အခန်း (၄၄၅)
Vol. 30 Ch. 445
ရှုယွမ်က ရန်ရှောင်၏ ဖိအားဗဟို၌ ရှိနေသော်လည်း ဖိအားများအား ခါးသီးစွာ တင်းခံနေခဲ့၏။
သူမက အံကြိတ်လိုက်ပြီး အားတင်းကာ ခေါင်းမော့ကြည့်လိုက်ရင်း
“ စီနီယာ… ကျွန်မတို့ ဝေ့နိုင်ငံမှာ အင်ပါယာတစ်ဝက်အဆင့် ဝေ့ဘုရင် သက်ရှိထင်ရှား ရှိနေဆဲဆိုတာကို မမေ့နဲ့… ဘုရင်မင်းမြတ်သိသွားတာနဲ့ ရှင့်ကို သေတဲ့အထိ လိုက်သတ်လိမ့်မယ်…”
“ ဟား.. ဟား… ဟား… ကလေးမ မင်းက စကားကို ဘယ်လိုပြောရမလဲ သိသားပဲ… ဒါပေမယ့် အဲ့ဒီကိစ္စကို မေ့ထားလိုက်စမ်းပါ… ငါသာ ဝေ့နိုင်ငံက တစ္ဆေအိုကြီးကို ကြောက်နေမယ်ဆိုရင် ဘယ်လိုလုပ်ပြီး အခုလို ပေါ်ပေါ်ထင်ထင် ထွက်လာရဲမှာလဲ…”
“ သတင်းမပေါက်ကြားဖို့အတွက် ဒီနေရာက လူတိုင်းကို သတ်ပစ်လိုက်မယ်… ပြီးတော့ မင်းတို့နှစ်ယောက်ကို ငါနဲ့အတူ ခေါ်သွားမယ်…”
ရန်ရှောင်၏ အကြည့်များက ရွှမ်ယီအပေါ်သို့ ကျရောက်သွားချိန်တွင် မျက်ဝန်းများထဲ၌ လောဘအငွေ့အသက်များ ဖြစ်ပေါ်လာခဲ့ပြီး
“ ဒီ လက်အောက်ငယ်သားမရှိတဲ့ ဆေးဘုရင်လေးကတော့ ငါ့ဆီက ကျွန်တံဆိပ်ကို လက်ခံရလိမ့်မယ်… တစ္ဆေအိုကြီးဝေ့ ငါ့ကို ဘယ်လိုအရေးယူမလဲ ကြည့်ရသေးတာပေါ့…”
စကားပြောနေစဉ်အတွင်း ရန်ရှောင်၏ လက်ထဲ၌ အနက်ရောင်စိတ်ဝိညာဉ်အလုံးတစ်လုံးပေါ်လာပြီး ၎င်းက အပြင်းအထန်လည်ပတ်လာခဲ့၏။
၎င်းအထဲတွင် တဖျတ်ဖျတ်လက်နေသည့် အနက်ရောင် နတ်ဆိုးအမှတ်အသားများ ရှိနေပြီး ၎င်းက ရှုယွမ်အား အလွန်မျက်နှာပျက်သွားစေခဲ့သည်။
“ နှလုံးသားမျိုးစေ့ ကျွန်တံဆိပ်… ရှင်က ကောင်းကင်ဘုရင် ရန်ရှောင်လား…”
ရန်ရှောင် အားရပါးရ ရယ်မောလိုက်၏။
“ ကလေးမ… မင်းက တော်တော်လေး ဗဟုသုတ ကြွယ်ဝတာပဲ… ငါ့နည်းစနစ်တွေကို မှတ်မိနေလိမ့်မယ်လို့ လုံးဝမမျှော်လင့်ထားဘူး…”
ရှုယွမ်ဘက်တွင်မူ သူမ နှလုံးသားထဲ၌ အလွန်အမင်း စိတ်ပျက်သွားသလို ခံစားလိုက်ရ၏။
အကယ်၍ ယခုသူမတို့ ကြုံတွေ့နေရသော အကျပ်အတည်းသာ ငရဲနတ်ဆိုးဒီရေ ဖြစ်ပါက သူမအသက်ကိုစတေးပြီး ဝေ့ယွမ်အား ကယ်တင်နိုင်မည်ဟု ယုံကြည်သည်။
သို့သော် ရန်ရှောင်ရှေ့တွင်မူ သူမကိုယ်သူမ အနည်းငယ်မျှ ယုံကြည်မှု မရှိချေ။
သူမရှေ့၌ ရပ်နေသော ကောင်းကင်ဘုရင် ရန်ရှောင်ဆိုသူက ဝေ့နိုင်ငံတော်ပတ်ဝန်းကျင်တွင် နာမည်ကျော်ကြားသူတစ်ဦးလည်း ဖြစ်၏။
သူ၏ ကျော်ကြားခြင်းက အလယ်အလတ်ကောင်းကင်ဘုရင်အဆင့် ကျင့်ကြံခြင်းကြောင့်သာမဟုတ်ဘဲ သူ၏ ထူးခြားသော နည်းစနစ်ကြောင့်လည်း ဖြစ်သည်။
