အခန်း (၄၃၈)
Vol. 30 Ch. 438
ရွှမ်ယီ၏ စကားကြောင့် ရှုယွမ် အနည်းငယ် ကျွဲမြီးတိုသွားခဲ့သည်။
ငရဲချီအား ဆွဲထုတ်ရမည်လော… မည်သို့သော ဟာသမျိူးနည်း…?
ငရဲမိုးကြိုးချောက်မှ ဖြစ်ပေါ်လာသည့် ငရဲချီများက ဆေးပင်အား စွန်းထင်းသွားသည်နှင့်တစ်ပြိုင်နက် ၎င်းက ဆေးပင်နှင့် ရောယှက်သွားပေလိမ့်မည်။
သာမန်ကျင့်ကြံသူများမဆိုထားနှင့် ကောင်းကင်ဘုရင်အဆင့်ကျင့်ကြံသူများပင်လျှင် ခရမ်းကျောက်စိမ်းပုလဲပန်းအား မထိခိုက်စေဘဲ စွန်းထင်းသွားသည့် ငရဲချီများအား ဖယ်ထုတ်ရန်မဖြစ်နိုင်ပေ။
မှော်ဆေးတာအိုအပေါ်၌ နက်ရှိုင်းစွာမြှုပ်နှံထားသည့် မှော်ဆေးပညာရှင်များသာ ၎င်းအား ဆောင်ရွက်နိုင်ပေလိမ့်မည်။
သို့သော် ခရမ်းကျောက်စိမ်းပုလဲပန်းက အဆင့်(၆)ဆေးပင်ဖြစ်၏။ အဆင့်(၄) မှော်ဆေးပညာရှင်ပင်လျှင် ငရဲချီအား ဖယ်ထုတ်ရန် မတတ်နိုင်ပေ။
ရွှမ်ယီက ထိုစကားများအား မည်သို့သော ယုံကြည်မှုနှင့် ပြောခဲ့သနည်း။
ရှုယွမ်စကားပြောရန်ပြင်လိုက်စဥ် ရွှမ်ယီ၏ လက်များ လှုပ်ရှားသွားသည်ကို မြင်ပြီး စကားလုံးများ လည်ချောင်း၌ တစ်ဆို့သွားလေသည်။
ရွှမ်ယီက စိတ်ဝိညာဉ်စွမ်းအင်ချီမျှင်တစ်ခုအား လက်ညှိုးထိပ်မှနေပြီး ခရမ်းကျောက်စိမ်းပုလဲပန်းဆီသို့ ပို့လွှတ်လိုက်၏။
“ ဟေး… ရှင် ဘာလုပ်မလို့လဲ…?”
ရှုယွမ် ထိတ်လန့်သွားပြီး ရွှမ်ယီအား တားဆီးရန်အတွက် ရှေ့တိုးရန် ပြင်လိုက်သော်လည်း ရုတ်တရက် ရပ်တန့်လိုက်သည်။
ရွှမ်ယီက လုပ်ငန်းစနေခဲ့ပြီဖြစ်ရာ သူမလုပ်ရပ်က မတော်တဆ ရွှမ်ယီအား အနှောက်အယှက်ဖြစ်သွားပြီး ခရမ်းကျောက်စိမ်းပုလဲပန်း ပျက်စီးသွားမည်ကို စိုးရိမ်သောကြောင့်ပင်။
ဤသို့ဖြင့် နေရာမှမရွေ့ဘဲ အံ့ကြိတ်ကာ ဆက်လက်စောင့်ကြည့်နေလိုက်၏။
ရွှမ်ယီလက်ထဲရှိ ခရမ်းကျောက်စိမ်းပုလဲပန်း ဗဟိုမှ ပုလဲလုံးလေးက ဖြည်းညှင်းစွာ လည်ပတ်လာခဲ့သည်။
အချိန်များ တဖြည်းဖြည်းကုန်ဆုံးလာခဲ့ပြီး မကျေနပ်မှုများပြည့်နေသော ရှုယွမ်၏ မျက်၀န်းထဲ၌ ထိတ်လန့်မှုများ အစားထိုး၀င်ရောက်လာခဲ့သည်။
နက်ပြာရောင် ငရဲချီစွမ်းအားများက ရွှမ်ယီ၏ လက်ထဲ၌ စုစည်းလာခဲ့ပြီး ခရမ်းကျောက်စိမ်းပုလဲပန်းတွင် တဖြည်းဖြည်း မှိန်ဖျော့လာသောကြောင့်ပင်။
ရွှမ်ယီက သူ၏ နတ်အသိကို ခရမ်းကျောက်စိမ်းပုလဲပန်းဆီသို့ အဆက်မပြတ်ပို့လွှတ်နေခဲ့သည်။
