← Chapters

အခန်း (၄၄၇)

Vol. 30 Ch. 447

အခန်း (၄၄၇)

Vol. 30 Ch. 447

ရွှမ်ယီထံမှ အသံပို့လွှတ်မှုအား ရခဲ့ကြသဖြင့် ဝေ့ယွမ်နှင့် ရှုယွမ်တို့ ရွှမ်ယီရှိရာသို့ အပြေးအလွှား ရောက်လာကြ၏။

ရွှမ်ယီ ထွက်သွားတော့မည့်အကြောင်းကြားလျှင် ဝေ့ယွမ်၏ မျက်၀န်းများအတွင်း မလိုလားဟန်များ ပြည့်နှက်လာခဲ့သည်။

ရက်အနည်းငယ် အတူတကွ ဖြတ်သန်းခဲ့ကြပြီးနောက် ဝေ့ယွမ်တစ်ယောက် ရွှမ်ယီအပေါ် တော်တော်လေး မှီခိုအားထားနေခဲ့ချေပြီ။

ယခုတွင်လည်း တခဏမျှ ခွဲရမည်ဖြစ်သည်တိုင် (၁၇) (၁၈)အရွယ် မိန်းမငယ်လေးအတွက် အလွန်ခက်ခဲနေခဲ့၏။

နံဘေးမှ ရှုယွမ်က ‌ဝေ့ယွမ်၏ ပခုံးကို ပုတ်လိုက်ပြီး ရွှမ်ယီအားကြည့်ကာ

“ ဆရာ ရွှမ်ယီ စိတ်ချပါ… မင်းသမီး ယွမ်ကို ကျွန်မ ကောင်းကောင်းဂရုစိုက်ထားလိုက်ပါ့မယ်… ပြီးတော့ ဆရာ ရွှမ်ယီ ရှာခိုင်းထားတဲ့ ဆေးပင်တွေကိုလည်း ဂရုတစိုက်ရှာဖွေပြီး မင်းသမီးယွမ် နန်းဆောင်မှာ သိမ်းထားပေးမယ်…”

ရွှမ်ယီက ဝေ့ယွမ်အား ခေါင်းညိတ်ပြလိုက်ပြီး အပြုံးတစ်ခုနှင့်

“ကလေးတစ်ယောက်လို လုပ်မနေနဲ့တော့…”

“ငါက မြင့်မြတ်ခြင်းမူလစုဝေးပွဲကို ကိစ္စတစ်ခုရှိလို့ ခဏသွားမှာ… မကြာခင် ဝေ့နိုင်ငံကို ပြန်လာခဲ့မယ်… ငါပြန်ရောက်မလာခင်အထိ ဓားသိုင်းကို လေ့ကျင့်ထား… ငါသင်ပေးထားတာတွေကို မှတ်မိတယ်မလား”

ဝေ့ယွမ်က သူမ၏ မျက်လုံးဝိုင်းကြီးများဖြင့် ရွှမ်ယီအား တစ်ချက်လှည့်ကြည့်လိုက်သည်။ ထို့နောက် ခေါင်းညိတ်ပြလိုက်ပြီး

“ဆရာလည်း စိတ်မပူဘဲ စိတ်ချလက်ချသွားပါ… ကျွန်မကို ဒုက္ခပေးချင်တဲ့လူတွေကို တစ်ယောက်ပြီးတစ်ယောက် စိန်ခေါ်လိုက်မယ်… လုံးဝ ဆရာ့ကို နာမည်မပျက်စေရဘူး”

သူမ၏စကားသံက နူးညံ့နေပြီး စကားပြောနေစဉ် မျက်ဝန်းများလည်း နီရဲနေခဲ့၏။

သို့သော် သူမထံတွင် မမြင်နိုင်သော အေးစက်မှု အရိပ်အယောင်များလည်း ရှိနေခဲ့ပြီး ယင်းက ရှုယွမ်အား အလွန်အံ့အားသင့်သွားစေခဲ့သည်။

ရှုယွမ် ကျေနပ်စွာ ပြုံးလိုက်မိ၏။

ထို့နောက် ရွှမ်ယီအား လေးနက်စွာ ဦးညွှတ်လိုက်သည်။

ရွှမ်ယီကမူ နောက်သို့ ပြန်လှည့်မကြည့်တော့ဘဲ မိုးကုတ်စက်ဝိုင်းအဆုံးသို့ ဝင်ရောက်ပျောက်ကွယ်သွားချေပြီ။

မြင့်မြတ်ခြင်းမူလစုဝေးပွဲက အလွန်အသက်ဝင်လှသည်။ ထိုနေရာတွင် ငါးများ၊ နဂါးများ ရောယှက်တည်ရှိနေခဲ့၏။

