← Chapters

ဆရာသခင်၏ ထူးဆန်းသော လက်ညှိုး

Vol. 18 Ch. 245

ဆရာသခင်၏ ထူးဆန်းသော လက်ညှိုး

Vol. 18 Ch. 245

မြူခိုးတောင်ထိပ်။

ခြံဝင်းထဲတွင် ယဲ့ကျွင်းလင်သည် ဖျာတစ်ချပ်ပေါ်တွင် ခြေချိတ်ထိုင်လျက် လက်ဖက်ရည်တစ်ခွက်ကို အေးအေးဆေးဆေး အရသာခံသောက်နေသည်။

ထိုအချိန်တွင် စနစ်သတိပေးချက် ထွက်ပေါ်လာသည်။

【တင်၊ ခန့်ညားချောမောတဲ့ ပိုင်ရှင်၊ ဒီနေ့အတွက် နေ့စဉ်ဆုကြေးကို ရယူလိုပါသလား?】

ယဲ့ကျွင်းလင် လက်ဖက်ရည်ခွက်ကို ကောက်ယူကာ တစ်ငုံသောက်လိုက်ပြီး ပါးစပ်နှင့် သွားကြားထဲ လက်ဖက်ရည်နံ့ သင်းပျံ့နေသည်ကို ခံစားနေကာ အဆုံးမရှိသော အရသာကို ပျော်မွေ့ရင်း မျက်လုံးများကို မှေးမှိတ်လိုက်သည်။

“ယူမယ်”

【တင်၊ ဗိုက်ကြီးလက်ညှိုး အမည်ရှိ မှော်လက်ညှိုးကျင့်စဥ်ကို ရရှိတဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်ရရှင့်】

【ဗိုက်ကြီးလက်ညှိုး】: မည်သူ့ကိုမဆို လက်ညှိုးထိုးလိုက်ပါက ဗိုက်ကြီးလာစေမည်။ ဝမ်းဗိုက်သည် ကိုယ်ဝန်ဆောင်အမျိုးသမီးကဲ့သို့ ဖောင်းကားလာမည်။ မည်သည့်ထိခိုက်မှုမှ မဖြစ်စေပါ။ အဓိကအားဖြင့် လူတို့၏ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကို ဖျက်ဆီးရန်ဖြစ်ပြီး အကျိုးသက်ရောက်မှု၏ ကြာချိန်သည် နှစ်ဦးကြား အဆင့်ကွာခြားမှုပေါ်တွင် မူတည်သည်။

ယဲ့ကျွင်းလင်? ? ?

အိုခေ အိုခေ အဲ့လိုပဲဆက်သွားကြတာပေါ့။

စဉ်းစားကြည့်ပါဦး။ နှစ်ဖက်စလုံး ပြင်းထန်စွာ တိုက်ခိုက်နေကြချိန်မှာ ရုတ်တရက် ဒီလက်ညှိုးကျင့်စဥ်ကို ထုတ်သုံးလိုက်လို့ တစ်ဖက်သားက ရုတ်တရတ် ဆယ်လသားအမျိုးသမီးကိုယ်ဝန်ဆောင်သည်လို ဗိုက်ကြီးနဲ့ဖြစ်သွားတဲ့အခါ အရမ်းကို စိတ်ထိခိုက်ရာရသွားမယ် မဟုတ်ဘူးလား?

ဒါကြီးကတော့ တော်တော့်ကိုလွန်လွန်းတယ်လေ!

ဒါက လုံးဝကို လူကြီးလူကောင်းတစ်ယောက် လုပ်သင့်တဲ့ အပြုအမူမဟုတ်ဘူး!

ငါတို့ ပြတ်ပြတ်သားသား တွန်းလှန်ရမယ်!

ငါးစက္ကန့်အကြာတွင်။

ယဲ့ကျွင်းလင်၏ မူလကလေးနက်သော အမူအရာသည် တဖြည်းဖြည်း စူးစမ်းလိုစိတ်သို့ ပြောင်းလဲသွားတော့၏။ သူ့လက်ချောင်းများတွင် ထူးဆန်းသော ခပ်မှိုင်းမှိုင်းအလင်းများ လင်းလက်လာကာ ဖော်မပြနိုင်သော စွမ်းအားတစ်မျိုးက စိမ့်ထွက်လာသည်။

“တကယ်ပဲ လက်ညှိုးထိုးခံရသူတိုင်း ဗိုက်ကြီးလာနိုင်တာလား?”

