စိတ်အေးအေးထားပါ မင်းသမီးမင်ယွဲ့
Vol. 18 Ch. 244
ဟွမ်ကျိုးပြည်နယ်။
ထိုနေ့၌ ရွှယ်ထျန်းဂိုဏ်း၏ တောင်တံခါးဝရှေ့တွင် ခရမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးတစ်ဦး ရုတ်တရက် ပေါ်လာသည်။
ခရမ်းရောင်ဝတ်စုံက သူမ၏ ပြည့်ပြည့်ဖြိုးဖြိုးနှင့် နူးညံ့သိမ်မွေ့လှသော ကိုယ်ခန္ဓာကို ကပ်ရပ်ချပ်ရပ် ရစ်ပတ်ထားပြီး ရင်အုံစွင့်စွင့်မှာ ခမ်းနားလှပကာ ဆွဲဆောင်မှုရှိလှပေ၏။ သို့သော် သူမ၏ နူးညံ့ချောမွတ်သော မျက်နှာလေးတွင်မူ နက်ရှိုင်းသော ပင်ပန်းနွမ်းနယ်မှုအား မြင်တွေ့နိုင်ပေသည်။
"ရွှယ်ထျန်းဂိုဏ်း၊ နောက်ဆုံးတော့ ရောက်လာခဲ့ပြီ"
ခရမ်းရောင်ဝတ် အမျိုးသမီးက မျက်ရည်ကျလုနီးပါး အသံတိမ်လေးဖြင့် ရေရွတ်လိုက်သည်။
သူမသည် ကျင့်ထူပြည်ထောင် ပြည့်ရှင်မင်း၏ သမီးတော်၊ မင်းသမီး မင်ယွဲ့ ဖြစ်သည်။
နေရာကူးပြောင်းတံခါးမှ ထွက်ခွာလာခဲ့ပြီးနောက် မင်းသမီးမင်ယွဲ့ ဝရမ်းပြေးဘဝအား စတင်ခဲ့ရပေ၏။ နေရာအနှံ့ ခရီးသွားလာရင်း နာမည်ဝှက်ဖြင့် ပုန်းကွယ်ပြေးလွှားကာ ရွှယ်ထျန်းဂိုဏ်း၌ ခိုလှုံရန်အတွက် မိုင်ထောင်ပေါင်းများစွာ ခရီးနှင်ခဲ့ရပြီး ဟွမ်ကျိုးပြည်နယ်သို့ ရောက်လာခဲ့ခြင်း ဖြစ်ပေသည်။
"ဒီအမျိုးသမီးလေး၊ ဘယ်သူ့ကို ရှာနေတာပါလဲ?"
မင်းသမီးမင်ယွဲ့မှာ ပင်ပန်းနွမ်းနယ်နေပုံရသော်လည်း မြင့်မြတ်ကျော့ရှင်းသော အရှိန်အဝါတစ်ခုရှိသည်အား မြင်သောအခါ ရွှယ်ထျန်းဂိုဏ်း၏ တပည့်နှစ်ဦး တစ်ဖြစ်လဲ တောင်တံခါးစောင့်တာဝန်ကျသူများက စမ်းသပ်မေးမြန်းလိုက်သည်။
"အကြီးအကဲယဲ့ကို ရှာနေတာပါ"
မင်းသမီး မင်ယွဲ့က ပြောလိုက်သည်။
"အကြီးအကဲယဲ့?"
