အသွင်ပြောင်းကပ်ဘေး ကျရောက်လာခြင်း။
Vol. 29 Ch. 341
ရတနာသင်္ဘောပေါ်မှ အမျိုးသမီးသည် မြစ်ပြင်၌ ရွက်လှေနက် ပျောက်ကွယ်သွားသည် အထိ ငေးကြည့်နေခဲ့၏။
သင်္ဘောပေါ်တွင် မဟာချူမင်းဆက်ရှိ အဓိကအင်အားစု အသီးသီး၏ မျိုးဆက်သစ် ပါရမီရှင်များ အပါအဝင် မျိုးဆက်ဟောင်း အကြီးအကဲများလည်း ပါရှိသည်။
၎င်းတို့အားလုံးသည် ကျင့်ကြံသူများ အချင်းချင်း မျှော်ကြည့်ရသော ဖြစ်တည်မှုများ ဖြစ်၏။ အမျိုးသမီးက ပြန်လှည့်လာပြီး ထိုင်ခုံပေါ် ထိုင်ချလိုက်သည်။
“ မိန်းကလေးမြောင်ဟွာ ... တစ်ခုခု ရှာတွေ့ခဲ့တာလား။ ”
အနက်ရောင်၀တ်စုံနှင့် ဆံပင်ဖြူဖြူ အဘိုးကြီးတစ်ယောက်က ပြုံးပြီး မေးသည်။ ကျန်သူများမှလည်း သူမထံ လှည့်ကြည့်၏။
စကားပြောနေစဉ် မိန်းကလေး မြောင်ဟွာသည် ရုတ်တရက် ထရပ်ပြီးနောက် ရွက်လှေနက်ပေါ်ရှိ လူငယ်နှင့် စကားပြောနေ သည်ကို သူတို့သတိထားမိသည်။
“ စောစောက ရွက်လှေနက်ပေါ်မှာ ... ကျင့်ကြံသူနှစ်ယောက်ရှိတယ် ... အဲဒီထဲမှာ တစ်ယောက်က နတ်ဆိုးကျင့်ကြံသူပဲ။ ”
“ နတ်ဆိုးကျင့်ကြံသူ ... ။ ”
ထိုအသုံးအနှုန်းကြောင့် လူတိုင်း မျက်ခုံးပင့်လိုက်ကြ၏။ အနက်ဝတ် ဆံပင်ဖြူ အဘိုးအိုသည် မျက်ဝန်းများမှေးစင်းလျက်၊
“ ဒါဆို ... သူတို့ ငါတို့ မဟာချူနိုင်ငံက မဖြစ်နိုင်လောက်ဘူး။ ”
-ဟု မှတ်ချက်ပေးလေသည်။
လူတိုင်း ခေါင်းညိတ်ကုန်၏။ လွန်ခဲ့သော နှစ်ပေါင်းသုံးရာခန့်က မဟာချူမင်းဆက်သည် ဂိုဏ်းကြီး(၁၃)ဂိုဏ်းပူးပေါင်းကာ နတ်ဆိုး သုတ်သင်ခြင်းအမိန့် ထုတ်ပြန်ခဲ့သည်။
ဆယ်နှစ်နီးပါး ကြိုးစားပြီးနောက် မဟာချူမင်းဆက်ရှိ နတ်ဆိုးကျင့်ကြံသူများကို အမြစ်ပြတ်သုတ်သင်နိုင်ခဲ့သည်။
ထို့ကြောင့် နတ်ဆိုးကျင့်ကြံသူတစ်ဦး မြစ်ပြင်တွင် ရုတ်တရက် ထွက်ပေါ်လာသည့် အပေါ် ရှင်းလင်းစွာ သိရှိနေခြင်းဖြစ်၏။
“ ငါသိရသလောက်တော့ ... မိန်းကလေး မြောင်ဟွာက ... နတ်ဆိုးကျင့်ကြံသူတွေအပေါ် အမုန်းဆုံးပဲ မဟုတ်လား ... ဒါဆို မင်းဘာလို့ သူတို့ကို လွှတ်လိုက်တာလဲ။ ”
ကျောက်စိမ်းရောင်ဝတ်ရုံနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်မှ စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလာ၏။ မိန်းကလေးမြောင်ဟွာမှ ပြုံးပြီး၊
“ အရင်တုန်းက မဟာချူမှာ နတ်ဆိုးတွေ သောင်းကျန်းပြီး ကမ္ဘာကြီးကို ပျက်စီးစေခဲ့တယ် နေရာတိုင်းမှာ ဖရိုဖရဲဖြစ်ခဲ့တာကြောင့် အပေါ် သုတ်သင်ဖို့ ငါတို့သဘောတူခဲ့ကြတယ် ...
