← Chapters

ချင်းဝမ်၏ လျှို့ဝှက်ချက်။

Vol. 29 Ch. 346

ချင်းဝမ်၏ လျှို့ဝှက်ချက်။

Vol. 29 Ch. 346

“ ဘန်း ... ။ ”

မိုးကြိုးများသည် ရင်သပ်ရှုမောဖွယ် သက်တံများကဲ့သို့ မိုးကြိုးတိမ်တိုက်များအပေါ် ဆုတ်ဖြဲကာ ချင်းဝမ်ထံ ထိမှန်သွား၏။

တခဏချင်းမှာပင် သူမ၏ ချစ်စရာကောင်းသော ရုပ်အသွင်ထံလျှပ်စီးများ ကူးစက်လာခဲ့သည်။

ခန္ဓာကိုယ်အနှံ့ လျှပ်စီးများဝန်းရံလျက် အရေပြားပေါ်တွင် မီးရှူးမီးပန်းများကဲ့သို့ စူးရှ တောင်ပနေခဲ့သည်။

ပေါက်ကွဲမှု အသေးစားများ နေရာအနှံ့ဖြစ်ပွားလျက် အသွင်သဏ္ဍန်သည် ပြိုပျက်တော့မည့် အရိပ်အယောင်များဖြင့် မှုန်ဝါးလာ၏။

စုရီမှ မျက်ခုံးပင့်လိုက်သည်။ ယေဘူယျအားဖြင့်ဆိုသော် ဤနောက်ဆုံးသော ကပ်ဘေးသည် တစ္ဆေများအတွက် ပျက်စီးခြင်း ဖြစ်သကဲ့သို့ အသက်ဓာတ်ကိုလည်း ပေးဆောင်နိုင်ချေ၏။

ထိန်းထားနိုင်သရွေ့ ကပ်ဘေးအပြီးတွင် အသက်စွမ်းအား ပြန်လည်ရရှိကာ ဝိညာဉ်ခန္ဓာ အဖြစ် ပုံဖော်နိုင်ပြီ ဖြစ်သည်။

သို့သော် ချင်းဝမ်အတွက် ဤနောက်ဆုံးသော မိုးကြိုးကပ်ဘေးကြီးသည် အသက်စွမ်းအင် မပါရှိခဲ့ဘဲ ပျက်စီးခြင်းများသာ ပြည့်နှက်နေ၏။

ဆိုလိုသည်မှာ ကပ်ဘေးကို ဖြတ်ကျော် နိုင်လျှင်ပင် ချင်းဝမ်အတွက် ဝိညာဉ်ခန္ဓာကိုယ် ပုံသွင်းနိုင်တော့မည်မဟုတ်ချေ။

“ ဘာတွေဖြစ်နေတာလဲ ... ။ ”

စုရီမှ ရေရွတ်လိုက်သည်။ ချင်းဝမ်၏ မူလသည် ထူးဆန်းလွန်းနေသဖြင့် ဤသို့သော ကပ်ဘေးကို ဆွဲဆောင်နေသည်လော။

“ ဂျိန်း ... ။ ”

ကောင်းကင်တာအိုသည် သူမကို လုံးလုံးလျားလျား သေစေလိုနေ၏။ ယင်းသည် ဝိညာဉ်ပင်လယ်၌ သူ ရင်ဆိုင်ခဲ့ရသော ကပ်ဘေးနှင့် ဆင်တူသည်။

ထိုစဉ်က ဤသို့သောကပ်ဘေးကို သူ ဖြတ်ကျော်နိုင်ခဲ့သည်မှာ ငရဲဘုံကိုးပါးဓား၏ အကူအညီကြောင့် ဖြစ်သည်။

စုရီမှ မျက်မှောင်ကြုတ်လိုက်သည်။ ချင်းဝမ်၏ ကျက်သရေရှိလှသော ရုပ်သွင်သည် လုံးလုံးပြိုကွဲသွားတော့မည်ကို မြင်လိုက်ရ သဖြင့် တုံ့ဆိုင်းမနေဝံ့တော့ဘဲ ကူညီရန်အတွက် ငရဲဘုံကိုးပါးဓားရောင်ဝါကို စုစည်းလိုက်၏။