တပည့်နှစ်ဦး ကြောင်အသွားကြသည်။ ထို့နောက် သတိပြန်ဝင်လာပြီး အကြီးအကဲယဲ့ ဆိုသည်မှာ မည်သူကို ဆိုလိုကြောင်း နားလည်သွားကြ၏။ ၎င်းမှာ သူတို့၏ မြူခိုးတောင်ထိပ်သခင် ယဲ့ကျွင်းလင်ပင် ဖြစ်ရပေမည်။
"ဟေး၊ နောက်ထပ် ရူးသွပ်စွဲလမ်းနေတဲ့ အမျိုးသမီးပရိသတ်တစ်ယောက် ဖြစ်ရမယ်၊ ဒီရက်ပိုင်း ရောက်ရောက်လာကြတာ စုစုပေါင်း အယောက်သုံးဆယ်ကျော်နေပြီ"
"ဒါပေမဲ့ ပြောရရင် ဒီအမျိုးသမီးက တကယ်လှတာကွ၊ ငါမြင်ဖူးသမျှ အမျိုးသမီးပရိသတ်တွေ အားလုံးထဲမှာ အလှဆုံးပဲ"
"ဝူးဝူး၊ ငါလည်း အမျိုးသမီးငယ်လေးတစ်ယောက်က လိုက်ကြိုက်တာကို ခံချင်တယ်၊ ဒီမှာ နှစ်ချီအောင်တစ်ကိုယ်တည်းစောင့်ဆိုင်းနေရပြီး ဆရာတူညီမလေးတစ်ယောက်ယောက်ရဲ့ လက်ကလေးကို ကိုင်ဖို့တောင် အခွင့်အရေးမရှိလာသေးဘူး"
"မနာလိုလိုက်တာ လို့ ပြောရတာလည်း မောနေပါပြီ"
တပည့်နှစ်ဦးသည် စိတ်ချင်းဆက်သွယ်ကာ စကားပြောနေကြပြီး သူတို့၏ ရင်ထဲမှ မကျေမနပ်ခံစားချက်များအား မပြီးနိုင်မစီးနိုင် ဖွင့်ချလျက်။
သူတို့ မလှုပ်ရှားသည်ကို မြင်သော် မင်းသမီး မင်ယွဲ့က စိတ်အားထက်သန်စွာ မေးလာသည်။ "အစ်ကိုကြီးတို့၊ ကျွန်မကို ဝင်ခွင့်ပြုနိုင်မလား?"
"တောင်းပန်ပါတယ်၊ ဝင်လို့မရပါဘူး!"
အရပ်ရှည်ရှည် တပည့်တစ်ဦးက အလေးအနက် ဖြေကြားလာသည်။
မင်းသမီး မင်ယွဲ့ တစ်ခဏမျှကြောင်သွားပြီးနောက် ထပ်ပြောလိုက်သည်။ "ကျွန်မက ကျင့်ထူပြည်ထောင် တော်ဝင်မျိုးနွယ်ရဲ့ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူပါ၊ ရှင်တို့ဂိုဏ်းမှာ ခိုလှုံဖို့ အထူးတလည် လာရောက်ခဲ့တာပါရှင်"
ရှင်းလင်းပြောပြနေရင်း သူမ၏ ကိုယ်ပိုင်အထောက်အထားကို သက်သေပြရန် တော်ဝင်တံဆိပ်ပြားအား ထုတ်ပြလိုက်သည်။
"ဘာ၊ မင်းက တကယ်ကြီး..."
တပည့်နှစ်ဦးသည် အံ့အားသင့်စွာဖြင့် တစ်ယောက်မျက်နှာတစ်ယောက် လှည့်ကြည့်မိလိုက်ကြသည်။
"ဟုတ်ပါတယ်၊ မြန်မြန် ဝင်ခွင့်ပြုပါရှင်၊ ကျွန်မ အကြီးအကဲယဲ့ကို အတွင်းသတင်းတွေ ပြောပြစရာရှိနေလို့ပါ!"
မင်းသမီး မင်ယွဲ့က တံဆိပ်ပြားကို ပြန်သိမ်းလိုက်ပြီး အထောက်အထားပြပြီးနောက် ဝင်ခွင့်ရလိမ့်မည်ဟု ထင်မှတ်ထားလိုက်မိ၏။
ဖွီး!
ရလဒ်အနေဖြင့် တပည့်နှစ်ဦးသည် ဝမ်းဗိုက်ကိုဖိကား ခါးကိုင်းအောင် ရယ်မောလိုက်ကြပြီး မျက်လုံးထောင့်မှ မျက်ရည်များပင် ထွက်ကျလာကြသည်။ "မင်းက တောင်ထိပ်သခင်ယဲ့ကို တွေ့ဖို့အတွက် ဒီလို ပုံကြီးချဲ့ လိမ်ညာတာမျိုးတောင် လုပ်ရဲတယ်၊ ကောင်မလေး၊ မင်းကတော့လေ..."
မင်းသမီး မင်ယွဲ့မှာ အံ့သြမှုကြောင့် ကျောက်ရုပ်လိုပင် တောင့်တင်းသွားရတော့၏။
ခဏအကြာတွင် သူမ ဒေါသတကြီး ခြေဆောင့်လိုက်ပြီး ရှက်ရှက်ဖြင့် အော်မိတော့သည်။ "ကျွန်မတကယ်ပြောနေတာပါ၊ ဘာလို့ မယုံကြတာလဲ?"
