← Chapters

မရဏချောက်နက်၏ စွမ်းအားရှင်အစစ်အမှန်များ

Vol. 18 Ch. 251

မရဏချောက်နက်၏ စွမ်းအားရှင်အစစ်အမှန်များ

Vol. 18 Ch. 251

ဘုရင်တန့်ယိုမှာ မျက်နှာအမူအရာ အတော်လေးမသာယာဖြစ်စွာဖြင့် ရင်ထဲမှ ဒေါသကို ဖိနှိပ်ကာ လေးနက်စွာပြောကြားလိုက်သည်။ "အားလုံး စိတ်ရှည်ကြပါဦး။ ကျွန်‌တော်တို့ ဒီပွဲကို ဆက်တိုက်နိုင်ပါသေးတယ်"

သူ ပြောပြီးသည်နှင့် တစ်ပြိုင်နက်။

လှံရှည်ကိုင်ထားသော အရိုးမျိုးနွယ် ဘုရင်တစ်ဦးက ရှေ့သို့ တက်လာပြီး ထိန်ချန်တွန့်ဆုတခြင်းမရှိစွာ ပြန်ခံပြောဆိုလိုက်သည်။

"ဘာတွေလာနောက်နေတာလဲ! တစ်နေ့ကပဲ လူသားမျိုးနွယ်တွေဘက်က မသေမျိုးမှော်လက်နက်တွေ သုံးခဲ့တယ်တဲ့။ သူတို့ကိုပြန်တိုက်ဖို့ ငါတို့မှာဘာရှိလဲ? သံတမန်တွေပေးတဲ့ မရဏမူလဆေးလုံး တွေကို မှီခိုရဦးမှာလား?"

"အဲ့ဆေးလုံးက မှော်ဆန်ပြီး အချိန်တိုအတွင်း ကျင့်ကြံမှုနဲ့ ခွန်အားကို တိုးတက်စေတယ်ဆိုတာ ငါဝန်ခံပါတယ်။ ဒါပေမဲ့ အဲဒီဓားရှေ့မှာတော့ ဘာမှထူးခြားမှာမဟုတ်ဘူး!"

"မှန်တယ်!" အခြားဘုရင်များကလည်း ထောက်ခံပြောဆိုလာကြသည်။

ထိုနေ့က မသေမျိုးမှော်လက်နက်မှ ထွက်ပေါ်လာခဲ့သော ကြောက်မက်ဖွယ်အရှိန်အဝါသည် မရဏချောက်နက်တွင် တပ်စွဲထားသော သူတို့ကိုပင် အံ့အားသင့်စေခဲ့၏။

အင်အားကြီးမားလွန်းသဖြင့် စိတ်ပျက်အားငယ်ဖွယ်ရာ ကောင်းလှသည်။

ဘေးဒုက္ခကျော်လွှားခြင်းအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သည့် မသေမျိုးအရိပ်တစ်ပါးပင်လျှင် ခံနိုင်ရည်ရှိမည့်အရာမဟုတ်ပေ!

ဘုရင်တန့်ယိုသည် တိတ်ဆိတ်သွားပြီး ထိုဓား၏အရှိန်အဝါကြောင့် ခံစားခဲ့ရသော ကြောက်လန့်မှုတို့ကို ပြန်လည်အမှတ်ရလိုက်မိရာ နှလုံးခုန်နှုန်း မြန်ဆန်လာပြီး ရိုးတွင်းခြင်ဆီထဲမှ လှိုက်တက်လာသောအအေးဓာတ်ကို ခံစားလိုက်ရ၏။

ဘိုး‌ဘေးများလက်ထက်ကတည်းက မရဏချောက်နက်ဆီ တစ်ချိန်လုံးနှင်ထုတ်ခံခဲ့ရသည်မှာ အကြောင်းမဲ့တော့မဟုတ်။ လူသားမျိုးနွယ်၏ လွန်လွန်ကဲကဲတိုးတက်နေသော စွမ်းအားရှင်များနှင့်ရင်ဆိုင်ဖို့ဆိုသည်မှာ သူတို့မရဏမျိုးနွယ်အတွက် အရာမရောက်လှသည့်ကြိုးပမ်းမှုသက်သက်သာ။

