← Chapters

အခန်း (၂၄၃)

Vol. 18 Ch. 243

အခန်း (၂၄၃)

Vol. 18 Ch. 243

မှန်သည်။ ထို့နေ့က လေပေါ်ဝိဇ္ဇာကျောင်းတွင် ပေါ်ထွက်လာကြသော အနက်ရောင်ဝတ်ရုံဝတ်တပ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်သူမှာ ယွီဟွားဂိုဏ်းချုပ်ပင်ဖြစ်၏။

ကျင့်ထူပြည်ထောင်အတွင်း အတွင်းလူတစ်ဦးစေလွှတ်ကာ နိုင်ငံတွင်းအပြောင်းအလဲများကို သူမပြတ်စောင့်ကြည့်နေခဲ့သည်ပင်။ ဤသို့ဖြင့် လေပေါ်ဝိဇ္ဇာကျောင်းတွင် အပြောင်းအလဲကြီးတစ်ခုဖြစ်ပွားနေကြောင်း သိလိုက်ရသောအခါ သူကိုယ်တိုင် တပ်ဖွဲ့ကိုဦးဆောင်ချီတက်ကာ လေပေါ်ဝိဇ္ဇာကျောင်းအား ဖျက်ဆီးချေမှုန်းပစ်ခဲ့၏။ နန်းတော်ကိုပါ သွေးချောင်းစီးစေခဲ့တာကြောင့် မရဏစစ်တပ်မှာ ကျင့်ထူပြည်အား အလွယ်တကူ သိမ်းပိုက်စိုးမိုးနိုင်ခဲ့ပေသည်။

"အရေးမကြီးပါဘူး၊ သူ့မှာ ဘယ်လိုနည်းလမ်းတွေပဲ ရှိနေပါစေ၊ ကမ္ဘာကြီးတစ်ခုလုံးစာ ပြောင်းလဲသွားမယ့် အခြေအနေကို သူ့လက်တစ်ဖက်စာနဲ့ တားဆီးနိုင်မှာ မဟုတ်ဘူး။ မတွန်းလှန်နိုင်တဲ့ အင်အားစုကြီးတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ဘယ်လိုစွမ်းအားရှင်ပဲဖြစ်နေပါစေ နောက်ဆုံးတော့ အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားရမှာပဲ"။

ဘိုးဘေးထျန်ဟုန်၏ လေသံတွင် မထီမဲ့မြင်ဟန်များ ပြည့်နှက်နေပြီး ယဲ့ကျွင်းလင်ကို အလေးအနက်ထားစရာဟု မထင်မှတ်သည့်ဟန်ပင်။ ပုရွက်ဆိတ်အုံထဲက နည်းနည်းပိုကြီးသည့် ပုရွက်ဆိတ်တစ်ကောင်ဟုသာ သဘောထား၏။

ယွီဟွားဂိုဏ်းချုပ် ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး သတိကြီးစွာထားလျက် မေးလိုက်သည်။ "ဘိုးဘေး၊ မသေမျိုးဘုံမှာရော အခြေအနေဘယ်လိုလဲ? ခေါင်းဆောင်ဘိုးဘေးက သတင်းအသစ်တွေ ပို့ထားတာ ရှိသေးလား?"

ခေါင်းဆောင်ဘိုးဘေးဆိုသူမှာ ယွီဟွားဂိုဏ်း၏ တည်ထောင်သူ ဘိုးဘေး ဖြစ်ပြီး မြင့်တက်ပျံသန်းခြင်းကျင့်စဥ်၏ ဖန်တီးရှင်ပင်!