အရပ်ရှည်ရှည်တပည့်က ရယ်မောခြင်းကြောင့် ကျလာသော မျက်ရည်များကို သုတ်လိုက်သည်။ "အမျိုးသမီးလေး၊ မင်းမတိုင်ခင် အမျိုးသမီးများစွာက တောင်ထိပ်သခင်ယဲ့ကို တွေ့ဖို့အတွက် နည်းလမ်းအမျိုးမျိုး သုံးခဲ့ဖူးကြပြီးပြီ။ ဗိုက်ကြီးကြီးနဲ့ အမျိုးသမီးတချို့တောင် ရောက်လာကြသေးတယ်။ တောင်ထိပ်သခင်ယဲ့ရဲ့ ကလေးကို ကိုယ်ဝန်ဆောင်ထားရပါတယ်လို့ ပြောပြီး ကလေးအဖေနဲ့ တွေ့ချင်ပါတယ်တဲ့လေ။ ဒါပေမဲ့ မင်းလို ကျင့်ထူပြည်ထောင်ရဲ့ မင်းသမီးတစ်ပါးပါလို့ ပြောတာမျိုးတော့ ငါတို့လည်း တစ်ခါမှ မမြင်ဖူးပါဘူးကွာ၊ လူကို ဉာဏ်အလင်းပွင့်စေတယ်လို့ပဲ ပြောရမှာပေါ့"။
"ဟားဟားဟား..."
ပုပုပိန်ပိန်နှင့် နောက်တပည့်တစ်ယောက်က အဆုံးမရှိ ရယ်မောနေပြီး ရယ်ရင်း လက်ကိုဆန့်တန်းကာ ပြောလာသည်။ "ဒါကြောင့် ပြန်ကြွပါတော့ မယ်မင်းကြီးမလေးရေ၊ နောက်တစ်ခါ ပိုပြီး ယုံကြည်ရတဲ့ အကြောင်းပြချက်နဲ့ လာခဲ့ပါ"
ကျင့်ထူပြည်ထောင်ကို မရဏချောက်နက် စစ်တပ်က သိမ်းပိုက်ထားပြီးပြီ။ ဘယ်လိုလုပ် တော်ဝင်မင်းသမီး ရှိဦးမှာလဲ? ရှိရင်တောင် ချက်အစားခံရပြီးလောက်ပေါ့။
မင်းသမီး မင်ယွဲ့ အံတင်းတင်းကြိတ်လိုက်သည်။ ခက်ခဲကြမ်းတမ်းမှုတွေ အားလုံးကို ဖြတ်ကျော်ပြီး ဒီနေရာအထိ ရောက်လာခဲ့ပေမယ့် ဒီလို ငြင်းပယ်ခံရလိမ့်မယ်လို့ တစ်ခါမှမမျှော်လင့်ခဲ့စဖူး။ သူမ စိတ်ဓာတ်ပင်ကျချင်ချင် ဖြစ်သွားရ၏။
"မဖြစ်ဘူး၊ ကျွန်မ မရရအောင် ဝင်ရမှာပဲ!"
"အစ်ကိုကြီးတို့နှစ်ယောက်ရေ၊ စိတ်မရှိပါနဲ့!"
မင်းသမီး မင်ယွဲ့၏ မျက်နှာပေါ်တွင် စိတ်ပျက်လက်ပျက်ဟန်များ တမုဟုတ်ချင်းပျောက်ကွယ်သွားပြီး ခိုင်မာသောဆုံးဖြတ်ချက်တို့ ထင်ဟပ်လာကာ ဝိညာဥ်သန္ဓေအဆင့် ကျင့်ကြံသူတစ်ဦး၏ စွမ်းအားများ ပေါက်ကွဲထွက်လာပြီး တောင်တံခါးကို အတင်းအကြပ် ဖြတ်ကျော်ဝင်ရောက်ရန် ပြင်ဆင်လိုက်သည်။
ဗုံး!
