သီချင်းဖွင့်ပြီး ကဲလိုက်ကြစို့
Vol. 18 Ch. 241
ပြည်နယ်ဆယ့်လေးခုကို ခြုံလွှမ်းစေသည့် ဓားချက်အား ထုတ်လွှတ်ပြီးနောက် ကောင်းကင်ပြာမရဏဓားသည် ပြန်လည်မှိန်ကျသွားပြီး ၎င်း၏ စွမ်းအင်လှုပ်ရှားမှုများ တိတ်ဆိတ်ငြိမ်သက်သွားသည်။
"ဆုတ်!"
ယဲ့ကျွင်းလင် လက်ဝှေ့ယမ်းပြီး ပျံသန်းနေသော ဓားကို ပြန်သိမ်းလိုက်သည်။
ပြောရမည်ဆိုလျှင် ပုံမှန်အခြေအနေတွင် ဘေးဒုက္ခကျော်လွှားခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦးပင်လျှင် အထွဋ်အထိပ်ဟု သတ်မှတ်လို့ရသော စွမ်းအားထုအား ပိုင်ဆိုင်ထားပါလျှင်မူ မသေမျိုးမှော်လက်နက် ကို ရိုးရှင်းစွာ အသက်သွင်းရန် အလွန်ခက်ခဲလိမ့်မည်။ ဤသို့ အောင်အောင်မြင်မြင် အဆုံးထိတိုက်ခိုက်နိုင်ဖို့ကား မဖြစ်နိုင်လောက်သည်အထိ။
လမ်းလျှောက်တတ်စ ကလေးငယ်လေးတစ်ယောက်က လေးလံလှသော တာအိုဓားတစ်လက်ကို ကိုင်မဖို့ကြိုးစားနေသကဲ့သို့ မိမိကိုယ်သာ ပြန်ထိခိုက်နိုင်ပေမည်။
သို့ပေမဲ့ ထူးခြားတဲ့စွမ်းရည်ပိုင်ရှင်ကတော့ တိုက်ပွဲအစအဆုံးကို ပေါ့ပေါ့ပါးပါးသာ ကိုင်တွယ်သွားနိုင်ခဲ့၏!
ဂြိုလ်သားမျိုးနွယ်များ အလုံးစုံချေမှုန်းခံလိုက်ရသည်နှင့်အမျှ ဘေးအန္တရာယ်လည်း ပြေလည်သွားလေပြီ။
ဓားဆင့်ခေါ်ဂိုဏ်းက ကျင့်ကြံသူများ သတိပြန်ဝင်လာကြပြီး မယုံကြည်နိုင်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် လှည့်ကြည့်မိနေကြသည်။ အိပ်မက်မှနိုးထလာစကဲ့သို့ ကြောက်တက်တက်ဖြစ်လျက်။
ပင်မခန်းဆောင်ထဲမှ ဧည့်သည်များမှာလည်း မှင်တက်မိကြလျက်။
ဒီလိုပဲ ပြီးသွားပြီလား?
အရမ်းမြန်တာပဲ!
"ခင်ဗျားတို့ အားလုံး ဘာကြောင်နေကြတာလဲ?"
ယဲ့ကျွင်းလင် ခပ်တည်တည်ဖြင့် ပြောလိုက်သည်။ "သီချင်းဖွင့်ပြီး ကကြတော့လေ!"
ပြောရင်းဆိုရင်း အကြည့်က ဖန်းသယ်ကျန့်ဆီရောက်သွားမိသော် ယဲ့ကျွင်းလင် စိတ်ထိခိုက်သွားဟန်ဖြင့် နဖူးကိုနာနာပွတ်ကာ မျက်လုံးများလည်း အကြိမ်ပေါင်းဘီလီယံချီအောင် အတိုက်ခိုက်ခံလိုက်ရသလို ခံစားမိလိုက်၏။ " တာအိုရောင်းရင်းဖန်း၊ အဲဒါ ဘယ်လိုပုံစံကြီးလဲ? မြန်မြန် အဝတ်ပြန်ဝတ်စမ်းပါ!"