“ ဟမ့် ... ။ ”

သို့သော် ထိုအချိန်တွင် ချင်းဝမ်၏ ခန္ဓာကိုယ်အတွင်းမှ တောင်နှင့် မြစ်များအသွင် ရုတ်ချည်း ထွက်ပေါ်လာခဲ့သည်။

၎င်းတို့သည် ကောင်းကင်၌ ဇောက်ထိုး တွဲလောင်းကျနေသကဲ့သို့ လေထဲလွင့်မျောကာ အလယ်တွင် တွင်းနက်ကြီးတစ်ခု ရှိနေ၏။

အနီးကပ်ကြည့်သော် ထိုတွင်းနက်သည် မျက်ဆံနှင့်တူပြီး ပြောင်းပြန်စီးဆင်းနေခဲ့သော တောင်နှင့်မြစ်သည် မျက်တောင်များဖြစ်၏။

“ ဒါ ... ဝိညာဉ်ကျောက်စိမ်းပေါ်မှာ ရေးထွင်းထားတဲ့ ထူးခြားဆန်းကျယ်လှတဲ့ ‌မျက်ဝန်းကြီးပဲ။ ”

ယင်းသည် ထူးဆန်းသော မျက်လုံးကြီးတစ်လုံးဖြစ်သဖြင့် စုရီမှ အံ့ဩသွား တော့သည်။

“ ဘောင်း ... ဘောင်း ... ဘောင်း ... ။ ”

၎င်းထွက်ပေါ်လာသည်နှင့် တပြိုင်နက် ချင်းဝမ်ကို ဖျက်ဆီးနေသော မိုးကြိုးစွမ်းအင်များ ပေါက်ကွဲကုန်ပြီး မျက်ဝန်းကြီးက စုပ်ယူ သွားတော့သည်။

ထို့နောက်တွင် ထိုမျက်လုံးသည် မကျေမနပ်ဖြင့် မိုးကြိုးတိမ်တိုက်များထံသို့ ပြန်၍မော့ကြည့်လာ၏။

“ ဂျိန်း ... ဂျိန်း ... ဂျိန်း ... ။ ”

ဤအခိုက်တွင် ကောင်းကင်တာအိုမှာ ပို၍ဒေါသထွက်လာပြီး လျှပ်စီးမိုးကြိုးများဖြင့် ဆက်တိုက်ပစ်ခတ်လာသည်။

ထိုမြင်ကွင်းသည် ကောင်းကင်ဘုံမှ လျှပ်စီးရေတံခွန်ကြီး ပြိုကျလာသည်နှင့် တူ၏။ သို့သော် ထိုထူးဆန်းသော မျက်လုံးကြီးက လမ်း၌ဖြတ်ကာ စုပ်ယူလိုက်သည်။

“ ဂျိန်း ... ။ ”

ယင်းကြောင့် ကောင်းကင်တာအိုသည် ပို၍ဒေါသထွက်လာခဲ့သည်။ တဂျိန်းဂျိန်းမြည်သံ ပြုလျက် ချင်းဝမ်ကို ဖျက်ဆီးရန် ကြိုးစား၏။ ဤဖြစ်စဉ်သည် ဆယ်မိနစ်ခန့်ကြာချေပြီ။

အကျိုးဆက်အနေဖြင့် ထူးဆန်းသော မျက်လုံးကြီးသည် လျှပ်စီးများကို စုပ်ယူလျက် တရွေ့ရွေ့ တောက်ပလာပြီး နေတစ်စင်းကဲ့သို့ အလင်းများ ပေးစွမ်းလာ၏။

“ စိတ်ဝင်စားစရာပဲ … ။ ”

စုရီမှ ပြုံးလိုက်သည်။ ဤဖြစ်စဉ်အရ တစ်စုံတစ်ရာအပေါ် သဘောပေါက်လာခဲ့၏။ ထို့နောက် ဝိညာဉ်ကျောက်စိမ်းတစ်လုံးကို ထုတ်ယူပြီး ငုံ့ကြည့်မိသည်။

