← Chapters

အခန်း (၂၄၇)

Vol. 18 Ch. 247

အခန်း (၂၄၇)

Vol. 18 Ch. 247

သေစမ်း!

လီဝူကျယ်၏ ပါးစပ်ဟောင်းလောင်းကြီးမှာ ငှက်ကုလားအုတ်ဥတစ်လုံးစာလောက်ရှိ၏။

ဒီကမ္ဘာမှာ ဒီလို ထူးဆန်းတဲ့ အကွက်တွေလည်း ရှိနေသေးတာလား?

ဆရာကတော့ ဆရာပါပဲ! ပရိယာယ်ကြွယ်ဝလိုက်ပုံများ!

“ရှောင်လီ၊ မင်းရော ငါ့ကို ယုံလား?” ယဲ့ကျွင်းလင်က အလေးအနက် မေးခွန်းထုတ်လိုက်သည်။

လီဝူကျယ် ဘာမှပြန်မပြောဘဲ မြေပြင်ပေါ် ဒူးထောက်ချလိုက်ပြီး မျက်ရည်များ စီးကျလာသည်။ "ကျွန်တော် ယုံပါတယ်၊ တကယ် ယုံပါတယ်၊ ဆရာသခင်၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို သနားပါဦး..."

သူသာ ကိုယ်ဝန်ဆောင်အမျိုးသမီးလို ဗိုက်ဖောင်းကြီးဖြစ်သွားပါလျှင် သေချာပေါက် သူ့ဘဝတစ်လျှောက်လုံး၏ သမိုင်းဝင် အိပ်မက်ဆိုးတစ်ခု ဖြစ်လာပေမည်။ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကြောင့် ဓားကိုပင်ခိုင်ခိုင်ဆုပ်နိုင်တော့မည်မဟုတ်ဟု သူတွေးမိလိုက်၏။

ယဲ့ကျွင်းလင် ကြင်နာစွာ ပြုံးပြလိုက်သည်။ "မင်း ငါ့ကို ယုံကြည်နေသရွေ့ ငါလည်းဘာမှမလုပ်ပါဘူး"

"ကျေးဇူးတင်ပါတယ် ဆရာသခင်!"

လီဝူကျယ် သက်ပြင်းချလိုက်ပြီး ကြောက်ကြောက်ဖြင့် ထရပ်လိုက်သည်။

တိုက်ပွဲတွင်းသာ ထိုလှည့်ကွက်ကိုထုတ်သုံးနိုင်လျှင် အကျိုးသက်ရောက်မှုကတော့ စိတ်မကူးနိုင်လောက်အောင်ကြီးမားပေမည်။ တစ်ဖက်ရန်သူမှာ နာကျင်မှုမခံစားရလျှင်တောင် အရှက်တော့ဗြန်းဗြန်းကွဲရမည်မဟုတ်လော။

ဩဇာကြီးမားလှပါသော မသေမျိုးဘိုးဘေးကြီးများဆိုလျှင် အမြဲတစေ သူတစ်ပါးကိုအထင်အမြင်သေးကာ မော်ကြွားမာန်တက်နေကြသောကြောင့် ဤလှည့်ကွက်ကိုသာအသုံးပြုလိုက်လျှင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ပြိုလဲ၍ နေရာမှာပင် လိုလိုလားလား အသေခံပေးကြလောက်သည်။

"ဟမ့်၊ ငကြောက်ကောင်" ဟုန်ချန်ယဲ့က ဗိုက်ကြီးကြီးကိုကော့လျက် လက်ပိုက်ကာ လီဝူကျယ့်ကို ခပ်မဲ့မဲ့နှင့်လှမ်းဆွလိုက်သည်။

လီဝူကျယ်: “ဟိဟိ”

သူ့ကြည့်ရတာ ဗိုက်ကြီးနေတာကို ဂုဏ်ယူနေတဲ့ရုပ်နဲ့။

“စိတ်မပူပါနဲ့၊ ဒီအာနိသင်က ခဏတာပဲသက်ရောက်မှာ။ ဒီရက်ပိုင်းတော့ တောင်ပေါ်မှာပဲနေပြီး ကောလာဟလတွေ မဖြစ်အောင် ပြန်ကောင်းမှသာ ဆင်းကြတော့” ယဲ့ကျွင်းလင် က စိုးရိမ်တကြီး ပြောလိုက်သည်။ သူကိုယ်တိုင်က အပြစ်ရှိသူဖြစ်ကြောင်း မေ့လျော့သွားဟန်ဖြင့်။

"အဲ့လိုလုပ်ဖို့ပဲ ရှိတော့တာပေါ့" ကျောက်လင်အာ သူမ၏ ဖောင်းကားနေသော ဝမ်းဗိုက်ကို ပွတ်သပ်လိုက်ပြီး ကံတရားကို လက်ခံလိုက်ရတော့၏။

