ငါသတ်ချင်ရင် သတ်မယ်။
Vol. 29 Ch. 345
“ ဂျိန်း ... ။ ”
မိုးခြိမ်းသံက ကျယ်လောင်စွာ မြည်ဟည်းလာသည်။ လေထဲလွင့်မျောလျက် ချင်းဝမ်၏ ရောင်ဝါသည်လည်း ပို၍ အားကောင်းလာ၏။
စုရီမှ ခေါင်းညိတ်လိုက်သည်။ ဤအသွင်ပြောင်း ကပ်ဘေးသည် ချင်းဝမ်ကို ဟန့်တားနိုင်မည် မဟုတ်ကြောင်း မြင်သာနေ၏။
တစ်ဖက်တွင် မြောင်ဟွာခမျာ ထွက်ပြေးရန်အကြိမ်ကြိမ် ကြိုးစားသော်လည်း စုရီ၏ရောင်ဝါဖြင့် ပိတ်ဆို့ခြင်းကို ခံနေရသည်။
ဤအရာသည် ကြယ်စုစည်းခြင်း အဆင့်ရှိ သူမကဲ့သို့ တစ်စုံတစ်ဦးအတွက် အလွန်အမင်း အကြပ်ရိုက်စေ၏။
“ နင်ငါ့ကိုသတ်ရင် ... နင်လည်း သေလိမ့်မယ်။ ”
အဆုံးတွင် လွတ်မြောက်ရန် နည်းလမ်းမရှိသောကြောင့် သေသည်အထိ တိုက်ပွဲဝင်ရန် စိတ်ပိုင်းဖြတ်လိုက်သည်။
“ ဟုတ်လား ... ။ ”
စုရီမှ ဂရုမစိုက်ဘဲ လေထုအလယ် ရွေ့လျားလျက် မြောင်ဟွာကိုသတ်ရန် ပြေးသွား လိုက်သည်။
“ တာအိုမိတ်ဆွေ၊ ကျေးဇူးပြုပြီး နားထောင်ပေးပါ ... မင်း မြောင်ဟွာကို သတ်ရင် သူ့အစ်ကိုမြောင်ဟုန်က မင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူး၊ ...
... ဒီလူက ထူးချွန်ပြီး ... နားလည်နိုင်စွမ်းလည်း အရမ်းမြင့်မားပါတယ် အသက်(၁၉)နှစ်နဲ့ မဟာချူရဲ့ ဓားသမားဘွဲ့ကို ရယူနိုင်ခဲ့တယ် ...
... အခု မဟာရှရဲ့ ချင်းရီတာအိုဂိုဏ်းမှာ တတိယအဆင့် အတွင်းအကြီးအကဲ ဖြစ်နေပြီး သူ့ကျင့်ကြံမှုက ဝိညာဉ်တာအိုနယ်ပယ်ကို ရောက်ရှိနေပြီ။ ”
လင်းယွင်ဟဲက အဝေးမှနေပြီး အော်ဟစ်သတိပေးလိုက်သည်။ သို့သော် စုရီမှ ဂရုမစိုက်ချေ။
“ မင်းရဲ့ကြင်နာမှုကို ငါတန်ဖိုးထားတယ် ဒါပေမယ့် ဝိညာဉ်တာအို နယ်ပယ် ကျင့်ကြံသူ တစ်ယောက်မဆိုနဲ့ ချင်းရီတာအိုဂိုဏ်းကြီး တစ်ခုလုံး လာရင်တောင် ငါစိတ်မဝင်စားဘူး။ ”
မူလက သူမအစ်ကို၏ အမည်ဖြင့် ခြိမ်းခြောက်နိုင်မည်ထင်ခဲ့သော မြောင်ဟွာခမျာ ထိတ်လန့်တကြား ဖြစ်လာတော့သည်။
“ ဟမ့် ... ။ ”
ထို့နောက် အံကြိတ်လိုက်ပြီး သွေးရောင် အလင်းတန်းသဖွယ် ပြောင်းလဲကာ အဝေးသို့ ထွက်ပြေး၏။ ဤရွေ့လျားမှု နည်းစနစ်သည် မယုံကြည်နိုင်ဖွယ် မြန်ဆန်ချေပြီ။