ဤနေရာက တောင်ပိုင်းကောင်းကင်တံခါးနှင့် နီးကပ်စွာ တည်ရှိနေပြီး အရှေ့ပိုင်းနယ်မြေ၊ မြောက်ပိုင်းလွင်ပြင်နှင့် တောင်ပိုင်းနယ်မြေတို့ ဆုံစည်းရာ နေရာလည်း ဖြစ်သည်။

ဤသို့ဖြင့် ဤနေရာတွင် ပါရမီရှင်ပေါင်း မြောက်မြားစွာလည်း ရှိနေခဲ့ပြီး မရေမတွက်နိုင်သော အဖိုးတန်ရတနာများလည်း ရှိနေခဲ့၏။

အကြမ်းဖျင်းကြည့်လိုက်လျှင် ရောင်းဝယ်ဖောက်ကားရာ ဈေးတစ်ခုသာသာမျှ ဖြစ်နေသော်လည်း ၎င်းက တောင်ပိုင်းကောင်းကင်တံခါးနှင့် ခေတ်ပြိုင်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

နှစ်သန်းပေါင်းများစွာကြာပြီးနောက် ဤနေရာက အလွန်ကြီးမားသော မြို့ကြီးတစ်ခုဖြစ်လာခဲ့ပြီး ပတ်ပတ်လည်၌ ကာရံထားသည့် မြို့ရိုးပေါ်တွင်လည်း တလက်လက်တောက်ပနေသော ရုံးများအား အစီအရီခင်းကျင်းထား၏။

ဤနေရာတွင် လူသားကျင့်ကြံသူများသာမက လူသားများ ထိန်းချုပ်ထားသည့် ခွန်အားကြီးမားသော နတ်ဆိုးတစ်ချို့လည်း ရှိနေခဲ့သည်။ လူသားဘုရင်အဆင့်၊ ကောင်းကင်ဘုရင်အဆင့်နတ်ဆိုးများပင် ရှားပါးခြင်း မရှိချေ။

သို့သော် လမ်းသွားလမ်းလာများအားလုံး သာမန်အတိုင်း တည်ငြိမ်လျက် ရှိနေကြ၏။

ထိုအဆင့်နတ်ဆိုးများက ကျန်နေရာများတွင် ရှားပါးခြင်းဖြစ်ကောင်းဖြစ်နိုင်သော်လည်း မြင့်မြတ်ခြင်းမူလစုဝေးပွဲတွင် သာမန်သာဖြစ်သည်။

ရွှမ်ယီ လူအုပ်ကြားထဲ၌ လျှောက်သွားနေခဲ့၏။ သူ၏အရှိန်အဝါများကို ဖိနှိပ်ထားပြီး သာမန်လမ်းသွားလမ်းလာတစ်ယောက်နှင့် မခြားပင်။

သူမျှော်လင့်ထားခဲ့သည့်အတိုင်း မြင့်မြတ်ခြင်းမူလစုဝေးပွဲက အလွန်ကြီးမားလွန်းလှသည်။ ဤနေရာ၌ သုံးရက်ကြာသွားပြီးနောက် မြင့်မြတ်ခြင်းမူလစုဝေးပွဲနှင့်ပတ်သက်ပြီး ကိစ္စတော်တော်များများအား ရွှမ်ယီ နားလည်နေခဲ့ချေပြီ။

ဤနေရာတွင် မြင့်မြတ်ခြင်းမူလလေလံစံအိမ်ဟူသည့် နောက်ခံအလွန်ကြီးမားသော လေလံပွဲတစ်ခု ရှိနေခဲ့ပြီး အလွန်ကျော်ကြားကာ မရေမတွက်နိုင်သည့် ရတနာများအား ပိုင်ဆိုင်ထားလေသည်။

လေလံပွဲ၌ ထွက်ပေါ်လာသည့် အဖိုးတန်ရတနာတိုင်းက မရေမတွက်နိုင်သည့် ပါရမီရှင်များအား ဆွဲဆောင်နိုင်စွမ်းရှိသည်။

ဤနေရာတွင် ပျက်စီးနေသော နတ်တန်ခိုးစာလိပ်ကိုပင် လေလံတင်ခဲ့ကြောင်း ကောလာဟလများ ရှိနေသည်။ ထိုလေလံပွဲ၌ အရှေ့ပိုင်းနယ်မြေမှ မဟာဂိုဏ်းကြီးနှစ်ခုပင် ၎င်းအား ရရှိရန် တိုက်ခိုက်ခဲ့ကြ၏။

နောက်ဆုံးရောင်းထွက်သွားသည့်ဈေးက အလွန်မှင်သက်စရာပင်။ ၎င်းအား တိတိကျကျ လူအများကြား ချပြခြင်း မရှိသော်လည်း တွေးကြည့်ရုံနှင့် အလွန်များပြားသော ပမာဏဖြစ်ကြောင်း သိနိုင်၏။

