ခင်ဗျားတို့လူသားတွေ တော်တော်ဇာတ်ရှုပ်တာပဲ
Vol. 18 Ch. 248
မလှမ်းမကမ်းတွင် ပန်းကန်လုံးဆံပင်ညှပ်ထားသော ကောင်လေးတစ်ဦး ခြေထောက်ချိတ်ထိုင်လျက် ကောင်းကင်ဘုံဧကရာဇ် သက်ရှည်ကျင့်စဉ်ကို ကျင့်ကြံနေသည်။ စိမ်းလန်းစိုပြည်သော သစ်သားသဘာဝ စွမ်းအင်များက သူ့ကို ဝန်းရံထားပြီး နက်ရှိုင်း၍ စည်းချက်ကျသော တာအိုလမ်းစဥ်လျှောက်လှမ်းမှုအား မြင်သာစေ၏။
သူ မျက်လုံးဖွင့်လိုက်ရာ ၁၂ပေခန့်ရှည်သော အလင်းတန်းတစ်ခုက တစီစီမြည်သံဖြင့် လေကို ထိုးဖောက်ပျံသန်းသွားသည်။ ရုတ်တရက် သူ့မျက်လုံးထဲတွင် ထို တုနှိုင်းမရသော အနီရောင်ဝတ် ပုံရိပ်တစ်ခု လျှပ်တစ်ပြက် ပျံသန်းသွားသည်အား မြင်လိုက်ရ၏။
ပန်းကန်လုံးဆံပင်နှင့်ကောင်လေးမှာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး သူ့စိတ်ထဲတွင် မေးခွန်းအမှတ်အသားများစွာ ပေါ်လာသည်။
ဆရာတူအစ်ကို ဘာဖြစ်တာပါလိမ့်?
...
ကြာမြင့်စွာ စဉ်းစားပြီးနောက် ပန်းကန်လုံးဆံပင်နှင့်ကောင်လေးသည် စိတ်ရှုပ်ထွေးမှုများအားလုံးကို လွှတ်ချလိုက်ပြီး စိတ်လက်ညစ်ညူးစွာဖြင့် သက်ပြင်းချလိုက်သည်။ "အား၊ မင်းတို့ လူသားတွေက တော်တော်ကိုဇာတ်လမ်းရှုပ်ကြတာပဲ!"
တစ်လခွဲအကြာတွင်။
မင်းသမီးမင်ယွဲ့နှင့် ကျောက်လင်အာတို့သည် တောင်ပေါ်တွင် အတူတကွ ပျော်ရွှင်စွာ အချိန်ဖြုန်းလျက်ရှိကြ၏။
သူတို့အနေဖြင့် ယဲ့ကျွင်းလင်နောက်လိုက်ကာ စားသောက်နေထိုင်သည့် ကာလတစ်လျှောက်လုံးတွင် ကျင့်ကြံဆင့်မှာ အပြင်လောကတွင် နှစ်ပေါင်းများစွာ ကြိုးစားခဲ့သည်ထက် အဆများစွာ ပိုမိုမြန်ဆန်တိုးတက်လာသည်အား အံ့သြထူးဆန်းစွာ တွေ့ရှိခဲ့ကြသောကြောင့်ဖြစ်သည်။
မြူခိုးတောင်ထိပ်သည် မှော်ဆန်သော အထွဋ်အမြတ်ထားရာနေရာ၊ ရွှယ်ထျန်းဂိုဏ်း၏ အခိုင်မာဆုံး အရင်းအမြစ်နယ်မြေဟု အပြင်လောကတွင် ကောလာဟလပြန့်နေသည်မှာ အံ့သြစရာမရှိတော့ပေ။ အမှန်တော့ ထိုကောလဟလအပေါင်း၏ အဓိကအရင်းအမြစ်မှာ ယဲ့ကျွင်းလင်၏တည်ရှိမှုသာ ဖြစ်ပေတော့၏။
ထိုသူ၏ တပည့်တိုင်းသည် လူအများကြားတွင် နဂါးတစ်ကောင် ဖီးနစ်တစ်ကောင်ကဲ့သို့ ကွဲပြားထူးချွန်ကြသည်မှာလည်း အံ့သြစရာမရှိပေ။ ထိုမျှ အစွမ်းထက်သော ဆရာသခင်တစ်ဦး ရှိနေချိန်ဝယ် အရာအားလုံးကို မျှော်လင့်တောင့်တလို့ရနိုင်သည်မဟုတ်လော။
