အခန်း (၄၃၉)
Vol. 30 Ch. 439
ရွှမ်ယီ၏ အကြည့်ကြောင့် ဝေ့ယွမ် အနည်းငယ်ထိတ်လန့်သွားခဲ့သည်။
သို့သော် သူမအားတင်းလိုက်ပြီး
“ ဆရာရွှမ်ယီ… ပြောစရာတစ်ခုခုရှိလို့လား…”
ရွှမ်ယီ မိမိဘာသာတွေးရင်းပြုံးလိုက်၏။
ထိုမိန်းကလေး၏ ပါရမီက သူ့ ဂိုဏ်းထဲဝင်ရန် ပြည့်မှီပေသည်။
ထို့အပြင် သူမ၏ ဖြူစင်သော စိတ်သဘောထားက ရှုယွမ်တို့အတွက် ပြသနာတစ်ခုဖြစ်နိုင်သော်လည်း ရွှမ်ယီအတွက်မူ ဓါးတာအိုကျင့်ကြံရန် အလွန်ကောင်းမွန်လှ၏။
သူမ၏ စိတ်များက ပို၍ သန့်စင်လေလေ ဓါးတာအို၌ ပို၍ အာရုံစိုက်နိုင်လေလေဖြစ်၏။
ဓါးတုအိုအား ကျင့်ကြံခြင်းမှာ ကျင့်ကြံသူများက ဓါးတာအိုကိုသာ နားလည်သဘောပေါက်စေရန် လေ့ကျင့်ရခြင်းမျိုးမဟုတ်ပေ။ ဓါးတာအိုကလည်း ကျင့်ကြံသူများအပေါ် မမြင်နိုင်သော လွှမ်းမိုးမှုများရှိသည်။
ထို့အပြင် သူမပိုင်ဆိုင်ထားသော အင်မော်တယ်ခန္ဓာကိုယ်၏ ကျင့်ကြံမှုနှေးကွေးခြင်းက ပြသနာမဟုတ်ချေ။
ရွှမ်ယီ ပိုင်ဆိုင်ထားသည့် အရင်းအမြစ်များနှင့် နီဗားနား ကျမ်းစာအား ဘေးဖယ်ထားဦးတော့ အင်ပါယာအဆင့် ဟွမ်ဂျီ ကျင့်စဉ်တစ်ခုတည်းကပင် သူမ၏ ကျင့်ကြံမှုအား များစွာ လျှင်မြန်သွားစေနိုင်စွမ်းရှိသည်။
ထို့အပြင် ရွှမ်ယီ ပိုင်ဆိုင်ထားသည့် တာအိုအရင်းအမြစ်များနှင့် ပေါင်းစပ်လိုက်ပါက သူမအား ကောင်းကင်ဘုရင်အဆင့်သို့ အလွယ်တကူ ရောက်သွားစေလိမ့်မည်။ အင်ပါယာအဆင့်သို့ ရောက်သွားခြင်းပင် ဖြစ်နိုင်၏။
ကုန်ကုန်ပြောရမည်ဆိုလျှင် အင်မော်တယ်ခန္ဓာကိုယ်၏ ထူးခြားချက်မှာ ရှည်လျားသောသက်တမ်းမဟုတ်ဘဲ ၎င်းတို့ကျင့်ကြံမှု၌ ဖြစ်သည်။
အဆင့်ချိုးဖျက်ရာ၌ မည်သည့်အခက်အခဲမှ ကြုံတွေ့ရမည်မဟုတ်ပေ။ မိမိ၏ကျင့်ကြံမှု အကန့်အသတ်သို့ ရောက်သွားသည်နှင့် နောက်တစ်ဆင့်သို့ အလွယ်တကူ ချိုးဖျက်သွားပေလိမ့်မည်။
ဉာဏ်အလင်းအား တကူးတက ရှာဖွေနေစရာ မလိုအပ်ပေ။
၎င်းက စနစ်၏ အကူအညီဖြင့် ရွှမ်ယီ အဆင့်တက်လာခြင်းများနှင့် အတိုင်းအတာတစ်ခုအထိ တူညီပေသည်။
သူက ဤတာဝန်ပြီးဆုံးလျှင် ရရှိမည့်ဆုလဒ်ကို အလွန်မျှော်လင့်မိနေသော်လည်း ပါရမီအရည်အခြင်းပြည့်မှီသူတစ်ဦးတွေ့တိုင်း ချက်ချင်းလက်ခံမည်တော့မဟုတ်ပေ။