သို့ပေမဲ့ ဒီအခြေအနေတွင် နောက်ပြန်လှည့်လို့မရတော့ကြောင်း ဘုရင်တန့်ယိုသိနေခဲ့သည်။ ကံတရားကမျက်နှာသာပေးပြီး ထိုလျှို့ဝှက်ဆန်းကြယ်သော သံတမန်များ အခြေအနေကို ပြောင်းပြန်လှန်ပေးနိုင်ဦးမည်လားဟုသာ မျှော်လင့်ရုံရှိတော့၏။

ထိုသံတမန်များမှာ အပြင်လောကမှအင်အားစုဖြစ်သောကြောင့် နက်နဲသောအခြေခံအုတ်မြစ်များကို ပိုင်ဆိုင်ထားနိုင်ပေသည်။

"မင်းတို့က ငါတို့ပေးတဲ့ ဆေးလုံးတွေကို အသုံးမဝင်ဘူးလို့ ပြောရဲတယ်ပေါ့"

ထိုအချိန်တွင် အေးစက်စက်နှင့် ကြောက်မက်ဖွယ်ကောင်းသော လှောင်ပြောင်သံတစ်သံ ထွက်ပေါ်လာပြီး မူလက ဆူညံပွက်လောရိုက်နေသည့် ခန်းမကြီးအား တမုဟုတ်ချင်း တိတ်ဆိတ်သွားစေခဲ့သည်။

ဒါဇင်ပေါင်းများစွာသော မျက်လုံးများ၏ ထိတ်လန့်တကြားအကြည့်အောက်တွင် အနက်ရောင်ဝတ် ပုဂ္ဂိုလ်ခြောက်ဦးမှာ လေထုထဲကနေထွက်ပေါ်လာသလိုမျိုး ပြင်းပြသောယင်စွမ်းအင်အား သယ်ဆောင်ရောက်ရှိလာခဲ့ကြ၏။

ဦးထုပ်အနားစများ မှောင်မိုက်နေသောကြောင့် မျက်နှာတို့ကို သေချာမမြင်ရနိုင်ပေ။ ထိုသူတို့မှာ သရဲတစ္ဆေများကဲ့သို့ လေထက်ပျံဝဲရပ်တည်နေကြခြင်းဖြစ်၏။

မရဏချောက်နက် ဘုရင်များမှ, ရုတ်တရတ်ပေါ်ထွက်လာမှုကြောင့် ထိတ်လန့်တုန်လှုပ်သွားကြပြီး စကားပင်မဆိုနိုင်တော့ဘဲ သူတို့၏နဖူးများမှ ချွေးစေးများ စီးကျလာကြသည်။

ထိုသံတမန်ခြောက်ဦးနှင့် ထိပ်တိုက်တွေ့ရသည့်အခါတိုင်း မရဏချောက်နက်ဘုရင်များမှာ မမြင်နိုင်သောဖိအားတစ်ခုဖြင့် ဖိနှိပ်ခံထားရသလို ခံစားရတတ်ကာ ထိုသူတို့ကမှ မရဏချောက်နက်၏ အစစ်အမှန်အရှင်သခင်များဟု မသိစိတ်မှ ထင်မှတ်ကြရတတ်၏။

