ကူချန်နင် ... ။
Vol. 29 Ch. 347
“ ရွှီ ... ။ ”
ဤသည်မှာ ချွန်ထက်သော တစ်စုံတစ်ရာသည် လေကိုခွင်းလာနေသည့် အသံ ဖြစ်၏။
များမကြာမီ အနီးရောင် ဓားရှည်တစ်လက်ကို စီးနင်းလျက် အစိမ်းရောင် ဝတ်ရုံဖြင့် လူငယ်တစ်ယောက် မြင်ကွင်းထဲ ပေါ်လာလေသည်။
လင်းယွင်ဟဲ မျက်ဝန်းများ ကျဉ်းမြောင်းသွားတော့၏။ တစ်ဖက်လူသည် ငယ်ရွယ်သော်လည်း မူလနန်းတော်အဆင့် ကျင့်ကြံမှုရှိသည်။
ရောင်ဝါဖိအားများအရ ၎င်းသည် သာမန်လူတစ်ယောက် မဟုတ်ကြောင်း သူ့ကို သတိပေးနေ၏။
“ ဟမ့် ... ။ ”
လူငယ်က လေထဲတွင် ရပ်လိုက်ပြီး တောင်ထိပ်ကို လှည့်ပတ်ကြည့်၏။ ထို့နောက် စုရီနှင့်အခြားသူများထံ ပြုံးပြလျက်၊
“ မိန်းကလေးမြောင်ဟွာနဲ့ ဒီလူတွေ တကယ်သေသွားတာပဲ ... ကြည့်ရတာ မင်းတို့ လက်ချက်ဖြစ်မယ် ထင်တယ်။ ”
-ဟု ပြောကြားလာ၏။
စုရီမှ ၎င်းထံပြန်ကြည့်ကာ၊ ‘မင်းနဲ့ ဘာဆိုင်လဲ၊’ -ဟု ပြန်မေးသည်။ ဓားပျံပေါ်မှ လူငယ်က မျက်ခုံးပင့်လျက် ပြုံး၏။
“ သူတို့က ငါ့ကို ရင်ဆိုင်ဖို့ ... လူအချို့ခေါ်လာပြီး တျန်လန်မြစ်တစ်လျှောက် ရှာဖွေနေကြတာ ... ဒါပေမယ့် အခုလို ငါနဲ့ မတွေ့ခင် သေကုန်ကြလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး ... ။ ”
“ မင်းနာမည်ကို မေးလို့ရမလား တာအိုမိတ်ဆွေ။ ”
လင်းယွင်ဟဲမှ မေးမြန်းလိုက်သည်။ မြောင်ဟွာနှင့်အဖွဲ့သည် တစ်စုံတစ်ဦးအပေါ် ရင်ဆိုင်ရန် ပြင်ဆင်နေကြောင်း သူ သိထား၏။ ဤလူငယ် ဖြစ်နေလိမ့်မည်ဟု မထင်မိချေ။
“ ငါ့နာမည် ကူချန်နင် ... မြောင်ဟွာက တျန်လန်မြစ်မှာတိုက်ဖို့ ငါ့ကို စိန်ခေါ်ထားတဲ့ အတွက် ဒီကိုရောက်လာတာပဲ။ ”
လူငယ်မှ ပြန်ဖြေလိုက်သည်။
“ သွားရအောင်။ ”
စုရီက စိတ်မဝင်စားတော့ဘဲ ယွမ်ဟမ်ကိုခေါ်ကာ မြစ်ပြင်ဆီသို့ ပျံသန်း ထွက်ခွာသွားတော့သည်။
ကူချန်နင်မှ အံ့အားသင့်သွားသည်။ တစ်ဖက်လူသည် ဤသို့ ထွက်သွားလိမ့်မည်ဟု မမျှော်လင့်ထားချေ။ သူနှင့် မပတ်ချင် နေသည်မှာ ထင်ရှား၏။
“ တာအိုမိတ်ဆွေ ... ငါ့ရဲ့ အကြံပြုချက်ကို မင်းဘယ်လိုထင်လဲ ။ ”
လင်းယွင်ဟဲမှ သတိဝင်လာပြီး အော်ဟစ်မေးမြန်းလိုက်၏။ စုရီက ပြန်မလှည့် တော့ဘဲ၊
“ ကောင်းပြီ ... ။ ”
-ဟု တုန့်ပြန်လာသည်။
“ ဟား ဟား ဟား ... ဒါဆို အတူတူ သွားရအောင်။ ”
လင်းယွင်ဟဲမှ ရယ်မောလျက် ချင်ယာနှင့်အတူ လေဟာနယ်ကို နင်းကာ ချက်ချင်း လိုက်ပါသွားတော့၏။