“တကယ်တော့ တစ်ယောက်ယောက်ကို စမ်းကြည့်ချင်သား"

ရုတ်တရက် ကြည်လင်ပြတ်သားပြီး နူးညံ့သောအသံတစ်သံ ထွက်ပေါ်လာသည်။ “ဆရာသခင်၊ အဆာပြေမုန့်တွေ စားချင်တယ်ဆိုတာ ရှုရှု လုပ်ပြီးပါပြီ~”

ပုရှောင်ရှီး၏ နူးညံ့သိမ်မွေ့သော ကိုယ်ခန္ဓာမှာ မော်ဒယ်လေးတစ်ဦးကဲ့သို့ သေးသွယ်ပြီး ပန်းရောင်ဂါဝန်ကားကားလေးအား ဝတ်ဆင်ထားသည်။ သူမ၏ အသားအရေမှာ ကျောက်စိမ်းကဲ့သို့ ကြည်လင်တောက်ပနေကာ ပို၍ ထူးခြားသည်မှာ ကြွက်ခေါင်းလေးမရှိတော့ဘဲ လူသားသဏ္ဍာန်အဖြစ် အပြည့်အစုံ ပြောင်းလဲသွားပြီဖြစ်၏။

သူမသည် နားရွက်အထိရှည်သော ငွေဖြူရောင် ဆံပင်တိုနှင့် နူးညံ့သိမ်မွေ့သော မျက်နှာတွင် လန်းဆန်းတက်ကြွမှုများ ပြည့်နှက်နေသည်။ ကြီးမားသော မျက်လုံးများက ကျောက်မျက်ရတနာကဲ့သို့ ကြည်လင်တောက်ပပြီး ဝိညာဉ်စွမ်းအင်အပြည့်စီးဆင်းနေကာ သူမ၏ နားရွက်များက မူလပုံစံအတိုင်း ကြွက်နာရွက်ဝိုင်းဝိုင်းလေးများသာ ဖြစ်နေသေးသဖြင့် အလွန်ချစ်စရာကောင်းလှသည်။

ပုရှောင်ရှီးသည် မုန့်များကိုသယ်ကာ သူမ၏ ခြေတိုလေးများဖြင့် စိတ်လှုပ်ရှားစွာ ပြေးလာသည်။

သူမ၏ လက်များထဲတွင် ပန်းကန်ပြားနှစ်ချပ် ကိုင်ဆောင်ထားပြီး ပန်းကန်ပြားများပေါ်တွင် အရသာရှိသော အသေးစား အဆာပြေမုန့်မျိုးစုံကို တင်ထားသဖြင့် လူများကို မြည်းစမ်းချင်စိတ် ပေါ်လာစေ၏။

“အယ်၊ မင်းရဲ့ ပုံစံက?” ပုရှောင်ရှီး၏ ပြောင်းလဲသွားသော ပုံရိပ်ကို ကြည့်ရင်း ယဲ့ကျွင်းလင် အနည်းငယ် အံ့အားသင့်သွားပြီး မသိစိတ်ဖြင့် သူ့လက်ညှိုးကို ဆန့်ထုတ်လိုက်သည်။

ဤလက်ညှိုးတစ်ခုတည်းဖြင့်ပင် ဗိုက်ကြီးလက်ညှိုး၏ စွမ်းအားသည် ချက်ချင်း ပေါက်ကွဲထွက်လာတော့၏။

“အိုး!”

“ရှုရှု နာတယ်~”

ပန်းကန်ပြားနှစ်ချပ်မှာ မတည်ငြိမ်တော့ဘဲ ဂလုံဂလွမ်သံဖြင့် မြေပေါ်သို့ ပြုတ်ကျသွားသည်။ ပုရှောင်ရှီး ၏ မျက်နှာတွင် နာကျင်မှုအရိပ်အယောင်များ ပေါ်လာပြီး သူမ၏ မူလကပြားချပ်နေသော ဝမ်းဗိုက်လေးမှာ မျက်စိဖြင့် မြင်နိုင်သော အရှိန်ဖြင့် ဖောင်းကားလာကာ ဆယ်လသား ကိုယ်ဝန်ဆောင်တစ်ဦးကဲ့သို့ ဖြစ်သွားတော့သည်။