နှလုံးသားမျိုးစေ့ ကျွန်တံဆိပ်…
မည်သူမဆို ထိုမျိုးစေ့စိုက်ပျိုးခံလိုက်ရပြီး ကျွန်တံဆိပ် ခတ်နှိပ်ခံလိုက်ရပါက ရန်ရှောင်ထံတွင် တစ်သက်လုံး ကျွန်ခံရန်မှတပါး မရှိတော့ချေ။
ထို့အပြင် ရန်ရှောင်မေးမြန်းသမျှ မေးခွန်းတိုင်းကို အတားအဆီးမရှိ ဖြေကြားမိပေလိမ့်မည်။
ရန်ရှောင်၏ ကျင့်ကြံမှုအစောပိုင်းတွင် သူက ဤနည်းစနစ်ကို အားကိုးပြီး ဂိုဏ်းကြီးတစ်ချို့မှတပည့်များအား ဖမ်းဆီးကာ ဘုရင်အဆင့်ကျင့်စဉ်များစွာ စုဆောင်းခဲ့ပြီး လက်ရှိကောင်းကင်ဘုရင်အဆင့်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
အဆင့်တူတွင် သူ့အား တိုက်ခိုက်နိုင်သူ အနည်းငယ်သာ ရှိ၏။
ရန်ရှောင် ဆက်လက်စောင့်ဆိုင်းမနေလိုတော့ချေ။ စတင်တိုက်ခိုက်ရန်ပြင်လိုက်ပြီး ပတ်၀န်းကျင်သို့ ဝေ့ကြည့်လိုက်စဉ် သူ့ဖိအားအောက်၌ တည်ငြိမ်နေဆဲဖြစ်သည့် ဝေ့ယွမ်အား မြင်လိုက်ရသည်။
သူမက အခြေတည်ဝိညာဉ်အဆင့်၌သာရှိနေဆဲဖြစ်ပြီး ကောင်းကင်ဘုရင်တစ်ယောက်၏ ဖိအားကို မည်သို့ ခုခံနေနိုင်သနည်း။
ရန်ရှောင်အနည်းငယ် အံ့အားသင့်သွားသော်လည်း ထိတ်လန့်ခြင်းတော့မရှိချေ။
ဤကိစ္စက အနည်းငယ်ထူးဆန်းနေသည့်တိုင်အောင် အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက်က ဘာများလုပ်နိုင်မည်နည်း။
ထို့ကြောင့် ဂရုစိုက်မနေတော့ဘဲ ဝေ့ဝူကျိထံမှရခဲ့သည့် ခရမ်းရောင်အစီအရင်အလံအား ပစ်လွှတ်လိုက်၏။
အစီအရင်အလံများ ကုန်သည်အဖွဲ့ကောင်းကင်ပေါ်၌ အစီအစဉ်တကျ နေရာယူသွားပြီး မျက်စိတစ်မှိတ်အတွင်း အစီအရင်ကြီးတစ်ခုဖြစ်ပေါ်လာသည်။
ပတ်၀န်းကျင်သို့ ခရမ်းရောင်အခိုးအငွေ့များ လွင့်ပျံလာခဲ့ပြီး ကုန်သည်အဖွဲ့အား နေရာ၍ ချုပ်ထားလိုက်၏။
အစီအရင်အတွင်း၌ရှိနေသော လူများအတွက်မူ ပတ်၀န်းကျင်မှ ချီစွမ်းအင်များပင် ပျစ်ခဲသွားသလို ခံစားနေကြရသည်။
တစ်ဖက်တွင် ထိုခရမ်းရောင်အစီအရင်အလံများ ထွက်ပေါ်လာသည်နှင့် ရှုယွမ်၏ နှလုံးသားတစ်ခုလုံး အေးခဲသွားလေသည်။
အစပိုင်းတွင် ရွှမ်ယီထံ၌ ရန်ရှောင်အား ခုခံရန် ဝှက်ဖဲတချို့ရှိလိမ့်မည်ဟု မျှော်လင့်နေခဲ့သေး၏။
သို့သော် ခရမ်းရောင်အလံများပေါ်လာသည်နှင့် မျှော်လင့်ချက်များအားလုံး လေနှင့်အတူ လွင့်ပါးပျောက်ကွယ်သွားတော့သည်။
အဘယ်ကြောင့်ဆိုသော် ထိုအစီအရင်အလံက သူမနှင့် မစိမ်းပေ။
