ရန်သူများ ... ။
Vol. 29 Ch. 342
မိုးကြိုးတိမ်တိုက်များ ထူထပ်လာပြီး လေထုသည် တင်းကြပ်လာနေ၏။ မိန်းကလေး မြောင်ဟွာနှင့် လူအုပ်သည် ကောင်းကင်ပေါ်ရှိ မိုးကြိုးတိမ်တိုက်များထံ မော့ကြည့်သည်။
ထို့နောက် သူတို့၏ ရောင်ဝါများဖြင့် တောင်ထိပ်ဝန်းကျင်တဝိုက်ကို ပိတ်ဆို့လိုက်၏။ သို့သော် စုရီမှ ဂရုမစိုက်ချေ။ မျက်ဝန်းများ မှေးစင်းလျက် လက်နှစ်ဖက် နောက်ပို့ကာ ကောင်းကင်ပေါ် မော့ကြည့်နေ၏။
ယွမ်ဟမ်သည်သာ မပေါ့ဆဝံ့ဘဲ သတိကြီးစွာဖြင့် လူအုပ်ကို ကြည့်နေခဲ့မိသည်။ တစ်ဖက်လူများ၏ ရည်ရွယ်ချက်သည် ဆိုးရွားကြောင်း သူ မြင်နိုင်၏။
“ ငါအရင်က ပြောခဲ့တဲ့ နတ်ဆိုးကျင့်ကြံသူဆိုတာ အဲဒီလူပဲ။ ”
မြောင်ဟွာက ယွမ်ဟမ်ကို ညွှန်ပြသည်။
“ ဟမ့် ... တစ္ဆေတစ်ကောင်က မဟာချူနယ်မြေမှာ ကောင်းကင်ကပ်ဘေးကို ဖြတ်ကျော်ဖို့ ကြိုးစားပြီး နတ်ဆိုးတစ်ကောင်က စောင့်ပေးနေတာလား။ ”
အနက်ရောင်၀တ်စုံနှင့် ဆံပင်ဖြူဖြူ အဘိုးအိုသည် အထင်အမြင်သေးစွာဖြင့် ကဲ့ရဲ့ ရှုံ့ချလိုက်ချေပြီ။
ယွမ်ဟမ်ခမျာ မျက်နှာတစ်ပြင်လုံး မည်းမှောင်လျက် ဒေါသများထွက်ကာ စုရီထံ လှည့်ကြည့်လိုက်သည်။
သူတစ်ခုခု လုပ်ချင်နေ၏။ သို့သော် တောင်နတ်ဘုံကျောင်းတွင် အထိန်းအကွပ် မရှိဟု စုရီမှ မှတ်ချက်ပေးထားခဲ့သဖြင့် အမိန့်မပါဘဲ မလှုပ်ရှားဝံ့တော့ချေ။
“ တောင်ထိပ်နဲ့ ဆယ်ပေအကွာကို လာဝံ့တဲ့လူတိုင်း သေရမယ်။ ”
စုရီအကြည့်သည် ကောင်းကင်မှ ရွေ့လျားသွားကာ အဝေးက လူအုပ်အပေါ်ကျ ရောက်သွားပြီး တည်ငြိမ်စွာ သတိပေး ပြောကြားလိုက်၏။
စကားလုံးများသည် ပေါ့ပေါ့ပါးပါးနှင့် တည်ငြိမ်လွန်းနေသဖြင့် မြောင်ဟွာအပါအဝင် လူတိုင်းအံ့ဩသွားကြသည်။
ဤလူငယ်သည် အတွင်းပိုင်းသန့်စင်ခြင်း အဆင့်မျှသာ ဖြစ်သော်လည်း ၎င်းလေသံသည် အလွန်မာနကြီးနေ၏။
လူအုပ်ကြီး၏ အနောက်တွင် လင်းယွင်ဟဲသည် စုရီ၏အကျင့်စရိုက်အပေါ် သိရှိထားပြီး ထူးထွေအံ့သြခြင်း မရှိချေ။
သို့တိုင် အနည်းငယ် တုန်လှုပ်နေသည်။ မိန်ကလေးမြောင်ဟွာသည် ကြယ်စုစည်းခြင်း အလယ်အလတ်အဆင့်၌ ဖြစ်၏။
ကျန်လူများအနက် ဆယ်ယောက်သည် မူလနန်းတော်အဆင့်တွင် ရှိနေသည်။ သည့်ပြင် ဤပိုင်နက်သည် မဟာချူနိုင်ငံဖြစ်၏။