လူတိုင်းသိကြသည်မှာ ထိုဆရာသခင်သည် လူဖြစ်စေ၊ သားရဲဖြစ်စေ၊ ဆေးပင်ဖြစ်စေ ကံကြမ္မာအပေါ် မူတည်၍ တပည့်လက်ခံတတ်ပြီး အရည်အချင်းအလိုက် ခွဲခြားခြင်းမရှိဘဲ သင်ကြားခြင်းကိုသာ အလေးအနက်ထားတတ်ကြောင်းပင်။
"လင်အာ၊ မင်း လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက ပြန်ရောက်ပြီလို့ မပြောခဲ့ဘူးလား? ငါ မင်းကို တောင်ပေါ်မှာ ဘာလို့ မတွေ့ရတာလဲ? ပြီးတော့ မင်း ဂိုဏ်းကို ပြန်ရောက်ပြီး အပြင်လူတွေကိုပါ ခေါ်လာတယ်လို့ ကြားတယ်။ မင်း ဆရာတူမောင်လေးယဲ့ရဲ့ မြူခိုးတောင်ထိပ်ဆီ ရောက်နေတာလား?"
သူမ၏ လက်ဖဝါးပေါ်မှ ပေါလောမျောနေသော ရေဘောလုံးထက်တွင် ကောင်းကင်ရနံ့ တောင်ထိပ်သခင်၏ ဆွဲဆောင်မှုရှိသော မျက်နှာလှလှလေးက ထင်ဟပ်နေသည်။ ဆရာသခင်မက သူမအား လေးနက်စွာမေးခွန်းထုတ်လာလေပြီ။
ကျောက်လင်အာက ခေါင်းမာမာဖြင့် တည့်တည့်ပင်ဝန်ခံလိုက်သည်။ "ဟုတ်ပါတယ်၊ ကျွန်မ တောင်ထိပ်သခင်ယဲ့ကို ကျင့်ကြံရေးဆိုင်ရာ အကြံဉာဏ်တွေ မေးမြန်းနေတာပါ။ စိတ်မပူပါနဲ့၊ ရက်အနည်းငယ်အတွင်း ပြန်လာပါ့မယ်"။
သူမ၏ အခြားလက်တစ်ဖက်ကို ပြန့်မကျုံ့သေးသော ဗိုက်ကြီးကြီးပေါ်တွင် တင်ထားပြီး လိမ်ညာရခြင်းအတွက် အနည်းငယ် အပြစ်ရှိသလို ခံစားနေရသည်။
“အိုး အဲ့လိုလား~”
ကောင်းကင်ရနံ့ တောင်ထိပ်သခင်မက ထိုတစ်ခွန်းသာတုံ့ပြန်လျက် သည်အတိုင်းဆို ကျောက်လင်အာဆက်နေလို့ရသည်ဟုသာ တွေးလိုက်မိ၏။
ဘာပဲဖြစ်ဖြစ် ရွှယ်ထျန်းဂိုဏ်းတစ်ခုလုံးက မြူခိုးတောင်ထိပ်ရဲ့ တောင်ထိပ်သခင်ကို နတ်ဘုရားတမျှ ကိုးကွယ်အသိအမှတ်ပြုထားကြတာပဲလေ။ သူမကိုယ်တိုင်တောင် တစ်ခါတစ်ရံ ယဲ့ကျွင်းလင်အရှေ့တွင် စိတ်ဖိစီးမိတတ်သော်ငြား ဆရာတူအစ်မဆိုသော ဂုဏ်ပုဒ်ရာထူးကြောင့် မတည်မငြိမ်ပုံစံကို ပြလို့မဖြစ်သည့်အတွက် စိတ်ထဲမှာပဲ လျှို့ဝှက်သိမ်းဆည်းထားခဲ့ရတတ်သည်။
အခုတော့ သူ့တပည့်မ ကျောက်လင်အာဟာ ဆရာတူမောင်လေးယဲ့နှင့် တစ်နေကုန်နီးနီးကပ်ကပ် နေထိုင်နိုင်နေလေပြီ။ ကောင်းကင်ရနံ့တောင်ထိပ်သခင်မ နည်းနည်းလောက်တော့ မနာလိုဖြစ်မိသည်အား ဝန်ခံရပေမည်။
ဟမ့်၊ ငါ့ကိုတောင် ဒီလိုဆက်ဆံဖူးတာ မဟုတ်ဘူး!
