အခန်း (၂၄၂)
Vol. 18 Ch. 242
ဝှစ်!
ထိုစဉ်မှာပင် ပတ်ဝန်းကျင်၌ ကျဉ်းမြောင်းသော မျက်လုံးအစုံလိုက်များ တဖျတ်ဖျတ်ပွင့်လာကြပြီး မျက်စိသူငယ်အိမ်များက အေးစက်ပြီး ခံစားချက်ကင်းမဲ့စွာဖြင့် သူတို့အဖွဲ့ကို စူးစိုက်ကြည့်နေကြသည်။
ချန်ရှောင်း၏ ရင်ထဲတွင် ကြောက်စိတ်များတဖွားဖွားဖုံးလွှမ်းလာကာ မွေးညင်းများပင် ထောင်ထလာကုန်တော့သည်။ သူ့မျက်နှာလည်း ကြောက်လန့်တကြား ဖြူဖျော့သွားပြီး တုန်တုန်ယင်ယင် ထုတ်မေးလိုက်သည်။ "ဂိုဏ်းချုပ်၊ အဲဒါတွေ ဘာကြီးတွေလဲဗျာ"
ရုတ်တရက် ပေါ်လာကြသော ထိုထူးထူးဆန်းဆန်း မျက်လုံးအစုံများထံမှ အရှိန်အဝါမှာ အကန့်အသတ်မဲ့ ကျယ်ပြောလှပြီး ဤပတ်ဝန်းကျင်လေးတစ်ခုလုံးကို အလွတ်မပေးစွာ ဖြန့်ကျက်ထိန်းချုပ်ထားသလိုပင်။ ထိုမျက်လုံးများထဲတွင် လူသားတို့မှာ ဖုန်မှုန့်များလို အရေးမပါလှသကဲ့သို့။ ယခုလို အနီးကပ် စိုက်ကြည့်ခံနေရချိန်တွင် ဘာတစ်ခုကိုမှ လျှို့ဝှက်ဖုံးကွယ်လို့မရတော့သလို ခံစားရကာ ဖော်ပြရခက်ခဲသော စိတ်ဖိစီးလေးလံမှုအား ဖြစ်ပေါ်လာစေသည်။
ယွီဟွားဂိုဏ်းချုပ်၏ မျက်နှာက လေးနက်သွားသည်။ "မရိုမသေ မလုပ်နဲ့! သူတို့က ယွီဟွားဂိုဏ်း ရဲ့ ဘိုးဘေးကြီး ငါးပါးပဲ!"
ပြောရင်ဆိုးရင် လေဟာနယ်ကို ဦးတည်ကာ ရိုသေစွာ ဦးညွှတ်လိုက်သည်။ "ဂါရဝပြုပါတယ် ဘိုးဘေးတို့။ ကျွန်တော် ပြောခဲ့ဖူးတဲ့သူကို အရောက်ခေါ်လာပါပြီ၊ ဒီလူဟာ အလားအလာကောင်းတဲ့ တပည့်သားလိမ္မာတစ်ဦးပါပဲ"
ချန်ရှောင်း၏ နှလုံးသား အကြီးအကျယ် တုန်လှုပ်သွားရ၏။
ဂိုဏ်းချုပ်ကိုယ်တိုင်တောင် သူတို့ကို မကြုံစဖူး ရိုရိုသေသေ ဆက်ဆံနေသည်ရော၊ သူ့စိတ်ထဲမှ ကြီးကြီးမားမားခံစားနေရသော စိတ်ဖိစီးမှုကိုပါ ပေါင်းစပ်လိုက်သော် သူ့စိတ်ထဲတွင် အတွေးတစ်ခု လက်ခနဲပေါ်လာခဲ့သည်။
"ဒီဘိုးဘေးကြီး ငါးပါးဟာ ဒဏ္ဍာရီလာ မသေမျိုးအဆင့်ကို ရောက်နေကြတာများလား?"