ကျောက်စိမ်းတုံး၏ မျက်နှာပြင်တွင် လေထဲရှိ ထူးဆန်းသောမျက်လုံးနှင့် တူညီသည့် ပုံစံကို ရေးထွင်းထား၏။

ကျန်တစ်ဖက်တွင် ရှုပ်ထွေးသော တားမြစ်အမိန့်ရှိသည်။ တစ္ဆေကျင့်ကြံသူများ အတွက် မြင့်မြတ်သောရတနာဖြစ်၏။

ကျောက်စိမ်းတုံးပေါ်ရှိ တားမြစ်အမိန့်ကို ရေးထွင်းသူသည် ဧကရာဇ်နယ်ပယ် ဖြစ်သည်။ ထို့ကြောင့် ချင်းဝမ်မူလသည် မရိုးရှင်းကြောင်း သူ ကောက်ချက်ချနိုင်ခြင်းဖြစ်၏။

သို့သော် ဝိညာဉ်ကျောက်စိမ်း၏ မြင့်မြတ်သောရောင်ဝါသည် ပျောက်ကွယ်သွား သည်ဟု ယူဆခဲ့သော သူ့အတွေးမှာ မှားယွင်းနေခဲ့သည်။

အမှန်တွင် ၎င်းတားမြစ်အမိန့်သည် ပျောက်ကွယ်မသွားခဲ့ဘဲ တံဆိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲကာ ချင်းဝမ်ခန္ဓာကိုယ်အတွင်း ပေါင်းစည်းနေခဲ့ခြင်းဖြစ်၏။

ဤနည်းဖြင့် သူမ အန္တရာယ်ကြုံချိန်၌ အသက်ဝင်လာပြီး လျှပ်စီးမိုးကြိုးစွမ်းအင်ကို စုပ်ယူကာ ကာကွယ်ပေးနေခြင်းဖြစ်သည်။

“ ဘရူး ... ။ ”

အတွေးများနေခဲ့စဉ် လျှပ်စီးများ ဖုံးလွှမ်းနေသော ချင်းဝမ်မှ တုန်ခါသွားသည်ကို သတိပြုမိလိုက်၏။

၎င်းသည် လိပ်ပြာ မဖြစ်လာမီ ပိုးအိမ်အတွင်းမှ ကွဲထွက်နေသည့် ဖြစ်စဉ်နှင့် တူနေချေပြီ။

တစ်ချိန်တည်းမှာပင် ကောင်းကင်ရှိ မိုးကြိုးတိမ်တိုက်များ လုံးဝပျောက်ကွယ်လျက် ကြည်လာတောက်ပလာသည်။

လျှပ်စီးမိုးကြိုးများကို စုပ်ယူနေသော မျက်ဝန်းကြီးသည်လည်း ဖြည်းညှင်းစွာဖြင့် သူမ ခန္ဓာကိုယ်ထဲ တိုးဝင်ပျောက်ကွယ်သွား၏။

မြင်ကွင်းမှာ ရှင်းလင်းသွားချေပြီ။ တိမ်မြူကင်းစင်သွားသကဲ့သို့ ချင်းဝမ်အသွင်ကို ကျောပေးလျက် မြင်လာရ၏။

အိပ်မက်ဆန်သော ရောင်ဝါများဖြင့် ဝန်းရံထားကာ လေထုအလယ် အဝတ်ဗလာနှင့် ရပ်နေခြင်းပေပင်။

ကောင်းကင်ကပ်ဘေးအတွင်း သူမအင်္ကျီများအားလုံး လောင်မြိုက်သွားချေပြီ။ အနက်ရောင် ဆံပင်ရှည်များက ရေတံခွန်ကဲ့သို့ တင်ပါးပေါ် ဖြောင့်စင်းစွာ ကျဆင်းနေ၏။

ထိုမြင်ကွင်းသည် မိုးရွာပြီးစ ဖုန်မှုန်များ ကင်းစင်နေသော တောတောင်မြက်ခင်းပြင်များ အလား သန့်ရှင်းတောက်ပြောင်နေသည်။

“ ဟမ့် ... ။ ”

