အခန်း (၄၅၀)
Vol. 30 Ch. 450
သို့သော် ထိုအချိန်တွင် ရွှမ်ယီ၏ စကားသံ ရုတ်တရက် ထွက်ပေါ်လာ၏။
“ အခုချိန် လေလံပွဲမှာ ပစ္စည်းတစ်ခုခု ထပ်ထည့်လို့ရဦးမလား...?”
လှပသော ၀န်းထမ်းမိန်းကလေး အနည်းငယ် အံ့အားသင့်သွားခဲ့ပြီး
“ ရပါတယ်… ဒါပေမယ့် လေ့လံပွဲစမယ့်အချိန် နီးကပ်နေပြီဖြစ်တဲ့အတွက် ဧည့်သည်တော် အနေနဲ့ ပစ္စည်းအသစ် ထည့်သွင်းချင်တယ်ဆိုရင် အနည်းဆုံး အဆင့်(၆) ဖြစ်မှ ရပါမယ်…”
သူမက ပြုံးလျက် ဆက်ပြောလိုက်သည်။
“ ဒါပေမယ့် လေလံပွဲပြီးသွားရင် တွေ့ဆုံပွဲတစ်ခု စီစဉ်ထားတာ ရှိပါတယ်… တောင်းပိုင်းကောင်းကင်တံခါး လူငယ်မျိုးဆက် စုဝေးပွဲဆိုလည်း မမှားပါဘူး… အဲ့ပွဲမှာ မြင့်မြတ်သားတော် သမီးတော်တွေက ရှားပါးရတနာတွေ လဲလှယ်ကြပါလိမ့်မယ်…”
“ ပြီးတော့ အဲ့ဒီ တွေ့ဆုံပွဲမှာ ဘာကန့်သတ်ချက်မှ မရှိပါဘူး… ဧည့်သည်တော် ဆန္ဒရှိရင် အဲ့အချိန်ကျမှ ဖလှယ်လို့လည်း ရပါတယ်…”
မြင့်မြတ်သားတော် သမီးတော်များ စုဝေးခြင်း…?
ရွှမ်ယီ၏ မျက်၀န်းများ တောက်ပလာခဲ့သည်။
ဤ မြင့်မြတ်ခြင်းမူလ စုဝေးပွဲနေရာ၌ တစ်နေကုန် လှည့်ပတ် သွားလာခဲ့ပြီးနောက် တောင်ပိုင်းကောင်းကင်တံခါးနှင့် ပတ်သက်ပြီး အချက်အလက်တော်တော်များများ သိခဲ့ရ၏။
သူ မျှော်လင့်ထားသည့်အတိုင်းပင်။ အရှေ့ပိုင်းတိုက်ကြီးက တောင်ပိုင်းတိုက်ကြီးနှင့် ယှဉ်ပါက အလွန်အားကောင်းလှ၏။
ဤနေရာတွင် ပါရမီရှင်များစွာရှိပြီး တစ်ယောက်ချင်းစီတိုင်းက ကောင်းကင်ဘုရင်အဆင့်သို့ ရောက်နေခဲ့ကြချေပြီ။
အသက်(၁၀၀)ပင် မပြည့်သေးဘဲ အင်ပါယာအဆင့်သို့ ရောက်နေသူများပင်ရှိ၏။
ရွှမ်ယီနှင့် နှိုင်းယှဉ်လျှင်မူ ၎င်းတို့က တော်တော်လေး အသက်ကြီးနေကြသေးသည်။
သို့သော် အသက်(၁၀၀)ပင် မပြည့်သေးဘဲ အင်ပါယာ အဆင့်သို့ ရောက်နေကြသူများသဖြင့် အလွန်ထူးချွန်သူများဖြစ်ကြောင်း လက်ခံရပေလိမ့်မည်။
ဤ စုဝေးပွဲမှ တစ်ဆင့် အရှေ့ပိုင်းတိုက်ကြီးနှင့် ပတ်သက်သော အရေးကြီးသတင်းများနှင့် အင်းအားစုကြီးများအကြောင်း သိခွင့်ရနိုင်သည်။