စိတ်ရှုပ်လိုက်တာနော်!
ကောင်းကင်ရနံ့ တောင်ထိပ်သခင်မသည် အကြောင်းပြချက်ရှာပြီး ထိုနေရာသို့ သွားရောက်လည်ပတ်ရန် စဉ်းစားနေစဉ်တွင် ရုတ်တရက် အမည်မသိ အမျိုးသမီးအသံတစ်ခုကို ကြားလိုက်ရသည်။ "ဟေး၊ မိပြီ! မင်း ဘာလုပ်နေတာလဲ?"
မင်းသမီးမင်ယွဲ့သည် ဘယ်အချိန်ကမှန်းမသိ ဝုန်းခနဲပေါ်လာပြီး ရုတ်တရက် အနောက်မှ အလစ်ခြောက်လှန့်လိုက်သည်။
ကျောက်လင်အာ လန့်ဖျပ်သွားပြီး သူမ၏လက်များလည်း တုန်ခါသွားသောကြောင့် လက်ဖဝါးပေါ်တွင် ပေါလောမျောနေသော ဆက်သွယ်ရေးရေဘောလုံးသည်လည်း မြေပေါ်သို့ ပြုတ်ကျသွားရ၏။
"မုန်းစရာကောင်းလိုက်တာ!"
ကျောက်လင်အာ ဒေါသထွက်သွားကာ ဆောင့်အောင့်ပြောဆိုလိုက်သည်။
ဒီရက်ပိုင်းတွင် သူမသည် တစ်ဖက်လူနှင့် အချစ်ဆုံးသူငယ်ချင်းများ ဖြစ်လာခဲ့ကြ၏။ သူတို့နှစ်ဦးလုံးသည် တိုင်းပြည်တစ်ခုစီ၏ တော်ဝင်မင်းသမီးများဖြစ်သောကြောင့် ပေါင်းသင်းဆက်ဆံရ အတော်လေးအဆင်ပြေကာ အပြုအမူအပြောအဆိုများကအစ ရှောင်လွှဲမရအောင် ထပ်တူကျနေတတ်သည်။ မည်မျှရင်းနှီးနေပါစေ၊ ဤသို့အရေးကြီးအချိန်တွင် နောင်ပြောင်ခံရလိမ့်မည်ဟုတော့ သူမမထင်ခဲ့ပေ။
"ဘာဖြစ်လို့လဲ?" မင်းသမီးမင်ယွဲ့ အံ့သြထိတ်လန့်သွားရသည်။ အရင်ကဒီလိုစနောက်ရင်တောင် သူဒေါသထွက်တာ မမြင်ဖူးပါဘူး။
ထိုအချိန်တွင် ကောင်းကင်ရနံ့တောင်ထိပ်သခင်မ၏ မျက်နှာအမူအရာမှာ ချက်ချင်း ကြောင်အသွားလျက် ခေါင်းတစ်ခုလုံး အချက်ပေးသံများဆူညံသွားကာ မျက်လုံးများလည်း ပြူးကျယ်လာတော့၏။
ဘာ၊ ဘာတွေဖြစ်နေတာလဲ?!