တပည့်အဖြစ်လက်ခံရန် ဆုံးဖြတ်ချက်ချလိုက်ပြီးသည်နှင့် ရွှမ်ယီက ထိုမိန်းကလေးအား စမ်းသပ်ရန်ပြင်လိုက်၏။
“ ဘာမှမဟုတ်ပါဘူး… ဒါနဲ့ ဒီခရမ်းကျောက်စိမ်းပုလဲပန်းက မင်းအဖေအတွက်လို့ပြောခဲ့တယ်မလား… ဒါကိုစားလိုက်လို့ရှိရင် သူ့အသက်ကို ဘယ်လောက်ထိဆွဲဆန့်နိုင်မလဲ…”
ဝေ့ယွမ်အနည်းငယ် အံ့အားသင့်သွားခဲ့၏။ အဘယ်ကြောင့် ရွှမ်ယီက ထိုသို့မေးသည်ကို နားမလည်နိုင်ခဲ့ချေ။
သို့သော် ထိုမေးခွန်း၏အဖြေက လျှို့ဝှက်ချက်တစ်ခုမဟုတ်ပေ။
“ မမျှော်လင့်ထားတဲ့ ကိစ္စတစ်ခုခုဖြစ်မလာဘူးဆိုရင် ဒီခရမ်းကျောက်စိမ်းပုလဲပန်းက ကျွန်မအဖေရဲ့အသက်ကို နောက် (၁၀) နှစ်လောက်တော့ ဆွဲဆန့်ပေးနိုင်လိမ့်မယ်…”
“ (၁၀) နှစ်… ငါမျှော်လင့်ထားတဲ့အတိုင်းပဲ…”
ရွှမ်ယီ အနည်းငယ်ခေါင်းညိတ်လိုက်၏။ ကျင့်ကြံမှုအဆင့်နိမ့်သောလူများအတွက်ဆိုလျှင် (၁၀) နှစ်ဟူသောအချိန်က တိုတောင်းသည်ဟု မဆိုနိုင်ပေ။
နှစ်ပေါင်းထောင်သောင်းချီအောင်နေလာခဲ့သည့် ကျင့်ကြံသူများအတွင်ဆိုလျှင် (၁၀) နှစ်ဟူသည့်အချိန်က မျက်စိတစ်မှိတ်မျှသာဖြစ်သည်။
“ ဆရာရွှမ်ယီ… ရှင့်မှာဆေးဖော်စပ်ဖို့ ဆေးညွှန်းရှိလို့များလား…”
ရွှမ်ယီ၏ မေးခွန်းအား ကြားလိုက်ပြီးနောက် ရှုယွမ်၏ မျက်ဝန်းများ တောက်ပလာခဲ့ပြီး အနည်းငယ်မျှပင် ရှက်မနေတော့ပဲ ဝမ်းသာအားရမေးလိုက်သည်။
သူမတို့ ဝေ့နိုင်ငံတော်တည်ရှိသည့် တောင်ပိုင်းနယ်မြေ ၊ မြောက်ပိုင်းဒေသ၌ နတ်ဆိုးများနှင့် ပတ်သက်ပြီး အန္တရာယ်ကြီးကြီးမားမား မရှိချေ။
သို့သော် ဝေ့နိုင်ငံတော်အနီးတွင် တည်ရှိသော ကြယ်တောင်တန်းဂိုဏ်းနှင့် သူမတို့ ဝေ့နိုင်ငံတော်အကြား မကြာသေးမီနှစ်များအတွင်း ပဋိပက္ခများ အကြိမ်ပေါင်းများစွာ ဖြစ်ပွားခဲ့သည်။
သို့သော် သူတို့ ဝေ့နိုင်ငံတွင် အင်ပါယာတစ်ဝက်အဆင့် ကျင့်ကြံသူ ဘုရင်မင်းမြတ်သာ မရှိပါက ကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူ (၁၀)ယောက် ပိုင်ဆိုင်ထားသည့် ကြယ်တောင်တန်းဂိုဏ်းက ဝေ့နိုင်ငံအား အလုံးအရင်းတိုက်ခိုက်ပြီး ဖြစ်ပေလိမ့်မည်။
