အခန်း (၄၄၄)
Vol. 30 Ch. 444
ဝေ့ဝူကျိ နှင့် ရန်ရှောင်တို့ အကြိမ်ပေါင်းများစွာ အတူတကွ ပူးပေါင်းလုပ်ဆောင်ခဲ့ကြသော်လည်း ယခုအကြိမ်က သူတို့နှစ်ဦး အပြင်၌ ပထမဆုံး တွေ့ဆုံခြင်းဖြစ်၏။
မိုးကုတ်စက်ဝိုင်းအဆုံး၌ ပျောက်ကွယ်သွားသည့် ရန်ရှောင်၏ ပုံရိပ်အား ကြည့်ရင်း ဝေ့ဝူကျိ၏ နှုတ်ခမ်းထောင့်စွန်း၌ အေးစက်သော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။
ဝေ့ဝူကျိအတွက် သူ၏ လျှို့ဝှက်ချက်များအား သိရှိထားသော ရန်ရှောင်ဖြစ်စေ ၊ ဘုရင်နေရာအတွက် ပြိုင်ဘက်ဖြစ်သော ဝေ့ယွမ်ဖြစ်စေ မည်သူသေသေ ပြသနာမရှိချေ။ သု့အတွက် အကျိုးအမြတ်များသာ ရှိ၏။
သူတို့ နှစ်ယောက်လုံး သေသွားပါက အကောင်းဆုံးဖြစ်ပေလိမ့်မည်။
“ မှော်ဆေးဘုရင်တဲ့လား… ဟား… ဟား…”
ရွှမ်ယီအကြောင်း တွေးရင်း ဝေ့ဝူကျိ အေးစက်စွာပြုံးလျက် ခေါင်းယမ်းလိုက်သည်။
ဤကမ္ဘာကြီးတွင် မှော်ဆေးပညာရှင်များအား လေးစားကာ ကြောက်ရွံ့ရခြင်းမှာ ၎င်းတို့၏ အစွမ်းထက်မှော်ဆေးပညာကြောင့်မဟုတ်ချေ။
သူတို့၏ မှော်ဆေးပညာကြောင့် နံဘေးတွင် အမြဲလိုက်ပါနေသည့် လူသားဘုရင်အဆင့် ၊ ကောင်းကင်ဘုရင်အဆင့် စသည့် လက်အောက်ငယ်သားများကြောင့်ဖြစ်သည်။
သို့သော် ဝေ့ယွမ်၏ နံဘေးမှ မှော်ဆေးဘုရင်ကမူ…
ဝေ့ဝူကျိ သိရှိရသလောက်ဆိုလျှင် ၎င်းက သင်းကွဲဝံပုလွေ တစ်ကောင်မျှသာ။
ထိုလူ၏ အတိတ်တွင် မည်သည့်ကိစ္စများ ရှိခဲ့စေကာမူ ယခုအချိန်တွင် သူ၏နံဘေး၌ မည်သည့် လက်အောက်ငယ်သားမျှ မရှိချေ။
ထို့အပြင် ၎င်း၏ ကျင့်ကြံမှုက သူနှင့် အဆင့်တူလောက်သာ ဖြစ်နိုင်၏။
ဆေးလုံးများ အရေးတကြီးလိုအပ်ခြင်းမရှိသော ကောင်းကင်ဘုရင်များ အမြင်တွင် မှော်ဆေးပညာရှင်များမှာ အသတ်ခံရန်စောင့်ဆိုင်းနေသည့် ဆူဖြိုးသော သိုးများပမာ ဖြစ်နေခဲ့သည်။
ဤသို့ဖြင့် အချိန်များ ကုန်လွန်သွားခဲ့ပြီး ရွှမ်ယီ ဝေ့ယွမ်အား သူ၏တပည့်အဖြစ် လက်ခံထားခဲ့သည်မှာ (၁၀) ရက်ကြာသွားခဲ့ချေပြီ။
လွန်ခဲ့သော (၁၀) ရက်အတွင်း ဝေ့ယွမ်၏ ကျင့်ကြံမှုက တဖြည်းဖြည်း တိုးတက်လာခဲ့ပြီး အခြေတည်ဝိညာဉ် အထွတ်အထိပ်အဆင့်၌ တည်ငြိမ်သွားခဲ့ပြီဖြစ်၏။
သူမအနေဖြင့် လဝက်အတွင်း အဆင့်တစ်ခု ချိုးဖျက်နိုင်လောက်သည်။
ထို့အပြင် သူမ၏ ပျော့ညံ့သော ပုံစံက ခုနှစ်သွယ် သတ်ဖြတ်ခြင်း ဓါးကျင့်စဉ်၏ လွှမ်းမိုးမှုအောက်၌ တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။