ဖန်းသယ်ကျန့် တုန်လှုပ်အံ့သြနေရာမှ သတိပြန်ကပ်လာပြီး မျက်နှာတစ်ခုလုံး ရှက်သွေးဖြင့်နီမြန်းသွားရသည်။ ဝတ်ရုံကို အမြန်ပြန်ရုံလိုက်ရင်း ထိုင်ခုံထက် တိတ်တိတ်လေးပြန်ထိုင်နေကာ ဤတိုက်ပွဲတွင် အနစ်နာဆုံးမှာ သူသာဖြစ်ကြောင်း ရင်နာနာဖြင့်တွေးနေမိ၏။
အရိပ်မျိုးနွယ်ဘုရင် သူ့ကို လုပ်ခဲ့သော အရာအားလုံးကို ပြန်လှန်တွေးမိသော် ဖန်းသယ်ကျန့် ဒေါသတကြီးဖြင့် တုန်ယင်လာတော့သည်။
သူအခု ဘယ်လိုလုပ် သူ့တပည့်တွေကို မျက်နှာချင်းဆိုင်ရတော့မလဲ?
ဒါက အရေးတကြီးဖြေရှင်းရမယ့် ပြဿနာပဲ!
အန်းကျစ်ကျိုင်း အာခြောက်နေသလိုခံစားရကာ တံတွေးမျိုချပြီးမှ စကားစနိုင်တော့၏။ " တာအိုမိတ်ဆွေယဲ့က မသေမျိုးမှော်လက်နက်ကို ဒီလိုပဲ အမြဲ ဆောင်ထားတတ်တာလား?"
မသေမျိုးမှော်လက်နက် ဆိုတာမျိုးက အမြင့်မြတ်ဆုံးရတနာတွေထဲက အရှားပါးဆုံးအမျိုးအစားဖြစ်ပြီး ကျင့်ကြံခြင်းလောက၏ ဒဏ္ဍာရီတွေထဲမှာသာ ကြားဖူးသိဖူးခဲ့ကြခြင်းပင်။ အပြင်လောကတွင် ရှိသည်ဆိုလျှင်တောင် ထိပ်တန်းကျင့်ကြံခြင်းနယ်မြေများနှင့် ရှေးဟောင်းဂိုဏ်းတွေများတွင် သိုဝှက်ထားကြမည့် ပြည့်ရတနာမျိုးသာဖြစ်၏။ လွယ်လွယ်နှင့် ဆွဲထုတ်လာလို့ရမည့် ပစ္စည်းမျိုးမဟုတ်။
သို့ပေသည့် သူတို့အားလုံး တွေးထင်ထားခဲ့သမျှနှင့် ဆန့်ကျင်စွာ ဤလူငယ်လေးက မသေမျိုးလက်နက်တစ်ခုကို ရွှမ်းခနဲဆွဲထုတ်လာပြီး စစ်ပွဲတစ်ပွဲအား မိနစ်ပိုင်းအတွင်း အဆုံးသတ်စေခဲ့လေသည်။
ကြောက်စရာကောင်းလိုက်တာ!
တကယ်ကို အရမ်းကြောက်စရာကောင်းတာပဲ!
ယဲ့ကျွင်းလင် ပြန်မေးလိုက်သည်။ "ဟုတ်တယ်၊ ပြဿနာရှိလို့လား?"
အန်းကျစ်ကျိုင်း ကြောင်သွားရ၏။
လေသံကိုကြည့်သလောက်တော့ အရမ်းကို ပုံမှန်ဖြစ်နေကျ ပေါ့ပေါ့ပါးပါးကိစ္စတစ်ခုလိုပါလား?