မရေမတွက်နိုင်လောက်အောင် နှစ်ပေါင်းများစွာကြာညောင်းအပြီး ဖွံ့ဖြိုးတိုးတက်မှုများစွာရှိပြီးချိန်တွင် ယွီဟွားဂိုဏ်းသည်လည်း မသေမျိုးဘုံတွင် အဆက်အနွယ်တစ်ခုရှိထားသည်ဟုဆိုကြကာ ထိုအဆက်အနွယ်မှာလည်း နည်းနည်းနောနောမဟုတ်ဟု ဆို၏။ ခေါင်းဆောင်ဘိုးဘေးဆိုလျှင် မသေမျိုးဘုံတွင် အတော်လေးအထင်ကရရှိသော အဓိကပုဂ္ဂိုလ်တစ်ပါးပင်ဖြစ်နေပြီဟု ဆိုကြသည်။

"မကြာသေးခင်ကပဲ ခေါင်းဆောင်ဘိုးဘေးက လျှို့ဝှက်သတင်းတစ်ခု ပို့ထားတယ်။ မသေမျိုးဘုံရဲ့ ကြယ်တာရာနယ်မြေတွေမှာ တည်ဆောက်ထားတဲ့ ကာကွယ်ရေးလိုင်းတွေ တစ်ခုပြီးတစ်ခု ဖျက်ဆီးခံနေရပြီး နယ်မြေပြင်ပက ဂြိုလ်သားမျိုးနွယ်တွေ တဖြည်းဖြည်း ချဉ်းကပ်လာနေပြီလို့ ပြောတယ်။ ကံကောင်းစွာနဲ့ သူ့ရဲ့ အင်အားကြီးအဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ကိစ္စက အဆင်ပြေနေတယ်တဲ့။ သူတို့ဆီက ယုံကြည်မှုရဖို့အတွက် အချက်အလက်တွေကိုတော့ ထပ်ခါတလဲလဲ ဖော်ထုတ်ပေးရတာပေါ့။ အကယ်၍ မသေမျိုးဘုံသာ ပျက်စီးသွားရင် သူက ခေါင်းဆောင်အသစ် ဖြစ်လာမှာ၊ နောက်ပိုင်း ယွီဟွားဂိုဏ်းလည်း အကြီးအကျယ် ကြီးပွားလာပြီး မရေမတွက်နိုင်တဲ့ မသေမျိုးကြယ်တာရာတွေကို အုပ်စိုးနိုင်လိမ့်မယ်" ဘိုးဘေးထျန်ဟုန်က ဂုဏ်ယူစွာ ပြောပြလာသည်။

ယွီဟွားဂိုဏ်းချုပ် တိတ်တိတ်လေး သက်ပြင်းချလိုက်ပြီး ချီးကျူးစကားဆိုလိုက်သည်။ "ခေါင်းဆောင်ဘိုးဘေးကတော့ ဘာပဲလုပ်လုပ် တကယ်ကို ထက်မြက်ပါတယ်။ မသေမျိုးဘုံ ပျက်စီးမယ့် အခြေအနေကို အခွင့်ကောင်းယူပြီး ပိုကောင်းတဲ့နေရာတစ်ခုကို ခြေကုပ်ယူနိုင်ထားတာ။ ဘိုးဘေးရဲ့ဦးဆောင်မှုအောက်မှာ ယွီဟွားဂိုဏ်းရဲ့ မျိုးနွယ်စုက ဆက်လက်တည်တံ့နိုင်ရုံသာမက ပိုကြီးထွားတိုးတက်ဖို့ပဲ ရှိပါတော့တယ်!"

"အင်း... ဘိုးဘေးတည်ထောင်သူကလည်း ငါတို့ကို နယ်မြေပြင်ပက သံတမန်တွေနဲ့ အဆင်ပြေပြေပူးပေါင်းဆောင်ရွက်ဖို့နဲ့ သူတို့ကို နယ်မြေများများသိမ်းပိုက်နိုင်အောင် ကူညီဖို့ ညွှန်ကြားထားတယ်။ ဒါက မျိုးနွယ်စုအတွက် တိုက်ပွဲကြီးတစ်ခု ဖြစ်ပြီး ပေါ့ပေါ့တန်တန် သဘောထားလို့မရပေဘူး" ဘိုးဘေးထျန်ဟုန်က အလေးအနက် ပြောလာသည်။