ထက်ရှသော သတ်ဖြတ်ငွေ့များ တဖြည်းဖြည်းထွက်ပေါ်လာနေခဲ့ပြီး ထိုကိစ္စနှင့်ပတ်သက်၍ ရှုယွမ်တစ်ယောက် ရွှမ်ယီအပေါ် အလွန်ကျေးဇူးတင်နေမိခဲ့၏။
တစ်ဖက်တွင် ဤ (၁၀) ရက်အတွင်း၌ ရွှမ်ယီ မိမိကိုယ်ကိုယ် ကုသပြီး တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာခဲ့သော်လည်း ငရဲမိုးကြိုးချောက်တွင် ကုသခဲ့သော အရှိန်အဟုန်လောက်တော့ မလျှင်မြန်ပေ။
သို့သော် သူ့တွင် မကုသရသေးသော စိတ်ဝိညာဉ်ဒြပ်စင် (၃) ခုသာ ကျန်တော့ပြီး ကျင့်ကြံမှုအခြေခံကလည်း ကောင်းကင်ဘုရင်အဆင့်၌ ပြန်လည်တည်ငြိမ်သွားပြီဖြစ်၏။
သူ၏ အထွတ်အထိပ်အခြေအနေနှင့် စိတ်ဝိညာဉ်ဒြပ်စင် (၃) ခုမျှသာ ကွာဝေးပြီး လက်ရှိတိုက်ခိုက်နိုင်စွမ်းကလည်း အင်ပါယာတစ်ဝက်အဆင့်သို့ ပြန်လည်ရောက်ရှိသွားချေပြီ။
သို့သော် ပြန်လည်ကောင်းမွန်မလာသေးသည့် စိတ်ဝိညာဥ်ဒြပ်စင် (၃) ခုရှိနေဆဲ ဖြစ်သောကြောင့် လက်ရှိအချိန်တွင် သူ၏ အမြင့်ဆုံးသော တိုက်ခိုက်နိုင်စွမ်းအားကို ထုတ်ဖော်နိုင်ဦးမည်မဟုတ်သေးချေ။
ထို့ကြောင့် ရွှမ်ယီအနေဖြင့် သာမန်ပထမ အတိဒုက္ခအဆင့် အင်ပါယာတစ်ယောက်အား သတ်ဖြတ်ရန် ယုံကြည်မှုမရှိသေးချေ။
သို့သော် ၎င်းအား အနိုင်ယူရန်အတွက်မူ မခက်ခဲပေ။
မှန်ပေသည်။ ကုန်သည်အဖွဲ့အနေဖြင့် ဤပြောင်းလဲမှုများအကြောင်း တစ်ခုမှ မသိကြပေ။
သူတို့အမြင်တွင် ရွှမ်ယီ၏အရှိန်အ၀ါက ယခင်ထက်အနည်းငယ်သာလွန်လာရုံမျှသာ ရှိ၏။
ရွှမ်ယီ၏ ကျင့်ကြံမှုက အထွတ်အထိပ်လူသားဘုရင်အဆင့်၌သာ ရှိနေဆဲဖြစ်ပြီး ပထမဆုံး တွေ့ဆုံစဉ်ကထက် အနည်းငယ်အားကောင်းလာရုံမျှသာရှိသည်ဟု ထင်မှတ်နေခဲ့ကြသည်။
ရွှမ်ယီက ထိုကိစ္စများအား ဂရုမစိုက်ချေ။
ဤအသေးအဖွဲ့ ကိစ္စများနှင့် နှိုင်းစာပါက သူ၏ခန္ဓာကိုယ်၌ ကျန်ရှိနေသော ဒဏ်ရာများက သူ့အား အလွန်ခေါင်းကိုက်စေသည်။
ရွှမ်ယီက နတ်အသိအား အသိစိတ်ပင်လယ်အတွင်းသို့ ပို့လွှတ်လိုက်ပြီး အသိစိတ်ပင်လယ်၏ အထက်မှ စိတ်ဝိညာဉ်ဒြပ်စင် (၁၈) ခုအား ကြည့်လိုက်၏။
ထိုနေရာတွင် ပြန်လည်ကုသပြီး ဖြစ်သော စိတ်ဝိညာဉ်ဒြပ်စင် (၁၅) ခုက ရွှေရောင်အလင်းများဖြင့် တောက်ပနေခဲ့သည်။ သို့သော် ကျန်ရှိနေသေးသော စိတ်ဝိညာဉ်ဒြပ်စင် (၃) ခုအတွက်မူ အလွန်ခါးသီးလွန်းလှသည်။
