းလင် ဝတ်ရုံလက်စအား ဖျတ်ခနဲဝေ့ယမ်းလိုက်၏။
ကောင်းကင်ပြာမရဏဓားသည် ဝှစ်ခနဲ ပျံထွက်သွားပြီး ခမ်းနားသော ဓားရောင်မှာ နတ်ဘုရားတစ်ပါး အပြစ်ဒဏ်ချမှတ်သကဲ့သို့ ဒေါသရောင်ဖြင့် တောက်ပပြောင်လက်ကာ မည်သူမျှ မတားဆီးနိုင်သော စွမ်းအားထုဖြင့်။
"အား..."
အော်သံများ ရုတ်တရက် ရပ်တန့်သွားသည်။
အရိပ်မျိုးနွယ်ဘုရင် ၏ ခန္ဓာကိုယ်သည် ချက်ချင်း ပျက်စီးသွားပြီး ခုခံဆန့်ကျင်စရာ အခွင့်အရေးပင် တစ်စက်မှမကျန်ရှိတော့။
ခန်းမထဲကလူအများလည်း ကြောင့်ကြည့်နေမိကြ၏။
ဘေးဒုက္ခကျော်လွှားခြင်း ပြီးပြည့်စုံခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို ဒီကောင်လေးက ဓားချက်တစ်ချက်နဲ့ သတ်ပစ်လိုက်တာလား?
ဒါဟာ မသေမျိုးအဆင့်မှော်လက်နက်ရဲ့ စွမ်းအားပါပဲ!
"ဒီလူ့မှာ ဘယ်လိုလုပ် မသေမျိုးအဆင့်မှော်လက်နက်တစ်လက် ရှိနေရတာလဲ?!" ဟုန်ချန်ယဲ့ အသက်ရှုသံ ပြင်းပြင်းနှင့် မောဟိုက်သွားရသည်။
မသေမျိုးအရှင်ဟောင်းတစ်ပါးအနေဖြင့် မသေမျိုးအဆင့်မှော်ပစ္စည်းများအကြောင်းကို သူကောင်းကောင်းနားလည်ထားကာ ၎င်းတို့၏ ကြောက်မက်ဖွယ်စွမ်းအားကိုလည်း သိရှိထား၏။
ဘေးဒုက္ခကျော်လွှားခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ အသက်ဓာတ်က လွန်စွာခိုင်မာတည်တံ့သည်။ ဘယ်လောက်ပဲ ထိခိုက်ဒဏ်ရာရခဲ့ပါစေ ခန္ဓာကိုယ် မပျက်စီးသရွေ့ လွတ်မြောက်အောင်ထွက်ပြေးနိုင်ပြီး အပြည့်အဝ ပြန်လည်ကောင်းမွန်လာနိုင်စွမ်းလည်း ရှိသည်။
သို့ပေသည့် မသေမျိုးအဆင့်မှော်လက်နက်ဖြင့် ဒဏ်ရာရသွားခဲ့လျှင် ပြန်လည်သက်သာဖို့ရာ လမ်းမမြင်တော့ချေ။ ထိုဒဏ်ရာက နက်ရှိုင်းပါလျှင်မူ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးနိုင်ပေ၏။
မသေမျိုးအဆင့် မှော်ပစ္စည်းများမှာ အောက်ဘက်လူ့လောကတွင် လွန်စွာမှရှားပါးသောကြောင့် အလယ်ပိုင်းစီရင်စုမှ အင်အားကြီးသူများပင် တစ်ခုတလေလောက်တောင် ကိုင်နိုင်ကြသည်မဟုတ်။ ထိုစဥ် ယဲ့ကျွင်းလင်လက်မှ တစ်ခုထွက်လာခြင်းကြောင့် ဟုန်ချန်ယဲ့ ဤမျှအံ့သြသွားရခြင်းပင်။
ထိုမျှဖြင့် မပြီးဆုံးသေးပေ။ ယဲ့ကျွင်းလင်၏ ငွေရောင်ဆံပင်ရှည်များ ရူးသွပ်စွာ ကခုန်နေပြီး သူ့လက်ချောင်းတွေကို ပေါ့ပေါ့ပါးပါး လှုပ်ရှားလျက် ခပ်တိုးတိုး အမိန့်ချသည်။ "သွား!"
