အားလုံးအတူတူ ဗိုက်ကြီးကြမယ်
Vol. 18 Ch. 246
ကျောက်လင်အာသည် ထိုနေရာတွင်ပင် ကျောက်ရုပ်ကဲ့သို့ တောင့်ခဲသွားရသည်။ သူမ၏ လောကအမြင်သုံးခုလုံး လုံးဝပျက်စီးသွားပြီး သူမစိတ်ထဲမှ သူရဲကောင်း၏ ခန့်ညားထည်ဝါသော ပုံရိပ်သည်လည်း ပြိုလဲသွားခဲ့ရ၏။
တောင်ထိပ်သခင်ယဲ့က သူ့တပည့်နှစ်ယောက်လုံးကို ကိုယ်ဝန်ရှိစေခဲ့သည်တဲ့လား?
ဘုရားရေ၊ ဒီအပြုအမူက အရမ်းကို မယုတ်မာလွန်းဘူးလား?!
ဘေးတွင် ရပ်နေသော မင်းသမီး မင်ယွဲ့သည်လည်း မယုံနိုင်စွာ နှုတ်ခမ်းများကို လက်ဖြင့်အုပ်ထားရင်း မျက်နှာလှလှလေးမှာလည်း နီရဲနေလျက်။
သူမ၏ အမြင်တွင် ဆံပင်ဖြူကောင်မလေးနှင့် အနီရောင်ဝတ် အမျိုးသမီးနှစ်ဦးလုံး နေ့စေ့လစေ့ ဗိုက်ကြီးကြီးများဖြင့် ရှိနေကြပြီး အကြီးအကဲယဲ့၏ကလေးကို ကိုယ်ဝန်ဆောင်ထားခြင်းပဲ ဖြစ်ကြပေမည်။
ရှင်တို့၊ ရှင်တို့ ရွှယ်ထျန်းဂိုဏ်း ဒီလောက်တောင် ရိုင်းရိုင်းစိုင်းစိုင်း ဖြစ်ပျက်နေကြတာလား?
ဆရာသခင်နဲ့ တပည့်မတွေကြားက ဆက်ဆံရေးက ဒီလိုအခြေအနေထိတောင် ရောက်နေကြတာလား?
မင်းသမီးမင်ယွဲ့မှာ တည်ငြိမ်သောဟန်ပန်ကို မည်သို့ပင်စိတ်တင်းလုပ်ယူထားခဲ့ပါသော်ငြား လက်ရှိအခြေအနေတွင်တော့ ဆက်လက်မတည်ငြိမ်နိုင်တော့ပေ။
လီဝူကျယ်မှာလည်း အံ့သြတကြီးဖြင့် မျက်လုံးများပြူးကျယ်သွားရ၏။ တဖြည်းဖြည်း သတိဝင်လာပြီးနောက် သူ့ခေါင်းပေါ်တွင် မေးခွန်းအမှတ်အသားကြီးတစ်ခု ပေါ်လာသည်။
ဘာတွေဖြစ်နေကြတာလဲ?
ပုရှောင်ရှီး ကိုယ်ဝန်ရှိသွားသည်ဆိုလျှင် လီဝူကျယ် လက်ခံနိုင်သေးသည်။ ဘာပဲဖြစ်ဖြစ် ပုရှောင်ရှီးက အမသတ္တဝါဖြစ်ပြီး ဆရာသခင်နှင့် ဤမျှနီးနီးကပ်ကပ်နေထိုင်မှတော့ အဆင့်ကျော်မိသွားတာလည်း ဖြစ်နိုင်ချေရှိသည်ပင်။
သို့ပေမဲ့ ဟုန်ချန်ယဲ့ကို ဗိုက်ကြီးနှင့်မြင်လိုက်ရချိန်တွင် လီဝူကျယ်မှာ သူ့ကိုယ်သူ ဓားရေးကျင့်တာများပြီး ရူးများသွားသလားဟုပင် ထင်မှတ်မိလိုက်သည်အထိ။
သူ့မှတ်ဉာဏ်တွေ တလွဲမဖြစ်သေးဘူးဆိုရင် ဒီလူက ယောက်ျားကြီးလေ၊ ဟုတ်တယ်မလား?