အန်းကျစ်ကျိုင်း၏ အမြင်တွင် ထိုလူငယ်လေးမှာ ပို၍သာ ခန့်မှန်းရခက်ခဲလာတော့၏။
ငါ့သမီးစွဲလည်း စွဲချင်စရာပါပဲလေ။
ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်ရာမှာ လျှို့ဝှက်နက်နဲပြီး စိတ်ဝင်စားစရာကောင်းတဲ့ပုံစံဖြစ်ဖို့က အဓိကပဲမလား။
လူက လျှို့ဝှက်နက်နဲတဲ့ပုံပေါက်လေလေ၊ တစ်ဖက်လူက ပိုလို့စိတ်ဝင်စားလာလေလေဖြစ်ပြီး နောက်ဆုံးတော့ ကယ်လို့မရအောင်အထိ ပစ်ကြွေသွားကြမှာပါပဲ။
အန်းမြောင်ယိ၏မျက်လုံးများတွင် အသည်းပုံများလျှံထွက်ကျလာတော့မတတ် တလက်လက်တောက်ပလျက်။ ယဲ့ကျွင်းလင်တစ်ယောက် ဓားပျံကိုကိုင်ဆောင်ပြီး မရဏစစ်တပ်တစ်တပ်လုံးအား တစ်ယောက်တည်းအားဖြင့် သတ်ဖြတ်နေသောမြင်ကွင်းမှာ သူ၏စိတ်အစဥ်တွင် နက်နက်ရှိုင်းရှိုင်း စွဲထင်ကျန်ရစ်ကာ မေ့ပျောက်ဖို့ရာပင် မဖြစ်နိုင်တော့ပေ။
"ဆရာသခင်ကတော့ တကယ်ကိုပဲ..."
လီဝူကျယ်ခမျာ ထိုဓားချက်ကို မြှောက်ပင့်တင်စားနိုင်မည့် စကားလုံးပင် ရှာမတွေ့နိုင်တော့ပေ။ အကောင်းတကာ့အကောင်းဆုံး စကားလုံးတစ်ထောင်ကို စုပေါင်းပြီး စစ်ချလိုက်မယ်ဆိုရင်တော့ အရိုးရှင်းဆုံးနဲ့ တိုက်ရိုက်အကျဆုံး စကားလုံး နှစ်လုံးဖြစ်တဲ့ "အမိုက်စား!" ဆိုတဲ့ စကားလုံးနဲ့ပဲ တင်စားရတော့မှာပေါ့။
ယောက်ျားတစ်ယောက်က တခြားယောက်ျားတစ်ယောက်ကို စကားလုံးသုံးပြီး ချီးကျူးနေပြီဆိုကတည်းက အဲ့ဒါဟာ သေချာပေါက် စစ်မှန်တဲ့ ချီးကျူးစကားပါပဲ။
ဝှစ် ဝှစ် ဝှစ်~
ခန်းဆောင်ထဲတွင် အင်အားကြီးသူအများအပြား ပေါ်ထွက်လာကြသည်။ ဓားဆင့်ခေါ်ဂိုဏ်း တားမြစ်ကျင့်ကြံနယ်မြေကနေ ထွက်လာကြသော ဘေးဒုက္ခကျော်လွှားခြင်းအဆင့် ကျွမ်းကျင်သူများပင်။
