← Chapters

အခန်း (၄၄၀)

Vol. 30 Ch. 440

အခန်း (၄၄၀)

Vol. 30 Ch. 440

ထိုစကားများအား ကြားလျှင် ရှုယွမ်တစ်ယောက် စိတ်မပူဘဲ မနေနိုင်တော့ချေ။ ခရမ်းကျောက်စိမ်းပုလဲပန်းက ပျက်စီးခြင်းနယ်မြေတွင် ရှာရအလွန်ခက်ခဲလှသည်။

၎င်းက ဝေ့နိုင်ငံတော် ပိုင်ဆိုင်ထားသည့် တစ်ခုတည်းသော သက်တမ်းတိုးစေနိုင်သည့် စိတ်ဝိညာဉ်ဆေးပင်ဖြစ်၏။

အကယ်၍ ဤတစ်ကြိမ် မအောင်မြင်ပါက သူတို့အနေဖြင့် အလားတူစိတ်ဝိညာဉ်ဆေးပင်အား ရှာဖွေနိုင်သေးသည်။ သို့သော် ဝေ့ဘုရင်က မကြာခင် သက်တမ်းကုန်သွားတော့မည်။ သူ့အနေဖြင့် ဆက်လက်စောင့်ဆိုင်းနိုင်မည် မဟုတ်ပေ။

သို့သော် ဝေ့ယွမ်ထံမှ ထွက်ပေါ်လာသည့် နောက်ဆက်တွဲစကားများက ရှုယွမ်အား အလွန်အံ့အားသင့်သွားစေခဲ့သည်။

ဝေ့ယွမ် အံကြိတ်လိုက်ပြီး

“တကယ်လို့ သန့်စင်မှု ကျရှုံးသွားခဲ့လို့ရှိရင် ကျွန်မရဲ့သွေးအနှစ်သာရကို ယူပြီး အဖေ့အတွက် ဆေးအဖြစ် အသုံးပြုလိုက်ပါ... အခု ကျွန်မက အခြေတည်ဝိညာဉ်အဆင့်၉ကို ရောက်နေပြီ... ဒါကြောင့် အနည်းဆုံး သွေးအနှစ်သာရ ၉၀ လောက်တော့ သန့်စင်ပေးနိုင်မှာပါ... အဲဒါက အဖေ့ရဲ့အသက်ကို အနည်းဆုံးဆယ်နှစ်လောက်တော့ သက်တမ်းတိုးစေနိုင်လိမ့်မယ်... အဲဒါက ခရမ်းကျောက်စိမ်းပုလဲပန်းနဲ့ အတူတူလောက်ရှိမယ်ထင်တယ်…”

[ Note. သွေးအနှစ်သာရ = သွေးအဆီအနှစ် ]

“မင်းသမီး…”

ရှုယွမ်က စကားဆက်ပြောချင်နေသေးသော်လည်း ဝေ့ယွမ် ညင်သာစွာ ခေါင်းယမ်းပြလိုက်သည်။ ထို့နောက် သူမမျက်နှာထက်တွင် ဖျော့တော့သော်လည်း ခိုင်မာသည့်အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး

“ရှုရှီ... ရှင်ကျွန်မကို တားနေစရာ မလိုပါဘူး... တကယ်တော့ ကျွန်မ ဒီတစ်ကြိမ်ထွက်မလာခင်ကတည်းကပဲ အဆိုးဆုံးတွေအတွက် စိတ်ကို ကြိုတင်ပြင်ဆင်ခဲ့ပြီးပြီ... ဒီတစ်ကြိမ်မှာ ခရမ်းကျောက်စိမ်းပုလဲပန်းကိုလည်း ရှာတွေ့ခဲ့ပြီး ဆရာရွှမ်နဲ့ တွေ့ဆုံခဲ့ရတာက မျှော်လင့်မထားတဲ့ ပျော်ရွှင်မှုလေးတစ်ခုပဲ... အဲဒါက လုံလောက်နေပါပြီ”

‘သွေးအနှစ်သာရအား ဆေးလုံးအဖြစ် သန့်စင်မည်လော…’

ဝေ့ယွမ်အား ကြည့်နေသော ရွှမ်ယီ၏ မျက်ဝန်းများထဲ၌ အလင်းတစ်ချက်လက်သွားခဲ့သည်။

အင်မော်တယ်ခန္ဓာပိုင်ရှင်၏ သွေးအနှစ်သာရက အမှန်ပင် လူ့အသက်အား ဆွဲဆန့်နိုင်သည့် အံ့ဖွယ်အကျိုးသက်ရောက်မှု ပိုင်ဆိုင်ထား၏။