... ဒါကြောင့်လည်း အခုချိန်အခါမှာ မဟာချူမင်းဆက်ရဲ့ နတ်ဆိုးကျင့်ကြံသူတွေ အားလုံး သေဆုံးကုန်ကြပြီ ...
... ငါ နတ်ဆိုးကျင့်ကြံသူတွေကို မုန်းတီးပေမယ့် အကြောင်းပြချက်မရှိဘဲ သတ်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။ ”
သည့်နောက် စကားခဏရပ်ကာ မလှမ်းမကမ်းတွင် ထိုင်နေသော အမျိုးသား တစ်ဦးထံ လှမ်းကြည့်ပြီး၊
“ ငါတို့မှာ ... ဧည့်သည်တော်အဖြစ် တာအိုလင်းရှိနေတယ် သူ့မြင်ကွင်း မပျက်စီးဖို့ ဂရုစိုက်ရမယ်။ ”
-ဟု ပြောကြားလိုက်သည်။
သူမ ဆိုလိုသော တာအိုလင်းဟူသည် လင်းယွင်ဟဲနှင့် ချင်းယာဖြစ်သည်။ ချင်းယာက မနေနိုင်တော့ဘဲ၊
“ စီနီယာ၊ မင်းဘာလို့ ... နတ်ဆိုးကျင့်ကြံသူတွေကို မုန်းတီးနေရတာလဲ။ ”
-ဟု မေးမြန်းလိုက်၏။
မိန်းကလေးမြောင်ဟွာက ပြုံးလျက်၊
“ မိန်းကလေးချင်းယာ ... မင်းငါ့ကို ကြင်နာမှုမရှိနဲ့ လူအဖြစ် ပြောချင်နေတာလား။ ”
ချင်းယာက ခေါင်းခါပြီး၊
“ မဟုတ်ပါဘူး ... ကမ္ဘာပေါ်မှာရှိတဲ့ နတ်ဆိုးကျင့်ကြံသူပဲဖြစ်ဖြစ် တစ္ဆေကျင့်ကြံသူပဲ ဖြစ်ဖြစ် ... လူသားတွေပဲ ဖြစ်ဖြစ် အားလုံးဟာ တာအိုကို ရှာဖွေနေသူတွေပဲ မဟုတ်လား။ ”
သူမ စကားများကြောင့် လေထုသည် ရုတ်တရက် တင်းကြပ်လာတော့၏။ မဟာချူမှ ကျင့်ကြံသူများအတွက် နတ်ဆိုးကျင့်ကြံသူများ အပေါ် သတ်ခြင်းသည် သက်ရှိအားလုံးအတွက် ဘေးဥပဒ်ကို ဖယ်ရှားခြင်းနှင့် ကောင်းကင်ဘုံ ကိုယ်စား တရားမျှတမှု ပေးအပ်ခြင်းမည်၏။
ဤအခြေအနေများအောက်တွင် ချင်းယာစကားများသည် အနည်းငယ် ထိလွယ် ရှလွယ် ဖြစ်နေသည်။
မိန်းကလေးမြောင်ဟွာက အနည်းငယ် မျက်မှောင်ကြုတ်လိုက်တော့၏။ လင်းယွင်ဟဲမှ ပြုံးလျက်၊
“ ဒီတပည့်က တောင်ပေါ်ကနေ ပထမဆုံးအကြိမ် ဆင်းလာတာ လောကကြီးနဲ့ မရင်းနှီးသေးဘူး ... မင်းတို့ကို စော်ကားမိရင် စိတ်မဆိုးဘူးလို့ ငါမျှော်လင့်ပါတယ်။ ”
သို့မှသာ မိန်းကလေးမြောင်ဟွာက တောက်ပစွာ ပြန်၍ ပြုံးပြလာပြီး၊