ဘုရင်တန့်ယိုသည်ပင် ထိုခံစားချက်ကို မျက်ကွယ်မပြုနိုင်ခဲ့။

“ကျေးဇူးပြုပြီး အထင်မလွဲကြပါနဲ့၊ သံတမန်တို့။ ခင်ဗျားတို့ ပေးတဲ့ ဆေးလုံးတွေကို ကျွန်တော်တို့ အထင်မသေးပါဘူး၊ ဒါပေမဲ့ အခြေအနေက မတူတော့ပါဘူး။ မကြာသေးခင်က လူသားမျိုးနွယ် ကျွမ်းကျင်သူတစ်ဦးက မသေမျိုးမှော်လက်နက်တစ်ခုကို သုံးစွဲခဲ့တာကြောင့် ကျွန်တော်တို့ မရဏချောက်နက်စစ်တပ်မှာ အကြီးအကျယ် ထိခိုက်ခဲ့ရပါတယ်၊ ဒါကြောင့် နောက်ပိုင်း အစီအစဥ်ကို ပြောင်းလဲသင့်ပြီလို့ထင်ပါတယ်"

ဘုရင်တန့်ယိုက အမြန်ထရပ်ပြီး စကားလုံးတွေကို သေချာစီစဥ်ပြောဆိုလိုက်သည်။

“နောက်ဆုံးတော့လည်း မင်းတို့ ကိုယ့်အစွမ်းကိုယ်ယုံကြည်မှုမရှိတိုင်း ရှုံးမှာကြောက်ပြီး စိတ်ကယောက်ကယက်ဖြစ်နေကြတာပဲမဟုတ်လား"

ပိန်ပိန်ရှည်ရှည်ဖြင့် အနက်ရောင်ဝတ် သံတမန်တစ်ဦးက လှောင်ပြောင်လိုက်သည်။

ရိုင်းစိုင်းလှသောစကားကြောင့် ဘုရင်တန့်ယို ကြောင်အသွားရသည်။ "ဒါက..."

"ငါ မင်းကို ပြောမယ်၊ မင်းတို့မရဏ‌ချောက်နက်ရဲ့ မျိုးနွယ်စုတစ်ရာလုံး ပြုတ်ပြုတ်ပြုန်းသွားရင်တောင် ဘာမှဆုံးရှုံးစရာမရှိဘူး။ မင်းတို့အလုပ်က ငါတို့ပြောသမျှကို တသွေမတိမ်းနားထောင်ပေးဖို့ပဲ။ ရိုးရိုးရှင်းရှင်းပြောရရင် မင်းတို့မှာ ရွေးချယ်ပိုင်ခွင့်မရှိဘူး"။

ထိုစကားအဆုံးတွင် မရဏချောက်နက်ဘုရင်များ မျက်နှာအကြီးအကျယ်ပျက်ကာ ဒေါသအမျက်ချောင်းချောင်းထွက်လျက် လူသတ်ချင်သောအငွေ့အသက်များက ဖုံးကွယ်မရအောင် ထွက်ပေါ်လာကြတော့၏။

မျိုးနွယ်စု၏ ထိပ်တန်း စွမ်းအားရှင်ဘုရင်များအဖြစ် နေထိုင်လာခဲ့ကြသောသူတို့မှာ ရိုးတွင်းခြင်ဆီထဲကအထိ မာနကြီးကြသည်။ သူတို့ကို အရမ်းဖိအားပေးလာလျှင် အချင်းချင်းပူးပေါင်းပြီး ယိုမျိုးနွယ်ဘုရင်ကိုပင် ဖြုတ်ချဖို့ဝန်လေးကြသူများမဟုတ်။

ထိုသံတမန်အုပ်စုကို လေးလေးစားစားဆက်ဆံခဲ့ရသည့်အကြောင်းရင်းမှာလည်း တစ်ဖက်အုပ်စု၏ ဇစ်မြစ်ကောင်းမွန်မှုနှင့် ခန့်မှန်းရခက်ခဲသော အရှိန်အဝါနက်နဲမှုကြောင့်သာဖြစ်သည်။

သို့တိုင် ဤသို့တည့်တည့်စော်ကားခံလိုက်ရချိန်တွင် လူသတ်ချင်စိတ်ကို ထိန်းမထားနိုင်တော့ပေ။

ခန်းမတစ်ခုလုံး လူသတ်ချင်စိတ်များဖြင့် ပြည့်နှက်သွားရသည်။

အမှန်ပင် ကြက်သီးထဖွယ်။

ခေါင်းဆောင်ဖြစ်သူ ဘုရင်တန့်ယိုမှာလည်း အကြီးအကျယ်ဒေါသထွက်လျက်ရှိသည်။

မင်းတို့လည်း ငါတို့ရဲ့အစွမ်းအကိုအသုံးချဖို့ အတိုင်းအတာတစ်ခုအထိတော့ လိုအပ်နေတာပဲမလား?