သို့သော် အင်မော်တယ်ခန္ဓာပိုင်ရှင် သန့်စင်လိုက်သည့် မိမိ၏သွေးအနှစ်သာရ တစ်စက်ချင်းစီတိုင်းအတွက် ပေးဆပ်မှုက အလွန်ကြီးမားလှသည်။

သွေးအနှစ်သာရများကို ထုတ်ယူလိုက်ပါက မိမိ၏ကျင့်ကြံမှုအား နိမ့်ကျသွားစေနိုင်ရုံသာမက စိတ်ဝိညာဉ်အရင်းအမြစ်ကိုလည်း ထိခိုက်စေနိုင်၏။

များများထုတ်ယူလေ ဒဏ်ရာပိုပြင်းထန်လေ ဖြစ်သည်။

သို့သော် ဝေ့ယွမ်ထံမှ ထွက်ပေါ်လာသည့် စကားများက ရွှမ်ယီအား အလွန်စိတ်ကျေနပ်သွားစေခဲ့သည်။

“ကောင်းပြီလေ... မင်း ဒီလောက်ထိ စိတ်ပိုင်းဖြတ်ထားတာကို မြင်ရတဲ့အတွက် ဆေးသန့်စင်မှုကို ကျုပ်ခြွင်းချက်တစ်ခုလုပ်ပေးမယ်... ဒါပေမဲ့ မင်းသေချာစဉ်းစားစရာတွေ ရှိသေးတယ်”

စကားဆုံးသည်နှင့် ရွှမ်ယီက နောက်ကျောဘက်မှ ငရဲမိုးကြိုးကျောက်အား ညွှန်ပြလိုက်ပြီး

“ထာဝရစိမ်းလန်းခြင်းဆေးလုံးကို သန့်စင်ပြီးသွားရင် မင်းအဖေက သူ့အသက်ကို အနည်းဆုံးနှစ်တစ်ထောင်လောက်ထိ ဆွဲဆန့်နိုင်လိမ့်မယ်... မင်းက မင်းအဖေရဲ့ အချစ်ဆုံးသမီးဖြစ်တဲ့အတွက် ဒီလိုအရေးကြီးတဲ့ တာဝန်ပေးအပ်ခြင်းခံလိုက်ရတာ... ဒါပေမဲ့ နောက်ထပ်လာမယ့် နှစ်တစ်ထောင်လုံး မင်းရဲ့ညီအစ်ကိုမောင်နှမတွေက မင်းကိုတိုက်ခိုက်ဖို့ အကြံအစည်တွေ အဆက်မပြတ်ထုတ်နေကြလိမ့်မယ်... မြင်ယောင်ကြည့်လိုက်စမ်းပါ”

“ဒီတစ်ကြိမ်ကတော့ ငါနဲ့တွေ့လို့ ကံကောင်းသွားတယ်ပဲ ထားပါတော့... ဒါပေမဲ့ နောက်တစ်ကြိမ်ဆိုရင် ဘယ်လိုလုပ်မလဲ... ပြီးတော့ လူတွေရဲ့စိတ်နှလုံးက အမြဲတမ်း တသမတ်တည်း ရှိမနေနိုင်ဘူး... နှစ်တစ်ထောင်ကြာပြီးတဲ့အချိန်ကျလို့ မင်းအဖေက မင်းကို ဆက်ခံသူအဖြစ် မရွေးချယ်တော့ဘဲ တခြားတစ်ယောက်ကို ရွေးချယ်ခဲ့မယ်ဆိုရင်ရော… အဲဒီရလဒ်ကို မင်းလက်ခံနိုင်မလား..?”

ရွှမ်ယီ၏စကားများအား ကြားလိုက်လျှင် ရှုယွမ်၏မျက်နှာက ရုတ်တရက်အေးခဲသွားပြီး

“ဆရာရွှမ်ယီ... ရှင်နည်းနည်းလွန်သွားပြီလို့ မထင်ဘူးလား”

သို့သော် တစ်ဖက်တွင်မူ ဝေ့ယွမ်က အနည်းငယ်မျှ ဒေါသမထွက်ခဲ့ပေ။ ထိုအစား တခဏမျှ စဉ်းစားလိုက်ပြီးနောက် ရွှမ်ယီအား ကြည့်လိုက်ကာ