ရွှစ်ခနဲဆိုသလိုပင် ကောင်းကင်ပြာမရဏဓားသည် နတ်ဘုရားအလင်းကို ထုတ်လွှတ်လိုက်ပြီး ခန်းမထဲမှ အရှိန်အဟုန်ပြင်းပြင်းဖြင့် ထွက်ခွာသွားရာ အနောက်မှ အလင်းတန်းများပင် တသီတတန်းကြီး ကျန်ရစ်ခဲ့တော့၏။
"မြန်မြန်၊ ထွက်ပြေးကြ!"
အမှောင်မျိုးနွယ် ခေါင်းဆောင်မှာ ထိတ်လန့်တကြားဖြင့် သူ့ကိုယ်ခန္ဓာတစ်ခုလုံး အေးစက်သွားသည်။
သူသည် မရဏချောက်နက်သားရဲ ကို စီးနင်းပြီး ကောင်းကင်ယံကို ဖောက်ထွက်ကာ ထွက်ပြေးခဲ့သော်လည်း ကောင်းကင်ပြာမရဏဓား ဖြင့် ကိုယ်ခန္ဓာကို ထုတ်ချင်းပေါက် ထိုးဖောက်ခံလိုက်ရသည်။ နာကျင်သော အော်ဟစ်သံများကြားတွင် သူ၏ အသက်စွမ်းအင် လျင်မြန်စွာ ကုန်ဆုံးသွားသည်ကို ခံစားရပြီး နောက်ဆုံးတော့ လုံးဝ သေဆုံးသွားခဲ့ရ၏။
"အားလုံး စိတ်မပူကြနဲ့! အဲဒီလူသားမျိုးနွယ်ရဲ့ ကျင့်ကြံဆင့်က ငါတို့နဲ့ တူတူပဲလို့ ငါ ခံစားရတယ်။ မသေမျိုးအဆင့်မှော်လက်နက်တစ်ခုကို အသက်သွင်းဖို့ သူ့အတွက် အရမ်းခက်ခဲမှာ။ ငါတို့ အတူတူ ခုခံရင် အောင်မြင်ဖို့ အခွင့်အရေးရှိသေးတယ်!" ညနက်မျိုးနွယ် ဘုရင်တစ်ပါးက ကြောက်ရွံ့မှုကို သည်းခံပြီး တိုင်ပင်လိုက်သည်။
"ဟုတ်တယ်၊ ငါတို့ စည်းလုံးရမယ်!"
"သူ့ကို သတ်ပြီး မှော်လက်နက်ကို ယူကြ!"
ဘုရင်များ၏ ဦးဆောင်မှုအောက်တွင် မရဏချောက်နက် စစ်တပ်သည် ကြီးမားသော စွမ်းအားဖြင့် ပေါက်ကွဲထွက်လာပြီး ကျယ်ပြန့်၍ နယ်နမိတ်အကန့်အသတ်မဲ့သော တိမ်တိုက်ကြီးတစ်ခု ရူးသွပ်စွာ လှိမ့်ဝင်လာသကဲ့သို့ပင်။ ထို့နောက် သန့်ရှင်းသောအရှိန်အဝါဖြင့် ရွှေရောင်ဓားပျံအား ဝါးမျိုဖို့ကြိုးစားလာတော့၏။
"ဟဲဟဲ၊ မင်းတို့က ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေပြီပဲ။"
ယဲ့ကျွင်းလင် သူတို့ဘက်ကအစီအစဥ်ကို လွယ်လွယ်နှင့်ခန့်မှန်းမိပါသည်။ ကံမကောင်းစွာပင် သူ့ခန္ဓာကိုယ်ထဲက မှော်စွမ်းအင်မှာ သာမန် ဘေးဒုက္ခကျော်လွှားခြင်း ပြီးပြည့်စုံခြင်းအဆင့်ထက် အဆပေါင်းရာချီ များပြားသောကြောင့် မသေမျိုးအဆင့်မှော်လက်နက်ကို အသက်သွင်းဖို့ရာ သူ့အတွက် အခက်အခဲသိပ်မရှိလှပေ။
ကောင်းကင်ပြာမရဏဓားသည် အံ့သြဖွယ်ကောင်းသော ဓားရောင်အလင်းတန်းကို ထုတ်လွှတ်လိုက်ပြီး အလွန်အမင်း ဖိနှိပ်လာသော အမဲရောင်မြူခိုးများအား ဖျက်ဆီးပစ်လိုက်သည်။ မရေမတွက်နိုင်သော အော်ဟစ်သံများ ထွက်ပေါ်လာပြီး မရဏချောက်နက် သတ္တဝါ သန်းပေါင်းများစွာ ကောင်းကင်ယံထက် မြောက်တက်သွားကာ တစ်ပိုင်းတစ်စစီ ပြန်လည်ပြန့်ကျဲလျက် သွေးချောင်းစီးကုန်တော့၏။ မျိုးနွယ်အမျိုးမျိုး၏ ဘုရင်များသည်ပင် ထွက်ပြေးရန် အချိန်မရလိုက်ဘဲ စိတ်ပျက်အားငယ်စွာဖြင့် ဓားရောင်အလင်းတန်းကြားတွင် သေကျေပျက်စီးကုန်ကြရလေသည်။
"ဟင်!"
