အခန်း (၄၄၂)
Vol. 30 Ch. 442
ဝေ့ယွမ်တစ်ယောက် သူမနားကိုပင် မယုံကြည်နိုင်ဖြစ်နေခဲ့သည်။ ရွှမ်ယီ ခေါင်းညိတ်အတည်မပြုခင်အထိ အိမ်မက်မက်နေသကဲ့သို့ ခံစားနေရ၏။
ချက်ချင်း မြေပေါ်သို့ ၀ပ်ချလိုက်ပြီး
“ ဆရာ့ကို ဂါ၀ရပြုပါတယ်…”
ရွှမ်ယီလက်ခံသည်ကို မြင်ပြီးတော့မှ ဝေ့ယွမ်တစ်ယောက် စိတ်သက်သာရာရသွားတော့၏။
သို့သော် သူမ နှလုံးသားထဲ၌ တုန်လှုပ်ခြောက်ခြားနေဆဲပင်။
ဆရာ ရွှမ်ယီက သူမ ဆေးတာအိုမှာ အရည်အချင်းရှိကြောင်း ရှာတွေ့ခဲ့သလော…?
နောက်ဆုံးတွင် အင်မော်တယ်ခန္ဓာဆိုသည်မှာ ရှားပါးလွန်းသော ခန္ဓာကိုယ်အမျိုးအစားတစ်ခုဖြစ်သည်။
တောင်ပိုင်းတိုက်ကြီး ရွှေခေတ်၌ပင် အင်မော်တယ်ခန္ဓာပိုင်ရှင် တစ်ယောက်သာရှိခဲ့၏။
အရှေ့ပိုင်းတိုက်ကြီး တောင်ပိုင်းနယ်မြေမှ လူသားမျိုးနွယ်က အားနည်းလွန်းလှပြီး ဝေ့နိုင်ငံတောင်၌ အမြင့်ဆုံးသောကျင့်ကြံသူမှာ အင်ပါယာတစ်၀က်အဆင့် ဖြစ်ပေသည်။
အင်မော်တယ်ခန္ဓာအား သတိပြုမိရန်မဆိုထားနှင့် ၎င်း၏ အမည်ကိုပင် မကြားဖူးကြပေ။
အင်မော်တယ်ခန္ဓာကိုယ်၏ အကျိုးသက်ရောက်မှုကြောင့် ကျင့်ကြံခြင်းနှေးကွေးခြင်းကို ဝေ့ယွမ်က သူမ၏ ပါရမီနည်းပါးခြင်းဟုသာ ထင်မှတ်နေခဲ့သည်။
ဤသို့ဖြင့် ရွှမ်ယီအား ဆွဲဆောင်နိုင်သည့်အရာမှာ သူမ ကျင့်ကြံခြင်းပါရမီဟု လုံး၀ထင်မှတ်မထားခဲ့ပေ။
သူမထံ၌ သူမကိုယ်တိုင်ပင် မသိထားသည့် မှော်ဆေးတာအိုပါရမီရှိနေလော…?
ဝေ့ယွမ်တစ်ယောက်သာ ထိုသို့တွေးခြင်းမဟုတ်ပေ။ ကုန်သည်တစ်ဖွဲ့လုံး ထိုသို့ တွေးနေခဲ့ကြသည်။
ဤသို့ဖြင့် ဝေ့ယွမ်က အတန်ငယ် အရဲစွန့်လိုက်ပြီး
“ ဆရာ.. ကျွန်မကို မှော်ဆေးတာအို သင်ကြားပေးမလို့ စဉ်းစားနေတာလား…?”
“ အမ်.. မှော်ဆေးတာအိုလား…?”
ရွှမ်ယီ အနည်းငယ်အံ့အားသင့်သွားပြီး ထူးဆန်းသလိုခံစားလိုက်ရ၏။
ထို့နောက် ခေါင်းယမ်းလိုက်ကာ
“ မသင်ပေးပါဘူး… မင်းမှာ မှော်ဆေးပညာနဲ့ ပတ်သက်တဲ့ ပါရမီမှမရှိတာ…”
“ ဒါက…”
ရွှမ်ယီ၏ အဖြေကြောင့် ဝေ့ယွမ် မှင်သက်သွားခဲ့သည်။
ဆရာရွှမ်က ဘာကိုဆိုလိုသနည်း…?
သူမထံ၌ မှော်ဆေးတာအို ပါရမီမရှိဘူးတဲ့လား…?