သို့သော် ဘုရင်မင်းမြတ်သာ ကွယ်လွန်သွားပါက ဝေ့နိုင်ငံတော်နှင့် ကြယ်တောင်တန်းဂိုဏ်းကြားမှ အင်အားညီမျှမှုက ပျက်စီးသွားရန် သေချာပေသည်။
အင်ပါယာတစ်ဝက်အဆင့် ကျင့်ကြံသူမရှိတော့သော ဝေ့နိုင်ငံတော်က ကောင်းကင်ဘုရင်နှစ်ယောက်ကို အားကိုးပြီး ကောင်းကင်ဘုရင် (၁၀) ယောက်အား ခုခံရန် မဖြစ်နိုင်ပေ။
ဤသို့ဖြင့် ရွှမ်ယီက မှော်ဆေးဘုရင်တစ်ယောက်ဖြစ်ကြောင်း သိရှိပြီးနောက် ရှုယွမ်က ရွှမ်ယီအား ဆေးလုံးသန့်စင်ပေးရန် ဖိတ်ခေါ်လိုနေခဲ့သည်။
မှော်ဆေးဘုရင်တစ်ယောက်အား ဆေးလုံးသန့်စင်ရန် ငှားယမ်းပါက ပေးရမည့်ဈေးက အလွန်ဈေးကြီးသည့်တိုင်အောင် အင်ပါယာတစ်ဝက်အဆင့် ဘုရင်မင်းမြတ်အား ကယ်တင်နိုင်မည်ဆိုပါက မည်မျှ ကုန်ကျပါစေ ကိစ္စမရှိချေ။
ရွှမ်ယီ၏ အကြည့်များ ရှုယွမ်ထံသို့ ကျရောက်သွားခဲ့သည်။
ထို့နောက် ရွှမ်ယီက
“ မင်းပြောတာမှန်တယ် ငါ့ဆီမှာ ရှေးကျတဲ့ ဆေးလုံးဖော်မြူလာတစ်ခုရှိတယ်… အဲ့ဒီ ဖော်မြူလာထဲမှာ ခရမ်းကျောက်စိမ်းပုလဲပန်းကို အဓိကပါဝင်ပစ္စည်းအဖြစ်အသုံးပြုထားပြီး ဆေးလုံးနာမည်က ထာဝရစိမ်းလန်းခြင်းပဲ… ပြီးတော့ သူက အင်ပါယာတစ်ဝက်အဆင့် ကျင့်ကြံသူကိုတောင်မှ နှစ်ပေါင်း (၁၀၀) လောက် သက်တမ်းတိုးသွားစေနိုင်စွမ်းရှိတယ်…”
“ အဲ့တာအပြင် ဒီဆေးလုံးက အကြိမ်ပေါင်းများစွာ သုံးလို့ရတယ်… အားလုံးစုပေါင်းလိုက်မယ်ဆိုလို့ရှိရင် အင်ပါယာတစ်ဝက်အဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ အသက်ကို အနည်းဆုံး နှစ် (၁)ထောင် လောက် ဆွဲဆန့်ပေးနိုင်တယ်…”
ရွှမ်ယီ၏ စကားများအား ကြားလျှင် ဝေ့ယွမ်နှင့် ရှုယွမ်တို့ နှစ်ယောက်လုံး အလွန်စိတ်လှုပ်ရှားသွားကြ၏။
ရှုယွမ်က ရွှမ်ယီအား ချက်ချင်းဦးညွှတ်လိုက်ပြီး စိုးရိမ်ပူပန်နေသော လေသံဖြင့်
“ ဆရာရွှမ်… ကျေးဇူးပြုပြီး ကျွန်မတို့ ဝေ့နိုင်ငံတော်အတွက် ဆေးတစ်ဖိုလောက် ဖော်စပ်ပေးလို့ ရမလား… ကျွန်မတို့ ဝေ့နိုင်ငံတော်က ဆရာရွှမ် ကျေနပ်လောက်မယ့် အဖိုးအခ ပေးပါ့မယ်…”