“ ဒါကို ဘယ်လိုလုပ် အပြစ်လို့ ယူဆနိုင်မှာလဲ။ ”
-ဟု တုန့်ပြန်တော့၏။
လင်းယွင်ဟဲက ချင်းယာထံ မက်မွန်သီးတစ်လုံး ထုတ်ပေးလိုက်လေသည်။ ချင်းယာမှ လက်ခံယူပြီး ကိုက်ဝါးလျက် တိတ်ဆိတ်သွားချေပြီ။
“ ချွင် ... ချွင် ... ချွင် ... ။ ”
ထိုစဉ် မြောင်ဟွာခါး၌ ချိတ်ထားသော ငွေခေါင်းလောင်းငယ်လေးသည် ရုတ်တရက် မြည်သံပေးလာတော့၏။
“ ချွင် ... ချွင် ... ချွင် ... ။ ”
ခေါင်းလောင်းများ၏ မျက်နှာပြင်ကို မထင်မရှား ထူးဆန်းသော သင်္ကေတများစွာဖြင့် ရေးထွင်းထားကာ အဆက်မပြတ် မြည်ဟည်းနေသည်။
ထိုမြင်ကွင်းကြောင့် မိန်းကလေးမြောင်ဟွာသည် လူတိုင်းအပေါ် တစ်ချက်ဝေ့ကြည့်လျက်၊
“ လူတိုင်း၊ တျန်လန်မြစ်မှာ အလွန်အားကောင်းတဲ့ သရဲတစ္ဆေတစ်ကောင် ပေါ်လာပုံရတယ် ... ။ ”
-ဟု ပြောကြားလိုက်၏။
သူမစကားကြောင့် လူတိုင်း အံ့သြသွားကြသည်။
“ ဒါ ထူးဆန်းလွန်းတယ် ... ဒီညနတ်ဆိုး ကျင့်ကြံသူကို မြင်ခဲ့တဲ့အပြင် တစ္ဆေတွေတောင် ပေါ်လာပြီလား။ ”
“ မှန်တယ် ... ဒီတစ္ဆေက ငါ့ရဲ့ ကောင်းကင်ဘုံ ငွေခေါင်းလောင်းလေး အပေါ် အသံမြည်အောင် စွမ်းဆောင်နိုင်တယ် သူ တကယ်ပဲ ထူးထူးခြားခြားဖြစ်မှာ သေချာတယ် ငါနဲ့လိုက်ချင်ကြလား။ ”
“ သဘာဝပါပဲ။ ”
လူတိုင်း သဘောတူ၏။ ထို့နောက် မိန်းကလေးမြောင်ဟွာမှ မတ်တပ်ထရပ်ပြီး ကောင်းကင်ဘုံငွေခေါင်းလောင်း ညွှန်ပြရာ အရပ်ထံ ဦးဆောင်ပျံသန်းသွားတော့သည်။
“ ဝှစ် ... ။ ”
များမကြာမီ အမှောင်ထုအတွင်း လူပေါင်းများစွာသည် သက်တံအလား ရွေ့လျား ပျံသန်းနေခဲ့ချေပြီ။
“ ဆရာ ... လူတိုင်းက နတ်ဆိုးနဲ့ သရဲတစ္ဆေတွေကို သတ်ချင်နေကြတာလား။ ”
ချင်းယာတို့ ဆရာတပည့်သည် နောက်ဆုံးထံပါးမှ လိုက်ပါလာစဉ် ချင်းယာက မေးမြန်းလိုက်၏။ လင်းယွင်ဟဲမှ ခေါင်းယမ်းပြီး၊
“ အဲဒီလိုတော့ မဟုတ်ပါဘူး ... တစ်ချိန်တုန်းက လူသား ကျင့်ကြံသူတွေနဲ့၊ နတ်ဆိုးကျင့်ကြံသူတွေကြား သွေးကွဲမှုတွေ မဟာချူမင်းဆက်မှာ ရှိခဲ့ဖူးတယ် ...