ပုရှောင်ရှီးသည် သူမ၏ ဗိုက်ကြီးကြီးကို ပြန်ငုံ့ကြည့်ရင်း အသည်းအသန် ထိတ်လန့်သွားပြီး သူမ၏ နူးညံ့သေးငယ်သော လက်ကလေးများအား ဘယ်နားထားရမှန်းမသိ ဖြစ်သွားရ၏။ ထို့အပြင် သူမ၏ အလွန်နုပျိုသော ကလေးမျက်နှာလေးနှင့် ငါးပေမျှသော ကိုယ်ခန္ဓာသေးသေးလေးကြောင့် အလွန်ပင်ကရုဏာသက်ဖွယ် ကာကွယ်ပေးချင်စဖွယ်လေး ဖြစ်နေသည်ပင်။

“အာ၊ ဒီ... ”

ယဲ့ကျွင်းလင် ပါးစပ်အဟောင်းသား ဖြစ်သွားပြီး သူ့မျက်လုံးများက ဆန့်ထုတ်မိထားသော လက်ညှိုးကို စူးစိုက်ကြည့်မိလိုက်၏။ ရင်အစုံမှာ မုန်တိုင်းထန်သောပင်လယ်ကဲ့သို့ တုန်လှုပ်ယိမ်းထိုးနေရလေပြီ။

သေစမ်း၊ ဒါကြီးက အရမ်းကို မိုက်ရိုင်းလွန်းတယ်!

သူ့ရှေ့က ဗိုက်ကြီးကြီးနှင့် ကလေးမျက်နှာလေးကိုကြည့်ရင်း ယဲ့ကျွင်းလင်သည် အရင်ဘဝမှာဆို ငါတော့ဂျေးအောင်းရပြီဟု တွေးလိုက်မိသည်။

အနည်းဆုံး ထောင်ဒဏ် တစ်သက်တစ်ကျွန်းပဲ!

“ဆရာသခင်၊ ရှုရှု ဘာဖြစ်တာလဲ?” ပုရှောင်ရှီး စိုးရိမ်တကြီး မေးလိုက်သည်။

ရုတ်တရက် သူမသည် မြေပြင်ပေါ်တွင် ပြန့်ကျဲနေပြီး ဖုန်မှုန့်များ ဖုံးအုပ်နေသော အဆာပြေမုန့်များကို မြင်လိုက်ရသော် ချိုမြိန်သော တုံးအအမျက်နှာလေးမှာ စိတ်မကောင်းဖြစ်သွားဟန်ဖြင့် ညည်းညူလာ၏။ “အိုး၊ အားလုံး ညစ်ပတ်သွားပြီ၊ နှမြောစရာပဲ”

ပုရှောင်ရှီးသည် အစားအစာ ပြုလုပ်ခြင်းကို ချစ်မြတ်နိုးပြီး အစားအစာကိုလည်း တန်ဖိုးထားတတ်သည်။

ယဲ့ကျွင်းလင် အလွန်စိတ်မကောင်းဖြစ်သွားရ၏။ သူ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ မြေပေါ်ကျနေသော ပန်းကန်ပြားများနှင့် အဆာပြေမုန့်များ မူလနေရာသို့ ပြန်ရောက်သွားပြီး ဖုန်မှုန့်ဖုံးနေသော အဆာပြေမုန့်များပင် အသစ်စက်စက်ပြန်ဖြစ်သွားကြသည်။

ကျင့်ကြံသူများအတွက်တော့ ဒီလောက်ကိစ္စလေးက လွယ်လင့်တကူနိုင်လှသည်ပင်။ ဒါပေမဲ့ ကျင့်ကြံသူများစွာက မာန်မာနထောင်လွှားတာကြောင့် မြေပေါ်ကျပြီးသော အစားအစာတွေကို သန့်ရှင်းပြီးပြန်စားသောက်ခြင်းက အဆင့်အတန်းနိမ့်လှသည်ဟုတွေးကာ ထိုသို့လုပ်ခဲလှ၏။

ဒါပေမဲ့ ယဲ့ကျွင်းလင်ကတော့ အပေါ်ယံအထင်အမြင်တွေထက် သူ့တပည့်လိမ္မာလေး စိတ်မထိခိုက်ဖို့သာ ပိုအလေးထားမည်ပင်။

ပုရှောင်ရှီး ထိတ်လန့်နေရာမှ တိုးတိုးလေးပြန်မေးလာသည်။ “ဆရာသခင်၊ ရှုရှု အသစ်လုပ်ပေးရမလား?”