သာမာန် စိုက်ပျိုးသူတစ်ဦးသာ ဆိုသော် ထိုကဲ့သို့သော အခြေအနေမျိုး ကြုံတွေ့ရပါက ထိတ်လန့်ကြပေလိမ့်မည်။ သူပင် ချွင်းချက် မရှိနိုင်ချေ။
သို့သော် ဤလူငယ်သည် ကြောက်ရွံ့ခြင်း ကင်းရုံမျှသာမက လူတိုင်းကို နှိမ့်ချ လျစ်လျူရှု ထား၏။
“ တာအိုမိတ်ဆွေ ... မင်းနာမည်မေးလို့ ရမလား ... မင်းဘယ်သူလဲ ... မင်းရဲ့ဆရာရော ဘယ်သူလဲ။ ”
မြောင်ဟွာက လေးနက်သော အသွင်ဖြင့် မေးမြန်းလိုက်သည်။ စုရီမှ ပြန်မဖြေချေ။ သူ့ကို လျစ်လျူရှုထားဆဲ ဖြစ်၏။
“ ဝှစ် ... ။ ”
ကျောက်တုံးကြီးတစ်တုံးကို ဖုန်ခါလျက် ထိုင်ချလိုက်ကာ ချင်းဝမ်ထံ မော့ကြည့်နေ၏။ သူမသည် သူ့အကူအညီမပါဘဲ ဤကပ်ဆိုးကို အလွယ်တကူ ဖြေရှင်းနိုင်ပေမည်။
စုရီထံမှ တုန့်ပြန်မှုမရှိသောကြောင့် ယွမ်ဟမ်သည်လည်း သဘာဝအတိုင်း စကား တစ်ခွန်းမျှ ပြန်မပြောတော့ချေ။
လက်ပိုက်လျက် လူအုပ်ကို အေးစက်စွာ ကြည့်နေခဲ့သည်။ မြောင်ဟွာနှင့် ၎င်းအဖွဲ့ခမျာ အကြည့်များ တဖြည်းဖြည်း အေးစက်လာ၏။
၎င်းတို့၏ ဂုဏ်သိက္ခာအပေါ်စိန်ခေါ် နင်းချေခံနေရသည်ဟု ခံစားလာရချေသည်။ ဤအခြေအနေတွင် မည်သူသည် သူတို့အပေါ် လျစ်လျူရှုဝံ့သနည်း။
“ သူဟာ ... အတွင်းပိုင်းသန့်စင်ခြင်း အဆင့်မှာပဲ ရှိသေးတယ် မာနကြီးလွန်းတယ် ... သူ့မှာ ထူးခြားတဲ့ နောက်ခံရှိရင်တောင်မှ ...
... ဒီလိုနတ်ဆိုးတွေ၊ သရဲတစ္ဆေတွေနဲ့ တွဲနေတာက လူကောင်းမဟုတ်ဘူး ဆိုတာကို ပြသနေတာပဲ ... မိန်းကလေးမြောင်ဟွာ ယဉ်ကျေးမနေပါနဲ့။ ”
အဝါရောင် ၀တ်စုံဝတ်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက အေးစက်စွာ မှတ်ချက်ပေးလိုက်၏။
“ ငါ့အမြင်အရ၊ သူတို့နဲ့ စကားပြောပြီး အချိန်ဖြုန်းနေစရာ မလိုတော့ပါဘူး ... နတ်ဆိုး ကျင့်ကြံသူနဲ့ သရဲတစ္ဆေကို အရင် သတ်လိုက်ရအောင်။ ”
အနက်ဝတ် လူငယ်တစ်ယောက်မှ ခေါင်းညိတ်ကာ ပြောကြားလာသည်။ ထို့နောက် လူတိုင်း တိုက်ခိုက်ရန် အသင့်ပြင်လိုက်ကြ၏။
“ အဟမ်း ... လူတိုင်း၊ ငါပြောတာကို နားထောင်ပေးနိုင်မလား။ ”
ထိုစဉ် လင်းယွင်ဟဲက ရုတ်တရက် ချောင်းဟမ့်ကာ ဝင်ပြောလိုက်သဖြင့် လူတိုင်း ပြန်လှည့်ကြည့်လေသည်။
“ ပြောပါ ... တာအိုမိတ်ဆွေ။ ”
မြောင်ဟွာက ခေါင်းညိတ်သည်။
