← Chapters

အခန်း (၄၃၆)

Vol. 30 Ch. 436

အခန်း (၄၃၆)

Vol. 30 Ch. 436

ထိုငရဲနတ်ဆိုးများက ငရဲချီမှ ဖြစ်ပေါ်လာကြသည့် သက်ရှိမျိုးစိတ်ဖြစ်ပြီး အများစုမှာ သားရဲ ပုံစံများဖြစ်သည်။ ၎င်းတို့က နတ်ဆိုးများနှင့် တူသယောင်ရှိပြီး အများစုက သူသတ်ခဲ့သော ငရဲနတ်ဆိုး ခေါင်းဆောင်နှင့် တူညီနေ၏။

အကြမ်းဖျင်းကြည့်လျှင် ကင်းမြီးကောက် ၊ ကင်းခြေများ စသည်တို့နှင့် ပုံစံတူပြီး အရွယ်အစားက အလွန်ကြီးမားကာ ငရဲမှတက်လာသည့် နတ်ဆိုးသဖွယ်ဖြစ်နေသည်။

ထို့ကြောင့် ၎င်းတို့အား ငရဲနတ်ဆိုးများဟု ခေါ်ခြင်းဖြစ်ရမည်။

ထိုအချိန်တွင် ငရဲနတ်ဆိုးအား ထိုးသတ်ခဲ့သည့် ညာဘက်လက်၀ါးကို ဖြန့်ကြည့်လိုက်လျှင် အနက်ရောင် ပုံဆောင်ခဲ အပိုင်းအစလေးတစ်ခု တွေ့လိုက်ရ၏။

“ ဒါက ဘာများလဲ…?”

ရွှမ်ယီ ရှုယွမ်အား လှည့်ကြည့်လိုက်သည်။

ရွှန်ယီ၏ တည်ငြိမ်သော အကြည့်ကြောင့် ရှုယွမ် အနည်းငယ် အံ့အားသင့်သွားခဲ့၏။

လက်ရှိအချိန်တွင် သူမ တိုက်ပွဲမြေပြင်၌ ရှိဆဲဖြစ်ကြောင်း ခေတ္တမျှ မေ့လျော့သွားပြီး

“ အဲ့တာ ငရဲပုံဆောင်ခဲလို့ခေါ်တယ်… ငရဲနတ်ဆိုးတွေကပဲ ဖန်တီးနိုင်ပြီး အထဲမှာ ဥပဒေသစွမ်းအား အများကြီးပါ၀င်တယ်….”

‘ ငရဲပုံဆောင်ခဲ…’

ရွှမ်ယီ ခေါင်းညိတ်လိုက်၏။

ထို့နောက် လက်သီးအားပြန်ဆုပ်လိုက်လျှင် ငရဲပုံဆောင်ခဲက ချက်ချင်းအက်ကွဲသွားလေသည်။ ထိုအခါ သန့်စင်သော ဥပဒေသစွမ်းအားများ ထွက်ပေါ်လာပြီး ခန္ဓာကိုယ်အတွင်း စီး၀င်လာ၏။

သို့သော် ထိုအရာများ ခန္ဓာကိုယ်အတွင်းသို့ရောက်လာချိန်တွင် အေးစက်သောစွမ်းအားများ မရီဒန်များအတွင်း ထိုးဖောက်၀င်ရောက်လာခဲ့သည်။

၎င်းက မရီဒန်များအား ဖျက်ဆီးတော့မည်။

ထိုအချိန်တွင် နီဗားနားကျင့်စင်က အလိုလျောက် လည်ပတ်လာခဲ့ပြီး မကောင်းသောစွမ်းအင်များအား အလုံးစုံ ဖယ်ရှားပစ်လိုက်၏။

ဖြစ်စဉ်တစ်ခုလုံး တခဏမျှသာကြာခဲ့သည်။ ရှုယွမ် သတိပြန်၀င်လာချိန်တွင် ရွှမ်ယီက ငရဲပုံဆောင်ခဲအား သန့်စင်ပြီးချေပြီ။

“ နင် ရူးနေတာလား… ငရဲပုံဆောင်ခဲမှာ ငရဲစွမ်းအင်တွေ ပါတယ်… လူသားဘုရင်တွေတောင်မှ အဲ့တာကို အလွယ်တကူ သန့်စင်ရဲတာ မဟုတ်ဘူး…”

သို့သော် ရှုယွမ်၏ စကားများ လမ်းခုလတ်၌ ရပ်တန့်သွားခဲ့ရသည်။

ရွှမ်ယီ၏ ပါးစပ်မှုတစ်ဆင့် အနက်ရောင် အခိုးအငွေ့များအား မှုတ်ထုတ်လိုက်သည်ကို မြင်လိုက်ရသောကြောင့်ပင်။