"ဒါ ဘယ်သူလဲ?" ယဲ့ကျွင်းလင်၏ အကြည့်က မင်းသမီးမင်ယွဲ့ဘက်သို့ ရွှေ့သွားသည်။

မင်းသမီး မင်ယွဲ့က ဗိုက်ကြီးကြီးကိုအသာထိန်းကိုင်လျက် ဦးညွှတ်လိုက်သည်။ "အကြီးအကဲယဲ့၊ ကျွန်မက ကျင့်ထူပြည်ထောင်က တော်ဝင်မျိုးနွယ်ဝင်တစ်ဦးပါ၊ ဘေးအန္တရာယ်မှ တစ်ဦးတည်း အသက်ရှင်ကျန်ရစ်သူပါ"

ယဲ့ကျွင်းလင် မျက်လုံးများကို အနည်းငယ်မှေးစင်းလိုက်သည်။ "မင်းက ကျင့်ထူပြည်ထောင်ရဲ့ မင်းသမီးပဲ။ ငါက မင်းတို့နန်းတော်မှာ လူသတ်ပွဲကျင်းပခဲ့တယ်လို့ လူတိုင်းကထင်နေကြတာ။ ဒါပေမဲ့ မင်းကတော့ အမှန်တရားကို သိတဲ့ တစ်ဦးတည်းသောကျန်ရစ်သူဖြစ်မှာပေါ့"

"ဟုတ်ပါတယ်၊ အဲဒီနေ့က နန်းတော်ကို အခြေအမြစ်မသိရတဲ့ အဖွဲ့တစ်ဖွဲ့က ကျူးကျော်ခဲ့ပါတယ်။ ကျွန်မ အစ်ကိုနှစ်ယောက်ရဲ့ ကူညီမှုနဲ့ ထွက်ပြေးခဲ့ရပေမယ့် သူတို့အားလုံးကတော့..." မင်းသမီးမင်ယွဲ့မှာ မိသားစုဝင်များ၏အဖြစ်ဆိုးကို ပြန်လည်သတိရအောက်မေ့မိကာ ရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်။

"နေရာကူးပြောင်းနည်းလမ်းနဲ့ ထွက်လာပြီးနောက်မှာ ကျင့်ထူပြည်ထောင်ကို မရဏချောက်နက် စစ်တပ်က သိမ်းပိုက်သွားပြီဆိုတာ ကျွန်မ သိလိုက်ရတယ်။ လူတိုင်းကတော့ အကြီးအကဲယဲ့ကိုသာ စွပ်စွဲနေကြပေမဲ့ အခြေအနေက ဒီလောက်မရိုးရှင်းဘူးဆိုတာကို ကျွန်မတစ်ယောက်တည်းကပဲ သိတယ်။ ဒီလောက်များတဲ့ အဆင့်မြင့်စွမ်းအားရှင်တွေကို တစ်ပြိုင်နက်တည်း စေလွှတ်နိုင်တဲ့ အင်အားစုဆိုတာ အရှေ့တိုင်းစီရင်စုတစ်ခုလုံးမှာ လက်ချိုးရေလို့တောင်ရတယ်။ သေချာပေါက် ထိပ်တန်းအင်အားစုတွေထဲကတစ်ခု ဖြစ်မှာပဲ"

"ကြောက်စရာအကောင်းဆုံးကတော့ ကျင့်ထူပြည်ထောင်ကို သူတို့ကျူးကျော်ပြီးတဲ့နောက် မရဏချောက်နက် စစ်တပ်က သိမ်းပိုက်သွားတာပါပဲ။ ဒီနောက်ကွယ်မှာ ဆက်စပ်မှုတစ်ခုခု ရှိနေတယ်ဆိုတာ သေချာပါတယ်။ တစ်နည်းအားဖြင့် ရှင်းအောင်ပြောရရင် အင်အားကြီး လူသားအင်အားစုတစ်ခုက မရဏချောက်နက်မျိုးနွယ်တွေနဲ့ လျှို့ဝှက် ပူးပေါင်းနေတာပါ။ တည့်တည့်ပြောရရင် သစ္စာဖောက်မှုပါပဲ!"