"စိတ်ချပါ ဘိုးဘေး၊ လက်ရှိအခြေအနေအရ အရှေ့ပိုင်းစီရင်စုမှာရှိတဲ့ ကြယ်တာရာတံခါးတစ်ဝက်လောက်က ကျွန်တော်တို့ ထိန်းချုပ်မှုအောက်မှာ ရှိနေပါပြီ။ နောက်ပိုင်းမှာ မရဏချောက်နက်ဘက်က ကြယ်တာရာတံခါးတွေ ပိုမို သိမ်းပိုက်နိုင်အောင် လျှို့ဝှက်စွာ ဆောင်ရွက်ပံ့ပိုးပေးသွားပါ့မယ်" ယွီဟွားဂိုဏ်းချုပ်မှ နာခံစွာလျှောက်တင်လာသည်။

ထိုအချိန်တွင်။

ချန်‌ရှောင်း၏ နဖူးမှ ပဲစေ့လောက် ချွေးသီးချွေးပေါက်များ စီးကျလာပြီး ထိုစကားဝိုင်းတွင် ပါဝင်လာသော အချက်အလက်များစွာကြောင့် သူကြောင်အသွားရ၏။ အရင်က နားလည်ထားသမျှအရာအားလုံး မှားယွင်းနေခဲ့သောကြောင့် သူ့စိတ်ပိုင်းဆိုင်ရာအခြေအနေမှာ အ‌တော်လေးထိခိုက်သွားရသည်ပင်။

ဖြစ်နိုင်ရင် ဒီစကားတွေကို တကယ် မကြားချင်ဘူး!

ဘာပဲဖြစ်ဖြစ်၊ ပိုသိလေလေ၊ သေနိုင်ချေ ပိုများလေလေပဲ!

"ဒီကောင်လေးက ဘာလို့ ဒီလောက် ကြောက်ရွံ့နေရတာလဲ? မင်းက ငါတို့ယွီဟွားဂိုဏ်းရဲ့ ဦးစားပေးခံသားတော် မဟုတ်ဘူးလား?" ဘိုးဘေးထျန်ဟုန်က ချန်ရှောင်း၏တုန်တုန်ယင်ယင်အသွင်ကိုမြင်သော မကျေမနပ်ဆူပူလာသည်။

ကြီးကျယ်ခမ်းနားသော နှင်းဖြူရောင် မျက်လုံးများ ဒေါသဖြင့် တောက်လောင်လာသည်ကို ခံစားမိသော် ချန်‌ရှောင်းတစ်ယောက် ကြောက်လန့်တကြား တုန်ယင်သွားပြီး ချက်ချင်း တောင်းပန်လိုက်ရ၏။ "အမျက်မထွက်ပါနဲ့ ဘိုးဘေး၊ ကျွန်တော့် အပြုအမူမှားယွင်းမိတာပါ"

"တကယ်တမ်းပြောရရင် မင်း အဲဒီ ခွင်းဖန်းကို ရှုံးနိမ့်တာ မမှားပါဘူး။ ဒါပေမဲ့ ဒီကိစ္စကြောင့် မင်းအားလျော့သွားတယ်ဆိုရင်တော့ တကယ်ကိုစိတ်ဓာတ်‌ပျော့ညံ့နေတာပဲ။ နောက်ကွယ်က အတွင်းသတင်းတွေကို မင်း ခုလေးတင် အားလုံးကြားခဲ့ပြီးပြီ။ ဒါတွေအားလုံးက ငါတို့ယွီဟွားဂိုဏ်းရဲ့ ထိပ်တန်းလျှို့ဝှက်ချက်ပဲ၊ ဒါပေမဲ့ မင်းကအခု သိခွင့်ရှိတဲ့အနေအထားတစ်ခုကို ရောက်နေပြီ"။