သူမက စုရီကို ကျောပေးထားသော အသွင်ဖြင့် မျက်လုံးများ ပွင့်လာခဲ့ပြီးနောက် သူမကိုယ်သူမ ငုံကြည့်ကာ ချက်ချင်း ရှက်ရွံ့သွားချေပြီ။

ဤအခိုက်တွင် စုရီသည် သူမအနား ရုတ်တရက် ရောက်ရှိသွားပြီး အဝတ်အစားများ ကမ်းပေးလိုက်တော့သည်။

“ နောက်တစ်ခါ ... အသွင်ပြောင်း ကပ်ဘေးကိုရင်ဆိုင်ရင် မင်းအဝတ်အစားတွေ ပြင်ဆင်ထားဖို့ မမေ့နဲ့ ... ။ ”

သူ့စကားကြောင့် ချင်းဝမ်ခမျာ မျက်နှာနီရဲသွားပြီး ခေါင်းငုံလျက် ချက်ချင်း လက်ခံယူလိုက်သည်။

“ တာအိုသခင် ... ဝမ်အာကို ဘယ်သူမှ မမြင်လိုက်ဘူး မဟုတ်လား။ ”

“ မှန်တယ် ... ၊ ငါ့ကလွဲလို့ ... ။ ”

“ အား ... ၊ တာအိုသခင် ... ဝမ်အာကို ကြည့်နေတာလား။ ”

ချင်းဝမ်ရုပ်သွင်သည် ပို၍နီမြန်းလာ၏။

“ သေချာတာပေါ့ ... ဒါကြောင့်ပဲ ကျန်တဲ့လူတွေကို အဝေးလွှတ်ပြီး မင်းအတွက် အဝတ်အစား ပြင်ပေးထားနိုင်တာ။ ”

ဤတစ်ကြိမ်အဖြေသည် သူမကို ခေါင်းမဖော်နိုင်တော့ချေ။ တာအိုသခင်သည် စကားများကို ထိုမျှပွင့်လင်းစွာ ပြန်လည် ဖြေကြားနေစရာ မလိုဟု မြင်၏။

“ ကောင်းပြီ ... ငါမင်းကိုမေးစရာရှိတယ်။ ”

စုရီက လေထဲခြေတစ်လှမ်း လှမ်းလိုက်ပြီး တောင်ထိပ်သို့ ပြန်လည် ဆင်းသက်လာခဲ့သည်။ များမကြာမီ အစိမ်းရောင် အင်္ကျီဝတ်စုံဖြင့် ချင်းဝမ်က စုရီအနား ရောက်ရှိလာ၏။

ယင်းသည် စုရီ၏အဝတ်အစားများ ဖြစ်သောကြောင့် သူမနှင့် အနည်းငယ်ကြီးပြီး လွင့်ဝဲနေချေပြီ။

“ ကျေးဇူးတင်ပါတယ် တာအိုသခင်။ ”

ချင်းဝမ်မှ ရိုသေစွာ ဦးညွှတ်လိုက်သည်။

“ မေးပါရစေ၊ အခု တစ်ခုခုကို မင်းမှတ်မိပြီလား။ ”

စုရီမေးခွန်းကြောင့် ချင်းဝမ်မှ အနည်းငယ် တွေဝေသွားကာ၊

“ မှုန်ဝါးတဲ့ ပုံရိပ်တွေရှိပေမယ့် ... အဲဒါကို ရှင်းရှင်းလင်းလင်း မြင်အောင်ကြိုးစားလိုက်ရင် ဘာမျှကို ရှာမတွေ့တော့ဘူး။ ”

-ဟု ပြန်လည် ဖြေကြားလေသည်။

“ မဆိုးဘူး ... ဒါကောင်းတဲ့သတင်းပဲ အနည်းဆုံးတော့ မင်းရဲ့ကျင့်ကြံမှု တိုးတက် လာတာနဲ့အမျှ အတိတ်ကို ပြန်သတိရလာ နိုင်တယ်။ ”