ဓားဆင့်ခေါ်ဂိုဏ်း၏ လေးစားရိုသေခံ ထိပ်တန်းအကြီးအကဲများမှာ ယဲ့ကျွင်းလင်၏ရှေ့မှောက်တွင်မူ လေးစားရိုသေစွာဖြင့် လက်သီးဆုပ်ဦးညွှတ်လာကြ၏။ "ကူညီပေးလို့ ကျေးဇူးတင်ပါတယ် တာအိုမိတ်ဆွေ။"
ဓားချက်၏ စွမ်းအားက လေထုထဲတွင် ဝေ့ဝဲကျန်ရှိနေသေးပြီး သူတို့အားလုံး၏နှလုံးသားထဲတွင် ပယ်ဖျောက်မရသောကြောက်စိတ်တို့အား ချန်ရစ်ထားခဲ့လေသည်။
ယဲ့ကျွင်းလင် လက်ဝှေ့ယမ်းကာ အရေးမကြီးဟန်လုပ်ပြလိုက်သည်။ "မဖြစ်စလောက်ပဲ အားထုတ်လိုက်ရတာပါ။ ခင်ဗျားတို့လည်း ဒီထိရောက်နေပြီဆိုတော့ တစ်ခုခု စားပါဦး။"
မသိရင် သူကပဲ အိမ်ရှင်လိုလို။
သူတို့ တစ်ယောက်နှင့်တစ်ယောက် ပြန်လှည့်ကြည့်ပြီး ခါးသက်သက်ပြုံးလိုက်မိကြ၏။ ထို့နောက် လက်သီးဆုပ်အရိုအသေပြုကာ ယဲ့ကျွင်းလင်ကို ဦးညွှတ်လိုက်ကြသည်။ "ဒီလိုဆိုတော့လည်း ရောင်းရင်းရဲ့ ဖိတ်ခေါ်မှုအတွက် ကျေးဇူးတင်ရတော့မှာပေါ့"
အန်းကျစ်ကျိုင်း သက်ပြင်းချလိုက်သည်။ "ဒီတိုက်ပွဲပြီးရင် ကုန်းကျိုးပြည်နယ်ရဲ့ အန္တရာယ်က ပြေလည်သွားပြီ၊ တာအိုရောင်းရင်းယဲ့ရဲ့ ဂုဏ်သတင်းက ထိပ်ဆုံးကို ရောက်ရှိသွားလိမ့်မယ်! ယွီဟွားဂိုဏ်း က ချန်ရှောင်းကိုတောင် ကျော်လွန်သွားလိမ့်မယ်!"
"ဟမ့်၊ အဲဒီ ချန် ဆိုတဲ့လူက ဘာကောင်လဲ? ကျွန်တော့်ဆရာသခင်နဲ့ နှိုင်းယှဉ်ဖို့တောင် မထိုက်တန်ဘူး" လို့ လီဝူကျယ်က မထီမဲ့မြင် ကဲ့ရဲ့ပြောဆိုလိုက်သည်။
ယဲ့ကျွင်းလင် တမင်တကာ ချောင်းတစ်ချက်ဟန့်ကာ လေးနက်စွာဆို၏။ "ဒါတွေအားလုံးက အပေါ်ယံသက်သက်ပါပဲ။ ကျွန်တော်က နာမည်ကျော်ကြားမှုနဲ့ ဂုဏ်သတင်းကို သိပ်ဂရုစိုက်လေ့မရှိပါဘူး"
ထိုစကားများကြောင့် အန်းကျစ်ကျိုင်းတို့တစ်သိုက်မှာ ပိုလို့ပင်လေးစားလာကြတော့၏။
ဟုန်ချန်ယဲ့ တစ်ယောက်ကသာ အပိုလုပ်နေမှန်းသိသိဖြင့် မျက်လုံးတစ်ချက်လှန်ပြလိုက်သည်။
ဒင်းကတော့ ခုထိဟန်ဆောင်ကောင်းနေတုန်းပဲ!
