← Chapters

အခန်း (၂၅၀)

Vol. 18 Ch. 250

အခန်း (၂၅၀)

Vol. 18 Ch. 250

မရဏချောက်နက်။

လျှို့ဝှက်ဆန်းကြယ်ပြီး မှောင်မိုက်သောနေရာ၊ ပြင်ပကမ္ဘာမှ အလင်းအားလုံးကို ဝါးမျိုစုပ်ယူသောနေရာ။

ဤထာဝရမှောင်မိုက်သောကမ္ဘာတွင် တိမ်တိုက်မည်းများက ကောင်းကင်ကို ဖုံးလွှမ်းထားသည်။

နေ့နှင့်ည အလှည့်အပြောင်းမရှိ၊ အဆုံးမဲ့ မှောင်မိုက်မှုသာ ရှိသည်။

ကျယ်ပြန့်သော မရဏလွင်ပြင်များ နှိုင်းရက်စရာပင် ရှာမရလောကအောင် ခြောက်သွေ့ခေါက်ခိုက်လှ၏။

ဖျော့တော့သော လမင်းက ကောင်းကင်တွင် မြင့်မားစွာ တည်ရှိပြီး ပုံရိပ်ယောင်ကဲ့သို့ ယောင်ဝါးဝါးသာထင်ဟပ်ကာ လူအများအား လက်တွေ့မကျသောခံစားချက်တစ်ခု ‌ပေးစွမ်းနေသည်။

ဤနေရာသည် မရဏချောက်နက် သတ္တဝါများ၏ စခန်းချရာအရပ်ဖြစ်သည်။

ဤရှည်လျားကြာညောင်းလှသော ရှေးခေတ်ကာလများတစ်လျှောက် မရဏချောက်နက်မှ မျိုးနွယ်စုတစ်ရာသည် ဤနေရာတွင် ပွားများနေထိုင်ခဲ့ကြပြီး ကိုယ်ပိုင်ဒေသအဖြစ် ခြေကုပ်ယူခဲ့ကြသည်။

ဤကာလအတွင်း သူတို့သည် တစ်ခါတစ်ရံ ပဋိပက္ခများ ဖြစ်ပွားခဲ့ကြပြီး နောက်ဆုံးတော့လည်း ပြန်လည်သင့်မြတ်ခဲ့ကြရသည်ပင်။

မြို့ကြီးမြို့ငယ် အသွယ်သွယ်တို့ ခိုင်ခံ့စွာ တည်ရှိနေပြီး အဆောက်အအုံများမှာလည်း အရွယ်အစားအမျိုးမျိုးဖြင့် တည်ရှိကာ အားလုံးမှာ မှောင်မိုက်သောအငွေ့အသက်ဖြင့် ကြောက်မက်ဖွယ်ကောင်းလှပြီး တောက်ပသော အရောင်အသွေး တစ်စွန်းတစ်စပင် မထင်ကျန်ပေ။

ထူထပ်သော ယင်စွမ်းအင်က နေရာတိုင်းတွင် ပျံ့နှံ့နေပြီး အလွန်ဖိနှိပ်အားကောင်းသော လေထုကို ဖန်တီးပေးသည်။

မြို့ထဲတွင် ဆိုင်တန်းများစွာ ရှိပြီး လူသားနှင့် အတော်လေးသဏ္ဍာန်တူသော နတ်ဆိုးသတ္တဝါများကို လမ်းများပေါ်တွင် လှည့်လည်သွားလာနေသည်အား တွေ့မြင်နိုင်သည်။ သို့သော် မကြာခဏဖြစ်ပွားသော စစ်ပွဲများကြောင့် ပတ်ဝန်းကျင်သည် ပိုမိုခြောက်သွေ့ တိတ်ဆိတ်လာခဲ့၏။

"ရှေ့တန်းမှ အရေးပေါ်သတင်း! ဘုရင်မင်းမြတ် စစ်မှုထမ်းရန် အမိန့်ထုတ်ပြန်! ချီစုဆောင်းခြင်း အဆင့် (၉) နှင့်အထက်ရှိသူများအားလုံး စစ်ပွဲတွင် ပါဝင်ရမည်!"