သူမ၏ တပည့်မ ကျောက်လင်အာကို ရက်ပေါင်းများစွာ မတွေ့ရခဲ့ရစဥ် ကိုယ်ဝန်ဆောင်အမျိုးသမီးကဲ့သို့ ဗိုက်ဖောင်းကြီးဖြင့် ဖြစ်နေသည်အား ရေဘောလုံးမှတစ်ဆင့် မြင်လိုက်ရသည်။ သူမသည် ယခုတလော မြူခိုးတောင်ထိပ်တွင် အခြေချနေထိုင်နေသည့်အကြောင်းအား တွေးမိလိုက်သောအခါ ဖြစ်နိုင်ချေတစ်ခုကို ရုတ်တရက် စဥ်းစားမိလိုက်သည်။
“မင်း၊ မင်း ကောက်ကျစ်တဲ့တပည့်မ၊ ဆရာတူမောင်လေးယဲ့ရဲ့ကလေးကို ကိုယ်ဝန်လွယ်ထားရတာမလား!”
ငှက်ကလေးများ၏ တေးသီကြူးသံ တစီစီနှင့် မွှေးရနံ့သင်းပျံ့သော ပန်းမန်များပတ်ပတ်လည်တွင် လိပ်ပြာလှလှလေးများ အနှံ့ပျံဝဲနေတတ်သည့် ကောင်းကင်ရနံ့ထိပ် တောင်ပေါ်တွင် ပြည့်ပြည့်ဖြိုးဖြိုးခန္ဓာကိုယ်ဖြင့် ဆွဲဆောင်မှုအပြည့်ရှိသော နန်းတွင်းဝတ်စုံဝတ် အမျိုးသမီးတစ်ဦးသည် ရင့်ကျက်သော ဆွဲဆောင်မှုကို မထိန်းချုပ်နိုင်တော့ဘဲ သူ့ရှေ့က ရေဘောလုံးအား တည့်တည့်ကြည့်လျက် အော်ဟစ်ဆူပူလိုက်သည်။
ပူပြင်းသောနေ့လည်တစ်ခုတွင် သူမသည် ဒေါသကြောင့် တုန်ယင်နေရပြီး အေးစက်နေသော နှလုံးသားမှာ မရေရာသေးသည့် သစ္စာဖောက်မှုအား ခံစားနေရလေသည်။
"ဆရာသခင်မ၊ ကျွန်မ ရှင်းပြတာကို နားထောင်ပါဦး၊ ဒီဗိုက်က တကယ်တော့ အတုပါ။ ကြည့်ပါဦး၊ ဘယ်လိုပုတ်ပုတ် ဘာမှမဖြစ်ဘူးလေ!" ကျောက်လင်အာ၏ မျက်နှာလှလှလေးမှာ ကြောက်လန့်တကြား ဖြူဖျော့သွားပြီး လက်ကို ဝှေ့ယမ်းကာ သူ့ဗိုက်ဖောင်းဖောင်းကို အားကုန်ပုတ်ပြရင်း အစွမ်းကုန်ကြိုးစားရှင်းပြလာသည်။
"ရပ်စမ်း! ဆရာတူမောင်လေးယဲ့ရဲ့ ကလေးကို မင်း ဘယ်လိုဆက်ဆံနေတာလဲ?!"
"မိုက်မဲလိုက်တဲ့မိန်းကလေး!"