နတ်အသိ ၀င်ရောက်လာသည်နှင့်အမျှ ခရမ်းကျောက်စိမ်းပုလဲပန်းကလည်း တစ်ချက်ပြီးတစ်ချက် တုန်ခါနေခဲ့သည်။ တစ်ကြိမ်တုန်ခါသွားပြီးတိုင်း အတွင်းမှ ငရဲချီများလည်း လျော့ပါးလာနေ၏။
အမွှေးတိုင်တစ်ချောင်းစာအချိန်ကုန်ဆုံးသွားပြီးနောက် ရွှမ်ယီ နတ်အသိများအား ပြန်လည်ရုတ်သိမ်းလိုက်ပြီး ခရမ်းကျောက်စိမ်းပုလဲပန်းအား ရှုယွမ်ထံသို့ ပြန်ပေးလိုက်သည်။
ထိုအခါမှ ရှုယွမ်၏ စိုးရိမ်ပူပန်မှုများ လျော့ပါးသွားတော့၏။
သူမက ရှုပ်ထွေးနေဟန်ဖြင့် ရွှမ်ယီအား ကြည့်လိုက်ရင်း
“ ကျေးဇူးအများကြီးတင်ပါတယ်…”
တိုးညှင်းစွာပြောလိုက်၏။
တစ်ဖက်တွင်မူ ဝေ့ယွမ်တစ်ယောက် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။
“ ဆရာရွှမ်က မှော်ဆေးပညာရှင်တစ်ယောက်လား...”
ဝေ့ယွမ်၏အမေးအားကြားလျှင် ရှုယွမ် နှလုံးသားထဲ၌ သက်ပြင်းချမိလိုက်၏။
ရွှမ်ယီက သူမရှေ့တွင်ရပ်နေသော်လည်း သူမမြင်နိုင်စွမ်းမရှိသော ဟိုးးးကောင်းကင်အမြင့်ကြီးထက်မှ တိမ်များအကြားရပ်နေသကဲ့သို့ ခံစားနေရသည်။
ထိုလူငယ်က အသက်ဘယ်လောက်မှမရှိသေးဘဲ သိုင်းတာအို၌ အလွန်အားကောင်းနေချေပြီ။
ယခုကြည့်ရသည်မှ မှော်ဆေးပညာတွင်လည်း တော်တော်လေး ထူးချွန်ဟန်ရ၏။
တစ်ဖက်တွင်မူ ဝေ့ယွမ်တစ်ယောက် ရွှမ်ယီအား စိုက်ကြည့်နေခဲ့သည်။
ရွှမ်ယီ၏ မှော်ဆေးပညာက မည်သည့်အဆင့်တွင် ရှိနိုင်သနည်း...?
သူက မှော်ဆေးဘုရင်တစ်ယောက်ဖြစ်နိုင်၏။ မှော်ဆေးဘုရင်များအကြားတွင်မှု တော်တော်လေး အစွမ်းထက်ရမည်။
ထိုအဆင့် မှော်ဆေးဘုရင်တစ်ယောက်အား သူမအဖေပင် လေးလေးစားစားဆက်ဆံရမည်ဖြစ်၏။
ရွှမ်ယီက ညာလက်အား အသာအာယာဝှေ့ယမ်းလိုက်သည်။
ကမောက်ကမဖြစ်နေသော ရှုယွမ်နှင့်ယှဉ်ပါက ဖြူစင်ရိုးသားသော ဝေ့ယွမ်အား သူပို၍ နှစ်ခြိုက်၏။
ဤသို့ဖြင့် အသာအယာခေါင်းညိတ်လိုက်ပြီး
“ ဟုတ်တယ်… ဒါပေမယ့် အသေးအဖွဲလောက်ပါပဲ…”
စကားပြောနေရင်း ရွှမ်ယီ တစ်စုံတစ်ခုအား ရုတ်တရက်သတိရသွား၏။
ဒန်ချင်ဇီ၏ မှတ်ညာဏ်များမှတစ်ဆင့် ရှေးကျသော ဆေးလုံး ဖော်မြူလာတစ်ခုအား အမှတ်ရလာခဲ့ခြင်းပင်။
အစပိုင်းတွင် ထိုမှတ်ညာဏ်များက ဝိုးတဝါးဖြစ်နေခဲ့၏။ ငရဲချီများ ဖယ်ထုတ်ခဲ့ပြီးနောက် ခရမ်းကျောက်စိမ်းပုလဲပန်း၏ အသုံး၀င်မှုများအား စဉ်းစားကြည့်လိုက်ကာမှ ထိုမှတ်ညာဏ်များက ပို၍ ပြတ်သားလာခဲ့သည်။