ဒါဆိုရင် သာမန်ဆန်သော ကျင့်ကြံခြင်းပါရမီနှင့် သူမအား အဘယ်ကြောင့် တပည့်အဖြစ် လက်ခံခဲ့ရသနည်း…?
ဝေ့ယွမ်အတွေးလွန်နေစဉ် ရွှမ်ယီ ညာလက်အား ဝှေ့ယမ်းလိုက်ပြီး သူမထံသို့ အလင်းတန်းတစ်ခု ပစ်လွှတ်လိုက်၏။
ရုတ်တရက် ဝေ့ယွမ် တစ်ကိုယ်လုံး တောင့်တင်းသွားလေသည်။ ထိုအလင်း သူမ အသိစိတ်ပင်လယ်အတွင်းသို့ ၀င်ရောက်လာချိန်တွင် ကောင်းကင်ကို အလွယ်တကူ ပိုင်းဖြတ်နိုင်လောက်အောင် ထက်ရှလွန်းသော သွေးရောင် ဓားစွမ်းအားတစ်ခုကို ခံစားမိလိုက်၏။
ဝေ့ယွမ် တုန်လှုပ်သွားပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်မိသည်။
ထို့နောက် သူမ အသိစိတ်ပင်လယ်အတွင်းသို့ ကြည့်လိုက်လျှင် သွေးရောင်များ ပျောက်ကွယ်သွားပြီး ဝိုးတဝါးလှုပ်ရှားနေသည့် ဓားတစ်ချောင်းအား တွေ့လိုက်ရ၏။
၎င်းအား အနီးကပ်ကြည့်လိုက်ပြီးနောက် ဝေ့ယွမ် အလွန်အံ့ဩသွားခဲ့သည်။
ထို ဓားပုံရိပ်ပေါ်၌ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသော မှတ်ညာဏ်ရုန်းများအား တွေ့လိုက်ရသောကြောင့်ပင်။
ဝေ့ယွမ်က ထိုရုန်းများ၏ အဓိပ္ပါယ်ကို နားလည်နိုင်ခြင်းမရှိသော်လည်း ၎င်းမှ ထွက်ပေါ်လာသည့် အရှိန်အဝါက သူမအား ရှင်းလင်းစွာ သိမြင်သွားစေသည်။
ထိုအရာက ဓားကျင့်စဉ်တစ်ခုဖြစ်ပြီး သူမကျင့်ကြံနေခဲ့သော မူလအမှန်တရားကျင့်စဉ်ထက် အဆပေါင်းများစွား မြင့်မားကြောင်း ထင်ရှားသည်။
အင်ပါယာအဆင့်၌ပင် အဆင့်အတန်းမြင့်သော ကျင့်စဉ်တစ်ခု ဖြစ်နိုင်၏။
ဝေ့ယွမ် စိတ်လှုပ်ရှားမှု ၊ ကျေးဇူးတင်မှုများ ပြည့်နေသော မျက်၀န်းများဖြင့် ရွှမ်ယီအား ကြည့်လိုက်သည်။
“ ဆရာ.. ဒါက…”
ရွှမ်ယီက လက်ယမ်းပြကာ တားဆီးလိုက်ပြီး
“ အဲ့ဒီ ဓားကျင့်စဉ်ကို မင်းတစ်ယောက်ပဲ လေ့ကျင့်ရမယ်ဆိုတာ မှတ်ထားပါ… အပြင်ကို မပေါက်ကြားစေနဲ့…”
ဤသို့ဖြင့် ဝေ့ယွမ် ပြန်လည် တည်ငြိမ်သွားပြီး ရွှမ်ယီထံသို့ ဦးညွှတ်လိုက်ကာ
“ ကျွန်မ နားလည်ပါပြီ..”
ရွှမ်ယီက ခေါင်းညိတ်ပြလိုက်ပြီး ထိုဓားကျင့်စဉ်အား စတင်လေ့ကျင့်နိုင်ပြီဖြစ်ကြောင်း အမူအရာဖြင့် ညွှန်ပြလိုက်၏။
တစ်ဖက်တွင် ကုန်သည်အဖွဲ့ကမူ ယခုအချိန်ထိ မည်သည့် တုန့်ပြန်မှုမျှ မရှိသေးပေ။
အမှန်တွင် ရွှမ်ယီက ဝေ့ယွမ်အား တပည့်အဖြစ်လက်ခံခဲ့ပြီး မှော်ဆေးတာအိုကိုလည်း မသင်ပေးဟုပြောခဲ့စဉ် သူတို့အားလုံး ရွှမ်ယီက ဝေ့ယွမ်၏ အထူးခန္ဓာကိုယ်မှ သွေးအဆီအနှစ်များဖြင့် ဆေးဖော်စပ်လိုသည်ဟု ထင်ခဲ့ကြသည်။
ထိုသို့သာ အမှန်တကယ်ဖြစ်လာပါက ဝေ့ယွမ်အား အသက်စွန့်ကယ်တင်ရန် ဆုံးဖြတ်ထားကြ၏။
သို့သော် ရွှမ်ယီက ဝေ့ယွမ်ထံ၌ မှော်ဆေးတာအို ပါရမီပါမလာကြောင်း ပွင့်ပွင့်လင်းလင်းပြောကြားခဲ့သည်။
ဒါဆို ဝေ့ယွမ်ထံ၌ သူတို့မသိသော ကျင့်ကြံခြင်းပါရမီရှိနေသလော…?
