ငါးမျှားခြင်း။
Vol. 29 Ch. 337
မြင့်မြတ်သော မဟာကရုဏာရှင်သည် အဘယ့်ကြောင့် လူငယ်တစ်ယောက်အပေါ် ကျိန်ဆဲနေရသနည်း။
သစ်သားမီးတောက် တာအိုဘုန်းကြီးမှ အံ့အားသင့်သွား၏။ စုရီသည်ပင် မျက်ခုံးပင့်ပြီး၊
“ ညံ့ဖျင်းတဲ့ ကိုယ်ရည်ကိုယ်သွေး ရှိတဲ့လူတွေသာ ဒေါသထွက်တဲ့အခါ ရိုင်းစိုင်းတဲ့ စကားမျိုးတွေနဲ့ ဆဲဆိုကြတယ် ...
... မင်းရဲ့မူလနဲ့ မင်းကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ပြောပြရင် အဲဒီပိုးအိမ်ကနေ ကယ်တင်ဖို့ ငါနည်းလမ်းရှာပေးမယ် ... ဘယ်လိုလဲ။ ”
-ဟု ပြောကြားလိုက်သည်။
သွေးရေဝဲကြီး ရုတ်တရက် တိတ်ဆိတ်သွားတော့၏။ ခဏအကြာတွင် လှောင်ပြောင်လိုသော လေသံဖြင့်၊
“ စုရီ ... မင်းဘာတွေ တွေးနေလဲဆိုတာ ငါမှန်းဆလို့မရဘူးမထင်နဲ့၊ မင်း ငါ့ရဲ့နောက်ခံနဲ့ ဇစ်မြစ်ကိုရှာဖို့ ကြိုးစားနေတာ မဟုတ်လား ... မင်းအတွက် စကားနှစ်ခွန်းပဲရှိတယ် ... လုံးဝ မစဉ်းစားနဲ့ ... ။ ”
-ဟု တုန့်ပြန်လိုက်၏။
“ မင်းတစ်သက်လုံး ပိုးအိမ်ထဲမှာ ... ဒီလိုမျိုးနေချင်တာ သေချာလား ငါ့ခန့်မှန်းချက် မှန်ရင် ... မင်းမှာ ဒဏ်ရာရထားတယ်၊ သွေးသား စွမ်းအင်တွေလည်း ဆုံးရှုံးထားတယ် ...
... ယဇ်ကောင်တွေရဲ့ သွေးတွေက မင်းအတွက် ပြန်ကောင်းလာဖို့ မလုံလောက်ဘူး ပိုးအိမ်သွေးတွင်းတွေဟာ ... သက်ရှိတွေ ဆိတ်သုဉ်းနေတဲ့ စွန့်ပစ်မြေတစ်ခုပဲ။ ”
“ မင်း ... ။ ”
သွေးရေဝဲက အနည်းငယ် အံ့သြသွားပုံ ပေါ်သော်လည်း မကြာမီမှာပင်၊
“ ဦးနှောက် နည်းနည်းရှိတဲ့သူတိုင်း ဒီဖြစ်နိုင်ချေကို ခန့်မှန်းနိုင်ပါတယ် ဘာများ ထူးဆန်းလို့လဲ။ ”
-ဟု တုန့်ပြန်လာ၏။
စုရီမှ ပြုံးပြီး၊
“ မင်းက ပိုးအိမ်သွေးတွင်းမှာ ပိတ်မိနေပေမယ့် အာကာသဆုံမှတ်တွေကနေ မင်းအတွက် သွေးစတေးပေးဖို့ ခိုင်းစေနိုင်တယ် ဒါကို ကောက်ချက်ချရမယ်ဆိုရင် မင်းရဲ့ အထွတ်အထိပ် အခြေအနေမှာ ...
... ဧကရာဇ်နယ်ပယ်အထိ ရောက်ခဲ့တယ် မဟုတ်လား ... ပြီးတော့ အာကာသဆုံမှတ်တွေ အပေါ် နက်နက်နဲနဲ နားလည်နေတဲ့အတွက် ...