“စကားလုံးတွေကို သေချာဂရုစိုက်ပေးပါ။ ကျွန်တော်တို့ မရဏချောက်နက်နဲ့ ခင်ဗျားတို့ဟာ ပူးပေါင်းဆောင်ရွက်တဲ့ ဆက်ဆံရေးမှာပဲ ရှိပါတယ်။ တစ်နည်းအားဖြင့် ကျွန်တော်တို့ဟာ အဆင့်အတန်း တူညီပါတယ်။ ရှင်းရှင်းပြောရရင် ဒီပူးပေါင်းဆောင်ရွက်မှုကို ရပ်ဆိုင်းလိုက်လို့လည်း ဖြစ်တာပါပဲ၊ ခင်ဗျားတို့ကို မရဏချောက်နက်ကနေ အပြီးတိုင်နှင်ထုတ်လိုက်လို့လည်းရပါတယ်"

"ဒါမှမဟုတ်… ဒီမှာပဲ ထာဝရအကျဥ်းကျပြီး ကိုယ့်အပြစ်တွေကိုယ် သုံးသပ်နေလိုက်ကြပေါ့!"

ဘုရင်တန့်ယို လေသံ ပြောင်းလဲသွားပြီး သူ့ကိုယ်ခန္ဓာမှ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာသည်။ ထုတ်လွှတ်လိုက်သောအင်အားမှာ နတ်ဆိုးဘုရင်တစ်ပါးကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလှပြီး ရိုက်ခတ်မှုကြောင့် ယိုမျိုးနွယ် နန်းတော်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါနေကာ မိုင်ထောင်ချီပတ်လည်တွင် သေကွင်းသေကွက်များဖြင့် လွှမ်းခြုံရစ်သိုင်းသွားသကဲ့သို့။

သူ၏ လက်ရှိခွန်အားဖြင့် အရိုးမျိုးနွယ် သူရဲကောင်းခြောက်ဦးခန့်ကို လက်တစ်ဖက်တည်းဖြင့် အပြတ်ရှင်းလင်းသတ်ဖြတ်ပစ်လို့ ရနိုင်သည်အထိ။

ဘုရင်တန့်ယိုမှာ ခေါင်းဆောင်ပလ္လင်တွင်ထိုင်ဖို့ ထိုက်တန်သူဘုရင်တစ်ပါးပင်။ ထိုသံတမန်ခြောက်ဦးကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ပြီး ဖမ်းချုပ်အကျဥ်းချနိုင်ဖို့လည်း သူ့ကိုယ်သူ ယုံကြည်ချက်အပြည့်ရှိသည်။

အဘယ့်ကြောင့်ဆိုသော် ထိုသံတမန်ခြောက်ဦးမှာ တစ်ခါသော်မှ အစွမ်းထုတ်ပြဖူးခဲ့သည်မဟုတ်ရာ သူ့ဘက်မှ စမ်းသပ်မကြည့်ရဲစရာအကြောင်းမရှိပေ။

ထိုအချိန်တွင်။

ပိန်ပိန်ရှည်ရှည်ဖြင့် သံတမန်က ထိတ်လန့်မှုကင်းမဲ့စွာ ခပ်မြူးမြူးပင်စကားဆိုလာ၏။ "မင်းတို့ အစေခံအုပ်စုက သခင်တွေကို တိုက်ခိုက်ရဲတယ်ပေါ့လေ?"