မင်းသမီးမင်ယွဲ့၏ မျက်နှာပေါ်တွင် ဝမ်းနည်းမှုနှင့် ဒေါသအငွေ့အသက်များ ပေါ်လွင်လာပြီး နောက်ကွယ်မှ ကြိုးကိုင်သူကို အလွန်အမင်း မုန်းတီးနေမိ၏။

သူမ၏ အပြစ်မဲ့သော အစ်ကိုတော်များနှင့် ခမည်းတော်မှာ ဤတိုက်ပွဲကြားက သားကောင်များ ဖြစ်ခဲ့ရသည်ပင်။

မင်းသမီးမင်ယွဲ့ စိတ်ခံစားချက်လွန်ကဲသွားရသဖြင့် ရုတ်တရက် ဗိုက်ထဲတွင် နာကျင်မှုကို ခံစားလိုက်ရကာ ရှုံ့မဲ့သွားရသည်။ ဘေးမှ ကျောက်လင်အာက ရုတ်တရတ်ယောင်တောင်တောင်ဖြင့် ထအော်လာသည်။ "ညီမလေး၊ သတိထားပါ၊ သန္ဓေသားကို အနှောင့်အယှက်မဖြစ်ပါစေနဲ့"

မင်းသမီးမင်ယွဲ့ ကြောင်သွားသည်။

ကျောက်လင်အာလည်း စကားမှားသွားမှန်း သဘောပေါက်ပြီး မျက်နှာလှလှလေးတစ်ခုလုံး နီရဲသွားရ၏။ "ဘာမှမဟုတ်တော့ဘူး။ ဆက်ပြောပါ..."

မင်းသမီးမင်ယွဲ့ သူမ၏ စိတ်အခြေအနေကို ပြန်လည်တည်ငြိမ်စေရန် အစွမ်းကုန် ကြိုးစားပြီး ဆံပင်ငွေရောင်နှင့်လူငယ်ကို တောင်းပန်တိုးလျိုးလာ၏။ "အကြီးအကဲယဲ့၊ ကျွန်မ ဒီတစ်ခါ ဒီကိုလာတာက အကြီးအကဲတို့ဂိုဏ်းကို ဝင်ရောက်ဖို့နဲ့ အမှန်တရားကို အားလုံးသိအောင် ထုတ်ဖော်ဖို့ပါ၊ ဒါမှ လူတိုင်းက ကျွန်မတို့ လူသားမျိုးနွယ်ထဲမှာ သူလျှိုတွေ ရှိနေတယ်ဆိုတာကို သတိပြုနိုင်မှာပါ။ ကိစ္စဝိစ္စတွေအကုန် ပြီးစီးသွားရင် ကျွန်မ ကိုယ့်နိုင်ငံကိုယ်ပြန်သွားပြီး ကျင့်ထူပြည်ထောင်နဲ့အတူ အကြီးအကဲဆီမှာ သစ္စာခံပါ့မယ်။ ကျေးဇူးပြုပြီး ကျွန်မကို လက်ခံပေးပါနော်"။

ဗိုက်ကြီးကြီးဖြင့် ငိုရှိုက်နေဟန်မှာ ခွေး‌လောက်တောင်အသုံးမကျသည့်လင်ယောက်ျားက စွန့်ပစ်ခြင်းခံခဲ့ရသော နေ့စေ့လစေ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ကဲ့သို့ ကရုဏာသက်ဖွယ်ပင်။

ကျောက်လင်အာမှာ မင်းသမီးမင်ယွဲ့၏အဖြစ်အပျက်များကို ကြားသိလိုက်ရပြီးနောက် စိတ်မကောင်းခြင်းကြီးစွာဖြစ်မိရ၏။ သူမကိုယ်တိုင်လည်း မိသားစုကိုဆုံးရှုံးရမည့်အဖြစ်မှ ကံကောင်းလို့ သီသီလေးလွတ်မြောက်လာနိုင်ခဲ့တာပင်။

ယဲ့ကျွင်းလင် စဉ်းစားကြည့်ပြီး ပြောလိုက်သည်။ "ကောင်းပြီ၊ မင်း ဒီမှာနေပြီး မြူခိုးတောင်ထိပ်က အိမ်မှုကိစ္စတွေကို တာဝန်ယူစီမံပေးလိုက်"။

မင်းသမီးမင်ယွဲ့သာ လက်ရှိဗိုက်ကြီးဖြင့် အပြင်ပြေးထွက်သွားပါလျှင် ပြန့်ပွားသွားမည့်ကောလဟလတို့ကို တားဆီးလို့ပင်နိုင်တော့မည်မဟုတ်။

အခုတော့ ခေါ်ထားလိုက်တာ ပိုကောင်းပါလိမ့်မယ်။

"ကျေးဇူးတင်ပါတယ် အကြီးအကဲယဲ့!" မင်းသမီး မင်ယွဲ့က လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်လာသည်။

"လာ၊ လက်ဖက်ရည်သောက် မုန့်စားပြီး ဗိုက်ဖြည့်ကြပါဦး" ယဲ့ကျွင်းလင်က ရက်ရောစွာ ဖိတ်ခေါ်လိုက်သည်။

