← Chapters

တျန်လန်မြစ်။

Vol. 29 Ch. 340

တျန်လန်မြစ်။

Vol. 29 Ch. 340

စုရီမှခေါင်းယမ်းလျက် ယွမ်ဟမ်နှင့်အတူ ချင်းချင်း ထွက်ခွာသွားခဲ့သည်။ ယင်းကြောင့် ချင်းယာတစ်ယောက် အံ့အားသင့်သွား၏။

“ ဆရာ ... သူတို့က ငါတို့ကို မကြိုက်ဘူးထင်တယ်။ ”

“ ငါ့အမြင်အရတော့ ... နတ်ဆိုး ကျင့်ကြံသူရဲ့သခင်က ငါတို့အပေါ် မကျေမနပ် ဖြစ်နေတုန်းပဲ ... ပြီးတော့ ငါတို့က သူနဲ့ မရင်းနှီးဘူး။ ”

လင်းယွင်ဟဲမှ ထွက်ခွာသွားသော စုရီထံမျှော်ကြည့်ကာ ကူကယ်ရာမဲ့စွာ ဖြေကြား လိုက်၏။

“ တာအိုဘာသာကို ကျင့်ကြံသူတွေက ကမ္ဘာကြီးရဲ့ လောကဝတ်တွေအပေါ် ဂရုမစိုက် တော့ဘူးလို့ထင်ခဲ့တာ ... ဒီလောက်ထိ ရှုပ်ထွေးနေလိမ့်မယ် မထင်ခဲ့မိဘူး။ ”

လင်းယွင်ဟဲက ပြုံးသည်။ ဤအရာကို ရှုပ်ထွေးသည်ဟု ခေါ်သည်လော။ တောင်ပေါ်မှ ပထမဆုံးအကြိမ် ဆင်းလာသော ခရီးဖြစ်ရာ သူ့တပည့်သည် နုံအလွန်းချေပြီ။

သိုလှောင်အိတ်အတွင်းမှ မက်မွန်သီးတစ်လုံးထုတ်ယူပြီး ချင်းယာကို ပေးလိုက်၏။

ချင်းယာက ဝမ်းသာအားရဖြင့် မက်မွန်သီးကိုယူပြီး တစ်ကိုက်စားကာ ပြုံးရွှင် လာတော့သည်။

“ မက်မွန်သီးနဲ့ ဖြေရှင်းလို့ မရနိုင်တဲ့ ပြဿနာမျိုး ... ဒီကမ္ဘာမှာ ဘာတစ်ခုမှ မရှိဘူး၊ ရှိရင် ... နောက်တစ်လုံး ထပ်စားလိုက်။ ”

လင်းယွင်ဟဲမှ ပြုံးလျက် ပြောကြားလိုက်သည်။

“ ခစ်ခစ်ခစ် ... အမှန်ပဲ။ ”

ချင်းယာက ပြုံးလိုက်၏။ သူ့တပည့်သည် အလွန်ထူးချွန်သူတစ်ဦးဖြစ်ပြီး နှစ်တစ်ထောင် အတွင်း မြင်ရခဲသော ပါရမီရှင်ဖြစ်သည်။

မဟာချီမင်းဆက်တွင် မည်သူမျှ သူမကို မယှဉ်နိုင်ချေ။ ဂိုဏ်း၌ နှစ်ပေါင်းရှစ်ရာအတွင်း ပြိုင်ဘက်ကင်း ပါရမီရှင်ဖြစ်၏။

သို့သော် သူ့ကိုစိတ်မချဖြစ်စေသည့် တစ်ခုတည်းသော အရာသည် သူမ၏ ရိုးသား ဖြူစင်သော စိတ်ထားပေပင်။

အပြစ်ကင်းစင်ပြီး နုံအလွန်းချေ၏။ ဤလောကရှိ ဆိုးယုတ်မှုများအပေါ် သူမ နားလည်ခြင်း မရှိသေးချေ။

“ ဆရာ ... အဲဒီနတ်ဆိုးကျင့်ကြံသူရဲ့ သခင်က တကယ်ပဲ အစွမ်းထက်တဲ့သူလား။ ”