စုရီမှ ခေါင်းညိတ်လိုက်၏။

“ တာအိုသခင် ... အတိတ်ရဲ့ အမှတ်တရတွေကို ဝမ်အာ စိတ်မဝင်စားပါဘူး တာအိုသခင်နဲ့အတူ ရှိနေသရွေ့ ... ဝမ်အာ ကျေနပ်နေပါပြီ။ ”

ထိုစကားကြောင့် စုရီက ပြုံးသည်။

“ ကောင်းပြီ ... မင်းခန္ဓာကိုယ်ထဲမှာ တံဆိပ်ခတ်ထားတဲ့ စွမ်းအားတစ်ခု ရှိနေတယ် ဆိုတာ မင်းသိလား။ ”

“ ဟမ့် ... နားမလည်ဘူး တာအိုသခင် ဝမ်အာကို ရှင်ပြပါ။ ”

စုရီက ဝိညာဉ်ကျောက်စိမ်းကို ထုတ်ယူကာ၊

“ မင်းခန္ဓာကိုယ်ထဲမှာရှိတဲ့ တံဆိပ်က ဒီဝိညာဉ်ကျောက်စိမ်းကနေ လာပုံရတယ်၊ မင်း မိုးကြိုးကပ်ဘေးကို ကျော်လွှားနေတုန်း သူ ... ။ ”

စုရီက ဖြစ်စဉ်များကို ပြန်လည် ပြောပြလိုက်သည်။ အတိတ်မှ မှတ်ဉာဏ်အချို့ ပြန်လည်ရရှိစေရန် မျှော်လင့်ချက်နှင့် ဖြစ်၏။

သို့သော် သူ့စကားများကြားပြီးနောက် ချင်းဝမ်ခမျာ စိတ်ရှုပ်ထွေးစွာ ငြိမ်သက်သွား တော့သည်။ တုံ့ပြန်မှု မရှိချေ။

“ တာအိုသခင် ... ဝမ်အာ ဘာကိုမျှ မမှတ်မိတော့ဘူး ... မှတ်မိတာဆိုလို့ ဒီကပ်ဘေး ကနေ လွတ်မြောက်လာရင် ... တာအိုသခင်ကို သခင်အဖြစ် အသိအမှတ်ဖို့ပဲ။ ”

အဆုံးတွင် ချီတုံချတုံဖြင့် ပြန်လည် ဖြေကြားလာခဲ့သည်။ စုရီထံမှ ငြင်းဆန်မည်ကို သူမ ကြောက်ရွံ့နေချေ၏။

“ ဟားဟားဟား ... ငါပြောခဲ့တယ် မဟုတ်လား ... ဒါခေါင်းစဉ်တစ်ခုပဲ မင်းဆန္ဒ ရှိသလို ခေါ်နိုင်ပါတယ်။ ”

သို့မှသာ ချင်းဝမ်မျက်နှာ ပြုံးရွှင်လာပြီး မျက်ဝန်းများ တောက်ပလျက်၊

“ ဒါဆို ... တာအိုသခင်ကို ဒီနေ့ကနေစပြီး ဝမ်အာရဲ့သခင်အဖြစ် သတ်မှတ်လိုက်ပြီ။ ”

“ ဟမ့် ... အရမ်း ပျော်မနေနဲ့ ... ငါ့ရဲ့ ညွှန်ကြားချက်တွေကို လိုက်နာပါ ငါ့နာမည်ကို အသုံးပြုပြီး ... အခက်အခဲတွေကို ဖြေရှင်းဖို့ ကြိုးစားတာမျိုး မလုပ်နဲ့ ... နားလည်လား။ ”

“ စိတ်ချပါ သခင်လေး ... ဝမ်အာ နားလည်ပါတယ်။ ”

“ ပြီးတော့ ... မင်းငါ့ကို မင်းရဲ့သခင်လို့ ခံယူထားပေမယ့် ... ငါကတော့ မင်းကိုအစေခံ အဖြစ် သတ်မှတ်မှာ မဟုတ်ဘူး ...