“ကျွန်မအနေနဲ့ ကိုယ်လုပ်နိုင်တာကိုတော့ အကောင်းဆုံးလုပ်သွားမှာပဲ… ဘယ်လိုရလဒ်တွေပဲဖြစ်လာဖြစ်လာ လက်ခံနိုင်ပါတယ်”

“နောင်တမရဘူးတဲ့လား… ဟားဟား… မင်းက ငါမျှော်လင့်ထားတာထက် နည်းနည်းပိုပြီး ရှေ့ကိုရောက်နိုင်လိမ့်မယ်”

ဝေ့ယွမ်၏ အဖြေကြောင့် ရွှမ်ယီအနည်းငယ် ပြုံးလိုက်ပြီး

“ကောင်းပြီ… ငါတို့တွေ မကြာခင် ခွဲရတော့မယ်… ဒါကြောင့် ဆေးကို ဒီမှာပဲ သန့်စင်ကြတာပေါ့”

“အမ်..”

ရွှမ်ယီ၏စကားကြောင့် မူလက ဒေါသထွက်နေခဲ့သည့် ရှုယွမ် အလွန်အံ့ဩသွား၏။

“ဒီနေရာမှာလား… ဆေးမီးဖိုကိုရော ပြင်ဆင်စရာ မလိုဘူးလား… နေရာအခင်းအကျင်းတွေ ဘာတွေရော ဂရုတစိုက်ရွေးချယ်စရာ မလိုတော့ဘူးပေါ့”

ရွှမ်ယီက အသာအယာပြုံးလိုက်ပြီး

“ဒါက ထာဝရစိမ်းလန်းဆေးလုံးလေးပဲကို… အဲဒီလောက် မဟုတ်ပါဘူး”

စကားဆုံးသည်နှင့် ရွှမ်ယီ၏ မျက်ခုံးနှစ်ခုကြားမှ စိတ်ဝိညာဉ်မီးတောက် ထွက်ပေါ်လာခဲ့သည်။

စိတ်ဝိညာဉ်မီးတောက် ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်သို့ အပြာရောင်အလင်းတန်းများ ပျံ့လွင့်သွား၏။

ရှုယွမ်က ရွှမ်ယီတောင်းဆိုထားသည့် စိတ်ဝိညာဉ်ဆေးပင်များအား သူမတို့ ဝယ်လာသည့် ပစ္စည်းများအကြား ရှာဖွေပြီး ပေးပို့ပေးလိုက်သည်။

ရွှမ်ယီဘက်တွင်မူ ထာဝရစိမ်းလန်းခြင်းဆေးလုံးအား သန့်စင်ရန်အတွက် လွန်စွာအားထုတ်ရန်မလိုဆိုသည့်စကားမှာ ချဲ့ကားပြောဆိုနေခြင်း မဟုတ်ပေ။

သူ့ထံတွင် ဆေးသူတော်စင်၏ မှတ်ဉာဏ်များနှင့် စိတ်ဝိညာဉ်မီးတောက်အား ပိုင်ဆိုင်ထားသည်။

ထာဝရစိမ်းလန်းခြင်းဆေးလုံးက အဆင့်၆ ဆေးလုံးတစ်လုံးဖြစ်သော်လည်း အဆင့်နိမ့်ဆေးတစ်ခုမျှသာ။

ထို့ကြောင့် ၎င်းအား သန့်စင်ရာတွင် အနည်းငယ်မျှ အန္တရာယ်မရှိပေ။

ရွှမ်ယီက စနစ်၏ သိုလှောင်ခန်းမှ ဆေးမီးဖိုတစ်ခုအား ထုတ်ယူလိုက်ပြီးနောက် မိမိကိုယ်ကိုယ် တည်ငြိမ်စေလိုက်သည်။

သူ၏နတ်အသိကလည်း ချက်ချင်းပျံ့နှံ့သွားပြီး ဆေးမီးဖို၏ နေရာတိုင်းကို ထိန်းချုပ်ထားလိုက်၏။

ရွှပ်…

ရွှမ်ယီက ခရမ်းကျောက်စိမ်းပုလဲပန်းအား အရည်ဖျော်လိုက်ပြီး ဆေးမီးဖိုအတွင်းသို့ ပစ်ထည့်လိုက်သည်။

တခဏအကြာတွင် ပုံစံမျိုးစုံနှင့် အရွယ်အစားမျိုးစုံရှိသည့် အရန်ဆေးပင်ငါးမျိုးလည်း ရွှမ်ယီ၏စိတ်ဝိညာဉ်မီးတောက်အောက်၌ အရည်များအဖြစ် ပြောင်းလဲသွားခဲ့၏။

