အခန်း (၄၄၃)
Vol. 30 Ch. 443
ရှုယွမ်က အံ့အားသင့်မှုများ ပြည့်နေသော မျက်ဝန်းများဖြင့် အခြေတည်ဝိညာဉ်အထွတ်အထိပ်အဆင့်သို့ ရောက်သွားပြီဖြစ်သော ဝေ့ယွမ်အား ငေးကြည့်နေခဲ့သည်။ သူမ မျက်ဝန်းများကိုပင် မယုံကြည်နိုင် ဖြစ်နေခဲ့၏။
တစ်ဖက်တွင်မူ ရွှမ်ယီက အသာအယာ ပြုံးနေခဲ့သည်။
ဤကိစ္စများအားလုံး သူ၏ မျှော်လင့်ချက်ဘောင်အတွင်း၌ ရှိနေဆဲပင်။
ဝေ့ယွမ်အား သူပေးအပ်လိုက်သည့် ကျင့်စဉ်က ဟွမ်ဂျီကျင့်စဉ်ကဲ့သို့ အဆင့်မြင့်အင်ပါယာအဆင့် ကျင့်စဉ်မဟုတ်ပေ။
၎င်းအား ရွှမ်ယီကိုယ်တိုင် အထူးပြုလုပ်ထားခြင်းဖြစ်၏။ သူနားလည်ထားသော အထွတ်အထိပ် အဆင့်(၆) ဓားရည်ရွယ်ချက်နှင့် ခုနစ်သွယ်သတ်ဖြတ်ခြင်း ဓားအစီအရင်တို့အား ပေါင်းစပ်ထားခြင်းဖြစ်သည်။
ခုနစ်သွယ်သတ်ဖြတ်ခြင်းဓားကျင့်စဉ်...
၎င်းက တာအိုအဆင့်သို့ မရောက်ရှိသေးသော်လည်း ဟွမ်ဂျီကျင့်စဉ်နှင့် ယှဉ်နိုင်သော အဆင့်မြင့်အင်ပါယာအဆင့် ကျင့်စဉ်ဖြစ်၏။
၎င်းက သူမထံတွင် ခုနစ်သွယ်သတ်ဖြတ်ခြင်း ဓားနှလုံးသားနှင့် စွမ်းအားများ ကျန်ခဲ့မည်ဖြစ်ပြီး အသက်သွင်းလိုက်ပါက လောကကြီး၌ ခုတ်ဖြတ်၍ မရသော၊ သတ်ဖြတ်၍ မရသော အရာမရှိပေ။
၎င်းက ဝေ့ယွမ်၏ ဖြူစင်ကြည်လင်သော စိတ်နှလုံးသားနှင့် အလွန်လိုက်ဖက်ညီလှသည်။
ထို့အပြင် ခုနစ်သွယ်သတ်ဖြတ်ခြင်း ဓားကျင့်စဉ်က ကျင့်ကြံသူအား အင်ပါယာအဆင့်၌ ကန့်သတ်မထားပေ။
သူမအနေဖြင့် ဓားရည်ရွယ်ချက်ကို ရွှမ်ယီနှင့်အတူ အဆက်မပြတ်မြှင့်တင်နိုင်မည်ဖြစ်ပြီး တာအိုအရှင်သခင်အဆင့် သို့မဟုတ် ထိုထက်ပိုမြင့်သော အဆင့်သို့ ရောက်နိုင်ပေလိမ့်မည်။
ရွှမ်ယီ ခေါင်းယမ်းပြီး သူ၏ အကြည့်များအား ပြန်လည်ရုပ်သိမ်းလိုက်သည်။
ထို့နောက် အနားယူရာ ရထားလုံးထံသို့ ပြန်လာခဲ့ပြီး စတင်၍ ကျင့်ကြံလိုက်၏။
ရွှမ်ယီတို့အဖွဲ့ ဆက်လက်၍ ခရီးဆက်နေစဉ် ငရဲမိုးကြိုးချောက်အနီးတွင် လူပုံရိပ်တစ်ခု တိတ်တဆိတ်ထွက်ပေါ်လာခဲ့သည်။
၎င်းထံမှ ကြမ်းတမ်းသော အရှိန်အဝါများ ထွက်ပေါ်နေပြီး ခရမ်းရောင်ဝတ်ရုံအား ဝတ်ဆင်ထားကာ နောက်ကျောဘက်၌ နဂါးပြာအမှတ်တံဆိပ်တစ်ခု ရှိနေ၏။