... နှစ်ဖက်စလုံးက မီးနဲ့ ရေလို ယှဉ်တွဲ မနေနိုင်ကြတော့ဘူး ... အခုချိန်ထိ မဟာချူရဲ့ လူသားကျင့်ကြံသူတွေက ... နတ်ဆိုးတွေနဲ့ တစ္ဆေတွေကို သတ်နေကြတုန်းပဲ။ ”
-ဟု ပြန်လည် ရှင်းပြလိုက်တော့သည်။
ချင်းယာတစ်ယောက် တိတ်ဆိတ် သွားချေပြီ။ သူမ နှလုံးသားအတွင်း ရှုပ်ထွေးမှု များဖြင့် ရှေ့မှပျံသန်းနေသော လူအုပ်ကြီးထံ မျှော်ကြည့်လိုက်၏။
***
ကောင်းကင်၌ တိမ်ညိုများ လူးလိမ့် စုဝေးလာ၏။ တျန်လန်မြစ်အနီး တောင်ကုန်း တစ်ခုပေါ်တွင် စုရီမှ လက်နှစ်ဖက်နောက်ပို့ကာ ထိုမြင်ကွင်းထံ ငေးကြည့်နေခဲ့သည်။
“ ချင်းဝမ် ... ဒါ မင်းရဲ့အသွင်ပြောင်း ကပ်ဆိုးပဲ ... အဲဒါကိုဖြတ်ကျော်ပြီးရင် မင်းဟာ ဝိညာဉ်ခန္ဓာတစ်ခု ရရှိလိမ့်မယ် ... မင်းအတွက် စစ်မှန်တဲ့ တစ္ဆေကျင့်ကြံသူဖြစ်ဖို့ လမ်းစပဲ။ ”
ပန်းချီကားတစ်ချပ်ကဲ့သို့ ချောမော လှလွန်းပသော ချင်းဝမ်၏ မျက်နှာပေါ်တွင် လေးနက်မှုနှင့် မသက်မသာမှုများ ဖြစ်ပေါ် နေခဲ့သည်။
အစောပိုင်းက ပုံမှန်မဟုတ်သော ခံစားချက်များကို သတိပြုမိလာသောကြောင့် သူမသည် စုရီထံအသိပေးခဲ့၏။
ဤသည်မှာ ဝိညာဉ်ခန္ဓာကိုယ်ကို ပြောင်းလဲပေးမည့် ရုပ်ပိုင်းဆိုင်ရာ ကပ်ဆိုးကြီး ဖြစ်နေချေပြီ။
ထို့ကြောင့် ချင်းဝမ်အတွက် ကောင်းကင်ဒုက္ခခံယူရန် ဤတောင်ထိပ်ပေါ်သို့ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။
“ တာအိုသခင် ... ဝမ်အာ ကောင်းကင်ဒုက္ခကို မကြောက်ပါဘူး ဒါပေမယ့် ငါကျရှုံးရင် မင်းနဲ့လိုက်ဖို့ မဖြစ်နိုင်တော့မှာကို ငါစိုးရိမ်တယ်။ ”
“ ငါဒီမှာရှိတယ် မင်းဘယ်လိုလုပ် ကျရှုံးနိုင်မှာလဲ ... ဒီကပ်ဘေးကို ကျော်လွှားဖို့ပဲ အာရုံစိုက်ပါ ... နားလည်လား။ ”
ဤသည်မှာ ချင်းဝမ်၏ နောက်ခံဖြင့် အလွယ်တကူ ဖြေရှင်းနိုင်သော အသွင်ပြောင်း ကပ်ဘေးတစ်ခုမျှသာ ဖြစ်၏။
ချင်းဝမ်၏ စိတ်ဝိညာဉ်သည် အလွန်သန့်ရှင်းပြီး ရှားပါးသည်။ သရဲတစ္ဆေများ ထဲတွင် ထူးကဲပြီး သူမ လေ့ကျင့်နေသော အရာသည် တစ္ဆေကျင့်ကြံမှု မျိုးရိုးအတွက် အထွတ်အထိပ်ကျမ်းဖြစ်သော သတ်ဖြတ်ခြင်း ဆယ်ပါးကျမ်း ဖြစ်၏။