အသံသည် ခေါင်းလောင်းသံကဲ့သို့ ကျယ်လောင်ပဲ့တင်ထပ်ပြီး ငြင်းဆန်မရနိုင်သော အမိန့်သံပါသည်။

အနီရောင်အနက်ရောင်စပ် တပ်သားဝတ်စုံဝတ်ထားသော စစ်သားအုပ်စုတစ်စု ရုတ်တရက် ပေါ်လာပြီး ချွန်ထက်သော လှံများကို ကိုင်ဆောင်ကာ ထိုလူသားသဏ္ဍာန် သတ္တဝါများကို နာခံရန် ဖိအားပေးလာသည်။

ထိုလူသားသဏ္ဍာန်သတ္တဝါများမှာ စစ်မှုထမ်းရမည်ဆိုသောသတင်းကို မိဘများသေဆုံးသည့်သတင်းထက်ပင် ပိုမိုကြောက်ရွံ့ကြဟန်တူ၏။

"အင်း၊ စစ်ပွဲအခြေအနေက ပိုပြီး ဆိုးရွားလာပုံရတယ်။

မြို့ငယ်လေးတွေမှာဆို တစ်နေကုန် လျှောက်သွားရင်တောင် လူတစ်ယောက်မှ မတွေ့ရဘူးလို့ ကြားရတယ်၊ အင်အားသုံးထားတာ ကုန်သလောက်တောင်ရှိနေပြီ။"

"အရင်က စစ်စဖြစ်တုန်းက အခြေအနေကောင်းပါတယ်၊ သတင်းကောင်းတွေ မကြာခဏ ရောက်လာတယ်၊ ဒါပေမဲ့ မကြာသေးခင်ကပဲ အကြီးအကျယ် ဆုံးရှုံးနေရတာနော်။

ဒါတွေကိုကြိုသိခဲ့ရင် ဒီစစ်ပွဲဖြစ်မှာကို သူတို့တတ်နိုင်သလောက် တားဆီးခဲ့ပါတယ်။

ကိုယ်ပိုင်တဲ့ မရဏချောက်နက်မှာပဲ ရိုးရိုးသားသား ငြိမ်ငြိမ်နေတာက ပိုမကောင်းဘူးလား?

ဘာလို့ အပြင်လောကရဲ့ နယ်မြေကို လောဘတကြီး လိုချင်နေရတာလဲ?"

"ရှူး! သတိထား! မြို့စားအိမ်တော်က စစ်သားတွေ ကြားရင် မင်းကိုဖမ်းပြီး ကွပ်မျက်လိမ့်မယ်!"

သေရည်ဆိုင်တစ်ဆိုင်တွင် မျိုးနွယ်စုငယ်လေးနှစ်ခုက သတ္တဝါနှစ်ကောင်ဟာ မကျေမနပ် တီးတိုးကဲ့ရဲ့စကား ဆိုနေကြသည်။

သူတို့၏ ကျင့်ကြံဆင့်က အလွန်နိမ့်ပါးတာကြောင့် အရင်တစ်ခေါက်စစ်သားစုဆောင်းရေးမှ လွတ်မြောက်ခဲ့ပေသည့် မိမိတို့မရဏချောက်နက်စစ်တပ် အရေးနိမ့်သည့်သတင်းများကြား ဆက်တိုက်ကြားလာရသော် စိတ်မကောင်းမဖြစ်ဘဲမနေနိုင်။

အစပိုင်းတွင် မရဏချောက်နက်၏ ခေါင်းဆောင် ယိုမျိုးနွယ်သည် မရဏလွင်ပြင် တစ်ခုလုံးသို့ မျိုးနွယ်စုတစ်ရာ၏ မဟာမိတ်စာချုပ်ကို ထုတ်ပြန်ကြေညာပြီး အဖွဲ့ဝင်အားလုံးကို စည်းလုံးညီညွတ်စေကာ အရှေ့တိုင်းစီရင်စုကို သိမ်းပိုက်ဖို့ စစ်တပ်စေလွှတ်ရန် တောင်းဆိုခဲ့သည်။