ယခုအချိန်အထိ စုရီနှင့်ယွမ်ဟမ်၏ အမည်ကို မသိရသေးသော်လည်း သေချာပေါက် မရိုးရှင်းကြောင်း သူ ပြောနိုင်၏။
ကူချန်နင်သာလျှင် တစ်ယောက်တည်း ယောင်ပေပေဖြင့် လေထုအလယ် ကျန်ရစ်ခဲ့ လေသည်။ ခဏအကြာတွင် ရှက်ရွံ့ ရှုပ်ထွေးနေသော အသွင်ဖြင့်၊
“ ဒီည ... မြောင်ဟွာကို ဖမ်းဖို့ ပျက်ကွက်ခဲ့ပေမယ့် မထင်မှတ်ဘဲ ထူးဆန်းတဲ့ ဒီလိုလူငယ်လေးကို တွေ့ခွင့်ရလိုက်တယ် ... နေဦး ငါ သူကိုသိအောင်လုပ်ရမယ်။ ”
-ဟု ရေရွတ်ကာ ဓားပျံကို ၎င်းတို့ထံ ဦးတည်လိုက်တော့သည်။
စုရီနှင့်အဖွဲ့သည် မြစ်လယ်ရှိ ရွက်နက်လှေပေါ် ဆင်းသက်လိုက်ချိန်၌ဓားပျံကို စီးနင်းကာ ကူချန်နင်ပေါ်လာခဲ့သည်။
“ မင်းတို့နဲ့အတူ လိုက်လို့ရမလား ... အံ့သြမနေပါနဲ့ ငါ့မှာ တခြားအတွေးတွေ မရှိဘူး ဒီည နည်းနည်းညည့်နက်နေပြီမို့ပါ။”
သို့သော် စုရီက မျက်မှောင်ကြုတ်လျက်၊
“ မင်းကို မကြိုဆိုဘူး။ ”
-ဟု ပြန်ဖြေလိုက်၏။
ကူချန်နင်ခမျာ လေထုအလယ် အမူအရာ အေးခဲသွားသော်လည်း စိတ်မဆိုးချေ။ ထိုအစား ကူကယ်ရာမဲ့စွာ ပြုံးသည်။
“ ကောင်းပြီ ... အခု ငါနားလည်သွားပြီ ငါထွက်သွားပါ့မယ် ... ဒါပေမယ့် ငါမသွားခင်မှာ မင်းရဲ့နာမည်ကို မေးလို့ရမလား။ ”
“ ဒါက ... မင်းငါ့ဓားကို ဖမ်းနိုင်ခြင်း ရှိ-မရှိအပေါ် မူတည်တယ်။ ”
“ ဟမ့် ... ။ ”
ထိုအဖြေကြောင့် ကူချန်နင်တစ်ယောက် မျက်ခုံးစပ်ကို ကုပ်ခြစ်လျက်၊
“ ကောင်းပြီ၊ ငါ့မာနကို ဒီတစ်ခါတော့ အလျှော့ပေးပြီး မင်းငါ့ကို သင်ပေးနိုင်မလား ကြည့်ရအောင်။ ”
-ဟု တုန့်ပြန်လိုက်၏။
လင်းယွင်ဟဲမှ မျက်ခုံးပင့်လိုက်၏။ စုရီသည်သာ မြောင်ဟွာကို သတ်ခဲ့ကြောင်း သိရှိခဲ့ပါက ဤလူငယ်သည် ထိုဆုံးဖြတ်ချက် အပေါ် နောင်တရပေလိမ့်မည်။
ကူချန်နင်သည်လည်း ထိုအမူအရာကို သတိထားမိပြီး အနည်းငယ် ထူးဆန်းသည်ဟု ခံစားမိခဲ့သည်။
သို့သော် သူ့ကိုယ်သူ ယုံကြည်ချက် ရှိလှသဖြင့် သိပ်ပြီး အလေးအနက် မထားချေ။ လှည့်ကွက်အချို့သည် စစ်မှန်သော ခွန်အား ရှေ့၌ အလုပ် မဖြစ်ကြောင်း ပြသလို၏။
“ ရွှပ် ... ။ ”
စုရီက ဓားအလင်းဖြင့် တောက်ချ လိုက်သည်။ ယင်းကိုမြင်ချိန်၌ မူလပြုံးနေသော ကူချန်နင်ခမျာ အေးခဲသွားခဲ့၏။
“ သွား ... ။ ”
မူလနန်းတော်အဆင့် ခွန်အားများ ချက်ချင်းထုတ်ဖော်ကာ လက်ညှိုးဖြင့် ပြန်လည် ထိုးညွှန်ပြလိုက်တော့သည်။
သူ့ခြေထောက်အောက်မှ နီရဲနေသောဓားသည် မီးနဂါးတစ်ကောင်ကဲ့သို့ ပြေးထွက်သွားချေ၏။