ဤကာလတစ်လျှောက်တွင် သူမသည် သူ့ထံမှ လမ်းညွှန်မှုနှင့် ညွှန်ကြားချက်များစွာ ရရှိခဲ့သည်။
ချင်းဝမ်မှ အားတက်သရော ခေါင်းညိတ်လျက် စိုးရိမ်စိတ် ပျောက်ကွယ်ကာ တည်ငြိမ်လာ၏။ စုရီက တိတ်ဆိတ်စွာ ဆုတ်ခွာလာခဲ့သည်။
“ သခင်၊ မိန်းကလေး ချင်းဝမ် အဆင်ပြေမယ် မဟုတ်လား ဒီအသွင်ပြောင်း ကပ်ဘေးက နည်းနည်းတော့ ကြောက်စရာ ကောင်းနေတယ်။ ”
ယွမ်ဟမ် မျက်ဝန်းများသည် လေးနက်မှုအပြည့်ရှိနေ၏။
“ ဒီကပ်ဘေးက နည်းနည်းတော့ ထူးထူးခြားခြား ဖြစ်နေပေမယ့် သိပ်ပြီးတော့ ဂရုစိုက်စရာ မဟုတ်သေးပါဘူး။”
စုရီက ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။ မူလတာအိုနယ်ပယ်ကို စတင်ဝင်ရောက်စဉ် သူ ရင်ဆိုင်ရသော ကပ်ဆိုးနှင့်ယှဉ်ပါက ‘ပျမ်းမျှ’ အဖြစ်သာ သတ်မှတ်နိုင်သည်။
သို့သော် မိုးပြာတိုက်ကြီးတွင် ချင်းဝမ်၏ ထိုကဲ့သို့သောကပ်ဘေးသည်ပင် အလွန်ရှားပါး ကြမ်းတမ်းချေမည်။
ကောင်းကင်တွင် တိမ်တိုက်များ ပို၍ထူထည်းလာပြီး လူတိုင်း၏နှလုံးသားအပေါ် ဖိနှိပ်လာတော့၏။
“ ဟမ့် ... အသွင်ပြောင်း ကောင်းကင်ဘုံကပ်ဘေးပဲ ... ဒီတစ္ဆေက အရမ်းအစွမ်းထက်နေလား။ ”
“ စိတ်ဝင်စားဖို့ကောင်းတယ် တစ္ဆေတစ်ကောင်က အသွင်ပြောင်းဒုက္ခကို ငါတို့မဟာချူမှာ ဖြတ်သန်းဖို့ပြင်နေတယ်။ ”
“ ဒီလောက် အစွမ်းထက်တဲ့ တစ္ဆေတစ်ကောင်က တျန်လန်မြစ်နားမှာ ဘယ်အချိန်တည်းက ပုန်းနေတာလဲ။ ”
“ သူမ ဘယ်ကနေလာပါစေ ... ဒီလို ဆိုးညစ်တဲ့သတ္တဝါတွေကို ဖျက်ဆီးပြီး ကမ္ဘာကြီး ကနေ ဖယ်ရှားပစ်ရမယ်။ ”
ရုတ်တရက်ပင် အလင်းတန်းတစ်စ ဦးဆောင်သော အလင်းတန်း နှစ်ဆယ်ကျော်ခန့် မိုးကုပ်စက်ဝိုင်းကို ဖြတ်ကာ ရောက်ရှိလာ၏။
တောင်ထိပ်ပေါ်၌ ကပ်ဘေးခံယူရန် ပြင်ဆင်နေသည့် ချင်ဝမ်သည် ဆူဆူညံညံ အသံများကြောင့် လှည့်ကြည့်မိသည်။
“ သခင် ... ရတနာသင်္ဘောပေါ်က ကျင့်ကြံသူတွေပဲ။ ”
ထိုမြင်ကွင်းကို ကြည့်ပြီး ယွမ်ဟမ်က လေးနက်သွား၏။ စုရီသာလျှင် တည်ငြိမ်စွာဖြင့် ချင်းဝမ်ဘက်သို့ လှည့်ကာ၊