မျိုးနွယ်စုအများစုသည် ဤရုတ်တရက်ဆန်သော ဆုံးဖြတ်ချက်ကို အလွန်အမင်းဆန့်ကျင်ခဲ့ကြပြီး ယိုမျိုးနွယ်ဘုရင် စိတ်မနှံ့တော့ဘဲ အရှေ့တိုင်းစီရင်စု လူသားမျိုးနွယ်နှင့် ရင်ဆိုင်ရန် အိပ်မက်မက်နေသည်ဟုသာ တွေးထင်ခဲ့ကြ၏။

ဘာပဲဖြစ်ဖြစ် သူတို့ မရဏချောက်နက်မှာပဲ အရိုးဆွေးအောင် ရှင်သန်နေထိုင်နေရတဲ့ အကြောင်းရင်းက လူသားစွမ်းအားရှင်တွေဆီကနေ နှင်ထုတ်ခံထားရလို့ပဲလေ။

နောက်ပိုင်းမှာ ဘယ်လိုပဲသေချာစီစဥ်ပြီး ပြန်လည်ကျူးကျော်တိုက်ခိုက်ပါစေ အမြဲတစေ အရေးနိမ့်ခဲ့ရသည်သာ။

ရှုံးနိမ့်မှုဖြင့် နှစ်‌ပေါင်းများစွာ နေသားတကျဖြစ်လာပြီးနောက် သူတို့အားလုံး ဤအမှောင်ဝန်းကျင်နှင့် အကျွမ်းတဝင်ဖြစ်နေကြလေပြီ။

အပြင်လောကနှင့် အဆက်အသွယ်ပြတ်တောက်ရတော့ရော ဘာအရေးလဲ? သူတို့အသက်ရှင်နေနိုင်တာပဲလေ။

ထို့ကြောင့် ယိုမျိုးနွယ်၏ တောင်းဆိုမှုကို ကြားသိပြီးနောက် မျိုးနွယ်စုခေါင်းဆောင်များစွာသည် ချက်ချင်းဆိုသလို ဝိုင်းဝန်းကန့်ကွက်ခဲ့ကြပြီး အကယ်၍ သူတို့ စစ်တပ်အင်အားကို စုစည်းနိုင်ခဲ့လျှင်ပင် အနိုင်ရရန် အခွင့်အလမ်းမရှိဟု ယုံကြည်ခဲ့ကြသည်။

ယိုမျိုးနွယ်သည် မရဏချောက်နက်တစ်ခုလုံး၏ ခေါင်းဆောင်ဖြစ်ပြီး ကျန်ရှိသော မျိုးနွယ်စု ကိုးဆယ့်ကိုးခုကို အုပ်ချုပ်ထားသောကြောင့် ၎င်း၏စကားတစ်ခွန်းကအစ အရေးပါလှသည်။ သို့သော် ဤအဆိုပြုချက်သည် အလွန်မိုက်မဲတုံးအ၏ဟု မှတ်ယူကြကာ ထောက်ခံသူ အနည်းငယ်သာ ရှိခဲ့သည်။

လူတိုင်းက ထိုအဆိုပြုချက် ပယ်ချခံရပြီး ချက်ချင်း ငြိမ်သက်သွားလောက်မည်ဟု ထင်ခဲ့ကြစဥ် ယိုမျိုးနွယ် ဘုရင်က မျိုးနွယ်စုအသီးသီး၏ ခေါင်းဆောင်များကို အစည်းအဝေးတစ်ခု တက်ရောက်ဖို့ ဖိတ်ခေါ်ခဲ့ပြီး ထိုအစည်းအဝေးပြီးတဲ့နောက် ခေါင်းဆောင်တွေအားလုံး ယိုမျိုးနွယ်ကို တစ်ညီတညွတ်တည်း ထောက်ခံခဲ့ကြတော့၏။