ရှုယွမ်နှင့် ကျန်လူများ ဤနေရာ၌ ရှိနေပါက ထိုလူအား တစ်ချက်ကြည့်ရုံနှင့် မှတ်မိပေလိမ့်မည်။ ၎င်းက ဝေ့အင်ပါယာမိသားစုမှ ဖြစ်သည်။
သူက သတ္တမမြောက်မင်းသား ဝေ့ဝူကျိဖြစ်ပြီး မင်းသား၊ မင်းသမီးများအကြား၌ပင် တတိယမြောက်နေရာ၌ ရှိသူဖြစ်၏။
ထို့အပြင် ဝေ့နိုင်ငံဘုရင်၏ ယုံကြည်အားကိုးခြင်း ခံရသူလည်းဖြစ်သည်။ သူက ဝေ့နိုင်ငံတော်နယ်စပ်တွင် တာဝန်ကျနေခဲ့သူဖြစ်ပြီး ကိုယ်ပိုင်စစ်တပ်ကိုလည်း ပိုင်ဆိုင်ထားသေး၏။
ထို့အပြင် သူ့အား ထောက်ပံ့ရန် မြို့ပေါင်း(၁၂)မြို့လည်း ရှိနေခဲ့ပြီး ကျင့်ကြံခြင်းပါရမီ ကောင်းမွန်သူတစ်ယောက်လည်း ဖြစ်ပေသည်။
ဝေ့ဝူကျိက လူသားဘုရင်အဆင့်သို့ ချိုးဖျက်နိုင်ခဲ့သည်မှာ နှစ်ပေါင်း(၃၀)မျှသာ ရှိသေးပြီး ယခုအချိန်တွင် နှောင်းပိုင်းလူသားဘုရင်အဆင့်သို့ ရောက်နေခဲ့ချေပြီ။
သူက ဝေ့နိုင်ငံတော်အတွင်း၌ လူငယ်မျိုးဆက်ခေါင်းဆောင်တစ်ယောက်လည်းဖြစ်၏။ ဝေ့နိုင်ငံတော်မှ ကောင်းကင်ဘုရင်အဆင့်ကျင့်ကြံသူ(၂)ယောက်ပင် ၎င်းအား ကောင်းကင်ဘုရင်အဆင့်သို့ ချိုးဖျက်နိုင်ရန် အလားအလာအရှိဆုံးလူတစ်ယောက်အဖြစ် သတ်မှတ်ထားကြပြီး အထင်ကောင်း အမြင်ကောင်းများ ရှိကြ၏။
သို့သော် ယခုအချိန်တွင် သတ္တမမင်းသား၏ မျက်နှာအမူအရာက တော်တော်လေး ပျက်ယွင်းနေခဲ့သည်။
ဝေ့ဝူကျိ၏နောက်တွင် အနက်ရောင်မြူခိုးများ ခြံရံလျက် လမ်းလျှောက်တုတ်တစ်ချောင်းအား ကိုင်ဆောင်ထားသည့် အဘိုးအိုတစ်ဦး ရှိနေခဲ့၏။
သူ့နှုတ်ဖျားမှ ထွက်လာသည့် စကားသံများက ကျီးအာသံအလား ဖြစ်နေခဲ့ပြီး အလွန်နားထောင်ရ အဆင်မပြေလှချေ။
“မင်းသမီးယွမ်က မှော်ဆေးဘုရင်တစ်ယောက်ကို ကယ်တင်နိုင်ခဲ့တာပဲ… ကြည့်ရတာ တော်တော်လေး ကံကောင်းပုံရတယ်”
ထိုစကားအား ကြားလျှင် ဝေ့ဝူကျိ မျက်မှောင်ကြုတ်လိုက်မိသည်။ စိတ်တိုင်းမကျသော်လည်း မည်သည့်ကြမ်းတမ်းသော စကားမျှ မဆိုခဲ့ချေ။
အဘယ်ကြောင့်ဆိုသော် ထိုအနက်ရောင်ဝတ်စုံနှင့်အဘိုးက သူ၏လက်အောက်ခံတစ်ယောက် မဟုတ်ဘဲ မဟာမိတ်ကဲ့သို့ တည်ရှိမှုတစ်ခုဖြစ်၏။
၎င်းအား ဝေ့ဝူကျိ၏ ဝှက်ဖဲများထဲမှ တစ်ခုခုဆိုလျှင် ပိုမှန်ပေလိမ့်မည်။
ကောင်းကင်ဘုရင်...