"ဟုတ်ကဲ့"

မင်းသမီးမင်ယွဲ့ မျက်နှာနီနီလေးဖြင့် အကြီးအကဲယဲ့က ထည့်တွေးပေးတတ်လိုက်တာဟု တွေးမိလိုက်သည်။

သူမ ဗိုက်ဖောင်းဖောင်းကို ပွတ်သပ်လိုက်ရင်း ရုတ်တရက် ဆိုးဆိုးဝါးဝါး အတွေးတစ်ခု ပေါ်လာသည်။ သူမနဲ့ အကြီးအကဲယဲ့သာ တကယ် ကလေးရလိုက်ရင် အရမ်းကောင်းမှာပဲလို့...

ထိုအတွေးကြောင့် မင်းသမီးမင်ယွဲ့မျက်နှာမှာ ပိုလို့နီရဲသွားရတော့၏။

တကယ်ပဲ၊ ငါ ဘာတွေ တွေးနေတာလဲ!

ကျောက်လင်အာကတော့ မျက်လုံးများတောက်ပသွားသည်။ အခွင့်ကောင်းယူပြီး အဆင့်အတန်းမြင့်လှသော မြူခိုးတောင်ထိပ်တွင် အဝနေပစ်ရပေဦးမည်။ ဤသည်မှ လူတိုင်းအားကျမနာလိုရသော အခွင့်အရေးတစ်ခုပင်မဟုတ်လော။

ဆရာသခင်မကတော့ ဒီအကြောင်းကိုသိလို့မရပေ။ မဟုတ်လျှင် သူမမျက်နှာကို ဘယ်မှာသွားထားရတော့မည်နည်း?

"ဆရာသခင်၊ ဒီတပည့် အရင်သွားပါဦးမယ်" ဟုန်ချန်ယဲ့မှာ အကြောင်းရင်းမဲ့စွာ အပြစ်ပေးခံလိုက်ရသည့်အဖြစ်ကြောင့် အတော်လေးစိတ်ဖိစီးနေရှာသည်ပင်။

"အေး သွား" အစောက ဟုန်ချန်ယဲ့ပြဿနာရှာခဲ့သည်ကို ယဲ့ကျွင်းလင် မေ့ချင်ယောင်သာဆောင်ပေးလိုက်၏။ တစ်ဖက်လူမှာ ကိုယ်ဝန်ဆောင်သည်အနေအထားတွင်ရှိနေရာ ဒီအချိန်တွင်အပြစ်ပေးမိလျှင် သူ၏ကိုယ်ကျင့်တရားကို ထိခိုက်စေလိမ့်မည်။ ထို့ကြောင့် လွှတ်သာထားပေးလိုက်သည်။

ဟုန်ချန်ယဲ့ ထွက်သွားတော့မည့်အချိန်တွင် လီဝူကျယ်၏ပြောင်စပ်စပ်မျက်နှာနှင့်ရင်ဆိုင်ရသော် ချက်ချင်းစူပုပ်ရှုံ့မဲ့သွားကာ အေးစက်စက်နှာတစ်ချက်မှုတ်ရင်း ချာခနဲလှည့်ထွက်သွားတော့၏။

“ရော့၊ ဒါတွေက ရှုရှုကိုယ်တိုင်လုပ်ထားတဲ့ ခရင်မ်အပြည့်ထည့်ထားတဲ့ ကွတ်ကီးလေးတွေ” ပုရှောင်ရှီးက မုန့်အနည်းငယ်ကို ကောက်ယူပြီး လက်ကမ်းရင်း နူးညံ့သောအသံဖြင့် ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်" ကျောက်လင်အာနှင့် မင်းသမီးမင်ယွဲ့တို့ လက်ခံယူလိုက်ကြပြီး မြည်းစမ်းကြည့်သော် သူတို့မျက်နှာထက်တွင် ကျေနပ်ပြုံ‌လေးများ ထင်ပေါ်လာကြသည်။

အရသာရှိလိုက်တာ!

ပြုံးပျော်နေကြသော ကိုယ်ဝန်ဆောင်အမျိုးသမီးလေးသုံးယောက်ကိုကြည့်ရင်း ယဲ့ကျွင်းလင် ပီတိပြုံးနှင့်အတူ သက်ပြင်းအသာချလိုက်မိ၏။

လီဝူကျယ် တစ်ယောက်သာ တစ်ခုခု ထူးဆန်းနေသလိုလို ခံစားလိုက်ရသည်။

ဒီ နွေးထွေးလှိုက်လှဲနေတဲ့ မိသားစုလိုခံစားချက်ကြီးက ဘယ်ကနေဝင်လာတာလဲ?!

All Chapters