အဲ့ဒါကြီးကို ဆရာသခင်က ဘယ်လိုလုပ်ပြီး....
"ကြည့်ရတာ ကျွန်မတို့မလာသင့်သေးတဲ့အချိန် ဖြစ်ပုံရတယ်နော်" မင်းသမီးမင်ယွဲ့က မျက်နှာနီနီဖြင့် စကားစပြောလာသည်။
ကျောက်လင်အာ၏ ခေါင်းထဲတွင် တဝီဝီမြည်နေပြီး သူမ၏ လေးစားရသော တောင်ထိပ်သခင်ယဲ့ အပေါ်ထားရှိသော သဘောထားအား ပြန်လည်ပြင်ဆင်ရန် လိုအပ်သည်ဟု ခံစားလိုက်ရ၏။
"မင်းတို့နှစ်ယောက်၊ ကလေးကိုသာ စိတ်ချလက်ချ ဂရုစိုက်ကြပါ။ ငါ ဒီလျှို့ဝှက်ချက်ကို ဘယ်သူ့ကိုမှ မပြောဘဲ ထိန်းသိမ်းပေးမယ်လို့ ကတိပေးတယ်!"
ကျောက်လင်အာ သတိပြန်ဝင်လာပြီး လေးနက်စွာ ကတိပြုလိုက်သည်။
သူမတို့မြင်တွေ့လိုက်ရသည်မှာ မြူခိုးတောင်ထိပ်၏ လျှို့ဝှက်အတွင်းသတင်းဖြစ်ပြီး တောင်ထိပ်သခင်ယဲ့နှင့် တပည့်နှစ်ဦး၏ နာမည်ဂုဏ်သတင်းနှင့်လည်း သက်ဆိုင်နေသည်ပင်။ ထို့ကြောင့် ချက်ချင်းဆိုသလိုပင် ထိုကြေငြာချက်ကို ပြတ်သားစွာပြုလုပ်လိုက်၏။ သူမ ဒီအကြောင်းကို ပိုသိလေလေ အန္တရာယ်ပိုများလေလေသာဖြစ်မည်။
ဟုန်ချန်ယဲ့ကတော့ သူ့ဗိုက်ထဲ ဘာသက်ရှိမှမရှိကြောင်း ခံစားလိုက်ရမှသာ သက်ပြင်းချနိုင်တော့၏။
“ငါ ကိုယ်ဝန်တကယ်မရှိလိုက်ပါဘူး။ အထဲမှ ဘာသက်ရှိကိုမှမခံစားရဘူးလေ။ ဒီတိုင်း ငါ့ဗိုက်က အပေါ်ယံပိုကြီးလာရုံပဲ”
ထိုအခါမှသာ သူအစောက နားလည်မှုလွဲမှားသွားကြောင်း ဟုန်ချန်ယဲ့ သဘောပေါက်လိုက်ရသည်။
အဲ့ဒါတွေထားပါဦး။ နားလည်မှု လွဲလွဲ မလွဲလွဲ ဒီလှည့်ကွက်ကြီးက အရမ်းထူးဆန်းနေတာမဟုတ်ဘူးလား?
ရွံစရာကြီး!
ထိုအချိန်တွင် သူ့ကို သနားကရုဏာသက်စွာ မယုံနိုင်စွာ ဝိုင်းကြည့်နေကြသောလူအပေါင်း၏ အကြည့်များကိုခံစားမိသော် ရုတ်တရတ် ရှင်းမပြနိုင်စွာ မလုံမလဲဖြစ်လာရမိ၏။
ခဏလေး၊ ငါ ဘာကို မလုံမလဲဖြစ်နေရမှာလဲ?
ဒါက ဗိုက်အတုကြီးလေ!