ဝေ့နိုင်ငံတော်တစ်ခုလုံးတွင် ဝေ့ဘုရင်မင်းမြတ်အပါအဝင် ထိုအဆင့်ကျင့်ကြံသူ (၃)ယောက်သာ ရှိ၏။
သူ့ထံမှ ဤဝှက်ဖဲဖြင့်ဆိုပါက ဝေ့ယွမ်တွေ့ရှိခဲ့သော မှော်ဆေးဘုရင်အား ဂရုစိုက်ရန် မလိုအပ်ချေ။
“ကောင်းကင်ဘုရင် ရန်ရှောင်… အဲဒီမှော်ဆေးဘုရင်က ခရမ်းကျောက်စိမ်းပုလဲပန်းကို ဆေးအဖြစ်သန့်စင်ခဲ့တာ သေချာရဲ့လား”
ရန်ရှောင်က အေးစက်စွာ ပြုံးလိုက်၏။ သူက ရွှမ်ယီတို့အဖွဲ့ ထွက်ခွာသွားသည့် လမ်းကြောင်းအား လှမ်းကြည့်လိုက်ပြီး
“အဲဒီအချိန်တုန်းက ငါ့ကို ရိပ်မိသွားမှာစိုးလို့ ဒီနေရာကနေ ရှောင်တိမ်းခဲ့ပေမဲ့ အဲဒီမှော်ဆေးဘုရင်ရဲ့ ဆေးဖော်စပ်မှုက ကီလိုမီတာ ထောင်နဲ့ချီတဲ့နေရာအထိ ရိုက်ခတ်ခဲ့တယ်… ငါမြင်တာ မမှားဘူး”
ကောင်းကင်ဘုရင်ရန်ရှောင်၏ ပြတ်သားသောစကားများအား ကြားလျှင် ဝေ့ဝူကျိ၏ မျက်ဝန်းများထဲ၌ စိတ်လှုပ်ရှားမှုများ ပြည့်နှက်လာခဲ့သည်။
ခရမ်းကျောက်စိမ်းပုလဲပန်း မည်မျှတန်ဖိုးရှိသည်ကို သူအတိအကျ နားလည်ထားသည်။
သို့မဟုတ်ပါက ရင်ချန်ရှင်းကိုပင် အရယူပြီး ဝေ့ယွမ်တို့အဖွဲ့အား ငရဲမိုးကြိုးချောက်တွင် သတ်ဖြတ်ရန် များစွာအားထုတ်ခဲ့မည် မဟုတ်ပေ။
သူက အနာဂတ်ပြိုင်ဘက်တစ်ဖြစ်လဲ ဝေ့ယွမ်အား ဖယ်ရှားပစ်ချင်ရုံသာမက ခရမ်းကျောက်စိမ်းပုလဲပန်းကိုလည်း အရယူချင်ခဲ့၏။
ငရဲမိုးကြိုးချောက်တွင် မမျှော်လင့်ထားသော ကိစ္စများဖြစ်လာခဲ့ပြီး သူ၏အစီအစဉ် ကျရှုံးသွားခဲ့သည့်တိုင်အောင် အနည်းဆုံး အဆင့်(၅) ရှိနိုင်သော သက်တမ်းတိုးစေသည့် ဆေးလုံးအား ရရှိရန် အခွင့်အလမ်းများ ဖြစ်ပေါ်လာခဲ့ချေပြီ။
၎င်းနှင့်နှိုင်းယှဉ်လိုက်ပါက ယခင်ဆုံးရှုံးခဲ့သည့် သူ၏ဆုံးရှုံးမှုများက ဘာမှမဟုတ်တော့ပေ။
ချက်ချင်း ဝေ့ဝူကျိက ဆက်ပြောလိုက်၏။
“ဒါဆိုရင် ကောင်းကင်ဘုရင်ရန်ရှောင်ကို လှုပ်ရှားဖို့ တောင်းဆိုပါရစေ… ကျုပ်ကို ကူညီပေးပါ”
“ကျုပ်တို့ အစကတည်းက သဘောတူထားတဲ့အတိုင်း မှော်ဆေးဘုရင်သန့်စင်ထားတဲ့ ဆေးလုံးတွေကို ကျုပ်တို့ အညီအမျှ ခွဲဝေကြမယ်… ပြီးတော့ မှော်ဆေးဘုရင်ကိုလည်း ကောင်းကင်ဘုရင်ရန်ရှောင် ကြိုက်သလို စီရင်နိုင်တယ်”
ထိုစကားများအား ကြားလျှင် ရန်ရှောင်၏ နှုတ်ခမ်းထောင့်၌ အေးစက်သော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး
“ကောင်းပြီလေ သဘောတူတယ်… မင်းသားဝူကျိက အရမ်း ရက်ရောတာပဲ”
ဝေ့ဝူကျိက နှလုံးသားထဲမှ နာကျင်မှုများအား မျိုသိပ်လိုက်ပြီး သိုလှောင်အိတ်အတွင်းမှ ခရမ်းရောင်အစီအရင်အလံတစ်စုံအား ထုတ်ပြီး ရန်ရှောင်အား ကမ်းပေးလိုက်သည်။