ရုတ်တရက် ပို၍ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားနှစ်ခု ထပ်မံ ပေါက်ကွဲထွက်လာသည်။ တပည့်နှစ်ဦး၏ မျက်နှာပေါ်တွင် ခပ်နောက်နောက်အပြုံးများ မရှိတော့ဘဲ တည်တံ့လေးနက်စွာဖြင့် မင်းသမီး မင်ယွဲ့ ကို စိုက်ကြည့်လာကြရင်း အေးစက်စက် သတိပေးလာကြ၏။ "အမျိုးသမီးလေး၊ အမှားမလုပ်မိပါစေနဲ့"
"ဝိညာဥ်၊ ဝိညာဥ်အဆင့်တက်ခြင်း ကျင့်ကြံဆင့်..."
မင်းသမီးမင်ယွဲ့ ကြောက်လန့်တကြား တုန်ယင်သွားပြီး ပါးပြင်ပေါ်မှ ချွေးစက်များ စီးကျလာသည်။ ရေခဲရေတစ်ပုံးကို ခေါင်းပေါ်မှ လောင်းချလိုက်သလိုမျိုး တစ်ကိုယ်လုံး အေးစက်သွားရကာ အတင်းအကြပ် ချိုးဖျက်ဝင်ရောက်ရန် အတွေးများ ပျောက်ကွယ်သွားပြီး နက်ရှိုင်းသော ကြောက်ရွံ့မှုဖြင့် အစားထိုးခံလိုက်ရ၏။
ဒါ နောက်စရာမဟုတ်ဘူးနော်။
သာမန်လို့ပဲထင်ရတဲ့ တပည့်သားနှစ်ယောက်က တကယ်တမ်း ဝိညာဥ်အဆင့်တက်ခြင်း ကျင့်ကြံဆင့် က ကျင့်ကြံသူတွေ ဖြစ်နေတာလား!
ကျင့်ထူပြည်ထောင်တွင် ဝိညာဥ်အဆင့်တက်ခြင်း ကျင့်ကြံဆင့် ဆိုသည်မှာ စစ်တပ်ကို ဦးစီးရသော စစ်သူကြီးအဆင့်ဖြစ်ပြီး ထူးချွန်သူများပြားလှသည့် ချင်းကျိုးမှာတောင် ဂိုဏ်းအတော်များများ၏ ပြောရေးဆိုခွင့်ရှိ အထင်ကရ အကြီးအကဲရာထူးကို ရရှိခံစားနိုင်ပေသည်။
ဒါပေမဲ့ အဲ့လိုကျင့်ကြံသူတွေက ဒီဂိုဏ်းမှာတော့ တောင်တံခါးစောင့်ဖို့ပဲ ထိုက်တန်တာလား?
ဒီလောက်ကြီးကတော့ အလွန်အကျွံဖြစ်နေပြီမဟုတ်ဘူးလား?
မင်းသမီးမင်ယွဲ့တစ်ယောက် ရွှယ်ထျန်းဂိုဏ်း၏ ခွန်အားကို ပိုမို ရှင်းရှင်းလင်းလင်း နားလည်သွားရတော့သည်။
"အမျိုးသမီးလေးခင်ဗျာ၊ ပြန်သင့်ပါပြီ"
တပည့်နှစ်ဦးက ထပ်မံ သတိပေးလိုက်ကြပြီး သူတို့၏ လေသံက အနည်းငယ် ပိုတင်းမာလာသည်။ မင်းသမီးမင်ယွဲ့သာ ဆက်လက်ခေါင်းမာနေပါက ဂိုဏ်းစည်းကမ်းများအရ နေရာတွင်ပင် ရှင်းလင်းပစ်ရတော့မည်ပင်။
ရွှယ်ထျန်းဂိုဏ်း၏ ဂုဏ်သိက္ခာကို မည်သူမျှ ချိုးဖောက်၍မရ!
မင်းသမီး မင်ယွဲ့၏ မျက်နှာလေး ဖြူဖျော့သွားပြီး တဆတ်ဆတ် ခေါင်းညိတ်ပြလိုက်သည်။ "ကျွန်မ၊ ကျွန်မ အနှောင့်အယှက်ပေးမိလို့ တောင်းပန်ပါတယ်နော်"။
မှိန်ဖျော့ဖျော့မျက်လုံးလေးများဖြင့် သူမထွက်ခွာရန် ပြင်ဆင်လိုက်သည်။
ထိုစဥ် ကောင်းကင်မှ အပြာရောင်အလင်းတန်းတစ်ခု ပျံသန်းလာပြီး စွမ်းအားမှာ အလွန်အားကောင်းလှ၏။
"ဆရာတူအစ်မကျောက်ကို ဂါရဝပြုပါတယ်!"