“ လွန်ခဲ့တဲ့ ရက်အနည်းငယ်က မဟာလျန့်မှာ ဒီမိတ်ဆွေလေးနဲ့ တွေ့ခဲ့ဖူးတယ် သူ နတ်ဆိုးကျင့်ကြံသူ မဟုတ်ဘူးဆိုတာ သေချာပါတယ် ... ဒီကိစ္စကို ဒီမှာပဲ အဆုံးသတ် လိုက်ရအောင်။ ”
မြောင်ဟွာနှင့် အခြားသော ကျင့်ကြံသူများအားလုံး မျက်မှောင်ကြုတ်သွား ကြလေသည်။ လင်းယွင်ဟဲသည် မဟာချီ၏ ထိပ်တန်းပုဂ္ဂိုလ်ဖြစ်၏။
သူ့သဘောထားကို မည်သူမဆို ဂရုစိုက်ရပေမည်။ သို့သော် ဤအခြေအနေမျိုး၌ သူတို့ ရပ်လိုက်မည်ဆိုသော် ရှက်စရာပေပင်။
“ တာအိုလင်း ... မင်းတို့နှစ်ယောက်က ပေါ့ပေါ့ပါးပါး အသိအကျွမ်းတွေ မဟုတ်လား ... ဒီကိစ္စမှာ မင်းလက်ရှောင်နေတာ အကောင်းဆုံးပါပဲ။ ”
မြောင်ဟွာက အေးစက်သော အမူအရာဖြင့် တုန့်ပြန်ပြောကြားလာ၏။
“ ကြင်နာတတ်တဲ့ စကားတွေက သေချင်နေတဲ့လူကို ဆွဲဆောင်နိုင်မှာ မဟုတ်ဘူး မင်းနဲ့ မင်းတပည့်က မတ်တပ်ရပ်ပြီး စောင့်ကြည့်နေသင့်တယ်။ ”
ရုတ်တရက် စုရီက လင်းယွင်ဟဲကို လှမ်းပြောလိုက်သည်။
“ မှန်တယ် ... မင်းတို့နှစ်ယောက်စလုံး ရပ်ကြည့်နေပါ ... ဒီလူတွေ သေချင်နေကြပြီမို့ ဘယ်သူ့မှာမှ အပြစ်မရှိပါဘူး။ ”
ယွမ်ဟမ်သည်လည်း သည်းခံနေရသဖြင့် ဒေါသထွက်နေပြီဖြစ်၏။ ထို့ကြောင့် ဝင်ရောက် ပြောကြားလေသည်။
“ ဟား ဟား ဟား ... ။ ”
“ မောက်မာလိုက်တာ ... ။ ”
လင်းယွင်ဟဲတစ်ယောက် မသက်မသာ ဖြစ်နေစဉ် လူအုပ်ကြီးသည် ဒေါသဖြင့်ရယ်၏။ သခင်နှင့်ကျွန်သည် ရိုက်သတ်ချင်စရာပေပင်။
ထိုနောက်တွင် လူသတ်လိုသော ရည်ရွယ်ချက်များ ဒီရေကဲ့သို့ ပေါက်ကြားကာ တောင်ထိပ်ကို ဖုံးလွှမ်းလာတော့၏။
လင်းယွင်ဟဲတစ်ယောက် တိတ်ဆိတ်စွာ သက်ပြင်းချလိုက်သည်။ ဤအခြေအနေမျိုးတွင် သူ့အတွက် ဝင်ရောက်စွက်ဖက်ရန် နည်းလမ်း မရှိတော့ချေ။
“ ဒီလောက် မာနကြီးတဲ့ကောင်လေး မင်းဘယ်လောက်တောင် အရည်အချင်းရှိလဲ ကြည့်ကြရအောင်။ ”
ရုတ်တရက် အဝါရောင်ဝတ်ရုံနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်မှ အေးစက်စွာ ပြောကြားလျက် လေထဲ ပျံတက်လာသည်။
“ ဟိတ် ... ။ ”
အတွင်းပိုင်းသန့်စင်ခြင်း ပြီးပြည့်စုံမှု ရောင်ဝါကိုထုတ်ဖော်လျက် ဓားရှည်တစ်လက် ဆင့်ခေါ်ကာ ပိုင်းချလိုက်၏။
“ ရွှပ် ... ။ ”