၎င်းဖြတ်သန်းသွားရာ လမ်းတစ်လျှောက် တျန်လန်မြစ်ပြင်သည် ဖိအားကြောင့် သုံးပေခန့် နိမ့်ဆင်းကာ ရေများ အငွေ့ပျံကုန်သည်။
ယခင်က အထင်သေးခဲ့သော လင်းယွင်ဟဲသည်ပင် ဓား၏စွမ်းအားကြောင့် ရင်တဒိတ်ဒိတ် ခုန်လာ၏။ တစ်ဖက်လူသည် ခွန်အားကို ဖုံးကွယ်ထားချေပြီ။
“ ဝုန်း ... ။ ”
အနီရောင်ဓားပျံသည် စုရီဓားအလင်းဖြင့် ထိပ်တိုက်တွေ့ဆုံသွားသည်။ မီးတောင်နှစ်လုံး တိုက်မိသကဲ့သို့ ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။
ပေရာနှင့်ချီသော ဧရိယာအတွင်း ကြီးမားသော လှိုင်းလုံးများ တဝုန်းဝုန်း ရိုက်ခတ် ကုန်တော့၏။
“ ဖျပ် ... ။ ”
ရလာဒ်အနေဖြင့် ကူချန်နင်ခမျာ လေဟာနယ်အတွင်း ယိမ်းထိုးသွားပြီးနောက် ခြေတစ်လှမ်း ပြန်ဆုတ်လိုက်ရသည်။
ထိုခြေတစ်လှမ်းသည် ကြီးစွာသော ထိုးနှက်ချက်ဖြစ်၏။ မျက်နှာပေါ်တွင် အံ့သြ ထိတ်လန့်မှုနှင့် မယုံကြည်နိုင်မှုများ ပြည့်နှက်လာသည်။
“ အရမ်း သန်မာတယ်။ ”
ရွက်နက်လှေပေါ်ရှိ ချင်းယာက မှတ်ချက်ပေးလိုက်၏။ လင်းယွင်ဟဲသည်လည်း ခေါင်းညိတ်ကာ နှလုံးသားက တဆတ်ဆတ် တုန်လာခဲ့သည်။
ပွင့်ပွင့်လင်းလင်း ဝန်ခံရပါမူ စုရီဓားကို ဖြေရှင်းရန် သူ့အတွက် ဝှက်ဖဲများ ထုတ်ဖော်ရန် လိုအပ်ပေမည်။
ဤကူချန်နင်သည် အမှန်တကယ်ပင် သန်မာလှ၏။ သူ ပြသထားသော စွမ်းရည်သည် မြောင်ဟွာထက် ပိုမိုအားကောင်းသည်။
ယွမ်ဟမ်က လေးနက်လာသည်။ သူ့သခင်ဓားကို တားဆီးနိုင်ခဲ့သောကြောင့် ဤလူသည် သာလွန်ထူးခြားကြောင်း ပြောနိုင်မည်။
တစ်ဖက်တွင် ကူချန်နင်သည် ၎င်းတို့နှင့်ဆန့်ကျင်ဘက် စိတ်မသက်မသာ ဖြစ်လာခဲ့သည်။
မူလက ဤဓားကို အလွယ်တကူ တားဆီးနိုင်မည်ဟု သူ ယုံကြည်ခဲ့သော်လည်း မအောင်မြင်ချေ။
ထိုအချိန်တွင် စုရီသည် အနည်းငယ် အံ့သြသွားပြီး ကူချန်နင်ထံ ပြန်လည်စစ်ဆေး ကြည့်လိုက်၏။ သည့်နောက် တစ်စုံတစ်ရာကို သတိပြုမိသွားကာ သက်ပြင်းချသည်။
“ ဒီဓားက ငါ့ရဲ့အရည်အချင်းထက် ကျော်လွန်နေတာတော့ အမှန်ပဲ။ ”
ကူချန်နင်မှ သက်ပြင်းချပြီး ဤထိပ်တိုက်ရင်ဆိုင်မှုတွင် ရှုံးနိမ့်သွားကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်၏။
“ ငါ့နာမည် စုရီ ... မဟာကျိုးကနေလာတယ်။ ”
စုရီမှ ထိုအကြောင်းအရာအပေါ် မှတ်ချက်မပေးတော့ဘဲ သူ့ကတိစကားအတိုင်း နာမည်ပြောပြလိုက်သည်။
“ မဟာကျိုးက စုရီလား။ ”
ကူချန်နင်အပါအဝင် လင်းယွင်ဟဲနှင့် ချင်းယာသည် တစ်ယောက်ကို တစ်ယောက် ပြန်ကြည့် လိုက်ကြလေသည်။