ယဲ့ကျွင်းလင် ပြုံးပြီး ပြောလိုက်သည်။ “ရပါတယ်၊ ဒီလောက် အသေးစိတ်ဖြစ်နေစရာ မလိုပါဘူး၊ မင်းလည်း အတူတူလာစားဦးလေ”။

"ဟုတ်ကဲ့!"

ပုရှောင်ရှီး ခေါင်းညိတ်လိုက်သည်။ သူမကိုယ်တိုင်လုပ်ထားသော မုန့်လေးများကို သူမလည်း မစွန့်ပစ်ချင်ပါ။ အဓိကကတော့ ဆရာသခင်ကို သန့်သန့်ရှင်းရှင်းလေး စားစေချင်လို့သာပင်။

ဤသို့ဖြင့် ဆံပင်ဖြူနှင့် ကလေးမငယ်လေးဟာ ဗိုက်ကြီးကြီးဖြင့် ပြန်ထလျှောက်လာလေသည်။ နဂိုကတည်းက နမော်နမဲ့နိုင်လှသော ရှောင်ရှီးမှာ သူမ၏လက်ရှိပုံစံကို သတိပင်မထားမိသေးဟန်ရှိ၏။

ယဲ့ကျွင်းလင်မှာတော့ တည့်တည့်ပင်မကြည့်နိုင်ပေ။ ကြည့်လေလေ၊ ပိုပြီး အပြစ်ရှိသလို ခံစားရလေလေ...

ကံကောင်းစွာဖြင့် ဗိုက်ကြီးလက်ညှိုး၏ စွမ်းရည်မိတ်ဆက်အရ အာနိသင်၏ ကြာချိန်ဟာ နှစ်ဖက်အဆင့်ကွာခြားမှုပေါ်မှာ မူတည်သည်ပင်။ ပုရှောင်ရှီး၏ ဘေးဒုက္ခကျော်လွှားခြင်းအဆင့်နှင့်ဆိုလျှင် ရက်အနည်းငယ်လောက်သာ ကြာလောက်ပေမည်။

“ရှောင်ရှီး၊ မင်း ဒီလိုဖြစ်ရတာ ငါ့တာဝန်ပဲ၊ ဆရာက တောင်းပန်ပါတယ်နော်၊ ဒီအတောအတွင်း ဘာမှ မလုပ်ပါနဲ့၊ အိမ်မှာပဲနေပြီး ကလေးကို ဂရုစိုက်... အာ၊ မဟုတ်ဘူး!”

ယဲ့ကျွင်းလင် စကားမှားသွားမှန်း သတိရပြီး အမြန်ပြန်ပြင်လိုက်ရသည်။ “အတိုချုပ်ပြောရရင် ရက်အနည်းငယ်အတွင်း ပြန်ကောင်းသွားလိမ့်မယ်၊ ဒီတလောတော့ လျှောက်ပတ်မပြေးနဲ့ဦး”။

ပုရှောင်ရှီးသာ ဗိုက်ကြီးကြီးနဲ့ အပြင်ထွက်ပြေးသွားရင် တစ်ဂိုဏ်းလုံးက နားလည်မှုလွဲကုန်ကြမှာပေါ့လို့။

မီးတောင်ချော်ရည်ထဲ ခုန်ချရင်တောင် သူ့နာမည်ကို ပြန်အဖတ်ဆယ်နိုင်မှာ မဟုတ်တော့ဘူး!

ပုရှောင်ရှီး နားလည်သွားပုံရပြီး ဖြူစင်စွာ ပြန်ပြောလိုက်သည်။ “ဆရာသခင်၊ စိတ်မပူပါနဲ့၊ ရှုရှုက တောင်ပေါ်မှာပဲနေပြီး ကလေးကို ဂရုစိုက်ပါ့မယ်၊ ရှုရှုကို ဆရာသခင် တာဝန်ယူစရာ မလိုပါဘူး”။

ဖွီး!

ယဲ့ကျွင်းလင် သွေးအန်တော့မတတ် လန့်ဖျပ်သွားရ၏။

မှားနေပြီ၊ အဲ့လို မဟုတ်ဘူးလေ!

"ဟူး...."