"နားလည်မှုမလွဲကြပါနဲ့၊ ဒါက တကယ်တော့ မတော်တဆဖြစ်သွားတာပါ!" ဟုန်ချန်ယဲ့မှာ စကားတစ်ခွန်းထဲနှင့် အမြန်ရှင်းပြနိုင်ဖို့ အတတ်နိုင်ဆုံးကြိုးစားရှာသည်။
သူပြောပြီးသွားတော့ ကြောင်တောင်တောင်ဖြစ်သွားပြန်၏။ ဒီစကားတွေကို အရင်က ကြားဖူးသလိုလို။
ယဲ့ကျွင်းလင်ကို လှည့်ကြည့်လိုက်တော့ ယဲ့ကျွင်းလင်က ငါလည်းမတတ်နိုင် ဟူသောဟန်ဖြင့် လက်ဖြန့်ပုခုံးတွန့်ပြလာသည်။
"မတော်တဆလား? အင်းပေါ့၊ ဖြစ်တတ်ပါတယ်"
ကျောက်လင်အာ ခေါင်းညိတ်ပြီး ပြုံးလျက် ပြောလိုက်သည်။ "ကျားမဆက်ဆံရေးဆိုတာ သဘာဝပါပဲ။ ဆရာနဲ့တပည့်လည်း ဘာလို့ချစ်ကြိုက်လို့မရနိုင်ရမှာလဲ။ ဒါ့အပြင် ကလေး မွေးလာတဲ့အခါမှာလည်း ကျွန်မ ကူညီဖုံးကွယ်ပေးနိုင်ပြီး ကောလဟလတွေမပျံ့ပွားစေဖို့ အာမခံနိုင်ပါတယ်"။
ဟုန်ချန်ယဲ့၏ မျက်လုံးထောင့်ရှိ ကြွက်သားများ တဆတ်ဆတ်တုန်သွားပြီး အလွဲအမှားတစ်ခုကို ဘယ်လိုမှရှင်းပြပြ နားမလည်ပေးကြသည့် ခံစားချက်အား နောက်ဆုံးတွင် သိရှိလိုက်ရသည်။
"ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်!" ပုရှောင်ရှီး အူကြောင်ကြောင်ဖြင့် ကျေးဇူးတင်စကားပြောလိုက်မိသည်။
ဟုန်ချန်ယဲ့က အကြည့်စူးစူးဖြင့် ဒိုင်းခနဲလှည့်ကြည့်လိုက်၏။ ကျေးဇူးတင်တယ် ဟုတ်စ?
ရုပ်က လူရုပ်ပြောင်းသွားလည်း ကြွက်ငတုံးက ကြွက်ငတုံးပါပဲ!
“ကျွန်မ လုပ်စရာတွေ ရှိသေးတယ်၊ သွားတော့မယ်နော်!” ကျောက်လင်အာသည် ဆက်နေရန်မဖြစ်တော့သောခံစားချက်ကို ခံစားလိုက်ရပြီး စက္ကန့်အနည်းငယ်မျှနောက်ကျလို့ပင် မဖြစ်တော့ဟန်ဖြင့် အလောတကြီး ပြန်ဖို့ပြင်သည်။
"အနှောင့်အယှက်ပေးမိလို့ တောင်းပန်ပါတယ်!" မင်းသမီးမင်ယွဲ့လည်း တစ်ခုခုကို သဘောပေါက်သွားသကဲ့သို့ အမြန်ထွက်ခွာဖို့ ပြင်ဆင်လိုက်သည်။
ဒီဖရဲသီးက အရမ်းကြီးတယ်၊ အိမ်ပြန်ရောက်ရင် သေချာ အစာချေရတော့မှာပဲ!