ထို့ကြောင့် လေလံပွဲပြီးဆုံးပါက မဖြစ်မနေသွားရမည်။
ရွှမ်ယီ တိတ်ဆိတ်နေခြင်းက သူမ စကားကို လက်ခံခြင်းဖြစ်သည်ဟု ၀န်းထမ်း မိန်းကလေး ယူဆလိုက်၏။
ရွှမ်ယီ မည်မျှပင် သန်မာစေကာမူ ကောင်းကင်ဘုရင်တစ်ယောက်မျှသာ ဖြစ်သေးသည်။
ထို့ကြောင့် အလွယ်တကူ ထုတ်ယူနိုင်သည့် အဆင့်မြင့် ရတနာ များစွာ ရှိမည်ဟု သူမမထင်ပေ။
အကယ်၍ ပိုင်ဆိုင်ထားလျှင်တောင် ဝှက်ဖဲများသာ ဖြစ်ရမည်။
၎င်းတို့အား ထုတ်မသုံးနိုင်လောက်ပေ။
သို့သော် ရွှမ်ယီ ပြန်လည်သတိ၀င်လာခဲ့ပြီး ညာလက်အား အသာအယာဝှေ့ယမ်းလိုက်၏။
ပြုပြင်ထားသော ခုနှစ်သွယ် သတ်ဖြတ်ခြင်းဓားကျင့်စဉ် ပါ၀င်သည့် ကျောက်စိမ်းအား ၀န်ထမ်း မိန်းကလေး လက်အတွင်း ထည့်ပေးလိုက်သည်။
“ အဲ့တာက ဘယ်လောက် တန်းကြေးရှိမလဲဆိုတာ ကြည့်ပေးပါဦး…”
၀န်ထမ်း မိန်းကလေး ကျောက်စိမ်းစလစ်အား အလျှင်အမြန် ကြည့်ရှုလိုက်သည်။
သို့သော် ၎င်းမှ အလွန်ထက်ရှသော ဓားအလင်းများ ထွက်ပေါ်လာသည့်အလား ခံစားလိုက်ရပြီး မျက်လုံးများ စူးအောင့်သွားခဲ့၏။
၎င်းအား တည့်တည့်မကြည့်ရဲတော့ချေ။
သူမ နှလုံးသားထဲ၌ အံ့အားသင့်မှုများ လှိုင်းတံပိုး ထန်လာခဲ့သည်။
သူမ လက်ထဲမှ ကျင့်စဉ်က အင်ပါယာအဆင့်ကျင့်စဉ် တစ်ခုဖြစ်ပြီး အင်ပါယာအဆင့်၌ပင် အဆင့်နိမ့်ကျင့်စဉ်တစ်ခု မဖြစ်နိုင်ပေ။
သူမထံ၌ အတွေ့အကြုံမရှိသောကြောင့်မဟုတ်ချေ။ အဆင့်(၆) ရတနာချင်းတူလျှင်တောင် ကျင့်စဉ်များက ဆေးပင်များ ၊ ဆေးလုံးများ ၊ မှော်လက်နက်များနှင့် ခြားနားသည်။
တန်ဖိုးကွာဟချက်က အနည်းဆုံး နှစ်ဆမှ ဆယ်ဆအထိ တိုးလာနိုင်ချေရှိ၏။
ကျင့်စဉ်ကောင်းတစ်ခု ပိုင်ဆိုင်ထားပါက မိမိအရည်အချင်း ပြည့်မှီနေသ၍ အဆင့်မြင့်တက်လာပေလိမ့်မည်။ ချွင်းချက်အနေဖြင့် အနည်းငယ် နှေးကွေးသွားရုံသာရှိ၏။
သို့သော် ကျင့်စဉ်ကောင်း တစ်ခုမရှိပါက မည်မျှ ကောင်းမွန်သော ကောင်းကင်နှင့် မြေကြီး ရတနာများ ပိုင်ဆိုင်ထားစေကာမူ ရလဒ်ကောင်းအား ရရှိရန် ခက်ခဲပေလိမ့်မည်။