မည်သို့ ဟာသမျိုးနည်း…?
လက်ရှိ ဝေ့ယွမ်လေ့ကျင့်နေသောကျင့်စဉ်က ဝေ့နိုင်ငံတော် အင်ပါယာမိသားစု၌ ဘိုးစဉ်ဘောင်ဆက် လက်ခံရရှိသော အမွေအနှစ်ကျင့်စဉ်တစ်ခုဖြစ်ကြောင်း ရှုယွမ် သိထားသည်။
အစပိုင်းတွင် ၎င်းက အလယ်အလတ် ဘုရင်အဆင့်၌သာရှိခဲ့၏ သို့သော် လက်ရှိ ဘုရင်မင်းမြတ်ထက်၌ အဆင့်မြင့် ဘုရင်အဆင့်သို့ မြှင့်တင်နိုင်ခဲ့သည်။
ဝေ့နိုင်ငံတော် ပတ်၀န်းကျင်တွင် အင်ပါယာတစ်၀က်အဆင့် အင်အားစုများ ရှိသော်လည်း အဆင့်မြင့် ဘုရင်အဆင့် ကျင့်စဉ်များမှာ အလွန်ရှားပါး၏။
သို့သော် ထိုကဲ့သို့ ကျင့်စဉ်မျိုးအား ပိုင်ဆိုင်ထားလျက်ပင် ဝေ့ယွမ်၏ ကျင့်ကြံမှုက ခရုတစ်ကောင်အလား နှေးကွေးလွန်းလှသည်။
ဥပမာပေးရမည်ဆိုလျှင် ဝေ့ယွမ်နှင့် မျိုးဆက်တူ လူငယ်များကျင့်ကြံနေသည့် ကျင့်စဉ်များက ဝေ့ယွမ်ထက် နိမ့်ကျသော်လည်း ဝေ့ယွမ် စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်၌ ရှိနေစဉ် ၎င်းတို့က အခြေတည်ဝိညာဉ်အဆင့်သို့ ရောက်နေကြချေပြီ။
တစ်ဖက်တွင် ဝေ့ယွမ်ကမူ
စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်သို့ ရောက်ချိန်မှစပြီး ကျင့်ကြံမှုအမြန်နှုန်းက ယခင်ထက် အဆများစွာ နှေးကွေးသွားခဲ့သည်။
သူမ အခြေတည်ဝိညာဉ်အဆင့်သို့ ရောက်သောအခါ ကျင့်ကြံမှု အမြန်နှုန်းက သနားစရာကောင်းလောက်အောင် နှေးကွေးသွားခဲ့ရ၏။
ဝေ့ဘုရင်မင်းမြတ်သာ သူမအတွက် တန်ဖိုးကြီး အရင်းအမြစ်ပေါင်းများစွာ အသုံးမပြုခဲ့ပါက လက်ရှိအချိန်တွင် အခြေတည်ဝိညာဉ် အဆင့်(၃) ၊ (၄) ၌သာ ရှိနေပေလိမ့်မည်။
ဒါကိုတောင်မှ ရွှမ်ယီက ဝေ့ယွမ်၏ ကျင့်ကြံခြင်း ပါရမီအပေါ် အလေးအနက်ထားနေခဲ့တာလား..?
ဒါမှမဟုတ် ဝေ့ယွမ်ထံ၌ ဖုံးကွယ်နေသော ပါရမီများ ရှိနေခဲ့သည်လော…?