၎င်းက ဝေ့နိုင်ငံတော်မှ အဖိုးတန်ရတနာတစ်ခုဖြစ်၏။ ၎င်းအား နိုင်ငံ့ဘဏ္ဍာတိုက်ထဲတွင် အမြဲတစေသိမ်းဆည်းထားလေ့ရှိသည်။
မင်းသား ၊ မင်းသမီးတချို့ လျှို့ဝှက်နယ်မြေများသို့ စူးစမ်းရန်သွားလျှင် ၎င်းအား ဘဏ္ဍာတိုင်အတွင်းမှ ငှားယူသွားလေ့ရှိ၏။
ထို အစီအရင်အလံအား အသုံးပြုလိုက်ပါက အစောပိုင်းကောင်းကင်ဘုရင်များ မဆိုထားနှင့် အလယ်အလတ်ကောင်းကင်ဘုရင်များပင် အတွင်း၌ ဖမ်းဆီးပိတ်ဆို့ခြင်းခံရပေလိမ့်မည်။
“ ကျွန်မတို့က မကြာခင် သေရတော့မှာဆိုတော့ မေးခွန်းတစ်ခုလောက် မေးလို့ရမလား… အခု ကျွန်မတို့အဖွဲ့ကို လုပ်ကြံဖို့စေလွှတ်လိုက်တာ ဘယ်မင်းသားများလဲ…?”
ရှုယွမ်၏ မျက်နှာထက်၌ မလိုလားမှုများ ပြည့်နှက်နေခဲ့သည်။
ရန်ရှောင်က
“ မိန်းကလေး ရှုယွမ် မင်းက တော်တော်လေး စိတ်မရှည်တာပဲ… ဒီလိုလုပ်ရအောင်.. မင်း ဒီလောက်တောင်သိချင်နေမှာတော့ ငါ့ဆီက ကျွန်တံဆိပ်ကိုလက်ခံလိုက်… ဒါဆို မင်းသိချင်တဲ့အဖြေ ပြောပြမယ်…”
စကားဆုံးသည်နှင့် ရန်ရှောင် ရှေ့တစ်လှမ်းတိုးလိုက်၏။
သူ့ထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါများမြင့်တက်လာခဲ့ပြီး လက်တွင်းမှ နှလုံးသားမျိုးစေ့ ကျွန်တံဆိပ်ကလည်း အဆပေါင်းများစွာ ကြီးမားလာခဲ့သည်။
ထူးဆန်းသော ရုန်းများ ကောင်းကင်ထက်သို့ ပျံ့နှံ့သွားခဲ့ပြီး ရှုယွမ်ရှိရာသို့ ဦးတည်၀င်ရောက်သွား၏။
ထိုအချိန်တွင် အောက်ဘက်မှ အေးစက်သောစကားသံတစ်ခု ထွက်ပေါ်လာသည်။
“ ခင်ဗျား စကားပြောလို့ပြီးပြီလား… ဒါဆို သေလို့ရပြီ…”
တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော ရွှမ်ယီ ရှေ့ထွက်လာခဲ့၏။
ထိုအခါ ကောင်းကင်ထက်မှ ရန်ရှောင်တစ်ယောက် ရင်ထိတ်သွားလေသည်။
အဘယ်ကြောင့်ဆိုသော် ထိုလူငယ် ရှေ့တိုးလာသည့်အချိန်တွင် သေခြင်းအငွေ့အသက်အား ခံစားမိလိုက်သောကြောင့်ပင်။ သူထုတ်ဖော်ထားသည့် ကျွန်တံဆိပ်လည်း လေထဲ၌ အေးခဲကာ ရပ်တန့်သွား၏။
ရန်ရှောင်အံ့အားသင့်သွားပြီး စကားပြောလိုက်သူအားကြည့်လိုက်လျှင် ဆန်းကျယ်သော မှော်ဆေးဘုရင်ဖြစ်ကြောင်း တွေ့လိုက်ရသည်။ ထို့အပြင် ၎င်းက လူသားဘုရင်အဆင့်၌သာရှိသေး၏။
ဤသို့ဖြင့် အနည်းငယ် စိတ်အေးသွားခဲ့သည်။
“ ကောင်လေး.. မင်းကြည့်ရတာ ကိုယ့်အသက်ကို တန်ဖိုးမထားတတ်ဘူးနဲ့တူတယ်… ဒါဆိုလည်း မင်းဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့….”