ချန်ရှောင်း ဆက်မစဉ်းစားရဲတော့ပေ၊ သူ့အသက်ရှူနှုန်း မြန်ဆန်လာသည်။
မသေမျိုးဆိုသည်မှာ ဤကျင့်ကြံရေးလောက၏ အမြင့်မြတ်ဆုံး လက်လှမ်းမမီနိုင်သော အဆင့်တစ်ခုဖြစ်ကာ ခွင်းလွင်နယ်မြေရှိ ကျင့်ကြံသူတိုင်း၏ နောက်ဆုံးသောပန်းတိုင်တစ်ခုသာဖြစ်၏။
ယွီဟွားဂိုဏ်းတွင် ထိုသို့သော မသေမျိုးနတ်ဘုရားဟု ထင်မှတ်ရသည့် ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်မျိုး ငါးဦးတောင်ရှိနေသည်ဆိုမှတော့။
ထိုသို့ ကြောက်မက်ဖွယ် အခြေခံအုတ်မြစ်များဖြင့် ထောက်ပံ့အခြေချထားသောကြောင့် အရှေ့ပိုင်းစီရင်စု၏ နံပါတ်တစ် သန့်စင်မြင့်မြတ်သော ကျင့်ကြံခြင်းနယ်မြေဟု ခေါ်ဆိုခံရသည်မှာ အံ့သြစရာမရှိတော့ပါချေ။
"အင်း၊ ဒီကလေးရဲ့ အရိုးအဆစ်တွေက အရမ်းသန်မာအားပြည့်တယ်၊ ဇွဲလုံ့လနဲ့ ဆုံးဖြတ်ချက်ချရာမှာလည်း ခိုင်မာတည်မြဲလှတယ်။ နေမင်းမီးလျှံကျင့်စဥ်ကိုတောင် ကျင့်ကြံနိုင်ပြီး နေမင်းမသေမျိုးခန္ဓာကို အမြင့်ဆုံးအထိ တိုးတက်အောင် လုပ်နိုင်တယ်။ ကောင်းလေစွ၊ ကောင်းလေစွ"။
သူတို့ကို အပေါ်စီးမှ အုပ်မိုးကြည့်ရှုနေသော ကြီးမားလှသည့် ဆီးနှင်းဖြူရောင် မျက်လုံးတွေဟာ ကြယ်တံခွန်နှစ်လုံးကို စီတန်းထားသကဲသို့ စိတ်ဝိညာဉ်ကို လှုပ်ခတ်စေသည့် အလင်းတန်းအား ထုတ်လွှတ်နေလေသည်။
"ဒါက ဘိုးဘေးထျန်ဟုန် ဖြစ်ပြီး ဘိုးဘေးကြီး ငါးပါးရဲ့ ခေါင်းဆောင်လည်း ဖြစ်တယ်" ယွီဟွားဂိုဏ်းချုပ် က သူ့ဘေးမှ ကြောင်ရပ်နေသောလူငယ်ကို အသာတို့၍ မိတ်ဆက်ပေးလိုက်သည်။
ချန်ရှောင်း သတိပြန်ဝင်လာပြီး ချက်ချင်း လက်သီးဆုပ်ပြီး အရိုအသေပြုလာ၏။ "ဘိုးဘေးကြီးရဲ့ ချီးမွမ်းစကားအတွက် ကျေးဇူးတင်ပါတယ်!"
"ဒါပေမဲ့ ဒီလူငယ်လေးဟာ မကြာသေးခင်က သားရဲတစ်ကောင်ကို ရှုံးနိမ့်ခဲ့ပြီး ကျင့်ကြံခြင်းလမ်းစဉ်နဲ့ပတ်သက်ပြီး အလွန်ရှုပ်ထွေးနေပါတယ်။ ဘိုးဘေးကြီးက ကျေးဇူးပြုပြီး လမ်းပြညွှန်ကြားပေးပါဦး" ချန်ရှောင်း စကားပြောရင်း လေသံက တဖြည်းဖြည်း တိုးဝင်သွားကာ ယုံကြည်မှုကင်းမဲ့နေဟန်ဖြင့် အားပျော့လှ၏။ ယခင်က ထောင်လွှားခဲ့သော မာန်မာနနှင့်ယုံကြည်မှုတွေလည်း ပျောက်ဆုံးကုန်လေပြီ။
တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာခဲ့ပြီးနောက် သူဟာ ကမ္ဘာမှာ ပြိုင်ဘက်ကင်း သူရဲကောင်းဖြစ်လာမယ်လို့ အထင်ရှိခဲ့ပေမယ့် ယဲ့ကျွင်းလင်၏ စီးတော်ယာဉ်ထံ၌ ရှုံးနိမ့်ခဲ့ရပြီး အကြီးအကျယ် နာမည်ကျဆင်းသွားခဲ့ရသည်။ ထိုအရိပ်မည်းက သူ့စိတ်အစဥ်ကို တစ်ချိန်လုံးလွှမ်းမိုးထားပြီး လျှောက်လှမ်းနေသော ကျင့်ကြံရေးလမ်းစဥ်ကိုပင် သံသယဝင်လာရသည်အထိ။
"ဪ?"