ရွှမ်ယီ၏ အေးဆေးသောအကြည့်များကြောင့် သူမ အနည်းငယ် ရှက်ရွံ့သွားခဲ့ရသည်။

လင်းတိုင်အပါအ၀င် သူတို့အနီးမှ ကာကွယ်ရေးအစောင့်များအားလုံး စကားပင်မပြောနိုင်လောက်သည်အထိ တုန်လှုပ်သွားကြ၏။

‘ ဒါက တချိန်လုံး သူတို့နဲ့ စကားပြောနေခဲ့တဲ့ ညီလေး ရွှမ်ယီလား…’

‘ ဒါက ရှေးဟောင်းစစ်မြေပြင်မှာရခဲ့တာတွေနဲ့ တော်တော်လေးဆင်တူတာပဲ… ဒါပေမယ့် အခုဟာတွေက ပိုပြီးအစွမ်းထက်တယ်… တချို့လူတွေ သန့်စင်မယ်ဆို နည်းနည်းတော့ ခက်လောက်မယ်…’

ရွှမ်ယီ စိတ်ထဲ၌ ရေရွတ်လိုက်ပြီး ငရဲနတ်ဆိုးများအား လှမ်းကြည့်လိုက်သည်။

ရွှမ်ယီ၏ အကြည့်များအား ခံစားမိလိုက်လျှင် ရှေ့ဆုံးမှ ဦးဆောင်နေသည့် နတ်ဆိုး(၂)ကောင်ထံမှ တိုးညှင်းသော ဟိန်းဟောက်သံများ ထွက်ပေါ်လာ၏။

သို့သော် ၎င်းတို့ခြေလှမ်းများကမူ နောက်သို့ အနည်းငယ်ဆုတ်သွားခဲ့လေသည်။ လွန်ခဲ့သော အချိန်အနည်းငယ်ခန့်ကရှိခဲ့သည့် ခံ့ညားသော အရှိန်အ၀ါများရှိမနေတော့ချေ။

လင်းတိုင်၏ နံဘေး၌ ရပ်နေသော အစောင့်ခေါင်းဆောင်တစ်ယောက် သူ့မျက်လုံးများအား ပွတ်သပ်လိုက်သည်။

သူက ဝေ့မျိုးရိုးနာမည်ဖြင့်လူတစ်ယောက်ဖြစ်ပြီး ဤ ငရဲနတ်ဆိုးချောက်အား အကြိမ်ပေါင်းများစွာ ဖြတ်သန်းဖူး၏။

အနည်းဆုံး အကြိမ်(၂၀)ခန့် ရှိနိုင်သည်။

“ ငရဲနတ်ဆိုးတွေက လူတစ်ယောက်ကို ကြောက်နေတာလား… ညီလေး ရွှမ်ယီက ဘယ်သူများလဲ… သူ့ဆီမှာ စိတ်ဝိညာဉ်စွမ်းအင် အရိပ်အယောင်မရှိတာ သေချာပါတယ်…”

လင်းတိုင်က ၀င်ရောက်ပြီး

“ သူ့ဆီမှာ စိတ်ဝိညာဉ်စွမ်းအင်အတက်အကျမရှိတာက သေချာတယ်… ဒါပေမယ့် ကျုပ်တို့ ကျင့်ကြံမှု နိမ့်ကျတာကြောင့် မမြင်နိုင်တာလည်း ဖြစ်နိုင်တာပဲ…”

သူက ရွှမ်ယီအားကြည့်ကာ ခေါင်းယမ်းရင်း မချိပြုံးပြုံးလိုက်သည်။

“ ညီလေး ရွှမ်ယီရဲ့ ကျင့်ကြံမှုက လူသားဘုရင်အထွတ်အထိပ်မှာ ဖြစ်နိုင်တယ်… ကောင်းကင်ဘုရင်အဆင်နဲ့ သိပ်မဝေးလောက်ဘူး…”

“ ဟမ်…”

လင်းတိုင်း၏ကောက်ချက်ချမှုကြောင့် အနီးမှ အစောင့်အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ကြသည်။

အထွတ်ထိပ် လူသားဘုရင်…?