ဘိုးဘေးထျန်ဟုန်က အဓိပ္ပာယ်ပါပါဖြင့် ‌ပြောလာသည်။ "ကြီးကျယ်တဲ့ ယှဉ်ပြိုင်မှုခေတ်တစ်ခေတ် စတင်တော့မယ်၊ ခွင်းလွင်လောက က မကြာခင်မှာ ဂိုဏ်းပေါင်းစုံ မျိုးနွယ်ပေါင်းစုံရဲ့ စစ်မြေပြင် ဖြစ်လာလိမ့်မယ်။ မင်းရဲ့ စွမ်းရည်ကို ဒီအချိန်မှာ အကောင်းဆုံးပြသပြီး ကောင်းကင်ယံထိ မြင့်တက်ဖို့ရာ ဆန္ဒမရှိဘူးလား"

ချန်‌ရှောင်း တုံ့ဆိုင်းနေရင်း ပြန်ပြောလာသည်။ "ဒါပေမဲ့၊ ကျွန်တော်တို့ တကယ်ပဲ ဂြိုလ်သားမျိုးနွယ်တွေနဲ့ ပူးပေါင်းပြီး ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာမြေကို စွန့်လွှတ်ရတော့မှာလား?"

"တုံးအလိုက်တဲ့ ကလေး၊ အကျိုးအမြတ်က ထိုက်တန်လောက်အောင်ကြီးမားနေရင် ဘာလို့ မစွန့်လွှတ်နိုင်ရမှာလဲ။ ဒါ့အပြင် ဒီကမ္ဘာကြီးကို ပြင်ပက အင်အားစုတွေက ပစ်မှတ်ထားနေတာ ကြာပြီ။ နောက်ဆုံး အရာအားလုံးကျဆုံးပြီး အပိုင်းပိုင်းအစစ ဖြစ်သွားမယ့်အစား ငါတို့က ကြိုတင်ပြီး လက်နက်ချပြီး ပိုကောင်းတဲ့ အနာဂတ်လမ်းကို ရှာထားမယ်ဆို အကျိုးမဖြစ်ပေဘူးလား"။

"မင်းအရင်က ကြုံတွေ့ခဲ့ရတဲ့ အရှက်ရမှုတွေကို ပြန်စဉ်းစားကြည့်ပါ၊ မင်းအဖေကို သတ်ခဲ့တဲ့ လူသတ်သမား၊ မင်းရဲ့ ပြိုင်ဘက်တွေ၊ သူတို့အားလုံးက မင်းရဲ့ အရည်အချင်းညံ့ဖျင်းမှု၊ မင်းရဲ့ သူရဲဘောကြောင်မှုတွေအကြောင်း အခုအချိန်မှာ ‌ပြောဆိုလှောင်ပြောင်နေကြတာ! ငါတို့နဲ့ ပူးပေါင်းလိုက်ပါ၊ မှန်ကန်တဲ့ဆုံးဖြတ်ချက်က မင်းရဲ့ တိမ်မြုပ်နေတဲ့ အလားအလာတွေကို ပိုထုတ်ဖော်ပေးနိုင်ပြီး မင်းကို ပိုကြီးမားတဲ့ အင်အားတွေ ပေးစွမ်းနိုင်မယ်!"

ကြီးကျယ်ခမ်းနားသော အသံက ကောင်းကင်နှင့်မြေကြီးတစ်လျှောက် ပဲ့တင်ထပ်သွားပြီး ရည်မှန်းချက်နှင့် သွေးဆောင်မှုအပြည့်ဖြင့် ယုံကြည်အားကိုးချင်စဖွယ်ကောင်းလှ၏။

ချန်‌ရှောင်း၏ မျက်လုံးများ တဖြည်းဖြည်း နီရဲလာပြီး အသက်ရှူနှုန်းက ပိုမြန်ဆန်လာကာ ထိုစကားလုံးများက သူ့ဦးနှောက်ထက် ပဲ့တင်ထပ်လျက်ရှိသည်။