ဘိုးဘေးထျန်ဟုန်၏ မျက်လုံးများ လက်ခနဲဖြစ်သွားပြီး ချန်ရှောင်း၏ဦးခေါင်းလည်း ဆစ်ခနဲနာသွားရသည်။ တစ်ခုခုက သူ၏ အသိစိတ်ပင်လယ် ကို စူးစမ်းနေသလိုပင်။
"ထူးဆန်းလိုက်တာ၊ ဒီကမ္ဘာမှာ ခွင်းဖန်းတစ်ကောင် ရှိနေသေးတယ်? ပြီးတော့ သူ့သွေးမျိုးက အရမ်းသန့်စင်မြင့်မြတ်နေသေးတယ်၊ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?"
ချန်ရှောင်း၏ အသိစိတ်ထဲက မှတ်ဉာဏ်ပုံရိပ်တွေကို မြင်တော့ ဘိုးဘေးကြီး ငါးပါး၏ ခေါင်းဆောင်ဘိုးဘေးထျန်ဟုန်တောင် စိတ်တည်ငြိမ်မှုအနည်းငယ်ပျက်ပြားသွားရ၏။
ခွင်းဖန်း မျိုးနွယ်စုဆိုတာ မြင့်မြတ်သောမျိုးဆက်တစ်ခုဖြစ်သည်နှင့်အညီ အလားအလာကောင်းမွန်ပြီး ကြီးပြင်းအရွယ်ရောက်လာချိန်တွင် မသေမျိုးအဆင့်သို့တက်ရောက်ဖို့ပင် ကံကြမ္မာပါလာခဲ့ကာ တိုက်ခိုက်ရေးစွမ်းအားက အံ့မခန်းထူးခြားကြောင်း သူတို့အားလုံးသိထားသည်။ ဒါ့အပြင် ယခုချန်ရှောင်းကြုံခဲ့ရသော ခွင်းဖန်းကား ရှေးဦးမူလ ခွင်းဖန်းသားရဲကြီးများအတိုင်း သန့်စင်သောသွေမျိုးဆက်ကို ပိုင်ဆိုင်ထားသေးသည်ပင်။
ခွင်းလွင်နယ်မြေ၏ လက်ရှိအခြေအနေက ဤသို့နတ်သားရဲတစ်ကောင် ထပ်ပေါ်လာနိုင်ချေ လုံးဝမရှိတော့ပါလေ။
အဆိုးဆုံးကတော့ ထိုသားရဲမှာ လူတစ်ယောက်၏စီးတော်ယာဥ်အဖြစ် လိုလိုလားလား တာဝန်ထမ်းဆောင်နေခဲ့ခြင်းပင်။
မယုံနိုင်စရာပဲ!
လုံးဝကို မယုံနိုင်စရာပဲ!
"ဒီ ယဲ့ကျွင်းလင်က တစ်ခုခုတော့ ထူးဆန်းတယ်" ဘိုးဘေးထျန်ဟုန်က လေးနက်စွာ ရေရွတ်လိုက်သည်။
ယွီဟွားဂိုဏ်းချုပ်ကလည်း ရှင်းလင်းတင်ပြလာသည်။ "အဲ့ဒီလူက ရွှယ်ထျန်းဂိုဏ်းရဲ့ တောင်ထိပ်သခင်တစ်ပါးဖြစ်ပြီး ခွန်အားအဆင့်ဟာလည်း တိုင်းတာလို့မရသည်အထိ နက်နဲပါတယ်။ သူဟာ လွန်ခဲ့တဲ့ နှစ်နှစ်ကြာလောက်ကမှ လူရှေ့သူရှေ့ ပြန်လည်ပေါ်ထွက်လာတာပါ။ အပြင်လောကမှာတော့ ရွှယ်ထျန်ဂိုဏ်းဟာ အရှေ့ပိုင်းစီရင်စုရဲ့ ဟိုးတစ်ချိန်ရှေးဟောင်းခေတ်များကတည်းက တည်ရှိလာတဲ့ လျှို့ဝှက်ဂိုဏ်းတစ်ခု ဖြစ်တယ်လို့ ကောလာဟလတွေ ထွက်နေပါတယ်"
ဘိုးဘေးထျန်ဟုန် လှောင်ပြောင်ရယ်မောလိုက်သည်။ "အဓိပ္ပာယ်မရှိတာ! ငါ အရှေ့ပိုင်းစီရင်စုမှာ ဒီလောက်နှစ်ပေါင်းများစွာ နေထိုင်လာခဲ့တာ ဒီဂိုဏ်းအကြောင်း တစ်ခါတောင်မကြားဖူးဘူး!"