သူတို့သည် နတ်ဘုရားများ၏ ကောင်းချီးမင်္ဂလာရရှိခဲ့ပြီး ကောင်းကင်ဘုံ၏အကူအညီဖြင့် ဒီတစ်ခေါက်တိုက်ပွဲကို ကျရှုံးရန်ဖြစ်နိုင်ချေလုံးဝမရှိဟု အခိုင်အမာ အာမခံခဲ့ကြလေသည်။

နောက်ပိုင်းတွင် စစ်ပွဲဆီ ဦးတည်သော ကြွေးကြော်သံမျိုးစုံကို ဖန်တီးခဲ့ပြီး အောင်ပွဲအတွက် စိတ်အားထက်သန်မှုသည် ကျိုင်းကောင်အုပ်များကဲ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

ပြိုင်ဘက်ကင်းစွာ ပေါ်ထွက်လာသော အစွန်းရောက်စိတ်ဓာတ်ဖြင့် မျိုးနွယ်စုတစ်ရာမှ သတ္တဝါများသည် အထက်အောက်မရွေး၊ စိတ်နှလုံးတစ်ပေါင်းတစ်စည်းတည်းဖြင့် အရှေ့တိုင်းစီရင်စုကို သိမ်းပိုက်ကာ သူတို့၏ နယ်မြေကို ချဲ့ထွင်ရန် ရည်မှန်းချက်ဖြင့် ကြိုးစားခဲ့ကြသည်။

စစ်တပ်တစ်ခုပြီးတစ်ခု မရဏချောက်နက်မှ အင်အားကြီးမားစွာ ချီတက်ထွက်ခွာသွားပြီး ဤမကြုံစဖူး စစ်ပွဲကြီးကို စတင်တိုက်ခိုက်ခဲ့ကြ၏။

စစ်ပွဲ စတင်ခဲ့ပြီး ပထမဆုံး တိုက်ပွဲကို အနိုင်ရခဲ့သည်။

သူတို့သည် မည်သူမျှ မတားဆီးနိုင်လောက်အောင် အင်အားကြီးမားခဲ့ကြပြီး ကောင်းကင်ဘုံက အမှန်တကယ် ကူညီနေသကဲ့သို့ အရှေ့တိုင်းစီရင်စု၏ ဒေသများစွာကို ဖျက်ဆီးချေမှုန်းခဲ့ကြကာ တစ်ချိန်က အဆင့်မြင့်လှသည်ဟု ယူဆခဲ့ကြသော လူသားမျိုးနွယ် ကျင့်ကြံသူများကို သူတို့၏ ခြေထောက်အောက်တွင် နင်းချေနိုင်ခဲ့ကြသည်။

သို့သော် ကောင်းသောအချိန်များက ကြာရှည်မခံခဲ့ပေ။ လူသားအင်အားစုများ ပြန်လည်စုရုံးတိုက်ခိုက်လာချိန်တွင် မရဏချောက်နက် စစ်တပ်အတွက် အခက်အခဲ အကြီးအကျယ်ကြုံရတော့လေ၏။

သူတို့အထဲတွင် ယဲ့ကျွင်းလင် အမည်ရှိ မဟာအင်အားကြီးပုဂ္ဂိုလ်တစ်ဦးသည် အကျော်ကြားဆုံးပင်။

သူ့လက်များတွင် မရဏချောက်နက် ကျင့်ကြံသူ အများအပြား၏ သွေးများဖြင့် စွန်းထင်းနေပြီး ဘေးဒုက္ခကျော်လွှားခြင်းအဆင့် ဘုရင် နှစ်ဒါဇင်နီးပါးကို တစ်ဆက်တည်း သတ်ဖြတ်ခဲ့ကာ စစ်ပွဲတစ်ခုလုံး၏ အောင်မြင်မှုလမ်းကြောင်းကို လက်တစ်ဖက်တည်းဖြင့် ပြောင်းပြန်လှန်ပစ်ခဲ့သည်။