(ဖရဲသီး = အတင်းအဖျင်း)
"ငါဒါကို တကယ်မလုပ်ချင်ပါဘူး၊ မင်းတို့ကြောင့်လုပ်ရတာပါပဲ"
ယဲ့ကျွင်းလင် စိတ်ပျက်လက်ပျက် ခေါင်းခါယမ်းလိုက်သည်။ ဒီအချိန်မှာတော့ သူအဲ့ဒီနည်းလမ်းကို ဆက်သုံးဖို့ကလွဲပြီး ရွေးစရာမရှိတော့။
ထွက်ခွာအံ့ဆဲဆဲနှစ်ယောက်ကို သူလက်ညှိုးဖြင့်ထိုးညွှန်လိုက်သည်။
ဗိုက်ကြီးလက်ညှိုး၊ တိုက်!
"အား..."
ကျောက်လင်အာ နာကျင်စွာ ညည်းညူလိုက်သည်။ သူမနဖူးတွင် ပဲစေ့အရွယ် ချွေးစက်များ ပေါ်ထွက်လာပြီး မျက်နှာထက်တွင် ဖုံးကွယ်မရသော ထိတ်လန့်မှုများ ထင်ဟပ်နေ၏။ ဝမ်းဗိုက်တစ်ခုလုံး ရုတ်တရက် နာကျင်လာသည်ကို ခံစားလိုက်ရပြီး အောက်သို့ငုံ့ကြည့်လိုက်သောအခါ သူမ၏ ဗိုက်သည် ဆယ်လသား ကိုယ်ဝန်ဆောင်ကဲ့သို့ လျင်မြန်စွာ ဖောင်းကားလာသည်အား တွေ့လိုက်ရတော့သည်။
မင်းသမီးမင်ယွဲ့လည်း မကောင်းဆိုးဝါး၏ လက်မှ လွတ်မြောက်နိုင်ခြင်းမရှိခဲ့ပေ။ သူမ၏ ဝမ်းဗိုက်မှာလည်း ဆက်တိုက်သာဖောင်းကားလာပြီး ဂါဝန်လေးမှာလည်း ဗိုက်ဖုံးအင်င်္ကျီကဲ့သို့ ဖောင်းဖောင်းလေးဖြစ်လာသောကြောင့် တစ်မျိုးပင် လှနေသေးတော့၏။
“တောင်ထိပ်သခင်ယဲ့၊ ကျွန်မ မှားပါတယ်! ကျွန်မ နားလည်မှုလွဲသွားခဲ့တာကိုလည်း အခုသိပါပြီရှင်။ ကျေးဇူးပြုပြီး ကျွန်မကို ပြန်ပြောင်းပေးပါ!” ကျောက်လင်အာ ငိုချင်ပေမဲ့ မျက်ရည်ပင်ကျမလာနိုင်တော့။ ဒီဗိုက်ကြီးနဲ့သာ အပြင်ထွက်သွားရင် ဂိုဏ်းတစ်ခုလုံး ပွက်လောရိုက်ကုန်ကြတော့မှာလေ။
"အကျိုးသက်ရောက်မှုက အရမ်းလက်တွေ့ကျလွန်းတယ်~" မင်းသမီးမင်ယွဲ့ နဂိုရဲပြီးသားမျက်နှာလေးမှာ မက်မွန်သီးမှည့်ကဲ့သို့ ရဲတွတ်နေရလေပြီ။ သူမ ရှက်ရွံ့စွာ နှုတ်ခမ်းလေးကိုစူလျက် ဝမ်းဗိုက်ကို လက်နှစ်ဖက်ဖြင့် ပွတ်သပ်လိုက်ရာ အမှန်ပင် ဆယ်လသား ကိုယ်ဝန်ဆောင်မိခင်လေးနှင့် ချွတ်စွပ်တူသွားရပေတော့၏။
"ကောင်းတယ်!" ဟုန်ချန်ယဲ့မှာ ပျော်လွန်း၍ လက်ခုပ်တီးပြီးထောက်ခံလိုက်ချင်စိတ်ကိုပင် မနည်းထိန်းထားရသည်။
လူများတော့ အဖော်ရတာပေါ့။ နောက်လူတွေကိုလည်း ထပ်လုပ်လိုက်ပါဦး။