“ အင်း ... ။ ”

လင်းယွင်ဟဲက ခဏမျှ စဉ်းစားကာ၊

“ အနည်းဆုံးတော့ ... သူ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားက သူ့ကျင့်ကြံမှုထက် ကျော်လွန်နေပြီ။ ”

-ဟု မှတ်ချက်ပေးလိုက်သည်။

“ တကယ့်ကို အံ့သြစရာပဲ။ ”

မက်မွန်သီးကို ကိုက်စားလျက် ချင်းယာမှ မျက်လုံးပြူးသွားသည်။

“ ဟား ဟား ဟား ... ငါတို့ မဟာရှကိုရောက်ရင် ဒီကမ္ဘာကြီးမှာ ပါရမီရှင် ဘယ်လောက်ပေါများလဲဆိုတာ မင်းသိလိမ့်မယ် အဲဒီနတ်ဆိုးကျင့်ကြံသူရဲ့ သခင်ထက် ပိုပြီး အစွမ်းထက်တဲ့ လူ​တွေအများကြီးရှိတယ်။ ”

“ ဟုတ်လား ... ဒါဆို ချင်းယာတို့ မြန်မြန်သွားကြရအောင်။ ”

ရုတ်တရက် ချင်းယာမျက်ဝန်းများတွင် မျှော်လင့်ချက်များဖြင့် တောက်ပနေတော့၏။ ထို့နောက် ဆရာနှင့် တပည့်သည် တောင်ကြားမှ ချက်ချင်းထွက်ခွာလာတော့သည်။

ခုနစ်ရက် ကုန်လွန်သွား၏။ မဟာချူနိုင်ငံ တျန်လန်မြစ်ပြင်ပေါ်တွင် မိုးများ အဆက်မပြတ် သည်းထန်စွာ ရွာသွန်းနေသည်။

အနက်ရောင် ရွက်လှေကြီးတစ်စင်းသည် မိုးရေစက်များအောက် မြစ်ကြောင်းတလျှောက် ရွက်လွှင့်နေ၏။

ရွက်လှေနက်ပေါ်တွင် စုရီသည် ကြိမ်ကုလားထိုင်၌ လဲလျောင်းလျက် တျန်လန်မြစ်ကို ငေးမောကာ၊

“ ဒီရွှမ်ဝူကျန်းချီသုတ္တန်မှာ ... လှုပ်ရှားမှုကိုးခုပဲရှိပေမယ့် လှုပ်ရှားမှုတိုင်းက ဆန်းကြယ်မှုတွေ ပါဝင်တယ်၊ မင်းအတွက် လုံလောက်ပါတယ်။ ”

-ဟု ပေါ့ပေါ့ပါးပါး ပြောကြားလိုက်သည်။

“ ပထမဆုံး လှုပ်ရှားမှုသုံးခုက တောင်ခွဲတံဆိပ်၊ ပင်လယ်ခြေလှမ်း တံဆိပ်နဲ့ နွေရာသီ တောင်ကုန်းတံဆိပ်တို့ပဲ၊

... မင်းရဲ့အခြေခံအုတ်မြစ်နဲ့ ဒီလှုပ်ရှားမှုသုံးခုရဲ့ လျှို့ဝှက်ချက်တွေကို အပြည့်အဝ နားလည်နိုင်ရင် ... အတွင်းပိုင်း သန့်စင်ခြင်းအဆင့်နဲ့ လင်းယွင်ဟဲကို ယှဉ်ပြိုင်နိုင်ပါလိမ့်မယ်။ ”

ထိုသို့ ပြောကြားပြီးနောက် သူ့ဘေးရှိ မြေစေးမီးဖိုပေါ်မှ ဝိုင်ပုလင်းကောက်ယူကာ ဖန်ခွက်အပြည့် လောင်းငှဲ့လျက် တစ်ကျိုက်တည်း သောက်ချလိုက်၏။