ကြောက်မက်ဖွယ် သတင်းဆိုးကြီးများ တစ်ခုပြီးတစ်ခု ရောက်လာသောအခါ မရဏချောက်နက် မျိုးနွယ်စုအသီးသီးမှ သတ္တဝါများ ဝမ်းနည်းနာကျင်စွာ အော်ဟစ်ငိုယိုကြရပြီး စည်းလုံးခြင်း စိတ်ဓာတ်များ ထိုးကျကာ သူတို့၏ ယုံကြည်ချက်များလည်း ပျက်စီးသွားကြကုန်၏။

ဒါက သူတို့ မျှော်လင့်ထားသလို လုံးဝဟုတ်မနေဘူးလေ။

ထိုအချိန်မှစ၍ စစ်ပွဲအခြေအနေသည် ရုတ်ခြည်း အဆိုးဘက်သို့ ကူးပြောင်းလာခဲ့တော့သည်။

နယ်ခြားစစ်ပွဲများတွင် မရဏချောက်နက် ကျင့်ကြံသူများ အလွန်အကျွံ သေဆုံးမှုကြောင့် မျိုးနွယ်စုအများစုတွင် မျိုးဆက်ပြတ်တောက်ခြင်း ဖြစ်စဉ်များပင် ရှိလာပြီး ကျန်ရှိသောသတ္တဝါများသည် ကြောက်ရွံ့ခြင်းများဖြင့် ပြည့်နှက်နေကာ ရှေ့တန်းသို့ သွားရန် အကြောက်အကန် ဆန့်ကျင်မှုများ ရှိလာတော့သည်။

အပစ်အခတ်ရပ်စဲရေး တောင်းဆိုမှုများ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာ၏။

သို့သော် အထက်မှပုဂ္ဂိုလ်များက ၎င်းတို့ကို ထည့်မစဥ်းစားပေးဘဲ လျစ်လျူရှုခဲ့ကြပြီး အကြမ်းဖက် နှိမ်နင်းမှုနည်းလမ်းများကိုပင် အသုံးပြုခဲ့ကာ စစ်သားသစ်များကို ခေါင်းမာစွာ ဆက်လက်စုဆောင်းခဲ့ကြသည်။

မရဏချောက်နက် ကျင့်ကြံသူအချို့ဆိုလျှင် စစ်မှုထမ်းရန် ကြောက်ရွံ့သဖြင့် မြို့ထဲမှ လျှို့ဝှက်စွာ ထွက်ပြေးပြီး အေးစက်ပြီး ခြောက်သွေ့သော မရဏလွင်ပြင်များတွင် ပုန်းအောင်းနေခဲ့ကြသည်။ မည်သူမှ မိမိအသက်ကို အလဟဿ အကုန်ဆုံးမခံနိုင်ပါ။

ဒါပေမဲ့ ဘယ်နေရာကိုပဲ ထွက်ပြေးပြေး၊ မကြာခင် သူတို့လက်ထဲ ပြန်ရောက်ရတာပါပဲ။

သာမန်လူအများစု၏ အမြင်တွင် အထက်လူကြီးများအားလုံး စိတ်လွတ်သွားကြပြီဟုသာ။

အရင်က ဒီလိုဖြစ်ရပ်မျိုး ကြုံတွေ့ရလျှင် မျိုးနွယ်စုခေါင်းဆောင်တွေက ‌ရှေ့ရေးကိုမျှော်တွေးကာ ရပ်တန့်ဖို့ကြိုးစားခဲ့ကြပေသည့် အခုတော့ တစ်ဦးတစ်ယောက်မှ ရပ်တန့်ဖို့ စိတ်ကူးမရှိဘဲ မရဏချောက်နက် သတ္တဝါအားလုံး၏ ကံကြမ္မာကို ထိုစစ်ပွဲတွင်သာ အလုံးစုံချည်နှောင်ပုံအပ်ထားခဲ့ကြတော့၏။

နောက်ကွယ်မှာ မမြင်နိုင်တဲ့ လက်တစ်ဖက်က ရူးသွပ်စွာ တွန်းအားပေးနေသလိုပါပဲ...