ဒန်ချင်ဇီ၏ မှတ်ဉာဏ်များထဲ၌ ခရမ်းကျောက်စိမ်းပုလဲပန်းအား အဓိကပါ၀င်ပစ္စည်းအနေနှင့် အသုံးပြုသော ဆေးဖော်မြူလာတစ်ခု ရှိနေခဲ့သည်။
ထိုဆေးလုံးက ကောင်းကင်ဘုရင်တစ်ယောက်၏ သက်တမ်းအား နှစ်(၁၀၀)တိုးသွားစေနိုင်သည်။
ထို့အပြင် ၎င်းက ပထမဆုံးသောက်သုံးချိန်၌သာ အကျိုးသက်ရောက်မှုရှိသည့် ကျန်ဆေးလုံးများနှင့် မတူချေ။
၎င်းအား အကြိမ်ပေါင်းများစွာ သောက်သုံးနိုင်ပြီး အနည်းဆုံး နှစ်(၁၀၀၀)ထိ သက်တမ်းတိုးပေးနိုင်သည်။
၎င်းအား တွေးလိုက်ပြီးနောက် ရွှမ်ယီ၏ အကြည့်များ ဝေ့ယွမ်အပေါ်သို့ ကျရောက်သွားခဲ့သည်။ ဆေးဖော်မြူလာကိစ္စနှင့် ပတ်သက်ပြီး ပြောပြရန်ပြင်လိုက်၏။
သူမသာ သဘောတူပါက ထိုဆေးအားသန့်စင်ပေးပြီး တင်နေသော ကျေးဇူးကြွေးများအား ပြန်ဆပ်မည်။ ထို့နောက် ၎င်းတို့နှင့် လမ်းခွဲတော့မည်ဖြစ်သည်။
သို့သော် ရွှမ်ယီ၏ အကြည့်များဝေ့ယွမ်ထံသို့ ရောက်သွားချိန်တွင် ဒုတိယ အဓိကတာ၀န်က အတွေးထဲသို့၀င်ရောက်လာ၏။
ဤသို့ဖြင့် ဝေ့ယွမ်၏ ပါရမီအား မသိစိတ်အရ စစ်ဆေးကြည့်မိလိုက်သည်။
[ ဝေ့ယွမ် : ပါရမီရမှတ် (၄၂၁) ]
‘ 421လား…?’
၎င်းအားမြင်ပြီးနောက် ရွှမ်ယီ အနည်းငယ်ထူးဆန်းသလို ခံစားလိုက်ရ၏။
သူ ကြည့်ရသလောက်ဆိုလျှင် ဝေ့ယွမ်၏ ကျင့်ကြံမှုက အခြေတည်ဝိညာဉ်အဆင့်၌သာရှိသေးသည်။
၎င်းက ဝေ့နိုင်ငံတော်မဆိုထားနှင့် ဤကုန်သည်အုပ်စုထဲ၌ပင် သာမန်သာဖြစ်၏။
သို့သော် သူမ၏ ပါရမီအမှတ်နောက်ကွယ်မှ မှတ်ချက်အားမြင်လိုက်လျှင် ရွှမ်ယီ နားလည်သွားခဲ့၏။
“ အင်မော်တယ်ခန္ဓာ…”
ရွှမ်ယီ ဗဟိုသူတော်စင်အကယ်ဒမီတွင် ရှိစဉ်အခါက အကယ်ဒမီ စာကြည့်တိုက်ထဲ၌ ထိုအကြောင်းကို ဖတ်ဖူးခဲ့သည်။
၎င်းက အလွန်ထူးခြားသော ခန္ဓာကိုယ် အမျိုးအစားဖြစ်၏။
၎င်းအား ဘုရင်ခန္ဓာ ၊ အင်ပါယာခန္ဓာ စသည့် တစ်ခြားသော ခန္ဓာများကဲ့သို့ အမျိုးအစား ခွဲခြား၍မရပေ။
အဘယ်ကြောင့်ဆိုသော် ၎င်း၏ ထူးခြားချက်က ကျန်ခန္ဓာကိုယ်များနှင့် လုံးဝမတူညီသောကြောင့်ပင်။
အင်မော်တယ်ခန္ဓာကိုယ် ပိုင်ရှင်များသည် အဆင့်တူကျင့်ကြံသူများထက် သက်တမ်းနှစ်ဆ ပိုရှည်လေ့ရှိသည်။
သို့သော် ကျင့်ကြံရာတွင်မူ အလွန်ခက်ခဲလှ၏။ ပြောရမည်ဆိုလျှင် တိုးတက်ရန် နှေးကွေးလွန်းလှသည်။