ဤသို့ဖြင့်
ပွဲတော်ကို ပုံမှန်အတိုင်း ဆက်လက်ကျင်းပခဲ့ကြသည်။
လူတိုင်းက ပျော်ရွှင်မြူးကြွစွာ ဆက်လက်စားသောက်ကြပြီး သူတို့မျက်နှာများမှာလည်း လန်းဆန်းဝင်းပလျက်။
ဘာဆိုဘာမှ မဖြစ်ခဲ့လိုက်သလိုပင်။
ဗိုက်ပြည့်အောင် စားသောက်ပြီးနောက် ယဲ့ကျွင်းလင် ကျေနပ်စွာ လေတစ်ချက်တက်လိုက်သည်။ ဆုလာဘ်ကိုလည်းရရှိပြီးပြီ။ ကြီးကျယ်ခမ်းနားတဲ့ညစာကိုလည်း အချောင်ဝင်စားပြီးပြီ ဆိုတော့ အိမ်း... ပြန်ဖို့အချိန်တန်လေပြီ။
ကလေးငယ်လေးက ခွင်းဖန်းအဖြစ် ပြန်လည်ပြောင်းလဲသွားပြီး ပျော်ရွှင်စွာ အော်ဟစ်မြည်ကြွေးကာ အတောင်ပံတွေကို ခတ်လိုက်တော့ ကြီးမားသော လေစီးကြောင်းများ ဖြစ်တည်တိုက်ခတ်လာတော့၏။
"အားလုံးပဲ၊ နောက်မှ ပြန်ဆုံကြတာပေါ့လေ။"
ယဲ့ကျွင်းလင် လက်ကိုတစ်ချက်ယမ်းပြပါ နဂိုအတိုင်း ဂရုမစိုက်ဟန်ဖြင့်သာ လှည့်ထွက်သွားလေတော့၏။
အန်းကျစ်ကျိုင်းက ဓားဆင့်ခေါ်ဂိုဏ်း ကျင့်ကြံသူတွေကို ဦးဆောင်ပြီး ယဲ့ကျွင်းလင်တို့အဖွဲ့အား အတူလိုက်ပါနှုတ်ဆက်ကြသည်။
"သခင်လေးယဲ့..." သူတို့ထွက်သွားတဲ့ဘက်ကို ကြည့်ရင်း အန်းမြောင်ယိ အတွေးထဲမှာ နစ်မျောနေကာ နှလုံးသားထဲမှ လစ်ဟာမှုကို ခံစားလိုက်ရ၏။
"မြောင်ယိ၊ စိတ်မလျှော့လိုက်နဲ့။ အဲဒီလိုလူမျိုးက မင်း လိုက်မီသင့်တဲ့ ပန်းတိုင်ပဲ၊ ဒါပေမဲ့ မင်း တစ်သက်လုံး လိုက်မမီနိုင်တာလည်း ဖြစ်နိုင်တယ်၊ ဒါကြောင့် စိတ်ကိုတော့ ပြင်ဆင်ထားဖို့ လိုတယ်" ပြောရင်း အန်းကျစ်ကျိုင်း သက်ပြင်းချလိုက်သည်။
သူ လုပ်ပေးနိုင်တာ ဘာမှမရှိဘူး။ သူ့သမီးက မြင့်မြင့်မှမှန်းတတ်သကိုး။
အန်းမြောင်ယိ တိုးတိုးလေး ရေရွတ်လိုက်သည်။ "သူ့ခြေလှမ်းတွေကို လိုက်မီဖို့ ဆန္ဒမရှိပါဘူး၊ သူ့နောက်ကနေ လိုက်ပါပြီး အဝေးက မြင်နေရရုံနဲ့တင် လုံလောက်ပါတယ်"။
သူမအနောက်မှ အမျိုးသားတပည့်များစွာ၏ နှလုံးသားတို့ ကွဲကြေသွားကြရတော့သည်။
ရင်နာလိုက်တာ! အရမ်းနာတာပဲ!
သူတို့ရဲ့ မြင့်မြတ်လှတဲ့ နတ်ဘုရားမလေးမှာလည်း ဒီလို နှိမ့်ချတတ်တဲ့ အချိန်မျိုး ရှိတတ်တာကိုး။
ဒါပေမဲ့ သူတို့ လုပ်နိုင်တာလည်း ဘာမှမရှိ။ တစ်ဖက်လူက အချိန်စီးကြောင်းကိုတောင် လိုသလိုဖြတ်တောက်နိုင်တဲ့ ဓားချက်ပိုင်ရှင် လူသတ်နတ်ဘုရား ယဲ့ကျွင်းလင် ဖြစ်နေခဲ့တယ်လေ။
ထို့ကြောင့် သူတို့နှလုံးသားများထဲတွင် မနာလိုမှုအစား ကြောက်ရွံ့လေးစားစိတ်သာရှိ၏။
နောက်ပိုင်းတွင်...