ဤအမည်ကို မရင်းနှီးချေ။ မိုးပြာတိုက်ကြီးတွင် နိုင်ငံပေါင်း ရာနှင့်ချီရှိကာ မဟာကျိုးဟူသည် နိုင်ငံငယ်လေးမျှသာ ဖြစ်သည်။
ထို့ကြောင့် စုရီနာမည်ကို မကြားဖူး ကြသည်မှာ သဘာဝ ပေပင်။ ကူချန်နင်သည် လက်သီးအပေါ် လက်ဖဝါးကို ဖိကပ်ပြပြီး၊
“ ဒီနေ့ မင်းရဲ့ဓားက ... ငါ့ကို အထင်ကြီးမိစေပြီ အနာဂါတ်မှာ ပြန်ဆုံဖြစ်ရင် မင်းဆီကနေ ... အကြံဉာဏ်တောင်းမှာ သေချာပါတယ်။ ”
-ဟု ပြောကြားလိုက်၏။
ထို့နောက် အနီရောင်ဓားရှည်ကို ပြန်လည်ခေါ်ယူကာ မိုးကုတ်စက်ဝိုင်းအတွင်း ပျံသန်း ပျောက်ကွယ်သွားလေသည်။
“ ဆရာ၊ သူက ဒီမှာဆက်နေဖို့ အရမ်းရှက်သွားသလိုပဲ ... နောက်ဆုံးတော့ ဒီပွဲက သူ့အတွက် ... နည်းနည်းလေး အားနည်းသွားတာပဲ မဟုတ်လား။ ”
ချင်းယာမှ တစ်ဖက်လူ ချက်ချင်း ၎င်းထွက်ခွာသွားသည့်အပေါ် နားမလည်ဟန် မှတ်ချက်ပေးလိုက်သည်။ လင်းယွင်ဟဲခမျာ သက်ပြင်းချမိ၏။ ဤသည်မှာ အနည်းငယ် နိမ့်ကျသည်ထက်ပိုချေပြီ။
စုရီသည် သူ့ခွန်အားကို အပြည့်အ၀ အသုံးမချရသေးချေ။ ကူချန်နင်မှာ ဓားအပေါ် ပိတ်ဆို့နိုင်ခဲ့သော်လည်း မူလစွမ်းအင်ကို အသုံးပြုခဲ့ရ၏။
ထို့ကြောင့် ၎င်းတို့နှစ်ဦးကြား မည်မျှ ကွာခြားနိုင်မည်ကို မည်သူမဆို မြင်နိုင်ပေမည်။ သူ့တပည့်မှလွဲ၍။
“ ဒီနတ်ဆိုးကျင့်ကြံသူက မရိုးရှင်းဘူး ... သူ့ခွန်အားက ဒီထက်အများကြီး ပိုသန်မာတယ် မင်းတို့ သူ့အကြောင်း ကြားဖူးလား။ ”
စုရီက မေးသည်။ လင်းယွင်ဟဲမှ ခေါင်းယမ်းပြ၏။ သူ့အတွက် ကူချန်နင်မဆိုနှင့် စုရီအမည်ကိုပင် မကြားဖူးချေ။
စုရီက ဆက်မမေးတော့ဘဲ ကြိမ်ကုလားထိုင်ပေါ် လှဲလျောင်းလျက် အတွေးပွားနေတော့သည်။
ဤကူချန်နင်သည် ရိုးရှင်းသော လူတစ်ယောက် မဟုတ်ချေ။ မဟာတာအို အုတ်မြစ်သည် မူလနန်းတော် အဆင့်ထက် သာလွန်သည်။
ပါရမီရှင်အဖြစ် ခေါ်ထိုက်ပေ၏။ သို့သော် ဤမျှသာ ပေပင်။ သည်ထက်ပို၍ အလေးထား တွေးတောနေစရာ မလိုချေ။ ပျင်းရိလာသဖြင့် ချက်ချင်း အိပ်ပျော်သွားတော့သည်။
တစ်ဖက်တွင် ကူချန်နင်သည် တောင်ကုန်းပေါ် ဆင်းသက်ကာ လမင်းကြီးထံ မော့ကြည့်ပြီး သက်ပြင်းချလိုက်၏။
“ သခင်ငယ် ... ဘာလို့ သက်ပြင်းချ နေရတာလဲ။ ”
ထိုစဉ် နွေးထွေးကြင်နာတတ်သော မျက်ဝန်းများနှင့် ကျောက်စိမ်းလှံတစ်စင်းကို ကိုင်ဆောင်ထားသည့် အဘွားအိုတစ်ယောက် သူ့အနား ရုတ်တရက် ပေါ်လာခဲ့လေသည်။
***