ဤ ကျောက်စိမ်းတုံးအတွင်းမှ ကျင့်စဉ်၏ တန်ဖိုးက သူမဆုံးဖြတ်နိုင်သည့် ကိစ္စမဟုတ်ကြောင်း နားလည်ထားသည်။
ချက်ချင်း ရွှမ်ယီအား ရိုသေစွာ ဦးညွှတ်လိုက်ပြီး
“ ဧည့်သည်တော်ရှင့်.. ဒီဟာက အရမ်းတန်ဖိုးကြီးလွန်းပါတယ်… ကျွန်မ ဆုံးဖြတ်ပေးလို့မရဘူး… ဒါကြောင့် ခဏစောင့်ပေးပါ… အထက်လူကြီးဆီကို တင်ပြပေးပါမယ်…”
ရွှမ်ယီ ခေါင်းညိတ်ပြလိုက်သည်နှင့် ဝန်ထမ်းမိန်းကလေးက လေးစားစွာတစ်ချက် ဦးညွှတ်လိုက်ပြီးနောက် သီးသန့်အခန်းထဲမှ ထွက်သွားလေသည်။
ထို့နောက် ကြီးကြပ်သူအခန်းရှိရာဆီသို့ အလျှင်အမြန်လျှောက်သွားလိုက်၏။
မြင့်မြတ်ခြင်းမူလ လေလံစံအိမ် ကြီးကြပ်သူအခန်းထဲတွင် ပထမအတိဒုက္ခ အင်ပါယာအဆင့် အဘိုးအိုတစ်ယောက်က ရွှမ်ယီ ပေးအပ်လိုက်သော ဓါးကျင့်စဉ်အား ဂရုတစိုက်ကြည့်ရှုနေခဲ့သည်။
သူ၏ အသိစိတ်ထဲတွင် ထိုကျင့်စဉ်ထဲ၌ ပါဝင်သော မရီဒန် အကြောများအား ပုံဖေါ်ကာ ဓါးကျင့်စဉ်အား စမ်းသပ်ကြည့်ရန် ကြိုးစားနေ၏။
တစ်ကြိမ်….
နှစ်ကြိမ်…
အနည်းငယ်မျှ ထူးခြားလာခြင်းမရှိသေးချေ။
သို့သော် တတိယအကြိမ် စမ်းသပ်လိုက်ချိန်တွင် ကြီးကြပ်သူ အဘိုးအို၏ မျက်နှာထက်၌ ထိတ်လန့်မှုများ ထွက်ပေါ်လာ၏။
ယင်းမှာ သူ၏ အသိစိတ်ပင်လယ်ထဲတွင် ပုံဖော်ဖန်တီးထားသည့် မရီဒန်ပတ်လမ်းကြောင်းများကြောင့်ဖြစ်သည်။
အကြိမ်အနည်းငယ် စမ်းသပ်ခဲ့ပြီးနောက် ထိုဓါးကျင့်စဉ်၏ အနှစ်သာရကို ဆုပ်ကိုင်မိခဲ့သည်။
၎င်းက အစစ်အမှန်ကျင့်ကြံခြင်းမဟုတ်ဘဲ တစ်ခဏမျှ စမ်းသပ်ခြင်းဖြစ်သည့်တိုင်အောင် ဓါးရည်ရွယ်ချက် သန္ဓေသားပုံစံအား ဝိုးတဝါး ဖမ်းဆုပ်မိခဲ့၏။
“ ဟူး…”
အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ပြီးနောက် ကြီးကြပ်သူ အဘိုးအို ရုတ်တရက် ထရပ်လိုက်သည်။
မတ်တပ်ရပ်လျှက်သား တစ်ခဏမျှ မှင်သက်နေခဲ့ပြီးနောက် ထိုဓါးကျင့်စဉ်အား လာပေးသည့် ၀န်ထမ်း မိန်းကလေးအနီးသို့ လျှောက်သွားလိုက်ကာ
“ ဒီဓါးကျင့်စဉ်ကို ဘယ်သူ ထုတ်ပေးလိုက်တာလဲ…”
၀န်ထမ်း မိန်းကလေး တုန်လှုပ်သွားပြီး တခဏမျှ စကားမပြောနိုင်ဖြစ်သွားခဲ့ရသည်။