ပင်လယ်သားရဲဘိုးဘေးဝိညာဉ် မိမိကိုယ်ကိုယ်ဖျက်ဆီးခဲ့ချိန်တွင် ဤစိတ်ဝိညာဉ်ဒြပ်စင် (၃) ခုက အရင်ဆုံး ရိုက်ခတ်ခြင်းခံခဲ့ရ၏။
ထို့အပြင် စနစ်၏ လေဟာနယ်ပို့ဆောင်ခြင်းတွင်လည်း အမှားအယွင်းတစ်ခုဖြစ်ပွားခဲ့ပြီး လေဟာနယ်ဖိအားအောက်တွင် ထိုစိတ်ဝိညာဉ်ဒြပ်စင် (၃) ခုက အပိုင်းပိုင်းကွဲလုနီးပါး ဖြစ်သွားခဲ့၏။
သို့သော် လုံးဝကွဲကြေသွားခြင်းတော့မရှိသေးချေ။
၎င်းတို့အား ကုသရန်မှာ ကျန်စိတ်ဝိညာဉ်ဒြပ်စင် (၁၅) ခုထက်များစွာပိုခက်သည်။
အကာ်၍သူသာ ကောင်းကင်နှင့် မြေပြင်ကြားမှ စိတ်ဝိညာဉ်ချီအား ရိုးရှင်းစွာစုပ်ယူပြီး ကုသမည်ဆိုပါက တစ်နှစ်အတွင်း ပြန်လည်ကောင်းမွန်လာရန် မသေချာပေ။
“ ဆေးနဲ့ကုမှ ရတော့မယ်ထင်တယ်…”
ရွှမ်ယီ သက်ပြင်းချလိုက်၏။
ကံကောင်းထောက်မစွာဖြင့် သူ၏မှော်ဆေးပညာမှတ်ဉာဏ်များအကြား စိတ်ဝိညာဉ်ဒြပ်စင်အား ကုသပေးနိုင်သည့် ဆေးဖော်မြူလာအနည်းငယ်ရှိနေခဲ့သည်။
သို့သော် သူ့လက်ထဲတွင် ၎င်းတို့အား ဖော်စပ်ရန် စိတ်ဝိညာဉ်ဆေးပင် လုံလုံလောက်လောက် မရှိချေ။ ဝေ့ယွမ်တို့ ကုန်သည်အဖွဲ့တွင်လည်း ထိုဆေးပင်များ ရှိမနေပေ။
“ ရပါတယ်… ငါဝေ့ယွမ်ကို တပည့်အဖြစ်လက်ခံပြီးသွားပြီပဲ… အချိန်ကျလို့ရှိရင် ဝေ့နိုင်ငံတော်ရဲ့အင်အားကို သုံးပြီး ငါလိုချင်တဲ့ စိတ်ဝိညာဉ်ဆေးပင်တွေ ရှိမရှိ စုံစမ်းကြည့်ရမယ်…”
ရွှမ်ယီ ဆုံးဖြတ်ချက်ချလိုက်ပြီးသည်နှင့် မတ်တပ်ရပ်လိုက်ကာ ဝေ့ယွမ်အား ဓါးတာအိုနှင့် ပတ်သက်၍ သင်ကြားပေးရန် ပြင်လိုက်၏။
သူမ၏ အင်မော်တယ်ခန္ဓာက အမှန်တကယ်ပင် ထူးခြားလွန်းလှသည်။ ယခင်က သူမကျင့်ကြံခဲ့သော ကျင့်စဉ်မှာ အဆင့်နိမ့်လွန်းသောကြောင့် ဝေ့ယွမ်၏ ကျင့်ကြံမှုအပေါ် အလွန်အဟန့်အတား ဖြစ်စေခဲ့၏။
ယခုတွင် ခုနှစ်သွယ်သတ်ဖြတ်ခြင်းဓါး ကျင့်စဉ်အား ပိုင်ဆိုင်ထားပြီးဖြစ်ရာ သူမ၏ အနာဂတ်ကျင့်ကြံမှုက ပို၍ လျှင်မြန်လာတော့မည်။
ထို့မပြင် ရွှမ်ယီ၏ သင်ပြမှုအောက်၌ ဓါးရည်ရွယ်ချက်ကိုလည်း ဝိုးတဝါး နားလည်နေခဲ့ချေပြီ။
မကြာခင် ကနဦးဓါးရည်ရွယ်ချက်အား နားလည်သွားတော့မည်ဖြစ်၏။
သို့သော် ရွှမ်ယီ ရထားလုံးပေါ်မှ ဆင်းလာသည်နှင့် မျက်မှောင်ကြုတ်လိုက်မိသည်။ထို့နောက် မလှမ်းမကမ်းမှ အုံ့မှိုင်းနေသော ကောင်းကင်အား လှမ်းကြည့်လိုက်၏။
စိတ်အနှောက်အယှက်ပေးမည့်ယင်ကောင်များ ရောက်လာချေပြီ။
“ ဟား… ဟား… ဟား…. နောက်ဆုံးတော့ မင်းတို့ကို မှီသွားပြီ…”