... မင်းဟာ ပါရမီရှင်ဖြစ်ပြီး အာကာသစွမ်းအားကို သဘာဝကျကျ ထိန်းချုပ် နိုင်နေတယ် ငါပြောတာမှန်လား။ ”
သွေးရေဝဲမှာ တိတ်ဆိတ်သွား၏။ ဤစုရီသည် အရာရာကို ခန့်မှန်းနိုင်စွမ်းရှိနေကာ အရာအားလုံးမှန်နေချေပြီ။
“ မင်း ဘယ်သူလဲ။ ”
အချိန်အတော်ကြာပြီးနောက် သွေးရေဝဲကြီးထံမှအသံသည် တစ်ဖန်ပြန်လည် ထွက်ပေါ်လာ၏။ သို့သော် ဤတစ်ကြိမ်တွင် လေးနက်မှုနှင့် သံသယအရိပ်အမြွက်များ ပါရှိနေသည်။
ထိုမေးခွန်းကို မကြာခဏဆိုသလို စုရီအမေးခံရသည်။ သူ ပြသသော စွမ်းအားနှင့် အသိဉာဏ်သည် အတိုင်းအတာထက် များစွာ ကျော်လွန်နေသောကြောင့် ပြိုင်ဘက်များ အံ့သြတုန်လှုပ်ရ၏။ ယုံရခက်စေသည်။
“ မင်းကိုကူညီပေးမဲ့ လူ။ ”
စုရီမှ ပေါ့ပေါ့ပါးပါး ပြန်ဖြေ၏။ ဤတစ်ကြိမ်တွင် မဟာကရုဏာရှင်ဆိုသည့် ငှက်မိစ္ဆာမှ လေးလေးနက်နက်ဖြင့်၊
“ ဒီဘေးဆိုးကြီးကနေ လွတ်မြောက်ဖို့ အတွက် ငါ့မှာကိုယ်ပိုင်နည်းလမ်းရှိတယ် ဒါကို မင်းစိတ်ပူနေစရာလိုပါဘူး။ ”
-ဟု တုန့်ပြန်လာသည်။
စုရီက မျက်ခုံးပင့်လိုက်တော့သည်။ ဤသားရဲသည် များစွာ သတိရှိနေ၏။ ပိုးအိမ် သွေးတွင်း၌ သူ မသိနိုင်သော တစ်စုံတစ်ရာကို ဖုံးကွယ်ထားဆဲ ဖြစ်နိုင်သည်။
ဤဆိုးညစ်သော သတ္တဝါသည် ထုတ်ဖော်လိုခြင်းမရှိသော လျှို့ဝှက်ချက်ကို သိရှိထားသည်လော။
သို့မဟုတ် ဤသတ္တဝါ၏ မူလသည် တစ်ခုခုလွဲမှားနေသည်လော။ ထိုလွဲမှားမှုသည် မကောင်းသော အရာများကို ဆောင်ကြဉ်း ပေးမည်လော။
မဟုတ်သော် နှစ်ပေါင်းများစွာ ပိတ်မိနေသူတစ်ယောက်သည် ကယ်တင်ခြင်း အပေါ် မည်သို့ ငြင်းဆန်နိုင်မည်နည်း။
တစ်ဖက်မှ တုန့်ဆိုင်းနေသော အသွင်အပြင်ကြောင့် စုရီသည် နောက်ထပ် အခွင့်အရေးတစ်ခုထပ်ပေးရန် ဆုံးဖြတ် လိုက်လေသည်။
“ အခု သွေးတွင်းမှာ ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအင်ကို မင်းစုပ်ယူနိုင်သေးပေမယ့် အဲဒီစွမ်းအင်တွေက မသန့်စင်တာကြောင့် မင်းရဲ့အုတ်မြစ်ကို ထိခိုက်လာလိမ့်မယ် ...