“ သွား ... ။ ”
စုရီမှ အေးစက်သောအသွင်ဖြင့် အမှောင်နတ်ဓားကို ဆင့်ခေါ်လျက် ပစ်ပေါက် ချလိုက်၏။
“ လူယုတ်မာ၊ ငါ့အစ်ကိုက လက်စားချေလိမ့်မယ်။ ”
မြောင်ဟွာမှ ရူးသွပ်စွာ ကျိန်ဆဲလေသည်။ အသုံးပြုထားသော ရွေ့လျားမှု နည်းစနစ်သည် အခြေခံအုတ်မြစ်နှင့် သွေးအနှစ်သာရကို လောင်ကျွမ်းရန်လိုအပ်၏။
ထို့ကြောင့် ပြေးလွှားနေစဉ်မှာပင် မျက်နှာပေါ်၌ အရေးအကြောင်းအချို့ ထွက်ပေါ် လာကာ အသက်အရွယ် ကြီးရင့်လာသည်။
“ ဟမ့် ... ။ ”
သို့တိုင် မလွတ်မြောက်သေးချေ။ နတ်အာရုံအတွင်း တောက်ပသော အလင်းတန်း ပေါ်လာကာ အန္တရာယ် အငွေ့အသက်များ ခံစားလိုက်ရသည်။
“ ဝိညာဉ်ရေး ဓား ... ။ ”
ဤအခိုက်အတန့်တွင် စုရီအသုံးပြုသော ဓားသည် ဝိညာဉ်ရေးဓားတစ်လက် ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
“ ထွက်သွားစမ်း ... ။ ”
အရှိန်သည် မြန်လွန်းပြီး မျက်စိတစ်မှိတ်အတွင်း သူမအနားရောက်ရှိလာ သောကြောင့် ဓါးနှစ်လက်ဖြင့် အမှောင်နတ် ဓားကို ပိတ်ဆို့ရန် ကြိုးစားလိုက်၏။
“ ထန် ... ထန် ... ။ ”
သို့သော် အမှောင်နတ်ဓားသည် ဓားနှစ်လက်ကို တွန်းထုတ်လျက် သူမထံ ဆက်၍ ဝင်ရောက်လာခဲ့သည်။
“ အား ... ။ ”
ကျယ်လောင်သော အော်ဟစ်သံပြုလျက် ရင်ဘတ်နှင့် နောက်ကျော၌ ပန်းကန်လုံးအရွယ် သွေးစွန်းထင်းနေသော အပေါက်ကြီးတစ်ပေါက် ထွက်ပေါ်လာသည်။
ကြယ်စုစည်းခြင်းအဆင့် ကျင့်ကြံမှုနှင့် အကာအကွယ် ရတနာများသည် စက္ကူစကဲ့သို့ အမှောင်နတ်ဓားရှေ့၌ အားနည်းနေခဲ့၏။
“ လူယုတ်မာ ... စောင့်နေပါ၊ ငါတို့ မပြီးသေး ... ။ ”
အဆုံးတွင် မြောင်ဟွာခန္ဓာကိုယ်မှ ဝိညာဉ်ခုန်ထွက်လာပြီး ကျိန်ဆဲလျက် အဝေးသို့ ထွက်ပြေးရန် ကြိုးစားတော့သည်။
သူမတွင် ဓားအလင်း ကျူးကျော် ဝင်ရောက်မှုကို ဟန့်တားနိုင်သည့် စိတ်ဝိညာဉ် အကာအကွယ်ရတနာ ပိုင်ဆိုင်ထားချေ၏။
ထို့ကြောင့် ခန္ဓာကိုယ် ပျက်စီးသွား သော်လည်း သူမဝိညာဉ်မှာ လွတ်မြောက်နိုင် ချေပြီ။
“ ကျီး ... ။ ”
“ မလုပ်နဲ့ ... ။ ”