အစောက တပည့်သားနှစ်ဦးမှာ ထိုစွမ်းအားကို လျစ်လျူရှုရန်မရဲဝံ့စွာ အမြန်ဦးညွှတ်ဂါရဝပြုလိုက်ကြသည်။
ဒါက ကောင်းကင်ရနံ့ထိပ်ရဲ့ တောင်ထိပ်သခင်မရဲ့ တပည့်ရင်းကြီးလေ၊ သူ့ရာထူးက အကြီးအကဲများစွာထက် ပိုမြင့်မားတယ်။
ကျောက်လင်အာသည် အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မှင်ကဲ့သို့ နက်မှောင်သော ဆံပင်ရှည်များက ခါးအထိ ပြန့်ကျနေသည်။ ဆံပင်တစ်ဝက်ကို ထုံးဖွဲ့ထားသော ဆံထုံးတွင် လှပသော ရွှေဆံထိုးတစ်ချောင်းအား ပန်ဆင်ထားသည်။ သူမ၏ အသားအရေမှာ ဖြူစွတ်ချောမွတ်ပြီး ပုံပန်းသဏ္ဍာန်က လှပသန့်ရှင်းကာ ဝတ်ရုံလေးက လေအဝေ့တွင် ညင်သာစွာ ယိမ်းနွဲ့နေပြီး လှုပ်ရှားမှုဟန်ပန်က တင့်တယ်လှ၏။
"ဘာတွေဖြစ်နေတာလဲ?"
သူမ၏ အသံမှာလည်း ဥသြငှက်ကဲ့သို့ ချိုသာသည်။
"ဆရာတူအစ်မကျောက်၊ သူက တောင်ထိပ်သခင်ယဲ့ကို စွဲလမ်းနေတဲ့ မိန်းကလေးပရိတ်သတ်တွေထဲက တစ်ယောက်ပါ၊ ဂိုဏ်းထဲဝင်ဖို့ အကြောင်းပြချက်ရှာနေတာမို့ ကျွန်တော်တို့ တားနေရတာပါ"
အရပ်ရှည်ရှည် တပည့်က ပြောလိုက်သည်။
"အရယ်ရဆုံးကတော့ သူက ကျင့်ထူပြည်ထောင် တော်ဝင်မျိုးနွယ်ရဲ့ နောက်ဆုံးအသက်ရှင်ကျန်ရစ်သူပါလို့ ပြောပြီး တောင်ထိပ်သခင်ယဲ့ကို အတွင်းသတင်းတွေ ပြောပြစရာရှိပါတယ်လို့တောင် ပြောသေးတယ်! ကျွန်တော်တို့က မဝင်ခိုင်းတော့ သူက အတင်းအကြပ် ဝင်ချင်သေးတာလေ!"
ပုပုပိန်ပိန် တပည့်က ထပ်မံဖြည့်စွက်ပြောလိုက်သည်။
"ကျွန်မ ပြောတာ အမှန်တွေပါ! ကျွန်မမှာ တော်ဝင်တံဆိပ်ပြား ရှိပါတယ်!"
မင်းသမီး မင်ယွဲ့ ဒေါသတကြီးဖြင့် ငိုသံပင်ပါလာကာ တော်ဝင်တံဆိပ်ပြားကို လက်ထဲကိုင်လျက် ခြေတစ်ချက်ဆောင့်လိုက်သည်။
"ပေးပါဦး၊ ကြည့်ရအောင်"
ကျောက်လင်အာက တံဆိပ်ပြားကိုလှမ်းယူပြီး သူမ၏ မျက်လုံးရှေ့တွင် ကပ်လျက် သေချာကြည့်ရှုစစ်ဆေးလိုက်သည်။
"ဆရာတူအစ်မကျောက်၊ သူ့ကို ဂရုစိုက်မနေပါနဲ့၊ လမ်းဘေးဆိုင်ကနေ ကောက်ရလာတဲ့ ပစ္စည်း ဖြစ်မှာပေါ့"
တပည့်နှစ်ဦးက သတိပေးလိုက်ကြသည်။
ကျောက်လင်အာ၏ မျက်စိသူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။ တံဆိပ်ပြားတွင် ရှုပ်ထွေးလှသော သင်္ကေတစာလုံးများအား ထွင်းထုထားပြီး သာမန်လမ်းဘေးပစ္စည်းနှင့် မတူလှပေ။ သူမရှေ့က ခရမ်းရောင်ဝတ် အမျိုးသမီးကို ပြန်ကြည့်လိုက်တော့ ပြောမပြနိုင်သော အရှိန်အဝါတစ်ခုရှိနေသည်အား ခံစားမိ၏။
သူကိုယ်တိုင်လည်း တော်ဝင်မင်းသမီးတစ်ပါးဖြစ်သောကြောင့် တော်ဝင်မျိုးနွယ်တို့၏ ဘိုးဘေးစဥ်ဆက်စီးဆင်းလာသော အရှိန်အဝါဟန်ပန်မျိုးနှင့် အတော်လေးရင်းနှီးသည်ပင်။
"ဒီကနတ်သမီးလေး၊ ကျေးဇူးပြုပြီး ကျွန်မကို ယုံကြည်ပေးပါ!"