ယဲ့ကျွင်းလင် နဖူးကိုထောက်ပြီး သက်ပြင်းချလိုက်သည်။ "မင်းရုတ်တရက် မျက်နှာပုံစံပြောင်းသွားလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ မင်းရဲ့ အရင်ပုံစံနဲ့ အရမ်းကျင့်သားရနေတော့ တကယ် ငါကိုကသတိလက်လွတ်ဖြစ်သွားတာ"

ပုရှောင်ရှီး ဝမ်းနည်းသွားပြီး တီးတိုးပြောလိုက်သည်။ "ဒါပေမဲ့ ရှုရှုလည်း ဒီမျက်နှာလေးပြောင်းဖို့ကို အများကြီး ကြိုးစားခဲ့ရတာ။ အားနည်းချက်တွေ ရှိနေသေးပေမဲ့ ရှုရှုတော့ ကျေနပ်ပါပြီ။ ဆရာသခင်က ရှုရှု ဒီလိုပုံစံကို မကြိုက်ဘူးလား?"

မကြိုက်လည်း သူမ ပြန်မပြောင်းတတ်တော့ပါဘူး...

"ဟားဟား၊ ဘာလို့မကြိုက်ရမှာလဲ? ဆရာကဒီတိုင်း ပေါ့ပေါ့ပါးပါး ပြောလိုက်တာပါ။ ရှောင်ရှီးက ဒီလိုလေးလည်း ချစ်စရာကောင်းတယ်၊ ဆရာက ဘယ်လိုပုံနေနေ သဘောကျတယ်၊ ဟုတ်ပြီလား" ယဲ့ကျွင်းလင်က ဆံပင်ဖြူဖြူလေးကို ပွတ်သပ်ပေးလိုက်ရာ ရှောင်ရှီးကျေနပ်စွာဖြင့် မျက်လုံးလေးမှိတ်လျက် ငြိမ်ခံနေသည်။

"ဆရာသခင်၊ ကျောက်လင်အာက တွေ့ပေးစရာလူရှိလို့တဲ့။ စိတ်မရှိဘူးဆိုရင် ကျွန်တော် သူတို့ကို ခေါ်လာပေးပါ့မယ်" ထိုအချိန်တွင် နီနီရဲရဲနှင့် အရပ်ရှည်ရှည်ပုံရိပ်တစ်ခု ဖျတ်ခနဲပေါ်လာကာ လက်သီးဆုပ်အရိုအသေပေးလျက် ပြောလာသည်။

ဆံပင်ရှည်တွေက ပုခုံးထက်ဝဲကျလျက် မျက်နှာလေး၏အလှတရားက ပြိုင်ဘက်ကင်းသည်။ တစ်လောကလုံးကို လျစ်လျူရှုထားသည့် မျက်လုံးများဖြင့် ပန်းချီကားထဲက ခုန်ထွက်လာသည့် နတ်ဘုရားတစ်ပါး၏ အရှိန်အဝါကို ပိုင်ဆိုင်ထားသည်။

ထိုသူမှာ အ‌ရှေ့မှမြင်ကွင်းကို မြင်လိုက်ရပြီးနောက် အကြီးအကျယ်တုန်လှုပ်သွားဟန်ဖြင့် မယုံနိုင်စွာ စိုက်ကြည့်လာ၏။

ဟုန်ချန်ယဲ့၏ အမြင်တွင် ယဲ့ကျွင်းလင်၏ဘေး၌ ပုရှောင်ရှီးဖြစ်ဟန်တူသော ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ထိုင်နေပြီး ယဲ့ကျွင်းလင်၏ ပွတ်သပ်ပေးမှုအား ချိုမြိန်ကြည်နူးစွာ ငြိမ်ခံနေသည်ပင်။

ဘယ်လိုပဲ ကြည့်ကြည့်၊ ဒီဆက်ဆံရေးက မရိုရှင်းနေတာ!

လုံးဝ အတည်ပြုပြီးပြီ!

ယဲ့ကျွင်းလင်က တပည့်ဖြစ်သူ၏အမူအရာကိုမြင်ပြီး နားလည်မှုလွဲသွားမှန်းသေချာတာကြောင့် အမြန်ရှင်းပြလိုက်သည်။ "အထင်မလွဲပါနဲ့၊ ဒါကဒီတိုင်း မတော်တဆဖြစ်သွားတာပါ"

နေပါဦး၊ ဒီစကားကြီးက တစ်မျိုးထူးဆန်းနေသလိုပဲ။

"ဟမ့်၊ မတော်တဆဖြစ်သွားတာ ဟုတ်စ? အဲ့ဒါ မင်းကြောင့် ဖြစ်ရတဲ့ မတော်တဆမှုလေ ယဲ့ကျွင်းလင်!"