သို့သော် ရန်ရှောင်၏ နောက်ဆက်တွဲစကားများ လည်ချောင်းထဲ၌ တစ်ဆို့သွားခဲ့ရသည်။
နဂိုက အလွန်မောက်မာနေသော မျက်၀န်းများထဲ၌ ထိတ်လန့်မှုများ အစားထိုး၀င်ရောက်လာခဲ့၏။
တစ်ဖက်တွင်မူ ရွှမ်ယီက ဝေ့ယွမ်အား ဓားပညာရပ်များ လေ့ကျင့်သင်ကြားပေးရာတွင် အသုံးပြုရန်စီစဉ်ထားသော သစ်ကိုင်းခြောက်အား ကောက်ယူလိုက်သည်။
ထို့နောက် ကောင်းကင်ထက်သို့ ခုန်တက်လိုက်ပြီး သစ်ကိုင်းခြောက်ကို အသာအယာဝှေ့ယမ်းလိုက်၏။
သစ်ကိုင်းချောက်မှတစ်ဆင့် ပေ(၁)ထောင်ကျော် ရှည်လျားသည့် ကြက်သွေးရောင်ဓားအလင်းတစ်ခု ပြေးထွက်သွားလေသည်။
၎င်းက မျက်စိတ်တစ်မှိတ်အတွင်း ရန်ရှောင်၏ စိတ်ဝိညာဉ်မျိုးစေ့ ကျွန်တံဆိပ် နှင့် ခရမ်းရောင် အစီအရင်ကြီးအား ဖြတ်သန်းသွား၏။
နှစ်ခုလုံး ပေါက်ကွဲပျက်စီးကာ ပြာအဖြစ်ပြောင်းလဲသွားခဲ့သည်။
ဓားရည်ရွယ်ချက်စွမ်းအားများ ပါ၀င်နေသည့် ကြက်သွေးရောင် ဓားအလင်းကမူ ရန်ရှောင်ကိုပါ တစ်ဆက်တည်း ပိုင်းဖြတ်ပြီး မိုးကုတ်စက်ဝိုင်းအစွန်းသို့ ၀င်ရောက်ပျောက်ကွယ်သွားတော့၏။
ရွှမ်ယီကမူ ကောင်းကင်ထက်၌ လက်နောက်ပစ်ကာ ရပ်နေခဲ့သည်။
တိမ်ပင်လယ်များအကြားမှ ရွှမ်ယီ၏ ပုံစံက အင်မော်တယ် ဓားသမားတစ်ဦးအလားဖြစ်နေခဲ့ပြီး အောက်မှ လူများ စေ့စေ့ပင်မကြည့်ဝံ့ကြတော့ချေ။
ရွှမ်ယီအား အလေးစားဆုံးလူဖြစ်သော ဝေ့ယွမ်ပင်လျှင် ထိုဓားချက်ကြောင့် ပါးစပ်အဟောင်းသားဖြစ်သွားခဲ့သည်။
အချိန်အတန်ကြာသည်အထိ ထိတ်လန့် မှင်သက်နေခဲ့၏။
ရွှမ်ယီ သူမအား ခုနှစ်သွယ်သတ်ဖြတ်ခြင်းဓားကျင့်စဉ် သင်ကြားပေးခဲ့စဉ်ကတည်းက သူမ ဆရာ အလွန်အစွမ်းထက်မည်ဖြစ်ကြောင်း ဝေ့ယွမ် မှန်းဆထားပြီးသားပင်။
လူသားဘုရင်အဆင့်မဖြစ်နိုင်ပေ။
ကောင်းကင်ဘုရင်အဆင့်၌ ရှိနေရန် ဖြစ်နိုင်ချေများ၏။
သို့သော် ယခုကြည့်ရသည်မှာ သူမတွေးထားသည်က တော်တော်လေး နိမ့်ကျနေခဲ့သေးဟန်ရသည်။
ရန်ရှောင်ကဲ့သို့ အလယ်အလတ်ကောင်းကင်ဘုရင်အဆင့်မှ ၀ါရင့်ကျင့်ကြံသူအား အလွယ်တကူ သတ်ဖြတ်ခဲ့ခြင်းအား ထောက်ချင့်ကြည့်လျှင် သူမ ဆရာ၏ ခွန်အားက အနည်းဆုံး နှောင်းပိုင်းကောင်းကင်ဘုရင်အဆင့်၌ ရှိနိုင်သည်။
ဝေ့နိုင်ငံ၌ သူ့အား ယှဉ်နိုင်သူရှိမည်မထင်ပေ။