... နောက်ဆုံးတော့ ငါတို့က ဝိညာဉ်တာအိုနယ်ပယ် ရောက်ရင် အတူတူ လေ့ကျင့်စရာတွေရှိနေသေးတယ်။ ”

ဤသည်မှာ နှစ်မွှာကျင့်ကြံခြင်းကို ရည်ရွယ်ခဲ့ခြင်း ဖြစ်သောကြောင့် ချင်းဝမ်ခမျာ ချက်ချင်းအေးခဲသွားချေပြီ။

သခင်သည် ဤကိစ္စအပေါ် ပွင့်ပွင့်လင်းလင်း ပြောရသည်ကို ကြိုက်ပုံရသည်။ ရှက်ပုံ မပြချေ။ အနည်းငယ် ပို၍ သိုဝှက်သင့်သည်ဟု မြင်၏။

“ သခင်လေး ... ငါ အလောင်းတွေ ရှင်းပြီးပြီ။ ”

ထိုစဉ် ယွမ်ဟမ်ပြန်ရောက်လာကာ စုရီကိုအစီရင်ခံ ဦးညွှတ်ပြီးနောက် ချင်းဝမ်ထံ လှည့်ကြည့်လျက် နှုတ်ဆက်လေသည်။

“ ဂုဏ်ယူပါတယ် မိန်ကလေးချင်း ... အခုအချိန်ကစပြီး မင်းရဲ့တာအိုလမ်းပေါ်ကို စတင် လျှောက်လှမ်းနိုင်ပါပြီ။ ”

“ ကျေးဇူးတင်ပါတယ် ... ။ ”

“ ဘူးသီးခြောက်ထဲ ပြန်သွားတော့။ ”

စုရီက ပြောကြားလိုက်၏။ ချင်းဝမ်က ချက်ချင်းပင် အလင်းတန်းအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့သည်။

သူမသည် စစ်မှန်သော ခန္ဓာကိုယ်ကို ပြောင်းလဲထားသော်လည်း အသွေးအသားများ မပိုင်ဆိုင်သေးသဖြင့် ကွဲပြားနေဆဲဖြစ်သည်။ ထို့ကြောင့် ဘူးသီးခြောက်ထဲ ဆက်၍ နေနိုင်နေသေး၏။

“ အရမ်း လှတယ် ... ဒီလို တစ္ဆေမလေးတစ်ကောင်သာ အနားမှာရှိနေခဲ့ရင် ပျင်းတဲ့အခါ စကားပြောဖော်ရမှာ သေချာတယ်။ ”

ထိုစဉ် ချင်းယာသည် အဝေးမှချင်းယာကို မြင်ပြီးနောက် မနာလိုဟန်ဖြင့် ညည်းတွားလိုက် တော့သည်။

စုရီက သက်ပြင်းချလျက် ချင်းယာကို လျစ်လျူရှုလိုက်၏။ ဤမိန်းကလေး၏ စိတ်နေ စိတ်ထားသည် ချင်တျန်နှင့် အမှန် တူချေပြီ။

လင်းယွင်ဟဲက စုရီကို ဦးညွှတ်ပြီး၊

“ တာအိုမိတ်တွေ၊ ငါနဲ့ ငါ့တပည့်က မဟာရှကို ခရီးထွက်ဖို့ စီစဉ်နေတာ ... မင်း ငါတို့နဲ့အတူ လိုက်ဖို့ ဆန္ဒရှိပါသလား။ ”

-ဟု ဖိတ်ခေါ်လိုက်တော့သည်။

စုရီမှ ပြန်ဖြေရန် ပြင်လိုက်သော်လည်း ရုတ်တရက် တစ်စုံတစ်ရာကို သတိပြုမိဟန်ဖြင့် အဝေးသို့ မျှော်ကြည့်လိုက်၏။

“ ရွှီ ... ။ ”

ထိုအရပ်တွင် တိုးညှင်းသော လေခွင်းသံနှင့်အတူ တစ်စုံတစ်ရာ လျင်မြန်စွာ ရွေ့လျားလာသည်ကို မြင်လိုက်ရသည်။

“ ဝုန်း ... ။ ”

၎င်းသွားရာ လမ်းတစ်လျှောက် ရေမျက်နှာပြင်သည် အောက်သို့နိမ့်ဆင်းလျက် လှိုင်းလုံးများ ဖြစ်ကျန်ရစ်နေတော့၏။

***

All Chapters