ထို့နောက် အပြာရောင်အရည်လုံးလေး (၅)လုံးအဖြစ် ပြောင်းလဲသွားပြီး ဆေးမီးဖိုအတွင်း ဝင်ရောက်သွားခဲ့သည်။

ထိုအပြာရောင်အရည်လုံး(၅)လုံး ထွက်ပေါ်လာသည်နှင့် နံဘေးမှာ ရပ်ကြည့်နေသော ရှုယွမ်၏ခန္ဓာကိုယ်မှ စူးရှသော ချီစွမ်းအင်များ ထွက်ပေါ်လာခဲ့သည်။

ထိုအရန်အဖြစ် အသုံးပြုခဲ့သော စိတ်ဝိညာဉ်ဆေးပင်(၅)မျိုးစလုံး၌ အကန့်အသတ်မရှိသည့် အသက်စွမ်းအားများ ပါဝင်နေသည်။

၎င်းတို့က စိတ်ဝိညာဉ်မီးတောက်ကြောင့် လောင်ကျွမ်းသွားချိန်တွင် ပတ်ဝန်းကျင်မှ ကုန်သည်အဖွဲ့ဝင်များအားလုံး လန်းဆန်းကာ အားအင်ပြည့်သွားသလို ခံစားလိုက်ရ၏။

ရှုယွမ်၏အကြည့်များ တဖြည်းဖြည်း ပို၍တည်ငြိမ်လာခဲ့သည်။

သူမ၏ ကျင့်ကြံမှုက ကုန်သည်အဖွဲ့ထဲတွင် အမြင့်ဆုံးဖြစ်ကာ သူမ၏နတ်အသိကလည်း သဘာဝအတိုင်း အဆင့်အမြင့်ဆုံးဖြစ်၏။

တချက်ကြည့်လိုက်ရုံမျှဖြင့် ထိုအပြာရောင်အရည် လုံး(၅)လုံး ဖြစ်ပေါ်လာသည်နှင့် ရွှမ်ယီ၏လက်များ အလွန်လျင်မြန်သည့် အရှိန်အဟုန်ဖြင့် လှုပ်ရှားနေကြောင်း မြင်နိုင်ခဲ့သည်။

ဆေးစွမ်းအားများအား အနည်းငယ်မျှ အလေအလွင့် မဖြစ်စေခဲ့ပေ။

ဤကဲ့သို့ ဆေးလုံးသန့်စင်ခြင်း နည်းလမ်းမျိုးအား သူမအနေဖြင့် ကြားပင်မကြားဖူးချေ။

သူမအနေဖြင့် အဆင့်(၅)မှော်ဆေးဘုရင်များ ဆေးလုံးသန့်စင်နေသည့် မြင်ကွင်းကို ယခင်က မမြင်ဖူးခြင်း မဟုတ်ပေ။

ဝေ့နိုင်ငံတော်တွင်လည်း အဆင့်(၅)မှော်ဆေးဘုရင်များ ရှိသည်ဖြစ်ရာ သူမအနေဖြင့် မြင်ဖူး၏။

သို့သော် ဆေးတာအို၌သာ တစ်ဘဝလုံး နှစ်မြုပ်ထားသည့် မှော်ဆေးဘုရင်အိုကြီးများပင်လျှင် သူမရှေ့မှ ရွှမ်ယီနှင့် ယှဉ်နိုင်မည် မထင်ပေ။

ထိုမှော်ဆေးဘုရင်အိုကြီးများအားလုံး ဆေးလုံးသန့်စင်သောအချိန်တွင် ၎င်းတို့လှုပ်ရှားမှုများက လျင်မြန်ကာ ကျွမ်းကျင်ပိုင်နိုင်မှုရှိပြီး နည်းစနစ်များကလည်း အလွန်လေးနက်လှသည်။

သို့သော် သန့်စင်မှုလုပ်ငန်းစဉ်အတွင်း ဆေးလုံး၏ အာနိသင်အနည်းငယ်တော့ ဆုံးရှုံးသွားစမြဲပင်။

သို့သော် ရွှမ်ယီ…

၎င်းက မိခင်ဗိုက်ထဲတွင် ရှိနေချိန်ကတည်းကပင် ဆေးတာအိုအား လေ့ကျင့်လာသည်ဆိုလျှင်တောင် ယခုမှ (၂၅)နှစ်ဝန်းကျင်မျှသာ ရှိသေးနိုင်ပြီး ဤအဆင့်သို့ ရောက်နေခဲ့ချေပြီ။

All Chapters