သို့သော် ဤအခိုက်အတန့်တွင် အမှောင် နတ်ဓားထံမှ ကျယ်လောင်သော အော်မြည်သံ နှင့်အတူ သူမဝိညာဉ်ကို အနက်ရောင် ငှက်မိစ္ဆာ တစ်ကောင်က တကျိုက်တည်း ဝါးမျိုတော့၏။
ဤသည်မှာ ငရဲမီးတောက် ငှက်မိစ္ဆာ ဖြစ်လေသည်။ ငရဲကမ္ဘာ၏ မကောင်းဆိုးရွား ကိုးပါးအနက်မှ တစ်ပါးဖြစ်၏။
မြောင်ဟွာတစ်ယောက် ကြောက်လန့်တကြား အော်ဟစ်သံမဆုံးခင် ချက်ချင်း မျိုချခံလိုက်ရလေသည်။
ဤနည်းဖြင့် ကြယ်စုစည်းခြင်းအဆင့် ကျွမ်းကျင်သူသည် ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ် နှစ်ရပ်လုံး ပျက်စီးသွားခဲ့ချေပြီ။
“ မဟာရှမှာရှိတဲ့ မြောင်ဟုန်ကတော့ သူ့ညီမရဲ့သတင်းသာ ကြားသွားရင် ကမ္ဘာကြီး ငြိမ်းချမ်းတော့မယ် မထင်ဘူး။ ”
လင်းယွင်ဟဲက ရပ်ကြည့်နေရာမှ မှတ်ချက်ပေးသည်။ ဝိညာဉ်တာအိုနယ်ပယ် ကျွမ်းကျင်သူတစ်ဦး၏ ပစ်မှတ်ထားခံရပါက အကျိုးဆက် မည်မျှပြင်းထန်မည်ကို သူ ပြောနိုင်ခြင်း မရှိချေ။
ယနေ့တွင် တျန်လန်မြစ်ပြင်၌ မဟာချူမင်းဆက်ရှိ ကျွမ်ကျင်သူများအားလုံးကို အမည်မသိ လူငယ်တစ်ယောက်မှ ရက်စက်စွာ သတ်ဖြတ်သွားချေပြီ။
ထိုသတင်းသည်သာ ပျံ့နှံ့သွားပါက မိုးပြာတိုက်ကြီးတခွင် လှိုင်းလုံးများ ရိုက်ခတ် သွားပေတော့မည်။
“ သူ တကယ်သတ်လိုက်ပြီ။ ”
ကမ္ဘာကြီးကို မသိနားမလည်သေးသော ချင်းယာပင်လျှင် သူမ ဆရာစကားနားထောင်ပြီး ပြဿနာ၏ လေးနက်မှုကို သဘောပေါက် ထားခဲ့သည်။
ထို့ကြောင့် တစ်ဖက်လူသည် တုန့်ဆိုင်းခြင်းမရှိ မိန်းကလေးမြောင်ဟွာကို သတ်ပစ်လိုက်သည့်အပေါ် နားမလည်နိုင် ဖြစ်လာ၏။
“ ဝှစ် ... ။ ”
ထိုအချိန်တွင် ငရဲမီးတောက်ငှက်မိစ္ဆာသည် အမှောင်နတ်ဓားအတွင်း ပြန်လည်ဝင်ရောက်ပြီး တောင်ကုန်းပေါ်ရပ်နေသော စုရီလက်ထဲသို့ ပျံသန်းသွားတော့သည်။
“ တာအိုမိတ်ဆွေ ဒီတစ်ခါတော့ မင်း ... မြောင်ဟုန်ကို လုံးလုံးလျားလျား ရန်စလိုက်မိပြီ။ ”
လင်းယွင်ဟဲက ရှုပ်ထွေးသော အကြည့်များဖြင့် သက်ပြင်းချလိုက်၏။ စုရီနှင့် ပထမဆုံးတွေ့ဆုံစဉ် မြင်ကွင်းများ ရုတ်တရက် ပြန်သတိရသွားသည်။
ထိုစဉ်က ဤလူငယ်သည် တိတ်တဆိတ်ပေါ်လာပြီး ၎င်း၏ကျွန်အပေါ် ချုပ်နှောင်ထားသည့် ဓားများ မဖယ်ရှားပါက သူ့ကိုသတ်ပစ်မည်ဟု ပြောခဲ့၏။