ဘေးတွင် နားထောင်နေသော ယွမ်ဟမ်တစ်ယောက် ရင်တဒိတ်ဒိတ်ခုန်လာ တော့သည်။ ဤရက်များအတွင်း စုရီထံမှ လမ်းညွှန်မှုများစွာကို ရရှိခဲ့၏။

“ ကျေးဇူးတင်ပါတယ် သခင်လေး ... ။ ”

ယွမ်ဟမ်က ချက်ချင်း ဒူးထောက်ချလိုက် လေသည်။ ထိုစဉ် မျက်ဝန်းများ မှေးစင်းလျက် စုရီက မြစ်ပြင်ပေါ် ရုတ်တရက် လှမ်းကြည့်လိုက်၏။

များမကြာမီ မီးရောင်စုံတောက်ပလျက် ကြီးမားလှသည့် ရတနာသင်္ဘောကြီး တစ်စင်း ထွက်ပေါ်လာသည်။

သင်္ဘောသည် ရှည်လျားပြီး အပေါ်ဆုံးထပ်တွင် လူအများ ပွဲခံနေကြသည်ကို အဝေးမှပင် မြင်နိုင်၏။ ရယ်မောသံများနှင့်အတူ ကုချင်းသံအချို့လွင့်ပျံလာသည်။

“ သခင်လေး၊ အဲဒီသင်္ဘောပေါ်မှာ ကျွမ်းကျင်သူတွေ အများကြီးပဲ။ ”

ယွမ်ဟမ်က အံ့သြစွာ ပြောသည်။ သူသည် ရွှေရောင် ပင်လယ်လိပ်ကြီး ဖြစ်၏။ ထို့ကြောင့် တျန်လန်မြစ်တွင် သူ့အာရုံများသည် အထူး ထက်မြက်သည်။

ရတနာသင်္ဘောကြီးပေါ်မှ ရောင်ဝါ အငွေ့အသက်များသည် ကြီးစွာသောဖိအားများ ပေးဆောင်နေ၏။

“ အဲဒီရတနာသင်္ဘောကြီးက မူလတာအိုအဆင့် ပစ္စည်းပဲ သင်္ဘောပေါ်မှာ အသန်မာဆုံးရောင်ဝါက ကြယ်စုစည်းခြင်း အဆင့် အလယ်အလတ်အဆင့်မှာ ရှိတယ်။”

စုရီ၏ နတ်အာရုံသည် လွန်စွာ အစွမ်းထက်လှသဖြင့် ထိုအရာကို အဝေးမှပင် အ​ကဲဖြတ်နိုင်သည်။

“ မဟာချူနိုင်ငံက တကယ် မရိုးရှင်းဘူး သေမျိုးနိုင်ငံတွေကြားမှာ အဆင့်ငါးချိတ်တာ ထိုက်တန်ပါတယ်။ ”

ယွမ်ဟမ်မှ သက်ပြင်းချကာ မှတ်ချက်ပေးလိုက်သည်။ စုရီက ခေါင်းညိတ်​၏။ ဤနိုင်ငံ၏ အခြေခံအုတ်မြစ်သည် အထင်ကြီးစရာပေပင်။

ဤနယ်မြေသို့ ဖြတ်သန်းစဉ် အချက်အလက်များစွာကို စုစောင်းထားခဲ့သည်။ မဟာချူမင်းဆက်တွင် ကြယ်စုစည်းခြင်း အဆင့်ရှိ ကျွမ်းကျင်သူများ ဦးဆောင်သော ဂိုဏ်းကြီး ဆယ့်သုံးဂိုဏ်းရှိ၏။

မဟာကျိုး၊ မဟာဝေနှင့် မဟာချင်တို့၌ အစွမ်းထက်ဆုံးသော ကျွမ်းကျင်သူသည် မူလ နန်းတော်အဆင့်သာပေပင်။

အဆုံးတွင် ကြယ်စုစည်းခြင်းအဆင့်ရှိ ကျွမ်းကျင်သူများပိုင်ဆိုင်သော နိုင်ငံသည်သာ အင်အားကြီးနိုင်ငံအဖြစ် ခေါ်ဆိုထိုက်သည်။