မင်းသမီးမင်ယွဲ့ က ကျောက်လင်အာမှာ ဂိုဏ်း၏ ရာထူးမြင့်မြင့်ထဲကတစ်ဦးမှန်း သတိထားလိုက်မိကာ သူမ၏ နောက်ဆုံးမျှော်လင့်ချက်လေးအား မလွတ်တမ်းဆွဲကိုင်ထားလျက်။
"သွားကြစို့၊ မင်းကို တောင်ထိပ်သခင်ယဲ့ဆီ ခေါ်သွားပေးမယ်"
ကျောက်လင်အာက တံဆိပ်ပြားကို ပြန်ပေးပြီး ပြုံးပြလိုက်သည်။
မင်းသမီးမင်ယွဲ့ ခဏမျှကြောင်သွားပြီးနောက် ဝမ်းသာအားရ စကားဆိုလာသည်။ "ကျေးဇူးတင်ပါတယ်ရှင်!"
တပည့်နှစ်ဦးလည်း ကြောင်တောင်တောင် ဖြစ်သွားကြပေမယ့် ဘာမှ ဆက်မပြောရဲတော့ဘဲ လမ်းဖယ်ပေးရုံသာ ရှိတော့သည်။
ရွှယ်ထျန်းဂိုဏ်းကို ဝင်ရောက်လာသော်။
မင်းသမီး မင်ယွဲ့မှာ အတွင်းပိုင်း မြင်ကွင်းကြောင့် အံ့အားသင့်သွားရ၏။
ပထမဆုံးအနေဖြင့် ဤနေရာ၏ စွမ်းအင်အရင်းအမြစ် ကြွယ်ဝမှုက ကျင့်ထူပြည်ထောင် ထက် အဆတစ်ရာ ပိုပြီး အားကောင်းပေသည်။ ပညာရှင်တစ်ဦးဦးက တမင်တကာ ပြောင်းလဲစီစဥ်ထားကြောင်း သိသာလှ၏။
ပတ်ပတ်လည်ကို ကြည့်လိုက်သော် ခမ်းနားထည်ဝါသော တောင်တန်းများအား အနိမ့်အမြင့်လှိုင်းအသွယ်သွယ်ဖြင့် တွေ့မြင်ရပေမည်။ တစ်မူထူးခြားသော သစ်ပင်ပန်းပင်တွေက တိမ်တိုက်များကြားတွင် ထိုးထွက်တည်ရှိနေလျက်။ ခမ်းနားလှပသော ရေတံခွန်တွေက နဂါးငွေ့တန်းကဲ့သို့ တောက်ပစွာစီးဆင်းနေသည်။ မြူခိုးများ၏အလယ်တွင် မြင့်မားကျယ်ပြောလှသည့် နန်းဆောင်အသီးသီးနှင့် အဆောက်အဦးများကို မြင်တွေ့နိုင်၏။
ကျင့်ကြံသူများက ဟိုဟိုဒီဒီ သွားလာနေကြပြီး အားလုံးက ကိုယ့်အလုပ်နှင့်ကိုယ် မအားလပ်ကြဟန်။
မင်းသမီး မင်ယွဲ့ ရင်တစ်ချက်တုန်သွားရသည်။ သူမလို ဝိညာဥ်သန္ဓေအဆင့်လောက်က ဤဂိုဏ်းတွင် အရာမဝင်ပါချေ။ ဝိညာဥ်အဆင့်တက်ခြင်း ကျင့်ကြံသူတွေကို နေရာတိုင်းမှာတွေ့နိုင်ပြီး၊ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတွေကလည်း နေရာအနှံ့ တည်ရှိ၏။ အထွဋ်အထိပ်သို့ တက်ရောက်ခြင်းအဆင့် ကျင့်ကြံသူများကိုလည်း ဟိုတစ်ခုဒီတစ်ခု တွေ့မြင်နိုင်ပါသေးသည်။
ဗုံး~!