ရှုယွမ်မော့ကြည့်လိုက်ရာ ရွှမ်ယီ၏ အမူအယာက အနည်းငယ်မျှ ပြောင်းလဲသွားခြင်းမရှိသည်ကို မြင်လိုက်လျှင် မနေနိုင်တော့ဘဲ အံကြိတ်လိုက်ပြီး
“ အဲ့တာက မလုံလောက်ဘူးဆိုရင်လဲ ကျွန်မ ရှုယွမ်ကိုယ်တိုင် ဆရာရွှမ်ရဲ့ နောက်ကိုလိုက်ပြီး ကိုယ်လုပ်တော်ဖြစ်ပေးပါ့မယ်…”
“ အဲ့လောက်ထိ မလိုအပ်ဘူး…”
ရွှမ်ယီက ညာလက်အား ဝှေ့ယမ်းကာ ပြောလိုက်သည်။
“ ပြီးတော့ ကျုပ် ခင်ဗျားတို့ကို ရှင်းပြဖို့ကျန်သေးတယ်
…”
“ ထာဝရ စိမ်းလန်းခြင်းဆေးလုံး… အဲ့တာမှာပါဝင်တဲ့ အရံဆေးပင်တွေအားလုံးက အဆင့် (၅) ဆေးပင်တွေဖြစ်ပေမယ့် ခရမ်းကျောက်စိမ်းပုလဲပန်း ပါဝင်တဲ့အတွက် အဲ့တာကို အဆင့် (၆) ဆေးလုံးအဖြစ် သတ်မှတ်လို့ရတယ်… ကျုပ်တောင်မှ အဲ့တာကို ဖော်စပ်မယ်ဆိုရင် ကျိန်းသေပေါက် အောင်မြင်ပါမယ်လို့ မပြောနိုင်ဘူး…”
“မင်း ငါ့ကို တကယ်ပဲလုပ်စေချင်တယ်ဆိုရင် အောင်မြင်ပြီးတဲ့အချိန်မှ အကျိုးအမြတ်ကိစ္စ ဆွေးနွေးလို့ရတယ်... ဒါပေမဲ့ မတော်တဆကျရှုံးသွားခဲ့ရင် မင်းတာဝန်ယူနိုင်မှာလား…”
အဆင့်ခြောက်ဆေးလုံး ...
ရွှမ်ယီ၏စကားများအား ကြားလျှင် ရှုယွမ်ငြိမ်ကျသွားခဲ့သည်။
အဆင့်ခြောက်ဆေးလုံးဆိုသည်မှာ မှော်ဆေးအင်ပါယာများကသာ အောင်မြင်စွာ သန့်စင်နိုင်ရန် ယုံကြည်ချက်ရှိသော ဆေးလုံးမျိုးဖြစ်၏။ ၎င်းထံတွင် တာအိုအရှိန်အဝါ တစ်စွန်းတစ်စလည်း ပါဝင်နေခဲ့သည်။
မှော်ဆေးဘုရင်များလည်း သန့်စင်နိုင်သည့်တိုင်အောင် ပျက်စီးသွားနိုင်ခြေ အလွန်မြင့်မား၏။
ရှုယွမ်အနေဖြင့် ရွှမ်ယီထုတ်ဖော်ပြသခဲ့သည့် ခွန်အားများကြောင့် ရွှမ်ယီအပေါ်တွင် အလွန်အမင်းယုံကြည်မှု ရှိနေခဲ့ချေပြီ။
သို့သော် အဆင့်ခြောက်ဆေးလုံးဟူသည့် စကားများက သူမ၏အာရုံကြောများကို တင်းကျပ်သွားစေခဲ့သည်။
ထိုအချိန်တွင် တစ်ချိန်လုံးငြိမ်သက်နေခဲ့သော ဝေ့ယွမ်က ဝင်ပြောလိုက်၏။
“ဆရာရွှမ်ယီ... ကျရှုံးမှုအတွက် စိတ်ပူနေစရာမလိုပါဘူး... ဆေးလုံးသန့်စင်ဖို့ပဲ အာရုံစိုက်ပါ... အောင်မြင်သည်ဖြစ်စေ ကျရှုံးသည်ဖြစ်စေ ဝေ့နိုင်ငံတော်က ဆရာရွှမ်ကို ဆုလာဘ်တစ်ခုပေးပါ့မယ်…”