“ အဲ့တာ အခန်းနံပါတ်(၁၃)ကပါ… ပြီးတော့ သင်္ချေနဂါးမင်းဆက်က ပဉ္စမ မင်းသားကို သတ်ခဲ့တဲ့လူပဲ…”
ကြီးကြပ်သူက ထိုမိန်းကလေး၏ စကားကိုပင် ဆုံးအောင်နားမထောင်ခဲ့ချေ။
အခန်းနံပါတ်သိရပြီးသည်နှင့် တစ်ဟုန်ထိုး ပြေးထွက်သွား၏။
ဤကမ္ဘာကြီးပေါ်တွင် အင်ပါယာအဆင့် ကျင့်စဉ်များ အလွန်များပြားစွာ ရှိနေခဲ့သော်လည်း အကြိမ်အနည်းငယ်လောက် လှည့်ပတ်ကြည့်ရုံနှင့် ဓားရည်ရွယ်ချက် အနှစ်သာရကို နားလည်နိုင်သည့် ကျင့်စဉ်မျိုးမှာ ဖီးနစ်အမွေး ၊ ချီလင်ဦးချိုကဲ့သို့ ရှားပါးလှသည်။
တာအိုအဆင့်ကျင့်စဉ်ပင်လျှင် ထိုသို့ စွမ်းဆောင်နိုင်ရန် မလွယ်ကူပေ။
သူ၏ လက်ရှိ ကျင့်ကြံမှုက အင်ပါယာအဆင့်သို့ ရောက်ရှိနေခဲ့သော်လည်း ဓားတာအိုနှင့် ပတ်သက်ပြီး ကနဦးအဆင့်၌ပင်မရှိချေ။
ထိုလူငယ်အား ဘယ်လို ဆန်းကျယ်သော လူမျိုးက လေ့ကျင့်ပေးခဲ့သနည်း…?
ဤကဲ့သို့ ကျင့်စဉ်မျိုးအား သာမန်အတိုင်း ဘယ်လိုလုပ်ပြီး ရောင်းပစ်နိုင်ရတာလဲ…?
“ ဧည့်သည်တော်ရဲ့ ကျင့်စဉ်က အရမ်းတန်ဖိုးရှိတယ်… ဒါပေမယ့် ကြည့်ရတာ တချို့နေရာတွေမှာ နည်းနည်းလောက် ပြင်ဆင်ဖို့ လိုအပ်နေပုံပဲ…”
ရွှမ်ယီ၏ သီးသန့်ခန်းအတွင်း အင်ပါယာအဆင့် ကြီးကြပ်သူက တလေးတစားဖြင့် မေးလိုက်၏။
ရွှမ်ယီက လက်ထဲမှ လက်ဖက်ရည်ခွက်အား စားပွဲပေါ် အသာအယာချထားလိုက်ပြီး
“ ဒီကျင့်စဉ်ကို ကျုပ် ကံကောင်းပြီးရခဲ့တာပဲ… အဲ့တာက ပြည့်စုံလား မပြည့်စုံလားဆိုတာ ကျုပ်လည်း သေချာမသိဘူး…”
ထိုစကားကိုကြားပြီးနောက် အင်ပါယာအဆင့် ကြီးကြပ်သူ အနည်းငယ် စိတ်ပျက်သွားခဲ့သည်။
အစပိုင်းတွင် ထိုကျင့်စဉ်အား မြင့်မြတ်သားတော် ရွှမ်ယီ၏ ကျင့်စဉ်ဟု သူထင်မှတ်ထားခဲ့သည်။
၎င်းအား ပြည့်စုံအောင် ပြုလုပ်ရန် အခွင့်အရေးရှိမရှိ သိချင်ခဲ့၏။
သူက အမြင်စူးရှသူတစ်ယောက်ဖြစ်လေရာ ခုနှစ်သွယ် သတ်ဖြတ်ခြင်းဓားကျင့်စဉ် အတွင်းရှိ ရွှမ်ယီ ပြောင်းလဲထားသော အချက်များကို မြင်နိုင်ခဲ့သည်။