သို့သော် သူ ဂရုမစိုက်ခဲ့ချေ။ ယခုချိန်၌ ထိုအချိန်က စုရီသည် အမှန်တကယ် လုပ်ဝံ့မှန်း နားလည်လာတော့သည်။
“ ငါ သူ့ကိုသတ်ချင်ရင် သတ်ပစ်ရမယ် ... မဟုတ်လို့ အကြောင်းအရာတွေအပေါ် ဂရုစိုက် နေဦးမယ်ဆိုရင် ဒါက ဓားသမားဆိုတဲ့ဘွဲ့နဲ့ ဘယ်လိုလုပ် ထိုက်တန်နိုင်မှာလဲ။ ”
စုရီက သူ့စကားများကို ဂရုမစိုက်တော့ဘဲ အမှောင်နတ်ဓားကို သိမ်းကာ ကောင်းကင်ပေါ် မော့ကြည့်လိုက်ချေပြီ။
“ ဂျိန်း ... ။ ”
ဤအခိုက်တွင် ချင်းဝမ်အပေါ် ပစ်မှတ်ထားသည့် ကပ်ဘေးသည် နောက်ဆုံးသို့ ရောက်ရှိလာပြီဖြစ်သည်။
အသွင်ပြောင်းကပ်ဘေးတွင် အဆင့်ခြောက်ဆင့် ရှိ၏။ အဆင့်တိုင်းသည် သာမာန်ထက် သာလွန်ပြီး မယုံနိုင်ဖွယ် အဖျက်စွမ်းအားများ ပါရှိချေပြီ။
အခြားသော တစ္ဆေတစ်ကောင်မျှသာ ဆိုသော် အဆင့်တစ်ခုပင် ခံနိုင်ရည်ရှိနိုင်မည် မဟုတ်ချေ။ ချင်းဝမ်အတွက်မူ ကောင်းစွာ ခုခံနိုင်နေဆဲဖြစ်၏။
မိုးကြိုးကပ်ဘေး၏ အဆင့်ငါးဆင့်ကို ဆက်တိုက်ဖြတ်ကျော်လျက် သူမရောင်ဝါသည် တိုး၍ သိပ်သည်းနေခဲ့သည်။ ဆုတ်ခွာမည့် အရိပ်အယောင်မျှ မပြချေ။
“ ဂျိန်း ... ဒလိန်း ... လိန်း။ ”
ထို့ကြောင့် ကောင်းကင်တာအိုသည် ဒေါသထွက်လာပုံရကာ တိမ်ညိုများအတွင်း၌ လျှပ်စီးများ တဖျပ်ဖျပ်ခတ်လျက် ဆဠမမြောက် ကပ်ဘေးကို ပြင်ဆင်လာတော့၏။
“ ယွမ်ဟမ် အလောင်းတွေ သိမ်းလာခဲ့။ ”
စုရီက ထိုမိုးကြိုးတိမ်တိုက်များထံ မော့ကြည့်နေရာမှ မျက်ခုံးပင့်လျက် ဟွမ်ဟမ်ကို အမိန့်ပေးလိုက်သည်။
“ ဟုတ်ကဲ့ ... ။ ”
ယွမ်ဟမ်မှ ခေါင်းညိတ်လျက် ချက်ချင်း ပျံသန်းသွား၏။ တစ်ဆက်တည်းမှာပင် စုရီသည် လင်းယွင်ဟဲနှင့် ချင်ယာထံ လှည့်ကြည့်ပြီး၊
“ ကပ်ဘေးပြီးတော့မယ် ... မင်းတို့ ခဏလောက် ထွက်သွားတာ ပိုကောင်းမယ်။ ”
-ဟု မောင်းထုတ်လိုက်လေသည်။
“ သဘာဝပါပဲ ... ။ ”
ချင်းယာမှ အံ့အားသင့်သွားသော်လည်း လင်းယွင်ဟဲက ခေါင်းညိတ်လျက် ထွက်ခွာရန် အချက်ပြလိုက်၏။
“ ဂျိန်း ... ဂျိန်း ... ဂျိန်း ... ။ ”
လူတိုင်းထွက်သွားပြီး မကြာခင်မှာပင် ကြောက်စရာကောင်းသော မိုးကြိုးအစင်းစင်း ပြိုကျလာတော့၏။
***