ထို ဧရာမ ဓားချက်အလင်းတန်း၏ မူရင်းဇစ်မြစ်ကို အရှေ့ပိုင်းစီရင်စုရှိ အင်အားစုအမျိုးမျိုးက ရူးသွပ်စွာ စုံစမ်းစစ်ဆေးခဲ့ကြသည်။ အမှန်တရား ပေါ်ပေါက်လာချိန်၌ လူတိုင်း၏နှလုံးသားများ ထိန်းမရအောင် တုန်လှုပ်သွားရတော့၏။
"ဘာ! အကြီးအကဲယဲ့က မရဏချောက်နက် စစ်တပ်ကို ဓားတစ်ချက်တည်းနဲ့ ဖျက်ဆီးပစ်လိုက်တာ! ဘေးဒုက္ခကျော်လွှားခြင်းအဆင့် ဘုရင် တစ်ဒါဇင်ကျော် နေရာမှာတင် ပွဲချင်းပြီးသေသွားခဲ့တာ ဟုတ်လား?!"
"ဒါ...ဒါကြီးကတော့ အရမ်းကို များလွန်းသွားပြီ။ သူ ဓားနတ်ဘုရား ပြန်ဝင်စားတာ ဖြစ်ရမယ်!"
"သူ မသေမျိုးမှော်လက်နက်ကို သုံးခဲ့တယ်လို့ ပြောကြတယ်။"
"မသေမျိုးမှော်လက်နက် ဟုတ်လား? ဘယ်လိုဖြစ်နိုင်မှာလဲ! ဒီလို အမြင့်မြတ်ဆုံး ရတနာကို ဘယ်ကနေဘယ်လို ရနိုင်မှာတဲ့လဲ?"
...
ဆွေးနွေးမှုတွေ နေရာတိုင်းမှာ ပေါ်ပေါက်လာပြီး ယဲ့ကျွင်းလင်၏ ဂုဏ်သိက္ခာက ရူးသွပ်ချင်စရာအမြန်နှုန်းဖြင့် ပြန်လည်မြင့်တက်လာကာ မကောင်းသော ကောလဟလအားလုံး တမုဟုတ်ချင်း ပျောက်ကွယ်သွားရတော့၏။
ချန်ရှောင်းမှာတော့ ခွင်းဖန်းထံတွင် အကြီးအကျယ် ရှုံးနိမ့်ခဲ့သောသတင်းကြောင့် ဂုဏ်သတင်းတို့ အဖတ်ဆယ်မရအောင် ထိုးဆင်းသွားရကာ ဆီးအိုးထဲအနှစ်ခံရသော ကျင့်ကြံသူအဖြစ် အလှောင်အပြောင်ပါ ခံရတတ်သေးသည်ပင်။
ယွီဟွားဂိုဏ်း။
ဦးစားပေးခံသားတော်ကိုယ်တိုင် အပြင်လောကတွင် မျက်နှာအောက်ချလျက် ပြန်လာခဲ့ရသည်ဖြစ်ရာ တပည့်များနှင့် အကြီးအကဲအပေါင်းမှာ မျက်နှာမသာမယာဖြင့် လေထုတစ်ခုလုံးလည်း လွန်စွာဖိစီးလေးလံလျက်ရှိတော့သည်။
တောင်ကုန်းတစ်ခု၏ အနောက်ဘက်အရပ်၊ ကောင်းချီးပေးနယ်မြေတစ်ခုတွင် အဘိုးအိုတစ်ဦးနှင့် လူငယ်တစ်ဦး အတူတကွ တောနက်ထဲတိုးဝင်ပျောက်ကွယ်သွားကြ၏။