ခရမ်းရောင် အစီအရင်အလံအား လက်ဝယ်ရရှိပြီးနောက် ရန်ရှောင်၏အပြုံးများ ပို၍တောက်ပလာခဲ့သည်။
ဤအစီအရင်အလံများ ဝေ့ဝူကျိ လက်ထဲ၌ ရှိနေစဉ်တွင် သူနှင့် အဆင့်တူကျင့်ကြံသူများအား ထောင်ချောက်ဆင်ရန် လုံလောက်၏။
ထို့ကြောင့် မဟုတ်လျှင် ကောင်းကင်ဘုရင်အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ယောက်အနေဖြင့် ရန်ရှောင်က ဝေ့ဝူကျိနှင့် အဘယ်ကြောင့် ပူးပေါင်းလိမ့်မည်နည်း။
ရှုယွမ်တို့အဖွဲ့အား တိုက်ရိုက်သတ်ဖြတ်ပြီး ရွှမ်ယီအား ကျွန်အဖြစ် အတင်းအကျပ်ခိုင်းစေလျှင် ပိုကောင်းမည် မဟုတ်ပေလော။
“အင်အားစုကြီးက လူတွေက တော်တော် ချမ်းသာကြတာပဲ”
ရန်ရှောင်က ဝေ့ဝူကျိအား လျှို့ဝှက်စွာ တစ်ချက်လှမ်းကြည့်လိုက်သည်။
ထိုအခါ ဝေ့ဝူကျိ၏ ခန္ဓာကိုယ်အထက်၌ အသေအချာဖုံးကွယ်ထားသော မှော်ရတနာအလင်းအနည်းငယ်အား တွေ့လိုက်ရ၏။
ထိုမှော်ရတနာများက သူ့အား တိုက်ရိုက်တိုက်ခိုက်နိုင်မည် မဟုတ်သော်လည်း အတန်ငယ်နှောင့်နှေးသွားစေရန် လုံလောက်သည်။
ထိုအချိန်လေးအတွင်း ဝေ့ဝူကျိက လွတ်မြောက်သွားနိုင်ပြီး ဝေ့နိုင်ငံတော်မှ ကောင်းကင်ဘုရင်များအား အချက်ပြကာ သူ့အား ဝိုင်းဝန်းဖမ်းဆီးကြပေလိမ့်မည်။
ဤသို့ဖြင့် ရန်ရှောင် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ဝေ့ဝူကျိအား လုယက်လိုသည့် စိတ်များအား ပြန်လည်မြိုသိပ်ထားလိုက်သည်။
ထို့နောက် ဝေ့ဝူကျိအား အနည်းငယ်ဦးညွှတ်လိုက်ပြီး အနက်ရောင်မီးခိုးတစ်ခုအဖြစ် ပြောင်းလဲကာ ရွှမ်ယီတို့အဖွဲ့နောက်သို့ လိုက်သွားခဲ့၏။
လက်ရှိအချိန်တွင် သူ၏ သက်တမ်းက ဝေ့ဘုရင်မင်းမြတ်ကဲ့သို့ ကုန်ဆုံးရန် အလွန်နီးကပ်နေခြင်း မဟုတ်သော်လည်း အနှစ်တစ်ရာဝန်းကျင်မျှလောက်သာ ကျန်တော့၏။
သူက ဝေ့ယွမ်နှင့် ရွှမ်ယီတို့ ပြောခဲ့သော စကားများအား မကြားခဲ့ရသည့်တိုင် ရွှမ်ယီ ဆေးလုံးသန့်စင်နေခြင်းကိုမူ အသေအချာမြင်ခဲ့ရသည်။
ခရမ်းကျောက်စိမ်းပုလဲပန်းမှ သန့်စင်ထားသည့်ဆေးလုံးက အဆင့်(၅)ဆေးလုံး မဟုတ်တာ သေချာ၏။ ၎င်းက အဆင့်(၆)သို့ ရောက်နေရန် ဖြစ်နိုင်ခြေများသည်။
ထိုမှော်ဆေးဘုရင်၏ ဆေးလုံးသန့်စင်ခြင်း နည်းလမ်းများက အလွန်ထူးဆန်းလွန်းလှပြီး ဆေးလုံးဖော်မြူလာကလည်း အံ့ဩဖွယ်ကောင်းလွန်းသောကြောင့် မိုးကြိုးအတိဒုက္ခ ရောက်မလာခဲ့ခြင်းပင်။
သို့သော် ဆေးလုံးသန့်စင်ရာမှ ထွက်ပေါ်လာသည့် အရှိန်အဝါများက ရန်ရှောင်၏ မျက်လုံးများကို လောဘများဖြင့် နီရဲသွားစေခဲ့သည်။