“ ငါပြောခဲ့တာကို သတိရပါ ... ဒုက္ခကို ကျော်လွှားဖို့ပဲ အာရုံစိုက် ... တခြားအရာတွေကို စိတ်မပူနဲ့။ ”
-ဟု မှာကြားလိုက်သည်။
အနည်းငယ် စိုးရိမ်နေသော ချင်းဝမ်ခမျာ ထိုမြင်ကွင်းကြောင့် ထိတ်လန့်သွားသော်လည်း ပြန်လည် ငြိမ်သက်သွားခဲ့၏။
“ ဆရာ၊ ဝမ်အာရဲ့ အသွင်ပြောင်းမှု အောင်မြင်ရင် ... ဆရာလို့ ခေါ်လို့ရမလား။ ”
ချင်းဝမ် မျက်ဝန်းများသည် မျှော်လင့်ချက်အရိပ်အမြွက်များဖြင့် လင်းလက် လာတော့သည်။
“ ကပ်ဘေးကို ကျော်ဖြတ်ခါနီးမှာ မင်းဘာတွေစဉ်းစားနေတာလဲ ကောင်းပြီ ဒီကပ်ဘေးကို အောင်နိုင်ရင် မင်းငါ့ကို ကြိုက်သလို ခေါ်နိုင်တယ်။ ”
သို့မှသာ ချင်းဝမ်တစ်ယောက် ချက်ချင်းပြုံးရယ်လာ၏။ ထို့နောက် ပြန်လှည့်၍ ကောင်းကင်ပေါ် မော့ကြည့်လေသည်။
ပြိုင်ဘက်ကင်းသော ရောင်ဝါတစ်ခု သူမအပေါ် ဖြာကျလာ၏။ လေထုအလယ်တွင် လှပသော ကောက်ကြောင်းသည် မြင်သူတိုင်း အတွက် နတ်သမီးနှင့်မခြားချေ။
“ ဝှစ် ... ။ ”
ထိုအချိန်တွင် လေတိုးသံများနှင့်အတူ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကာ တောင်ထိပ်နှင့် မနီးမဝေးသို့ ဆင်းသက် လာကြ၏။
အဖွဲ့ကို ဦးဆောင်သူသည် မိန်းကလေးမြောင်ဟွာ ဖြစ်သည်။ သူမသည် စုရီနှင့် ယွမ်ဟမ်ကို မြင်သောအခါ အနည်းငယ် မျက်မှောင်ကြုတ်လျက်၊
“ သူတို့ပဲ ... ။ ”
-ဟု ရေရွတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် လူအုပ်ကြီးနောက်၌ ရပ်နေခဲ့သော လင်းယွင်ဟဲနှင့် ချင်းယာတို့သည် မျက်ခုံးများပင့်လိုက်ကြ၏။
“ ဆရာ၊ သူတို့ ... ။ ”
“ တိတ်တိတ်နေ ... ခဏစောင့်ကြည့်ရအောင်။ ”
ချင်းယာက တစ်ခုခုပြောရန် ပါးစပ်ကိုဖွင့်ဟလိုက်သော်လည်း လင်းယွင်ဟဲမှ သူမအပေါ် တားဆီးလာ၏။
ထို့ကြောင့် ရှုပ်ထွေးသောအသွင်ဖြင့် အဝေးရှိလေထဲတွင် လွင့်မျောနေသော တစ္ဆေ ချင်းဝမ်ထံ စိုက်ကြည့်ကာ၊
“ ဒီတစ္ဆေမလေးက အရမ်းချစ်စရာ ကောင်းတယ်။ ”
-ဟု မှတ်ချက်ပေးလိုက်တော့သည်။
***