သူကိုယ်တိုင် ၎င်းအား စမ်းသပ်ကြည့်လိုက်လျှင် ဤကျင့်စဉ်အား ဓားရည်ရွယ်ချက်အရာ၌ အလွန်အဆင့်မြင့်မြင့်သို့ ရောက်နေသည့် ဓားပညာရှင်တစ်ယောက် ဖန်တီးထားကြောင်း နားလည်သွား၏။
ထို့အပြင် ကျင့်စဉ်အတွင်းမှ မပြည့်စုံမှုများက အတမင်သက်သက် ပြောင်းလဲထားခြင်းဖြစ်ဟန်တူပြီး ၎င်းအား အနည်းငယ်မျှ ဖုံးကွယ်ထားခြင်းမရှိချေ။
ကြည့်လိုက်ရုံနှင့် အတိုင်းသားမြင်နိုင်၏။
ဤကျင့်စဉ်ကို ရရှိသွားသူအား အရည်အချင်းရှိပါက မိမိဖာသာ ပြင်ဆင်လိုက်ဟု ဆိုလိုနေသည့်အလားပင်။
တတ်နိုင်ရင် လုပ်လိုက်စမ်းပါ…
ဟူသော သဘောဖြင့် ရက်ရက်ရောရော ဖော်ပြထားခဲ့သည်။
လက်တွေ့တွင်မူ ၎င်းအား ပြီးပြည့်စုံစေရန် ဖန်တီးခဲ့သူနှင့် ဓားတာအိုအရာ၌ အဆင့်တူမှ လုပ်နိုင်စွမ်းရှိပေလိမ့်မည်။
သို့မဟုတ်ပါက တာအိုအရှင်သခင်ဖြစ်နေလျှင်ပင် ဘာမှတတ်နိုင်မည်မဟုတ်ချေ။
အဘယ်ကြောင့်ဆိုသော် ဤ ဓားကျင့်စဉ်အတွင်း၌ ပါ၀င်သော ဓားတာအိုက နက်နဲလွန်းလှသည်။
၎င်းက ကျင့်ကြံမှု အဆင့်မြင့်ရုံနှင့် ဖြေရှင်းနိုင်သောအရာမဟုတ်ပေ။
ဓားရည်ရွယ်ချက် အဆင့်(၅) နှင့်အထက် နားလည်ထားသူက ဖန်တီးထားခဲ့ခြင်းဖြစ်ရမည်။
ဤသို့ တွေးလိုက်မိသည်နှင့် ရွှမ်ယီအပေါ် အင်ပါယာအဆင့် ကြီးကြပ်သူ၏ လေးစားမှုများ ပို၍တိုးလာခဲ့တော့သည်။
ရွှမ်ယီ ပြောခဲ့သော စကားများက မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ အဆင့်(၅) အထက် ဓားရည်ရွယ်ချက်ကို နားလည်ထားသည့် ကျွမ်းကျင်သူတစ်ဦး ဖန်တီးခဲ့သော ဓားကျင့်စဉ်အား အလေးမထားဘဲ ရောင်းချနိုင်သည်ကတော့ အမှန်တရားပင်။
သူနောက်ခံအား လျှော့တွက်၍ မရချေ။
အင်ပါယာအဆင့် ကြီးကြပ်သူ အမြင်တွင် ရွှမ်ယီအနေဖြင့် ဓားရည်ရွယ်ချက် အဆင့် (၁) သို့မဟုတ် (၂)ကိုပင် နားလည်ထားရန် ဖြစ်ကောင်းဖြစ်နိုင်၏။
၎င်းက ကောင်းကင်ဘုရင်အဆင့်မျှနှင့် ပထမအတိဒုက္ခအဆင့် အင်ပါယာတစ်ယောက်အား ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားစေခဲ့သည်။
သူတို့ လေလံစံအိမ်၌ တာအိုအရှင်သခင်အဆင့် နောက်ခံရှိနေသည့်တိုင် ထိုကဲ့သို့ လူမျိုးအား လျစ်လျူရှုထား၍ မရချေ။