ကောင်းကင်ရနံ့တောင်ထိပ်သခင်မသည် တစ်ဖက်လူ၏ ကိုယ်ဝန်ဆောင်ပုံရိပ်အား မြင်လိုက်ရစဥ် သူမ၏ မျက်လုံးများမှ မျက်ရည်များ ဝဲတက်လာပြီး လွှမ်းမိုးလာသောမိခင်စိတ်နှင့်အတူ ကာကွယ်လိုစိတ်များလည်း တိုးပွားလာရ၏။
ထို့နောက် သူမ၏ပုံရိပ်သည် ဖျတ်ခနဲဆိုသလို နေရာမှပျောက်ကွယ်သွားပြီး မြူခိုးတောင်ထိပ်သို့ အပြင်းအထန် အမြန်ပြေးသွားသည်။ သူမ၏ အစွမ်းထက်သော နတ်ဝိညာဉ်က ကျောက်လင်အာကို ခိုင်မြဲစွာ ချိတ်ဆက်ထားသောကြောင့် ရှာဖွေနေစရာမလိုတော့ဘဲ သူမရှေ့သို့ လျှပ်တစ်ပြက် ရောက်ရှိလာသည်။ သဘာဝအတိုင်းလှပသောမျက်နှာလေးမှာ ရေခဲရိုက်ထားသကဲ့သို့အေးစက်နေပြီး တပည့်မဖြစ်သူအား ဒေါသတကြီးစိုက်ကြည့်နေသည်။
"ဆရာသခင်မ၊ ဆရာသခင်မ၊ ဒါတွေအားလုံးက နားလည်မှုလွဲတာပါ" ကျောက်လင်အာ ဝမ်းနည်းပမ်းနည်း ရှင်းပြဖို့ကြိုးစားသည်။
ကောင်းကင်ရနံ့ တောင်ထိပ်သခင်မက ခပ်မဲ့မဲ့ရယ်မောလိုက်သည်။ "ဒါဆို မေးပါဦးမယ်၊ ဒီဗိုက်က ဆရာတူမောင်လေးယဲ့ကြောင့်ရတဲ့ ဗိုက်လား?"
ကျောက်လင်အာ ရုတ်တရတ် မှင်တက်မိသွားပြီးနောက် ခေါင်းညိတ်ကာ အားနည်းစွာ တုံ့ပြန်လိုက်သည်။ "ဟုတ်ပါတယ်..."
"ဒါများ မင်းက ဘာလို့ ဆက်ပြီး လိမ်ညာနေသေးတာလဲ!"
ကောင်းကင်ရနံ့တောင်ထပ်သခင်မက ဒေါသတကြီးဖြင့် ဆူပူငေါက်ငမ်းလာသည်။
ကျောက်လင်အာ ငိုချင်ပေမယ့် မျက်ရည်ကျမလာပေ။
"ဒီကမမ၊ လင်အာကို ယုံကြည်ရပါမယ်၊ ဒီကိစ္စက တကယ်ကို နားလည်မှုလွဲနေတာပါ" မင်းသမီး မင်ယွဲ့ စိတ်မကောင်းဖြစ်သွားပြီး လေးနက်စွာ ဝင်ပြောလိုက်သည်။
"မင်း ဘယ်သူလဲ? ခဏလေး၊ မင်းရဲ့ ဗိုက်က..." ကောင်းကင်ရနံ့တောင်ထိပ်သခင်မမှာ တစ်စုံတစ်ခုကို သတိပြုမိသွားဟန်ဖြင့် အလန့်တကြားမေးလာသည်။ "မင်းဗိုက်ကလည်း ဆရာတူမောင်လေးယဲ့ကြောင့် ရလာတာပဲလား"
“တိတိကျကျပြောရရင်တော့” မင်းသမီးမင်ယွဲ့သည် မျက်နှာနီနီလေးဖြင့် ဖောင်းကားနေသောဗိုက်ကို ညင်သာစွာ ပွတ်သပ်ရင်း ခြင်အော်သံကဲ့သို့ တိုးတိုးလေးပြန်ဖြေလာသည်။ “ဟုတ်ပါတယ်”