မျိုးဆက်အတူတူဖြစ်သော ကျန်ကျင့်ကြံသူများ ဘုရင်အဆင့်သို့ ရောက်နေချိန်တွင် အင်မော်တယ်ခန္ဓာကိုယ်ပိုင်ရှင်များက စိဝ်ဝိညာဥ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်၌သာ ရှိနေ့လေ့ရှိ၏။
သို့သော် အင်မော်တယ်ခန္ဓာပိုင်ရှင်များတွင် မည်သည့်ကျင့်ကြံသူမှ မယှဉ်နိုင်သော အလွန်ကြီးမားသည့် အားသာချက်တစ်ခု ပိုင်ဆိုင်ထားသည်။
၎င်းက ကျင့်ကြံမှုအဆင့်တိုင်း၌ အတားအဆီးမရှိခြင်းပင်။
အနိမ့်ဆုံးသော ကျင့်စဉ်အား လေ့ကျင့်လျှင်ပင် ၎င်းတို့ အင်မော်တယ်ခန္ဓာ၏ အကျိုးသက်ရောက်မှုဖြင့် အဆင့်တစ်ခု၏ ကန့်သတ်ချက်သို့ရောက်သွားတိုင်း နောက်တစ်ဆင့်သို့ အခက်အခဲမရှိ ချိုးဖျက်သွားပေလိမ့်မည်။
ကျင့်စဉ်နိမ့်ကျခြင်းက ကျင့်ကြံမှုအချိန်ပိုကြာသွားခြင်းသာရှိ၏။
တောင်ပိုင်းတိုက်ကြီး ရွှေခေတ်၌ အင်မော်တယ်ခန္ဓာပိုင်ဆိုင်သော လူတစ်ယောက်ရှိခဲ့ဖူးသည်။ သူက အဆင့်နိမ့်ဘုရင်အဆင့်ကျင့်စဉ်အား အသုံးပြုပြီး လူသားဘုရင်အဆင့်၌ ရှိနေစဉ်တွင် စိတ်ဝိညာဉ်ဒြပ်စင် (၃၀) သန့်စင်နိုင်ခဲ့သည်။
သို့သော် ကံမကောင်းစွာနှင့် သူကျင့်ကြံခဲ့သည့်ကျင့်စဉ်က များစွာနိမ့်ကျလှသည်ဖြစ်ရာ ကျင့်ကြံရာ၌ များစွာခရီးမတွင်ခဲ့ပေ။
သူ၏ အောင်မြင်မှုများက အလွန်အံ့ဩဖွယ်ကောင်းသော်ငြား နာမည်ကြီးခဲ့ခြင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်က တောင်ပိုင်းတိုက်ကြီး၌ ရွှေခေတ်ဖြစ်ခဲ့ပြီး ကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူများပင် ပုရွတ်ဆိတ်မျှသာဖြစ်၏။
အင်ပါယာတစ်ဝက်အဆင့် ကျင့်ကြံသူများသာ အနည်းငယ်လူရာဝင်သည်ဟုဆိုရမည်။ ထို့ကြောင့် လူသားဘုရင်အဆင့် ဆိုသည်မှာ လူအများ၏ အာရုံစိုက်မှုအား ဆွဲဆောင်နိုင်ခဲ့ခြင်းအလျင်းမရှိချေ။ နောက်ဆုံးတွင် သက်တမ်းကုန်ဆုံးကာ သေဆုံးသွားခဲ့၏။
သူသေဆုံးသွားပြီး နှစ်ပေါင်း (၁)သောင်း ကျော်ကြာပြီးမှသာ သူ၏အောင်မြင်မှုများအကြောင်း လူအများသိခဲ့ရပြီး စုတ်တသပ်သပ်ဖြစ်ခဲ့ရသည်။
ရွှမ်ယီ ခေါင်းကိုအသာအယာယမ်းလိုက်ပြီး အတွေးများအား အဆုံးသတ်ပစ်လိုက်၏။
ထို့နောက် ဝေ့နိုင်ငံတော်မှ အပြစ်ကင်းစင်လှသော မင်းသမီးဖြစ်သူအား စိတ်ဝင်တစားကြည့်လိုက်၏။