ထို့နောက် သူသည် ရဲသွေးကြွနေသော ဘုရင်တန့်ယိုအား အဓိပ္ပာယ်ပါပါ ပြောလာသည်။ "မရဏချောက်နက်ကို အုပ်စိုးတဲ့သူတွေက မင်းတို့ယိုမျိုးနွယ်လို့ တကယ်ထင်နေတာလား?"

ဘုရင်တန့်ယို မျက်လုံးများကိုမှေးစင်းကြည့်လိုက်သည်။ "မင်း ဘာကို ဆိုလိုတာလဲ?"

ယိုမျိုးနွယ်သည် မရဏချောက်နက်တွင် အသိအမှတ်ပြုခံ ပထမဆုံးသော တော်ဝင်မျိုးနွယ်ဖြစ်ပြီး အခိုင်အမာ ဤနေရာတစ်ခုလုံးကို သိမ်းပိုက်လွှမ်းမိုးထားနိုင်သည်။နှစ်သန်းပေါင်းများစွာကြာအောင် တည်ရှိခဲ့သော အစဥ်အလာတစ်ခုအား ထိုပြင်ပလောကမှ သံတမန်က မေးခွန်းထုတ်လာခဲ့သော် ဘုရင်တန့်ယိုမှာ အတော်လေးမကောင်းသော ခံစားချက်တစ်ခုအား ခံစားလိုက်ရ၏။

"မင်းတို့ အောက်တန်းစားအစေခံအုပ်စုကို သခင်တွေဆီ ဘယ်လိုသစ္စာခံပေးရမယ်ဆိုတာနားလည်အောင် သင်ပြပေးဦးမှပဲ"

ထို ပိန်ပိန်ရှည်ရှည် သံတမန်က လှောင်ပြောင်ပြောဆိုလာသည်။

ကျန်သူများကလည်း တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ခေါင်းညိတ်လိုက်ကြကာ အနက်ရောင်ဝတ်ရုံများအား ချွတ်ချလိုက်သော် ခရမ်းရောင်မြူခိုးဆိုင်းသော မရဏစွမ်းအင်အငွေ့အသက်များအား သူတို့ခံစားမိလိုက်ကြ၏။

"ဘာလဲဟ?!"

ထိုအချိန်တွင် မရဏမျိုးနွယ်ဘုရင်များမှာ မျက်စိသူငယ်အိမ်များ ကျုံ့ဝင်သွားသည်အထိ ကြောက်လန့်သွားရသည်။ မြေပြင်ပေါ် ဒူးထောက်ကျသည်အထိ ဖိအားပေးခံနေရကာ အသက်ပင်မရှူရဲလှစွာ ရင်တဒုန်းဒုန်းတုန်လျက် ရှိကြတော့၏။

ဘုရင်တန့်ယိုတစ်ဦးသာ ကျန်ရှိသော ဂုဏ်သိက္ခာအနည်းငယ်ဖြင့် ဒူးတစ်ဖက်တည်းဖြင့်သာ ထောက်နေနိုင်သေးသည်။ သူ၏ နဖူးပေါ်ရှိ သွေးကြောများ ဖောင်းကြွနေပြီး အံသွားများကို တင်းတင်းကြိတ်ထားကာ မျက်လုံးများတွင်တော့ ဖုံးကွယ်မရနိုင်သည့် နက်နဲသော ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။

အရှိန်အဝါကြောင့်တင်မဟုတ်ဘူး။ သဘာဝအလျောက် ဒူးထောက်အညံ့ခံချင်စိတ်တွေ ဝင်လာခဲ့တာ။ ဘာတွေဖြစ်နေကြတာလဲ?

"မင်းတို့က ဘယ်သူတွေလဲ..."