ရှုယွမ် အနည်းငယ် နှလုံးခုန်မြန်နေခဲ့သည်။
ယခင် ရွှမ်ယီ ပြသခဲ့သော ခွန်အားနှင့် ဆန်းကျယ်မှုများကြောင့် အဆုံးကိုမမြင်နိုင်သော ချောက်နက်ကြီးတစ်ခုအဖြစ် ခံစားနေခဲ့ရခြင်းမရှိပါက ရှုယွမ် ၎င်းအား တားဆီးခဲ့သည်မှာ ကြာချေရော့မည်။
ရှုယွမ် နှလုံးသားထဲ၌ သက်ပြင်းချလိုက်မိသည်။
အနှီရွှမ်ယီက အလွန်အစွမ်းထက်ကာ ထူးခြားသော်ငြား ငယ်ရွယ်သေးသည်ဖြစ်ရာ စိတ်အခြေအနေ မတည်ငြိမ်သေးခြင်း ဖြစ်နိုင်၏။
ဝေ့ယွမ်၏ နိမ့်ကျသော ပါရမီကို သတိပြုမိပြီး ဝေ့ယွမ်အား တိုးတက်အောင် ကြိုးစားလေ့ကျင့်ပေးပြီး မိမိကိုယ်ကို သက်သေပြလိုခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။
သို့သော် ၎င်းက မကောင်းသောကိစ္စတော့မဟုတ်ချေ။
ဤဖြစ်စဉ်မှတစ်ဆင့် ဝေ့ယွမ်နှင့် ရွှမ်ယီတို့ တစ်ယောက်ကို တစ်ယောက် ချည်နှောင်သွားချေပြီ။
အထွတ်အထိပ်လူသားဘုရင်ခွန်အားနှင့် မှော်ဆေးဘုရင်တစ်ယောက် ဝေ့ယွမ်ဘက်တွင် ရှိနေခြင်းက နန်းတွင်း၌ သူမအခြေအနေကို တော်တော်လေး တည်ငြိမ်သွားစေလိမ့်မည်။
ရှုယွမ် တောင်တွေး မြောက်တွေး တွေးနေစဉ်
မျက်လုံးမှိတ်ကာ ကျင့်ကြံနေသော ဝေ့ယွမ်ထံမှ ပတ်၀န်းကျင်သို့ တုန်ခါမှုတစ်ခု ဖြာထွက်လာခဲ့သည်။
တစ်အုန်းအုန်း မြည်သံများနှင့်အတူ ဝေ့ယွမ်၏ ခန္ဓာကိုယ်အတွင်းမှ အနီရောင်အလင်းများ ထွက်ပေါ်လာပြီး သူမ ခန္ဓာကိုယ်အား ဖုံးအုပ်သွား၏။
ရှုယွမ်လည်း ထိုနေရာသို့ လှမ်းကြည့်လိုက်သည်။ အနီရောင်အလင်းများအောက်မှ ဝေ့ယွမ်၏ အတက်အကျများ ပြောင်းလဲလာသည်ကို ခံစားမိလိုက်လျှင် အလွန်အံ့အားသင့်သွားခဲ့၏။
အခြေတည်ဝိညာဉ်အဆင့်(၉) ၌ (၂)နှစ်ကျော် ကြာအောင် ရပ်တန့်နေခဲ့သော ဝေ့ယွမ်၏ ကျင့်ကြံမှုက ရွှမ်ယီပေးအပ်ခဲ့သော ကျင့်စဉ်အား လေ့ကျင့်ပြီးနောက် ရှေ့သို့ တိုးလာခဲ့ဟန်ရသည်။
ဤသို့ဖြင့် တဖြည်းဖြည်း တိုးတက်လာနေခဲ့ပြီး အမွှေးတိုင်တစ်ချောင်းစာအချိန်ကုန်သွားပြီးနောက် အဆင့်(၉) အထွတ်အထိပ်သို့ရောက်သွားလေသည်။
သို့သော် ဝေ့ယွမ်ထံမှ ထွက်ပေါ်နေသည့် လှုပ်ခတ်မှုများက ဤမျှလောက်နှင့် ရပ်တန့်မသွားသေးပေ။
ကောင်းကင်နှင့် မြေပြင်အကြားမှ စွမ်းအင်များ သူမ ခန္ဓာကိုယ်အတွင်းသို့ စီး၀င်နေသည်နှင့် အမျှ ဆက်လက်မြင့်တက်လာနေခဲ့သည်။
သူမ ခန္ဓာကိုယ်၌ ဖုံးလွှမ်းနေသည့် သွေးရောင်အလင်းများက တဖြည်းဖြည်း ခိုင်မာလာပြီး သွေးရောင်ဓားတစ်ချောင်းအဖြစ် ပြောင်းလဲသွား၏။
“ ဒါ… ဒါက ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ…”