“ ဒါဆို ညီလေးရွှမ်ယီက မင်းသားတွေထက်တောင် ပိုအားကောင်းတယ်လို့ ဆိုလိုတာလား…”

လင်းတိုင်၏စကားကြောင့် နံဘေးမှ ဝေ့မျိုးရိုး အစောင့်အဖိုးအို ထိတ်လန့်သွားပြီး စကားများကိုပင် မဆင်ခြင်နိုင်ပဲ လွှတ်ကနဲ ရေရွတ်လိုက်မိ၏။

နောက်ဘက်မှ ဆွေးနွေးမှုများအားကြားလျှင် ရှုယွမ် စိတ်ထဲ၌ သက်ပြင်းမိလိုက်သည်။

ရွှမ်ယီက နန်းတော်မှ မင်းသားများထက် အစွမ်းထက်သလော..?

နှောင်းပိုင်း လူသားဘုရင်နှင့် အထွတ်အထိပ် လူသားဘုရင်ဆိုသည်မှာ အလွန်ခြားနားသော အဆင့်များဖြစ်သည်။

ထို့အပြင် ရွှမ်ယီ၏ အရိုးများအားကြည့်ရသည်မှာ အသက်(၂၅)နှစ်၀န်းကျင်လောက်သာ ရှိနိုင်သေး၏။

သို့သော် နန်းတော်မှ မင်းသား ၊ မင်းသမီးများ၌မူ ဝေ့ယွမ်တစ်ယောက်မှလွဲပြီး လူတိုင်း အသက်(၁၀၀)ကျော်နေကြချေပြီ။

၎င်းတို့အကြား ကွာဟချက်ကို စကားလုံးများဖြင့် ဖော်ပြ၍ အဆင်မပြေလှပေ။

ပတ်၀န်းကျင်မှ အံ့အားသင့်နေသော အကြည့်များအောက်၌ ရွှမ်ယီ၏ ခန္ဓာကိုယ်က နောက်တစ်ကြိမ် လှုပ်ရှားသွားပြန်သည်။

ရွှမ်ယီက စိတ်ဝိညာဉ်စွမ်းအင် အနည်းငယ်မျှ အသုံးမပြုပဲ သူ၏ ကြောက်မက်ဖွယ် ရုပ်ခွန်အားကို အသုံးပြုလျှက် ငရဲနတ်ဆိုး ဒီရေလှိုင်းအတွင်း လှုပ်ရှားနေခဲ့သည်။

သူ တိုက်ခိုက်လိုက်တိုင်း မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲသံများ ထွက်ပေါ်နေပြီး ငရဲနတ်ဆိုးများ အများအပြား လဲကျသွား၏။

တစ်ဖက်တွင်မူ ငရဲပုံဆောင်ခဲများအား တစ်ပြိုင်နက်တည်း သန့်စင်နေခဲ့ပြီး ၎င်းတို့မှ ထွက်ပေါ်လာသည့် သန့်စင်သော ဥပဒေသစွမ်းအားများကို စုပ်ယူနေခဲ့သည်။

ထို့နောက် ၎င်းတို့အား နီဗားနားကျမ်းစာ၏ လမ်းကြောင်းအတိုင်းလှည့်ပတ်ပြီး ခန္ဓာကိုယ်အတွင်းမှ ဒဏ်ရာများကို ကုသနေခဲ့သည်။

မျက်စိရှေ့မှ မယုံကြည်နိုင်ဖွယ်ကောင်းလောက်သော မြင်ကွင်းအား ငေးကြည့်ရင်း ရှုယွမ် တစ်ယောက် ထိတ်လန့်မှင်သက်နေခဲ့၏။

ရွှမ်ယီ၏ ကျင့်ကြံမှုအဆင့်အား သူမမသိနိုင်သော်လည်း ၎င်း၏ ခန္ဓာကိုယ်ကမူ ကြောက်မက်ဖွယ်ကောင်းအောင် သန်မာကြောင်း သူမနားလည်ထား၏။ ရွှမ်ယီ တစ်ချက်လှုပ်ရှားလိုက်တိုင်း ငရဲနတ်ဆိုးများ အတုံးအရုန်း လဲကျသွားသည်အား သူမမြင်နေခဲ့ရသည်။

ထို့အပြင် ၎င်းတို့အားလုံး မူလဘုရင်အဆင့်ချည်းသာဖြစ်၏။

ထို့အပြင် ထိုတိုက်ခိုက်နိုင်စွမ်းက ရွှမ်ယီ၏ ဒဏ်ရာများ ပြန်လည်မသက်သာလာသေးသည့် ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်စွမ်းအင်အနည်းငယ်မျှကိုပင် အသုံးမပြုသော အခြေအနေဖြစ်သည်။

အကယ်၍ ရွှမ်ယီသာ သူ၏ဒဏ်ရာများမှ ပြန်လည်သက်သာလာပါက ၎င်း၏ အစစ်အမှန်ကျင့်ကြံမှုက မည်မျှ ကြောက်မက်ဖွယ်ကောင်းလိုက်မည်နည်း။

ကောင်းကင်ဘုရင်အဆင့်လား…?