ကြယ်စုစည်းခြင်းအဆင့် ကျွမ်းကျင်သူ မရှိသောနိုင်ငံများအတွက်မူ နိုင်ငံငယ်မျှသာ ဖြစ်ချေပြီ။

မဟာချူနိုင်ငံသည် မိုးပြာတိုက်ကြီး၌ အသန်မာဆုံးနိုင်ငံစာရင်းတွင် အဆင့်(၄)ဖြစ်ပြီး အဆင့်(၃)တွင် မဟာချီ၊ အဆင့်(၂)တွင် မဟာ ဟန်နှင့် အဆင့် (၁)တွင် မဟာရှဖြစ်သည်။

“ သခင်လေး ... ငါတို့ဦးတည်ရာကို စစ်ဆေးနေတဲ့ နတ်အာရုံတစ်ခုရှိနေတယ်။ ”

ယွမ်ဟမ်မှ လေသံတိုးတိုးဖြင့်​ ​ပြောကြားလာသည်​။

“ စိတ်မပူနဲ့ ... ။ ”

စုရီသည်လည်း ထိုနတ်အာရုံအပေါ် ခံစားနိုင်၏။ သင်္ဘောကြီး လက်ရန်းအနားတွင် ရပ်နေသော အမျိုးသမီးထံမှ ဖြစ်သည်။

သူမသည် ဂါဝန်ရှည်ကို ၀တ်ဆင်ထားပြီး ဆံပင်ရှည်များလွင့်ပျံလျက် စူးရှလွန်းလှသည့် မျက်ဝန်းတစ်စုံရှိနေ၏။

ရုတ်တရက် သူမ၏ နတ်အာရုံများ ဟွမ်ဟမ်အပေါ် ကျရောက်လာစဉ် အကြည့်များ အေးစက်သွားတော့သည်။

ထိုအချိန်၌ သင်္ဘောကြီးသည် ရွက်လှေနက်ဘေးမှ ဖြတ်ကျော်နေခဲ့သဖြင့် သူမက ငုံ့ကြည့်လျက်၊

“ မင်းတို့ကို ငါသိပ်မရင်းနှီးဘူး မင်းတို့ မဟာချူနိုင်ငံသား မဟုတ်တာသေချာပါတယ် သင်္ဘောပေါ်တက်ပြီး ငါတို့နဲ့ စကားစမြည် ပြောချင်လား။ ”

-ဟု ပြောကြားလာသည်။

ယွမ်ဟမ်မှ လှည့်ကြည့်စဉ် စုရီက ခေါင်းရမ်းပြနေသဖြင့်၊

“ ဖိတ်ကြားတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ငါ့သခင်နဲ့ငါ အလျင်လိုနေတာမို့ မင်းတို့ကို မနှောင့်ယှက်တော့ပါဘူး။ ”

-ဟု တုန့်ပြန်လိုက်၏။

အမျိုးသမီးက ပြုံးပြီး ဆက်မပြောချေ။ မိုးရေထဲ ရွက်လွှင့်နေသော ရွက်လှေနက်အပေါ် တိတ်တဆိတ်စွာ ကြည့်နေခဲ့ချေပြီ။

“ ဒီမိန်းမက ထူးဆန်းတယ် ခုနက သူ့သားကောင်ကို စိုက်ကြည့်နေသလိုမျိုး ငါ့ကို လှမ်းကြည့်ပြီး ဖိတ်ခေါ်တယ်၊ ဒါပေမယ့် ငါတို့ ငြင်းဆန်တာကို လက်ခံနေတုန်းပဲ။ ”

ယွမ်ဟမ်မှ မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။

“ ဒါ ... သူ့အတွက် ကံကောင်းခြင်းပါပဲ။ ”

စုရီက ပေါ့ပေါ့ပါးပါး ဝင်ပြောကာ ပြုံးလိုက်လေသည်။ ထိုစဉ် ဘူးသီးခြောက်ထံမှ တုန်ခါသံများ ထွက်ပေါ်လာတော့၏။ ချင်းဝမ်၏ အ‌ရေးတကြီး ဆက်သွယ်မှုပေပင်။

***

All Chapters