သူ့နှလုံးသား အနက်ရှိုင်းဆုံးကနေ ပေါက်ဖွားလာသော လက်စားချေလိုသည့်ဆန္ဒက တင်းတင်းဆုပ်ကိုင်ထားသည့် နောက်ဆုံးသော ကိုယ်ကျင့်တရားစည်းမျဥ်းအား ဝါးမျိုဖုံးအုပ်ပစ်နေသည်။

ချန်းရှောင်း၏အသိစိတ်တွင် ဆံပင်ငွေရောင်နှင့်လူငယ်၏ပုံရိပ် ထင်ပေါ်လာကာ မုန်းတီးမှုကြောင့် မျက်လုံးများပင် ကွဲထွက်မတတ် နီရဲလာရ၏။ သူအံကြိတ်ထားရင်း နောက်ဆုံးတော့ ဒေါသနှင့်နာကျည်းမှုက ကျန်ရှိသမျှဆင်ခြင်တုံတရားအား လွှမ်းမိုးသွားလေတော့သည်။

"ဘိုးဘေးပြောတာမှန်တယ်။ ကျွန်တော် ပိုပြီး အားကောင်းလာချင်တယ်။ လူ့ကျင့်ဝတ်တွေ၊ ဂုဏ်သတင်းကောင်းတွေ၊ အကုန်လုံးက အဓိပ္ပာယ်မရှိတာတွေချည်းပဲ!"

ချန်‌ရှောင်း စိတ်ခံစားမှုတွေကို မထိန်းချုပ်နိုင်တော့စွာ ဟစ်အော်ပြောလိုက်သည်။ "အခုချိန်မှာ ကျွန်တော် စွမ်းအားကြီးလာတာပဲ လိုချင်တယ်!"

"ဒီကလေးက ဆုံးမသွန်သင်ရလွယ်တာပဲ"

ဘိုးဘေးထျန်ဟုန် အလွန်ကျေနပ်သွားသည်။ "သမိုင်းကို အောင်နိုင်သူတွေကသာ ရေးထိုးနိုင်ကြတာပဲ၊ အရင်ဆုံး ဒီပွဲကိုအနိုင်ရအောင် ဦးတည်ကြိုးစားရမယ်။"

"နောက်ပိုင်းကာလတွေမှာ မင်း ဒီမှာပဲ နေရလိမ့်မယ်။ မင်းရဲ့ ကျင့်ကြံမှုကို ငါတို့ လမ်းညွှန်ပေးမယ်၊ မင်းရဲ့ အလားအလာတွေကို ထုတ်ဖော်ပေးမယ်၊ မင်းကို မသေမျိုးဖြစ်လာအောင် တတ်နိုင်သမျှ ကူညီပေးမယ် ဟုတ်ပြီလား!"

ယွီဟွားဂိုဏ်းချုပ်က အလေးအနက် သတိပေးလာသည်။ "ဘာရပ်လုပ်နေတာလဲ? ဘိုးဘေးရဲ့ ကြီးမားတဲ့ သင်ပြမှုနဲ့ ကြင်နာမှုကို ကျေးဇူးတင်ရမယ်လေ"

ချန်‌ရှောင်း မြေပြင်ပေါ် ဒူးထောက်ချပြီး ခေါင်းငုံ့ဦးညွှတ်ကာကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "ဒီနေ့ကစပြီး ကျွန်တော်ချန်‌ရှောင်းဟာ ယွီဟွားဂိုဏ်း ကို အစွမ်းကုန် အလုပ်အကျွေး ပြုသွားမှာပါ!"

နှိမ့်ချယဉ်ပါးသွားသည့်လူငယ်ကို ကြည့်ရင်း ဘိုးဘေးထျန်ဟုန်နှင့် တခြားဘိုးဘေးများ အချင်းချင်းမျက်စပစ်ကာ ထူးဆန်းစွာ ရယ်မောလိုက်ကြသည်။

နေမင်းမသေမျိုးခန္ဓာရဲ့ အမှန်တကယ် အသုံးဝင်ပုံက အဲ့ထက်တောင် ပိုပါသေးတယ်...

All Chapters