ဟုန်ချန်ယဲ့ စိတ်ခံစားမှုတွေ ထိန်းချုပ်မရတော့ဘဲ အော်ချလိုက်သည်။ "အဲ့ငတုံးကြွက်လေးကို မင်း ဘာလုပ်ခဲ့လဲဆိုတာ မင်းကိုယ်တိုင် အသိဆုံးဖြစ်မှာပေါ့။ ကိုယ့်တပည့်အရင်းကိုတောင် ချမ်းသာမပေးဘူး။ မင်းက လူအရေခွံခြုံထားတဲ့ သားရဲပဲ၊ သားရဲထက်တောင် ဆိုးသွမ်းယုတ်မာတယ်!"

"ရှက်စရာကောင်းတယ်၊ ဖောက်ပြန်တယ်၊ ယုတ်မာတယ်၊ ခွေးကောင်၊ လူရှုပ်ကောင်!"

ဘာကြောင့်မှန်းမသိ သူ အရမ်းဒေါသထွက်နေပြီး အရင်က သည်းခံခဲ့ရသမျှကိုတောင် မေ့လျော့ကာ စိတ်လိုက်မာန်ပါ ရန်တွေ့တော့လေသည်။

ယဲ့ကျွင်းလင်၏မျက်နှာမှာတော့ ထူးဆန်းနေလျက်။

ဟုတ်တယ်ထားပါဦး။ မင်းကရော ဘာလို့ဒီလောက် ဒေါသထွက်နေရတာလဲ?

မင်းက လူတွေကို မြက်ပင်လို သတ်ဖြတ်ဖူးခဲ့တဲ့ နတ်ဆိုးခေါင်းဆောင်တစ်ယောက်ပဲမဟုတ်လား?၊ ဘာလို့ အခုမှ အရမ်းတွေ တရားမျှတချင်ယောင်ဆောင်နေရတာလဲ?

ပုရှောင်ရှီးက အမြန်ပြန်ပြောလိုက်သည်။ "ဆရာတူအစ်ကို၊ ဆရာသခင်ကို အပြစ်မတင်ပါနဲ့၊ ဒါက တကယ် နားလည်မှုလွဲတာပါ။ ဆရာသခင်က ရှုရှု ခဏလောက် နားလိုက်ရင် ပြန်ကောင်းသွားလိမ့်မယ်လို့ ပြောပါတယ်"။

သူမ၏ ရိုးရိုးရှင်းရှင်းစကားကို ဟုန်ချန်ယဲ့က တလွဲအဓိပ္ပာယ်ကောက်လိုက်ပြန်သည်။

ဪ မကြာခင် မွေးတောင်မွေးတော့မယ်ပေါ့လေ?!

"ဒီအချိန်ရောက်နေပြီ၊ ဆရာတူညီမလေး၊ မင်းက သူ့အတွက် ကူပြောပေးနေတုန်းပဲ။ ဒီကောင်က သူ့တပည့်ရင်းကိုတောင် ဒီလိုယုတ်မာခဲ့တာ၊ ဒါက လုံးဝ ခွင့်လွှတ်စရာမရှိတဲ့အပြစ်ပဲ!"

ယဲ့ကျွင်းလင် ဆက်နားမထောင်နိုင်တော့ပေ။

ငါတစ်ခုခုလုပ်ရတော့မယ်။ ဒီကောင့်ပါးစပ်က ပိတ်လို့ရမယ့်အပေါက်လည်းမဟုတ်။

သူ လေးနက်စွာ ဆူပူလိုက်သည်။ "ငါက ထလည်းဖြောင့်မတ် ထိုင်လည်းဖြောင့်မတ်တယ်။ မင်းထင်နေသလို လုံးဝမဟုတ်ဘူး။ မင်း ငါ့ကို ဒီလိုဆက်ပြီး ဆဲဆိုနေမယ်ဆိုရင် ငါဆုံးမမှ အပြစ်မတင်နဲ့!"