ရှုယွမ် တစ်ယောက် အလွန်ခါးသီးသွားလေသည်။ ဝေ့နိုင်ငံတော်တွင် ပထမတန်းစားပါရမီရှင်တစ်ယောက်အဖြစ် အမြဲတမ်းချီးကျူးခြင်း ခံခဲ့ရသော သူမအနေဖြင့် ပထမဆုံးအကြိမ် ပြတ်ပြတ်သားသား ရှုံးနိမ့်သွားသည်ဟု ခံစားနေခဲ့ရ၏။

ရွှမ်ယီ၏ လက်ရှိခွန်အားအပေါ် အခြေခံပြီးကြည့်လျှင် သူက အစောပိုင်းကောင်းကင်ဘုရင်အဆင့် ဖြစ်နိုင်ပေသည်။

အမှန်အတိုင်းဆိုရမည်ဆိုလျှင် ရှုယွမ်အနေဖြင့် ရွှမ်ယီ၏ ခွန်အားအပေါ် နားလည်နိုင်ခြင်းမရှိချေ။

အနှီ ရွှမ်ယီ၏ တည်ငြိမ်သော အကြည့်များအောက်တွင် မည်မျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို ဖုံးကွယ်ထားသနည်း…?

ရွှမ်ယီကမူ ရှုယွမ်၏ အတွေးများကို မသိခဲ့‌ပေ။ အကယ်၍ သိလျှင်လည်း ဂရုစိုက်မည်မဟုတ်ချေ။

လက်ရှိအချိန်တွင် ငရဲနတ်ဆိုးများအား သတ်ဖြတ်ခြင်း၌သာ သူ၏ စိတ်ကို လုံးလုံးလျားလျား မြှုပ်နှံထားခဲ့သည်။

ငရဲပုံဆောင်ခဲအား သန့်စင်လိုက်သည့်အချိန်တိုင်း သူ၏ ခန္ဓာကိုယ်မှ သိသာလှသော ပြန်လည်ကောင်းမွန်မှုနှင့် တိုးပွားလာသော စွမ်းအားများကို ရွှမ်ယီ ခံစားနေခဲ့ရသည်။

ကောင်းကင်နှင့်မြေပြင်မှ ချီစွမ်းအားများလည်း သူ၏ခန္ဓာကိုယ်အတွင်းသို့ တဟုန်ထိုးစီးဝင်နေပြီး ၎င်းတို့အား ငရဲပုံဆောင်ခဲအတွင်းမှ ဥပဒေသများနှင့်အတူ သန့်စင်နေခဲ့၏။

ယခုမှသာ သူသေလုနီးပါးအခြေအနေသို့ ရောက်ခဲ့သော အချိန်၌ သူ၏ ခန္ဓာကိုယ်က မည်မျှသန်မာသွားခဲ့ကြောင်း တဖြည်းဖြည်းနားလည်လာခဲ့သည်။

သူ၏ ဒဏ်ရာများအားလုံး ပျောက်ကင်းသွားပြီး အဆင့် (၆) အထွတ်အထိပ် ဓါးရည်ရွယ်ချက်နှင့် ခုနှစ်သွယ် သတ်ဖြတ်ခြင်းဓါးအစီအရင်တို့အား ဤသန်မာသော ရုပ်ခွန်အားဖြင့် ထောက်ပံ့ပေးကာ အသုံးပြုမည်ဆိုပါက တတိယ အတိဒုက္ခအဆင့် အင်ပါယာတစ်ယောက်ပင် သူ့အား အနိုင်ယူနိုင်တော့မည်မထင်ပေ။ ထို့အပြင် ဒုတိယ အတိဒုက္ခအဆင့် အင်ပါယာများက သူ၏ပြိုင်ဘက်ဖြစ်နိုင်တော့မည်မဟုတ်ပေ။

ဘုန်း….

ရွှမ်ယီ ငရဲနတ်ဆိုးဒီရေလှိုင်းအား ကျော်ဖြတ်ပြီး ငရဲမိုးကြိုးချောက်၏ အဆုံးသို့ ရောက်သွားခဲ့သည်။

သူ၏ ပြန်လည်ကောင်းမွန်မှုများလည်း ရပ်တန့်သွားတော့၏။

ရွှမ်ယီ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီးနောက် နက်ပြာရောင် အခိုးအငွေ့များ မှုတ်ထုတ်လိုက်သည်။

ထို့နောက် ခန္ဓာကိုယ်အား စစ်ဆေးကြည့်လိုက်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

All Chapters