ထိုနယ်မြေငယ်လေးတွင် နေ့နှင့်ည ကွဲပြားမှုမရှိ၊ သက်ဝင်လှုပ်ရှားမှုဟူ၍လည်း တစ်စုံတစ်ရာမရှိကာ သေလောက်အောင်တိတ်ဆိတ်နေသော ဝန်းကျင်တစ်ခုသာ တည်ရှိသည်။
"အကြီးအကဲလျို၊ ဒါ ဘယ်လိုနေရာလဲ?" ချန်ရှောင်း ပတ်ဝန်းကျင်မှ အေးစက်တိတ်ဆိတ်မှုကြောင့် စိတ်မသက်မသာဖြစ်လျက် ထုတ်မေးလိုက်သည်။
ယွီဟွားဂိုဏ်း၏ ထိပ်တန်းခေါင်းဆောင်များက လူသားမျိုးနွယ်ကို သစ္စာဖောက်ပြီး မရဏချောက်နက် သတ္တဝါများနှင့် ပူးပေါင်းခဲ့သည့်အကြောင်းကို သိလိုက်ရတဲ့အချိန်ကစပြီး သူ၏ ဂိုဏ်းအပေါ်ထားရှိခဲ့သော ယုံကြည်ချက်များလည်း ပြိုလဲသွားရကာ အရာအားလုံးကို သံသယမျက်လုံးဖြင့် စကြည့်မိလာတော့၏။
အကြီးအကဲလျို က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။ "အခြေအနေတွေ ပြောင်းလဲသွားပြီ။ မင်းကို အရေးကြီးပုဂ္ဂိုလ်တွေနဲ့ တွေ့ပေးဖို့ လိုတယ်။"
"အရေးကြီးပုဂ္ဂိုလ်တွေလား?" ချန်ရှောင်း ထိုစကားကြောင့် ကျောရိုးထဲမှာ ချမ်းစိမ့်စိမ့် ခံစားလိုက်ရသည်။
လမ်းအဆုံးတွင် သက်လတ်ပိုင်းအရွယ်ခန့် လူကောင်ကြီးကြီးပုဂ္ဂိုလ်တစ်ဦး ရပ်နေသည်။ ထိုသူက ယွီဟွားဂိုဏ်း၏ အဆင့်အမြင့်ဆုံးအဆင့် ဝတ်စုံကို ဝတ်ထားပြီး သူ့မျက်လုံးများက ကြယ်တံခွန်လိုတောက်ပလျက်ရှိကာ အရှိန်အဝါမှာ ကျယ်ပြန့်ကာ အကန့်အသတ်မဲ့၏။
"ဂိုဏ်း၊ ဂိုဏ်းချုပ်။" ချန်ရှောင်း ထိတ်လန့်သွားရသည်။ ဂိုဏ်းချုပ်ကိုယ်တိုင် ဒီနေရာမှာရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။
ယွီဟွားဂိုဏ်း ဂိုဏ်းချုပ်က ခေါင်းတစ်ချက်ဆတ်ပြလိုက်သည်။ "မင်းက ဦးစားပေးခံသားတော် အဆက်အနွယ်တွေထဲမှာ ဒီနေရာကို လာရောက်ဖို့ အရည်အချင်းပြည့်မီတဲ့ တစ်ဦးတည်းသောသူပဲ။"
မြှောက်ပင့်ချီးမွမ်းစကားတွင် ချန်ရှောင်းအရင်လို မပျော်မွေ့နိုင်တော့ဘဲ စိတ်မသက်သာမှုကိုသာ ခံစားနေရ၏။
သူတို့ နောက်ထပ် ဘာတွေ လုပ်ရဦးမှာလဲ? ဘယ်သူတွေနဲ့ တွေ့ဆုံရဦးမှာလဲ?