... ငါ့လက်ထဲမှာ လျှို့ဝှက်နည်းစနစ် တစ်ခုရှိတယ် အသက်ဓာတ် ဆိတ်သုဉ်းနေတဲ့ အရပ်မှာ ပိတ်မိနေရင်တောင် ကျင့်ကြံမှုကို ပြန်လည်ရယူနိုင်တယ် ... ။ ”
“ ဟမ့် .. ဒီကမ္ဘာကြီးမှာ ဒီလို လျှို့ဝှက်နည်းစနစ်မျိုး တကယ်ရှိတာလား။ ”
စုရီစကား အဆုံးမသတ်မီ မဟာကရုဏာရှင်၏ အသံသည် စိတ်မရှည်စွာ ထွက်ပေါ်လာသည်။ စုရီမှ လှောင်ပြုံးဖြင့်၊
“ မင်းစိတ်ဝင်စားရင် ငါ့စကားကို အရင်နားထောင်ပါ။ ”
-ဟု ပြောကြားလိုက်သည်။
“ ဟမ့် ... ငါ့ဘဝမှာ မုန်တိုင်းတွေ၊ အန္တရာယ်တွေကို အကြိမ်ကြိမ် ဖြတ်ကျော်နိုင် ခဲ့တယ် မင်းငါ့ကိုလှည့်စားဖို့ မကြိုးစားနဲ့ ... ။ ”
“ ကောင်းပြီ ... မင်း ဆက်ပြီး နားမထောင်ချင်ဘူးဆိုတာ သေချာလား ... ငါ့အမြင်အရတော့ ဒီအာကာသဆုံမှတ်က သိပ်ကြာကြာခံတော့မယ် မထင်ဘူး မကြာခင်ပိတ်သွားလိမ့်မယ်။ ”
ထိုစကားကြောင့် သွေးရေဝဲကြီးမှာ အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားပြီး ‘မင်းပြောကြည့်’-ဟု တုန့်ပြန်လာ၏။
စုရီတစ်ယောက် အပြုံးများ ပိုမိုတောက်ပလာကာ၊
“ အခု မင်းကိုလျှို့ဝှက်နည်းစနစ်ရဲ့ ပထမပိုင်း ငါပေးမယ် ... မင်းရဲ့အသိဉာဏ်နဲ့ ငါပြောတာ ဟုတ်-မဟုတ် ဆုံးဖြတ်ပါ။ ”
ဤနည်းလမ်းသည် ပျားရည်ဖြင့် သုတ်လိမ်းထားသော အဆိပ်သီးနှင့် တူချေပြီ။ သွေးဆောင်မှုအပေါ် ငြင်းပယ်ရန် ခက်ခဲနေခဲ့၏။
( ပျားရည်ကိုသောက်ပြီး အဆိပ်သီးကို လွှင့်ပစ်လိုက်မယ်။ )
ငှက်မိစ္ဆာက အံကြိတ်လျက် ဆုံးဖြတ်ချက် ချလိုက်တော့သည်။ သို့သော် သူသည်အလွန်ပင် သတိရှိနေဆဲဖြစ်၏။
“ ကောင်းပြီ ... မင်း ဘာလိုချင်လဲ။ ”
စုရီမှ ပြုံးလျက် ပြန်မဖြေဘဲ ကျောက်စိမ်းပြား တစ်ပြားကို ထုတ်ယူကာ နည်းစနစ်ကို ရေးထွင်းလိုက်သည်။
“ ဝှစ် ... ။ ”
ထို့နောက် သွေးရေဝဲအတွင်း ပစ်ပေးလိုက်၏။ သွေးရေဝဲက အတက်အကျ လှိုင်းများ ဖြစ်ပေါ်လာပြီး ကျောက်စိမ်းပြားကို စုပ်ယူသွားသည်။
ချက်ချင်းပင် သွေးရေဝဲသည်လည်း မှေးမှိန်လျက် ပျက်ပြယ်မည့် အရိပ်အယောင် ပြသလာ၏။
“ ဟမ့် ... ဒီလျှို့ဝှက်နည်းစနစ်က အခြေခံပဲရှိသေးတယ် မင်းပြောသလို လျှို့ဝှက် ဆန်းကြယ်ခြင်းရှိ-မရှိ ငါ မပြောနိုင်သေးဘူး ... ကျန်တဲ့အပိုင်းတွေ ထပ်ပေးရင် မင်းပြောတဲ့အတိုင်း ...
... ငါအတည်ပြုပေးနိုင်မယ် ... ဒါဆို မင်းရဲ့ရည်ရွယ်ချက် ဘာပဲဖြစ်နေ ... ဖြစ်နေ ငါသဘောတူပေးမယ်။ ”
“ ဒီနေ့တော့ နောက်ကျနေပြီ ... အာကာသဆုံမှတ် ပြိုကျတော့မယ် နောင်မှာ ငါတို့ပြန်တွေ့ရင် ထပ်ပြောကြရအောင်။ ”
“ နောက်တစ်ကြိမ်အထိ ဘာလို့စောင့်နေရမှာလဲ။ ”
ခေါင်းသုံးလုံး ငှက်မိစ္ဆာခမျာ တည်ငြိမ်ခြင်းမရှိတော့ဘဲ အနည်းငယ် စိုးရိမ် နေပုံပေါ်၏။