ရုတ်တရက် ကြောက်မက်ဖွယ် စွမ်းအားထုများ တစ်ခုပြီးတစ်ခု ကောင်းကင်သို့ ထိုးတက်သွားသည်။ မင်းသမီး မင်ယွဲ့ ကြောက်လန့်တကြားဖြင့် ဆံပင်တွေပါ ထောင်ထကုန်ပြီး အသံတုန်တုန်လေးဖြင့် ရေရွတ်လာ၏။ "ဘေး၊ ဘေးဒုက္ခကျော်လွှားခြင်းအဆင့်ရဲ့ အရှိန်အဝါပဲ"။
"တောင်ထိပ်သခင်တွေ ဘေးဒုက္ခကျော်လွှားခြင်းအဆင့်ကို အောင်အောင်မြင်မြင် ချိုးဖျက်နိုင်လိုက်ကြပုံပဲ"
ကျောက်လင်အာ အရင်ဆုံး ကြောင်အသွားပြီးမှ တောက်တောက်ပပလေးပြုံးလျက် ဆိုလာသည်။
မင်းသမီးမင်ယွဲ့မှာတော့ မယုံကြည်နိုင်စွာပင်။
ရှင်တို့ ရွှယ်ထျန်းဂိုဏ်းမှာ ဘေးဒုက္ခကျော်လွှားခြင်းအဆင့်ကိုတောင် အုပ်စုလိုက် တက်ကြတာလား?
ဒါက နှယ်နှယ်ရရလား? ဘေးဒုက္ခကျော်လွှားခြင်းအဆင့်လေ!
ကျင့်ထူပြည်ထောင်တွင် နန်းတော်တစ်ခုလုံးမှာမှ ခမည်းတော်တစ်ယောက်တည်းသာ တိုင်းပြည်ကံကြမ္မာအားကိုးဖြင့် ဘေးဒုက္ခကျော်လွှားခြင်းကျင့်ကြံဆင့်အား ခဏတာ ရောက်ရှိနိုင်ခဲ့သည်ပင်။
ဒါပေမဲ့ ဒီမှာကျတော့ ဘေးဒုက္ခကျော်လွှားခြင်းအဆင့်ကိုတောင် ဒီလောက် လွယ်လွယ်ကူကူလေး အုပ်စုလိုက်တက်သွားကြတာလား? ဘယ်သူမှလည်း သိပ်မအံ့သြကြသလိုပဲနော်။ ကျွန်မတို့အားလုံး ကမ္ဘာတစ်ခုတည်းမှတည်ရှိနေတာမှ ဟုတ်ပါရဲ့လား?
"အဲဒါ မြူခိုးတောင်ထိပ်ပဲ၊ တောင်ထိပ်သခင်ယဲ့က များသောအားဖြင့် တောင်ပေါ်မှာ နေရတာ ကြိုက်တတ်တယ်။ အခု မင်းကို သူ့ဆီ ခေါ်သွားပေးမယ်"
ကျောက်လင်အာ လက်ညှိုးထိုးပြလိုက်သည်။
မင်းသမီးမင်ယွဲ့ တုန်လှုပ်မှုကို သည်းခံမျိုသိပ်ပြီး ခေါင်းညိတ်ပြလိုက်သည်။
သူမက တော်ဝင်မင်းသမီးတစ်ပါးလည်း ဖြစ်တာကြောင့် ဘာပဲဖြစ်ဖြစ် အရမ်းကြီး စိတ်လှုပ်ရှားပြနေလို့ မဖြစ်သေးဘူးလေ။
အကြီးအကဲယဲ့နဲ့ တွေ့တဲ့အခါ စိတ်အေးအေးထားမှရမယ်! စိတ်အေးအေးထားမှရမယ်!