"အဲဒါကြောင့်ပဲ သူ့ကို လျှို့ဝှက်ဂိုဏ်း လို့ ခေါ်ကြတာပေါ့။ လျှို့ဝှက်တည်ထောင်ထားတဲ့ ဂိုဏ်တစ်ဂိုဏ်းကို ဘယ်လိုလုပ် ခင်ဗျား ကြားဖူးနိုင်မှာလဲ?" ဒုတိယအဆင့်ဘိုးဘေးဖြစ်သော ဘိုးဘေးကျစ်ရှောင် က ပေါ့ပေါ့ပါးပါး ဝင်ရောက်ချေပလိုက်သည်။
ဘိုးဘေးထျန်ဟုန် စကားလုံးများပင် ပြတ်တောက်ဆွံ့အသွားရ၏။
အင်း...အဲ့လိုတော့လည်း ဟုတ်သားပဲဟ!
လျိုလောင်ကတော့ အပြီးတိုင်မပျောက်ပျယ်သေးသော စိုးကြောက်စိတ်ဖြင့် ထပ်မံဖြည့်စွက်လျှောက်တင်လာ၏။ "ဘိုးဘေးတို့၊ ဒီနေ့ ကျွန်တော်တို့ ဓားဆင့်ခေါ်ဂိုဏ်းကို ဝင်တိုက်ဖို့ ပြင်ဆင်နေတာ၊ ယဲ့ကျွင်းလင်က မသေမျိုးမှော်လက်နက်ကို ထုတ်ပြီး မရဏချောက်နက်ဘုရင် အများအပြားကို တစ်ဆက်တည်း သတ်ပစ်လိမ့်မယ်လို့ ဘယ်သူကထင်ထားမှာလဲ။ အခု ဒီသတင်းက အရှေ့ပိုင်းစီရင်စုတစ်ခုလုံးမှာ ပျံ့နှံ့နေပြီ"
မသေမျိုးမှော်လက်နက်!
ဘိုးဘေးကြီး ငါးပါး တုန်လှုပ်သွားကြသည်။
ဘေးဒုက္ခကျော်လွှားခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က ဒီလိုအဆင့် မှော်လက်နက်ကို ပေါ့ပေါ့ပါးပါး အသက်သွင်းနိုင်သလား?
ဒီအတိုင်းဆို ရွှယ်ထျန်းဂိုဏ်းဟာ သာမန်မဟုတ်တဲ့ ထိပ်တန်းအင်အားစုတစ်ခု ဖြစ်ပုံရတယ်!
"ဟမ့်၊ မသေမျိုးမှော်လက်နက် ဟုတ်လား? ငါတို့မှာလည်း ရှိတာပဲ၊ ဘာလို့ အဲ့လူကို ငါတို့ထက်ပိုမြင့်တယ်လို့ သတ်မှတ်ရမှာလဲ?" ဘိုးဘေးထျန်ဟုန်က သူ့ရင်ထဲမှ တုန်လှုပ်မှုကို အတင်းအကြပ် ထိန်းချုပ်ပြီး အေးစက်စက် နှာတစ်ချက်မှုတ်လိုက်ရာ ပတ်ဝန်းကျင်တစ်ခုလုံး တုန်လှုပ်သွားသည်မှာ နတ်ဘုရားများ ဒေါသထွက်နေသကဲ့သို့။
"ဟုတ်ကဲ့..." လျိုလောင်တစ်ယောက် ကြောက်လန့်တကြားဖြင့် ချွေးအေးများ စီးကျလာသည်။
"ကျွန်တော့်အမြင်အရ ရွှယ်ထျန်းဂိုဏ်းက လက်ရှိကာလမှာ အကြီးမားဆုံး ပြောင်းလဲမှုတစ်ခုပါပဲ၊ အထူးသဖြင့် ယဲ့ကျွင်းလင်ပေါ့"
ဒီအကြောင်းပြောရင်း ယွီဟွားဂိုဏ်းချုပ်က သူ့မျက်လုံးများကို အနည်းငယ် မှေးစင်းလိုက်ပြီး ကြောက်ကြောက်ဖြင့် ပြောပြလာသည်။ "ဒီလူမှာ ကြီးမားတဲ့ သဘာဝလွန်စွမ်းအားတွေ ရှိတယ်။ လေပေါ်ဝိဇ္ဇာကျောင်းရဲ့ ဝိဇ္ဇာသူတော်သုံးပါးကို သူတစ်ယောက်တည်းအားနဲ့ ဖိနှိပ်ချေမှုန်းနိုင်ခဲ့တာ။ အဲ့ဒီအဖြစ်အပျက်တစ်ခုလုံးကို ကျွန်တော် ကိုယ်တိုင် မြင်ခဲ့ရတာပါ။ ကျင့်ကြံဆင့်တူတွေကြားမှာတော့ အဲ့လူဟာ တကယ်ကိုပြိုင်ဘက်ကင်းစွမ်းအားရှင်ပဲ။ ဒါကြောင့်လည်း သူက ရွှယ်ထျန်းဂိုဏ်းမှာ ဒီလိုဦးစားပေးခံနေရတာပေါ့။"