ထိုစကားကိုကြားသော်။

ဟုန်ချန်ယဲ့ ဘာကြောင့်မှန်းမသိ အလွန်အမင်း နာကျည်းသွားရလျက် ခြိမ်းခြောက်စကားအား အကြောက်အလန့်ကင်းမဲ့စွာ ရယ်မောပစ်လိုက်တော့သည်။ "ငါ့ကို သတ်ပြီး နှုတ်ပိတ်တော့မလို့လား? လာခဲ့လေ၊ ငါ အလုံအလောက်ခံစားခဲ့ရပြီးပြီ!"

“အေး၊ မင်းပဲ ငါ့ကို ဒီလိုလုပ်အောင် တွန်းအားပေးတာပဲ”

ယဲ့ကျွင်းလင် အေးစက်စက် နှာတစ်ချက်မှုတ်လိုက်ပြီး သူ့လက်ညှိုးကို ဆန့်ထုတ်ကာ ထိုးညွှန်လိုက်သည်။ သူ့လက်ချောင်းထိပ်များတွင် နက်နဲသော အလင်းတန်းများ လင်းလက်နေပြီး မဟာတာအိုလမ်းကြောင်းတစ်ခုလုံး စုဆုံစီးဆင်းနေသကဲ့သို့။

ဗိုက်ကြီးလက်ညှိုး!

ဟုန်ချန်ယဲ့ အစွမ်းကုန်ကြိုးစားပြီး သေသည်အထိတိုက်ခိုက်ဖို့ ပြင်ဆင်နေဆဲမှာပင် သူ့ဗိုက်တစ်ခုလုံး ပြင်းစွာနာကျင်လာရ၏။

"ဘာဖြစ်တာလဲ?"

သူ့နဖူးမှ ချွေးအေးများ စီးကျလာပြီး ကြောက်လန့်တကြား ခေါင်းငုံ့ကြည့်လိုက်ရာ ချက်ချင်း ကြောင်အသွားရသည်။ သူ့၏ ပြားကပ်နေသော ဝမ်းဗိုက်လေးမှာ ဆယ်လသားကိုယ်ဝန်ဆောင် အမျိုးသမီးကဲ့သို့ လျင်မြန်စွာဖောင်းကားလာခဲ့သည်ပင်။

ဟုန်ချန်ယဲ့ ဗိုက်ကြီးကြီးနှင့် ကြောင်ရပ်နေသည်။ မျက်နှာလှလှ‌လေးတွင် အံ့သြမှုအပြည့်ဖြင့် မိုးကြိုးပစ်ခံလိုက်ရသည့်အလား ထိုနေရာတွင်တောင့်ခဲကာ ခေါင်းထဲမှာလည်း အတွေးပေါင်းစုံဖြင့် ရှုပ်ထွေးပွေလီနေသည်။

ငါ၊ ငါ ကိုယ်ဝန်ရှိနေတာလား?

ခဏလေး၊ ငါက ယောက်ျားလေ!

ထိုအချိန်တွင်။

နားဝင်ချိုပြီး သာယာသော အသံတစ်သံ ထွက်ပေါ်လာသည်။ "ဆရာသခင်၊ ဆရာတူညီမကျောက် က ဆရာသခင်နဲ့တွေ့ပေးစရာ ဧည့်သည်ပါလာလို့ပါတဲ့။ စိတ်မရှိဘူးဆိုရင် ကျွန်တော် သူတို့ကို ခေါ်လာပေးပါ့မယ်"။

ဟုန်ချန်ယဲ့ တော်တော်နှင့်ပြန်မလာသောကြောင့် ကျောင်လင်အာက ဓားလေ့ကျင့်နေသော လီဝူကျယ် ကို ထပ်သွားမေးလိုက်သည်။ လီဝူကျယ်ကလည်း တစ်ဂိုဏ်းတည်းသားညီမလေးဖြစ်တာကြောင့် တုံ့ဆိုင်းမနေဘဲ ခေါင်းညိတ်သဘောတူကာ ဆရာသခင့်ဆီ အတူထွက်လာခဲ့လိုက်၏။

ဆရာတူညီမ ကျောက်လင်အာနှင့် မင်းသမီးမင်ယွဲ့ တို့ကို ယဲ့ကျွင်းလင်ထံသို့ ခေါ်လာချိန်တွင်။

အ‌ရှေ့မှ မြင်ကွင်းက ရောက်ရှိလာသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးကို ကြောင်တောင်တောင် ဖြစ်သွားစေခဲ့သည်။

ဒါ၊ ဒါ ဘာတွေဖြစ်နေတာလဲ?!

All Chapters