"ဟဲဟဲ၊ ပြောပြရတော့မှာပေါ့။ ဒါမှ ကိုယ်ဆင်းသက်လာခဲ့တဲ့မျိုးရိုးကို မမေ့ကြမှာလေ"

စကားပြောနေသော ပိန်ပိန်ရှည်ရှည်သံတမန်မှာ ခါးအထိဝဲကျနေသော ခရမ်းရင့်ရောင်ဆံပင်ရှည်များဖြင့် မျက်နှာအသွင်အပြင်ကာ အတော်လေးဆိုးယုတ်လှသည်။ နဖူးမောက်မောက်မှ ချွန်ထက်သောချိုနှစ်ချောင်း ဖောက်ထွက်လျက်ရှိကာ မျက်ဆံတို့မှာ ခရမ်းရင့်ရောင် နတ်ဆိုးအငွေ့အသက်များဖြင့် ဖုံးအုပ်နေပြီး လှောင်ရယ်သံများမှာလည်း အဆုံးမရှိ?

"ငါတို့က မရဏမျိုးနွယ်ရဲ့ ဇစ်မြစ်ရင်း အစစ်အမှန်အုပ်စိုးသူတွေ။ မင်းတို့နေထိုင်နေတဲ့ ဒီကမ္ဘာငယ်‌လေးကို ငါတို့ဘိုးဘေးတွေ စတင်တည်ဆောက်ပေးခဲ့တာ "

"ဒါ့အပြင် မင်းတို့ဘိုးဘေးတွေဟာ ဒီနေရာမှာ အသက်ရှင်ရပ်တည်နိုင်ဖို့ ငါတို့မရဏမျိုးနွယ်ရဲ့ ဘိုးဘေးတွေဆီက သွေးအမှတ်အသားကို ဆန္ဒအလျောက် လက်ခံခဲ့ကြတာပဲ။ မရဏမျိုးနွယ်စစ်ရဲ့ အမိန့်အာဏာနဲ့ရင်ဆိုင်ရတဲ့အခါ မင်းတို့ နာခံဖို့ကလွဲပြီး ဘာများတတ်နိုင်ဦးမှာတဲ့လဲ? နောင်နှစ်ပေါင်းများစွာအထိ မင်းတို့က ငါတို့ရဲ့အစေခံအဖြစ်သာ ဆက်လက်ရှင်သန်ပေးရဦးမယ်"

“အသွေးအသားထဲထိ လွှမ်းမိုးခံရတဲ့ ကြောက်ရွံ့မှုကို မှတ်မိကြသေးလား?”

ထိုစကားကိုကြားသော် အသွေးအသားထက် ထိုးထွင်းခတ်နှိပ်ခံထားရသော ကျွန်အမှတ်အသားက အသက်ဝင်ပူလောင်လာကာ မျိုးနွယ်စုဘုရင်တို့မှာ ကြောက်စိတ်ဖြင့် အသိစိတ်တို့ ဆူညံပွက်လောရိုက်ကုန်ကြတော့၏။

ထိုသံတမန်ခြောက်ဦးကိုကြည့်ရင်း ဘုရင်တန့်ယိုမှာ ငယ်စဥ်ကကြားသိခဲ့ရဖူးသော ရှေးဟောင်းဒဏ္ဍာရီဇာတ်လမ်းများကို ပြန်လည်မြင်ယောင်ကာ ဦးနှောက်မှာလည်း ကြောက်စိတ်ဖြင့် ပြောင်းပြန်လန်အောင် လွှမ်းမိုးခံလိုက်ရတော့သည်။

လူကြီးတွေပြောတဲ့ ဒဏ္ဍာရီပုံပြင်ဇာတ်လမ်းတွေဆိုတာ အမှန်တွေချည်းပါလား။ မူလပထမအုပ်စိုးသူက ယိုမျိုးနွယ်မဟုတ်ခဲ့ဘဲ မရဏမျိုးနွယ်ဖြစ်နေခဲ့တာပဲ။

ဒါပေမဲ့ ဘာလို့ မရဏချောက်နက်ကို ဖန်တီးခဲ့တဲ့ မရဏမျိုးနွယ်က နောက်ပိုင်းမှာ ပြင်ပလောကအင်အားစုတစ်ခု ဖြစ်လာရတာလဲ?

All Chapters