“ ငါမင်းကို စဉ်းစားဖို့ ... အချိန်တစ်ခု ပေးခဲ့တာပဲ ဒါကြောင့် အလေးအနက်ထားပြီး စဉ်းစားဖို့ မမေ့နဲ့ ... သတိရပါ ဒီဒုက္ခတွင်းကနေ လွတ်မြောက်ချင်ရင် မင်းရိုးသားရမယ် လိုအပ်ရင် ခေါင်းငုံ့ရမယ်။ ”
“ ဒါဆို... မင်းရဲ့လျှို့ဝှက်နည်းစနစ်က အပိုင်းဘယ်လောက် ကျန်သေးတယ်ဆိုတာ ပြောပြပေးနိုင်မလား။ ”
“ ဒီလျှို့ဝှက်နည်းစနစ်ကို လေဟာနယ်သန့်စင်ခြင်းနတ်မိစ္ဆာ မန္တန်လို့ ခေါ်တယ် ... မင်းကို သင်ပေးသင့်-မသင့် မင်းအပေါ်မူတည်တယ်။ ”
“ လူယုတ်မာစုရီ ... မင်း ဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာပဲ ငါ့အာရုံကို ဆွဲဆောင်ပြီး ခွေးတစ်ကောင်လို အမြီးကုပ် စေချင်နေတာ မဟုတ်လား လူယုတ်မာ။ ”
ခေါင်းကိုးလုံးငှက်မိစ္ဆာမှ ဒေါသူပုန်ထကာ ကျိန်ဆဲတော့၏။ စုရီတစ်ယောက် အကြည့်များ အေးစက်လာပြီး၊
“ နောက်တစ်ခါ တွေ့တဲ့အခါ ... ဒီရိုင်းစိုင်းမှုအတွက် မင်း ... အရင်တောင်းပန်ပါ မဟုတ်ရင် ငါကူညီမှာ မဟုတ်ဘူး၊ သတိရပါ ယုတ်ညံ့တဲ့ မင်းပါးစပ်ကို ဆင်ခြင်ပါ။ ”
-ဟု သတိပေးလိုက်တော့၏။
စုရီ၏ မကျေနပ်မှုကို ခံစားလိုက်သော ခေါင်းကိုးလုံးငှက်မိစ္ဆာခမျာ ချက်ချင်း တိတ်ကျ သွားချေပြီ။
အမှန်ပင် စုရီနှင့် စကားပြောနေစဉ် အကြိမ်ပေါင်း မရေတွက်နိုင်အောင် ကျိန်ဆဲ နေမိခဲ့သည်။ အချိန်အတော်ကြာပြီးနောက်၊
“ နောက်တစ်ကြိမ် ... ဘယ်လို ပြန်ဆုံကြမလဲ။ ”
-ဟု မေးမြန်းလိုက်၏။
ဤတစ်ကြိမ်တွင် မောက်မာမှု၊ ရိုင်းစိုင်းမှုများ မရှိတော့ချေ။ စုရီမှ ပြုံးလိုက်၏။ ငါးချိတ်မိချေပြီ။
“ ငါ့နာမည် စုရီဆိုတာ မင်းသိတာပဲ ... မဟာရှမှာ ငါခဏနေမယ် မင်းနောက်လိုက်တွေ လွှတ်ပြီး ငါ့ကို လာရှာလိုက်။ ”
စကားဆုံးသည်နှင့် သွေးရေဝဲကြီး ပြိုကျ ပျက်ပြယ်သွားသည်။ ငှက်မိစ္ဆာထံမှ တုန့်ပြန်မှု မရရှိခဲ့သော်လည်း ဤသားရဲသည် ဆက်သွယ် လာမည်ကို ပြောနိုင်၏။
“ ပိုးအိမ် သွေးဂူလား ... စိတ်ဝင်စားစရာပဲ။”
စုရီက ရေရွတ်လိုက်လေသည်။ ခူကောင်ပိုးအိမ်သည် အင်းဆက်ငယ်ဖြစ်၏။ အလွန်သေးငယ်ပြီး မထင်ရှားလှချေ။
သို့သော် ထိုပိုးအိမ်သွေးလှိုဏ်ဂူသည် အာကာသတာအိုကို နားလည်သော ဧကရာဇ် အဆင့် ငှက်မိစ္ဆာအပေါ် ဖမ်းထားနိုင်သည်မှာ သံသယဖြစ်စရာပေပင်။ ဆိုလိုသည်မှာ ထိုအရပ်သည် ရိုးရှင်းမည်မဟုတ်ချေ။
ထို့နောက် ဒူးထောက်နေသော တာအိုဘုန်းကြီးကို ပြန်လှည့်ကြည့်လိုက်မိ၏။ သူ့အကြည့်ကြောင့် တာအိုဘုန်းကြီးခမျာ ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားလေသည်။
“ စီ ... စီနီယာ ... မင်းငါ့ကို အသက်ရှင်ခွင့်ပေးရင် မဟာကရုဏာရှင်ကြီးရဲ့ လျှို့ဝှက်ချက်ကို ပြောပြပါ့မယ်။ ”
***