မရဏလွင်ပြင်၏ အလယ်ဗဟိုတွင် နေ့ရောညပါမရှိသော ဤကမ္ဘာ၌ တိတ်ဆိတ်ပြီး ထူးဆန်းသော အေးစက်စက်အလင်းရောင်ကို ထုတ်လွှတ်နေသည့် ခမ်းနားထည်ဝါသော နန်းတော်ကြီးတစ်ခု တည်ရှိသည်။

ထိုနန်းတော်မှာ မရဏလွင်ပြင် တော်ဝင်မြို့တော်တစ်ခုလုံး၏ အာဏာဗဟိုချက်၊ ယိုမျိုးနွယ် အုပ်စိုးရှင်တို့၏ နေအိမ်သာပင်။

မရဏချောက်နက်၏ ကျန်ရှိသောဘုရင်အနည်းငယ်မှာ ကောင်စီခန်းမထဲစုဝေးနေကြပြီး မျက်နှာထားများမှာလည်း ပြိုတော့မည့်မိုးကဲ့သို့ အုံ့မှိုင်းလျက်သာရှိကြ၏။

"ဒီလို ဆက်သွားလို့ အဖြစ်တော့ဘူး။ ဒီစစ်ပွဲပြီးရင် ဘယ်နှစ်နှစ်ကြာမှ ပြန်နာလန်ထူနိုင်လာမယ်မသိဘူး။ ဒီစစ်ပွဲ အတွက် ငါတို့ရဲ့ မျိုးနွယ်စုဝင်တွေ အများကြီး ဆုံးရှုံးခဲ့ရပြီ!"

"ဒီမှာတင် ရပ်လိုက်ဖို့လည်း မဟန်သေးပြန်ဘူး။ ဘာလို့လဲဆိုတော့ ဒီတစ်ခေါက်က ငါတို့ရဲ့ အခြေအနေကို ပြောင်းပြန်လှန်ဖို့ နောက်ဆုံးအခွင့်အရေးဖြစ်နေလို့ပဲ"။

"ဘုရင်တန့်ယို၊ ဒီစစ်ပွဲကို ငါတို့နိုင်မယ်လို့ တကယ် အာမခံနိုင်သလား။

နောက်ဆုံးမှာ ရှုံးနိမ့်ခဲ့ရင် မရဏချောက်နက်ရဲ့ အပြစ်သားတိုင်မှာ မင်းကို အသေရိုက်ကပ်ထားမယ်၊ ပြီးတော့ ယိုမျိုးနွယ် တစ်ခုလုံးက ဒီဆုံးရှုံးမှုအတွက် အပြည့်အဝ တာဝန်ယူရမယ်!"

ပြင်းထန်သော ဆွေးနွေးမှုသည် ချက်ချင်းပင် ထိပ်ဆုံးပလ္လင်ပေါ်တွင် ထိုင်နေသော အင်အားကြီး ပုဂ္ဂိုလ်ထံ ချိန်ရွယ်ထားသည့် လှံသွားတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

မြစိမ်းရောင်ကျစ်ဆံမြီး အများအပြားသည် ပခုံးနောက်နှင့် ရင်ဘတ်ရှေ့တွင် အသီးသီး ပြန့်ကျဲဝဲကျနေလျက်။

နဖူးပေါ်တွင် တောက်ပသော နတ်ဆိုးအလင်းထွက်သည့် စိန်ပုံစံအကြေးခွံများ ပါရှိသည်။

ထို သက်လတ်ပိုင်းအရွယ်အမျိုးသား၏ မျက်နှာက ခိုင်မာပြတ်သားပြီး ချောမောခန့်ညားကာ မျက်ခုံးကြားတွင် လွှမ်းမိုးမှုရှိသော သြဇာအာဏာအငွေ့အသက်တစ်ခုအား ခံစားမိနိုင်၏။

ထိုသူမှာ မရဏချောက်နက်ကို အုပ်ချုပ်သော အင်အားအကြီးဆုံး ဘုရင်၊ ယိုမျိုးနွယ် ၏ ခေါင်းဆောင် ဘုရင်တန့်ယို ဖြစ်ပေသည်!

All Chapters