ဓားဆင့်ခေါ်ဂိုဏ်းထဲသို့ ဝင်ရောက်လာကာ လူသတ်ပွဲကြီး စတင်ရန် ပြင်ဆင်နေသော အကြီးအကဲလျိုသည် လက်ရှိမြင်ကွင်းကို မြင်လိုက်ရသောအခါ ကြောက်စိတ်ငယ်ထိပ်တက်လျက် ထိတ်လန့်နေသော ယုန်တစ်ကောင်လို ထွက်ပြေးသွားသည်။
"ဒီ ယဲ့ကျွင်းလင်က မသေမျိုးအဆင့် မှော်ရတနာတစ်ခုကို ထုတ်သုံးလိုက်တာပဲ!" အကြီးအကဲလျို ကြောက်လန့်တကြား ချွေးတွေ ရွှဲနစ်နေပြီး နှုတ်ခမ်းများလည်း တုန်ယင်နေသည်။
"အကြီးအကဲလျို၊ ဒါက..." ဓားဆင့်ခေါ်ဂိုဏ်းမှ ပျံသန်းထွက်လာသော ကြောက်မက်ဖွယ် ဓားရောင်ကို ကြည့်ရင်း ချန်ရှောင်း ရင်ဘတ်ထဲမှာ အသက်ရှုမဝလောက်အောင် မွန်းကျပ်လာရကာ မြင့်တက်လာသောကြောက်စိတ်ကို စကားဖြင့်ပင် ဖော်ပြမရတော့သည်အထိ။
"ဘာမှ မမေးနဲ့! ဆုတ်ကြ!" အကြီးအကဲလျို လက်လှမ်းပြီး ချန်ရှောင်းကိုဆွဲကာ အသက်လု ထွက်ပြေးတော့သည်။
"ကျွန်တော်တို့ကို စောင့်ပါဦး!" အတူပါလာသော ယွီဟွားဂိုဏ်း ကျင့်ကြံသူများမှာ ထိတ်လန့်တကြား အော်ဟစ်နေကြရင်း ကြောက်လန့်တကြားနှင့် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်နေကြသည်။
ရွမ်း
ကျယ်ပြန့်သော ကောင်းကင်ယံမှာ ဓားသွားအလင်းတစ်ချက်ဖြင့် ဆုတ်ဖြဲခံလိုက်ရပြီး ကုန်းကျိုးပြည်နယ်ရှိ ကျင့်ကြံသူများအားလုံး ခေါင်းမော့ကြည့်လိုက်မိကြရာ အရှိန်အဟုန်ပြင်းပြင်းဖြင့် ဖြတ်သန်းသွားသော တောက်ပသည့် အလင်းတပြက်ကို မြင်လိုက်ရချိန်တွင် အရာအားလုံး မှေးမှိန်ပျောက်ကွယ်သွားချိန်အထိ အံ့သြမှင်တက်မိသွားရသည်ဟု။
ဘေးပတ်ဝန်းကျင်မှ တာအိုပြည်နယ် များလည်း ဤဓားချက်၏ အကျိုးသက်ရောက်မှုကို ခံစားခဲ့ကြရသည်။ သူတို့ခေါင်းပေါ်တွင် ပေါ်ထွက်လာသော ဓားရောင်အလင်း ကြည့်ကာ မရေမတွက်နိုင်သော လူများ တုန်လှုပ်ခြောက်ခြားသွားကြပြီး သူတို့တစ်သက်တာတွင် ဘယ်တော့မှမေ့နိုင်တော့မည်မဟုတ်သော အကြောက်တရားပင်ဟု ဆိုစမှတ်ပြုကြ၏။
ဓားချက်တစ်ချက်က ပြည်နယ်ဆယ့်လေးခုကို ပြာကျစေမည်!!!