စုရီက ထိုင်ရာမှ မထဘဲ အစိမ်းရောင် ဓားအလင်းတစ်လက်ကို တောက်ထုတ်ပစ် လိုက်လေသည်။
မိုးကုပ်စက်ဝိုင်းကို ဖြတ်ပျံနေသော နဂါးစိမ်းတစ်ကောင်ကဲ့သို့ အဝါရောင်ဝတ် ဓားသမားထံ ပြေးဝင်သွား၏။
“ ဟမ့် ... ။ ”
ဦးစွာ ဓားလွှဲခဲ့သော်လည်း စုရီ၏ ဓားအလင်းသည် လျင်မြန်လွန်းနေသဖြင့် မျက်ဝန်းများ ကျုံ့သွားကာ မွှေးညှင်းများ လှုပ်ခါကုန်၏။
“ ဘောင်း ... ။ ”
စွမ်းအင်အကာအကွယ်လွှာများ ပေါက်ကွဲလျက် အေးခနဲ ခံစားလိုက်ရကာ ဦးခေါင်းခွံ လွင့်ထွက်သွားချေပြီ။
လက်ထဲရှိ ဓားကိုပင် အဆုံးထိလွှဲရန် အချိန်မရှိတော့ဘဲ ခန္ဓာကိုယ်ကြီး မြေပြင်ပေါ် ပြုတ်ကျသွားတော့၏။ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွားချေပြီ။
ဤဓားသမားသည် သူတို့အတွင်း သာမန်မျှသာ ဖြစ်၏။ သို့သော် လက်တစ်ဖက် တည်းဖြင့် ၎င်းကိုသတ်နိုင်သူသည် အနိမ့်ဆုံး မူလနန်းတော် အဆင့်တွင် ရှိရပေမည်။
“ ဂျိန်း ... ။ ”
ရုတ်တရက် ကောင်းကင်၌ ကာလအတန်ကြာ စုပြုံနေသော အနက်ရောင် တိမ်တိုက်များထံမှ မိုးခြိမ်းသံကြီး ထွက်ပေါ်လာသည်။
“ ဟမ့် ... ။ ”
ဤအခိုက်တွင် ပိန်ပိန်ပါးပါးဖြင့် မီးခိုးရောင်ဝတ် အဖိုးကြီးတစ်ဦး စုရီကိုသတ်ရန် ပြေးဝင်လာတော့သည်။
ကျင့်ကြံမှုသည် မူလနန်းတော် အလယ်အလတ် အဆင့်တွင် ရှိနေပြီး မဟာချူ တိမ်လွှာကျောက်တုံးဓားခန်းမ၏ အတွင်းဂိုဏ်း အကြီးအကဲတစ်ဦးဖြစ်သည်။
သူ့လက်နက်သည် လှံဖြစ်ပြီး ထိပ်တန်း ကောင်းကင်အဆင့် လေနှင့်မီး တာအိုအပေါ် နားလည်ထားချေပြီ။
တိုက်ပွဲဝင်စွမ်းအားသည် အလွန် ကြီးမားသောကြောင့် မဟာချူမင်းဆက်အတွင်း မူလနန်းတော်အဆင့် ထိပ်တန်းဆယ်ဦး စာရင်းတွင် ပါဝင်နိုင်သည်။
“ ဝှစ် ... ။ ”
လှံအလင်းသည် လေဟာနယ်ကို ဖြတ်သန်းနေစဉ် မီးပင်လယ်ကြီးလိုက်ပါလာ ခဲ့သည်။
တောင်နှင့်မြစ်များကို လောင်ကျွမ်း စေနိုင်သည့် ကြောက်မက်ဖွယ် မီးရည်ရွယ်ချက် ဖြစ်ချေ၏။ လူတိုင်း၏ အကြည့်များ အေးစက် လာခဲ့သည်။
ဤထိုးသွင်းမှုသည် အံ့မခန်းဖြစ်ပြီး အရာအားလုံးကို လောင်ကျွမ်း သွားစေနိုင်မည်။ အတွင်းပိုင်းသန့်စင်မှု မဆိုနှင့် မူလနန်းတော် အဆင့်မှ တစ်စုံတစ်ဦးသည်ပင် ရှောင်တိမ်းရန် အခွင့်အရေးနည်းပါးလွန်းချေပြီ။
***