အုံ့မှိုင်းနေသော မိုးသားများအကြား အနက်ရောင်အလင်းတန်းများ ရုတ်တရက်ထွက်ပေါ်လာပြီး ငှက်ဆိုးထိုးသံကဲ့သို့ ရယ်သံနှင့် စကားသံများ ထွက်ပေါ်လာခဲ့သည်။
ကုန်သည်အဖွဲ့အနေနှင့် ထိုစကားသံအား ကြားလိုက်သည်နှင့် ခန္ဓာကိုယ်တစ်ခုလုံးတုန်ယင်သွားခဲ့ကြ၏။
ရှုယွမ် ၊ လင်းတိုင်နှင့် ကျန်ဘုရင်အဆင့် ကျင့်ကြံသူများကမူ အနက်ရောင်အလင်းတန်းများ ထွက်ပေါ်လာသည်နှင့် ချက်ချင်း မျက်နှာပျက်သွားခဲ့ကြ၏။
“ ကောင်းကင်ဘုရင်…”
ရှုယွမ် ထိတ်လန့်တကြား ရေရွတ်လိုက်သည်။
ကောင်းကင်ဘုရင်တစ်ယောက် အဘယ်ကြောင့် ဤနေရာသို့ ရောက်လာခဲ့ရသနည်း။
သို့သော် ယခုတွင် ထိုကိစ္စအား တွေးတောနေရန် အချိန်မရှိပေ။ ချက်ချင်း ဝေ့တော်ဝင်မိသားစု တံဆိပ်ပြားကို ထုတ်ယူလိုက်ပြီး လေထဲသို့ ပျံတက်သွားလိုက်ကာ
“ စီနီယာ… ကျွန်မတို့က ဝေ့နိုင်ငံတော်က ကုန်သည်အဖွဲ့ပါ… ကျွန်မတို့ခရီးစဉ်က စီနီယာကို အနှောက်အယှက်ဖြစ်စေခဲ့ရင် တောင်းပန်ပါတယ်…”
ထိုကောင်းကင်ဘုရင် ထွက်ပေါ်လာသည့်ပုံစံက ရည်ရွယ်ချက်ကောင်းများ မရှိသည်မှာ ထင်ရှားသည်။ ထို့ကြောင့် ဝေ့နိုင်ငံတော် တော်ဝင်မိသားစုအား ချက်ချင်းကာဗာယူလိုက်ခြင်းဖြစ်၏။
တစ်ဖက်လူအား ဆုတ်ခွာသွားစေရန် ဝေ့ဘုရင်မင်းမြတ်၏ အရှိန်အဝါအား အသုံးပြုချင်နေခဲ့သည်။
သို့သော် ထိုရုတ်တရက် ထွက်ပေါ်လာသည့် ကောင်းကင်ဘုရင်၏ တုန့်ပြန်မှုကြောင့် ရှုယွမ်၏ နှလုံးသားတစ်ခုလုံး ချောက်နက်ကြီးထဲသို့ ပြုတ်ကျသွားခဲ့ရသည်။
“ ငါ့မှာ မင်းတို့ကို တကူးတက အပြစ်တင်နေဖို့ အချိန်မရှိဘူး…”
ရန်ရှောင်၏ မျက်ဝန်းများက သားကောင်တစ်ကောင်ကိုကြည့်နေသည့် မုဆိုးအလားဖြစ်နေခဲ့ပြီး ရှုယွမ်အထက်မှ ဖြတ်သန်းသွားကာ ဝေ့ယွမ်ရှိရာသို့ ကျရောက်သွားခဲ့သည်။
ထို့နောက် သူ၏ နှုတ်ခမ်းများအား လျှာဖြင့်သပ်လိုက်ပြီး
“ အရင်တစ်ခေါက်က ငါ အမြန်ဆုတ်ခွာသွားခဲ့ရလို့ မင်းတို့ကို အသေချာမကြည့်ခဲ့ရဘူး… အခုကြည့်လိုက်တော့ မင်းသမီးယွမ်နဲ့ ရှုချီတို့က အရမ်းလှကြသကိုး… ငါမင်းတို့ကို သတ်တောင်မသတ်ချင်တော့ဘူး…”
စကားဆုံးသည်နှင့် ရန်ရှောင်က သူ၏ ညာလက်အား ဝှေ့ယမ်းလိုက်သည်။ ထိုအခါ အနက်ရောင်အလင်းတန်းများ ထွက်ပေါ်လာခဲ့ပြီး ပြင်းထန်သော အရှိန်အဝါတစ်ခု ကျဆင်းလာခဲ့သည်။
ကုန်သည်အဖွဲ့ထဲမှ လူများ မြေပြင်ထက်သို့ လဲကျသွားကြ၏။