တချို့က နတ်ဘုရားအရင်းအမြစ်ဂျင်ပေါင်း သန်းတစ်ရာနှင့် ရောင်းစွံသွားသည်ဟု ပြောကြားပြီး တချို့က အဆင့်(၈)ဆေးလုံးနှင့် လဲလှယ်ဝယ်ယူသွားသည်ဟု ဆိုကြသည်။

မည်သို့ပင်ဆိုစေကာမူ အရှေ့ပိုင်းနယ်မြေမှ မဟာဂိုဏ်းကြီးနှစ်ခုပင် ထိုရတနာအား လေလံစံအိမ်မှ လုမယူဝံ့သည်မှာ အမှန်တရားပင်။

၎င်းက ဤလေလံစံအိမ်၌ အလွန်ကြီးမားသော နောက်ခံတစ်ခုရှိကြောင်း သက်သေပြရန် လုံလောက်၏။

နောက်ကွယ်တွင် တာအိုရှင်သခင်တစ်ယောက် ရှိနေခြင်းပင် ဖြစ်ကောင်းဖြစ်နိုင်သည်။

ရွှမ်ယီကမူ ထိုနောက်ခံကိစ္စများနှင့်ပတ်သက်၍ သိပ်ပြီးဂရုမစိုက်ချေ။ သို့သော် လေလံပွဲသို့ ရောက်ရှိလာပြီးနောက် အနည်းငယ် အံ့အားသင့်သွားခဲ့ရ၏။

လေလံစံအိမ်ဟုဆိုသော အဆောက်အအုံကြီးက အလွန်ကျယ်ပြန့်သော နေရာတစ်ခုအား သိမ်းပိုက်ထားသည်။ ခန့်ညားထည်ဝါမှုများအား ပြောရမည်ဆိုလျှင် လေလံစံအိမ်ဝင်ပေါက်၏ တစ်ဖက်တစ်ချက်စီတွင် ရေနဂါးနှစ်ကောင် ဝပ်နေခဲ့သည်။

“မြင့်မြတ်ခြင်းမူလလေလံစံအိမ်က ကြားခဲ့ရတဲ့ ဂုဏ်သတင်းတွေနဲ့ တကယ်ကိုက်ညီတာပဲ... ဝင်ပေါက်မှာ အစောင့်အဖြစ်ထားတဲ့ ရေနဂါးနှစ်ကောင်တောင်မှ အင်ပါယာအဆင့်ကို ရောက်လုနီးပါး ဖြစ်နေပြီ”

ရွှမ်ယီ လေလံစံအိမ်၏ အသွင်အပြင်အား ကြည့်ရှုနေစဉ် မလှမ်းမကမ်းသို့ ရှေးဟောင်းရွှေရောင်စစ်ရထားတစ်စင်း ဆိုက်ရောက်လာခဲ့သည်။

ထို့နောက် ၎င်းအထက်မှ မိန်းကလေးတစ်ဦး ဆင်းသက်လာ၏။ ထိုမိန်းကလေးထံ၌ သွယ်လျကာ အချိုးအစားကျနသော ခန္ဓာကိုယ်၊ ခရမ်းရောင်ဆံပင်များ ပိုင်ဆိုင်ထားပြီး အလွန်လှပကာ တော်တော်လေး ထက်မြက်ဟန်လည်းရ၏။

သူမက လေလံစံအိမ်ဝင်ပေါက်မှ ရေနဂါးနှစ်ကောင်အား မြင်လိုက်လျှင် အံ့အားသင့်သွားဟန်ဖြင့် သူမ၏ နှုတ်ခမ်းနှစ်လွှာက အနည်းငယ် ပွင့်ဟသွားခဲ့သည်။

သို့သော် ရွှမ်ယီကမူ သူမ၏ မျက်ဝန်းများထဲမှ အေးဆေးတည်ငြိမ်မှုများအား မြင်နိုင်ပေသည်။ ထိုမိန်းကလေး၌ ကြီးမားသော နောက်ခံတစ်ခု ပိုင်ဆိုင်ထားကြောင်း ထင်ရှားသည်။

“မြင့်မြတ်ခြင်းမူလပွဲတော် ကျင်းပတော့မယ်ဆိုတော့ ပါရမီရှင်တွေအများကြီး ရောက်လာကြပြီပဲ… ဒီမိန်းကလေးကိုကြည့်ရတာ တိမ်လွှာမင်းဆက်က အကြီးဆုံးမင်းသမီးဖြစ်မယ်နဲ့ တူတယ်”

တာအိုဝတ်ရုံများ ဝတ်ဆင်ထားသည့် လူအိုကြီးများလည်း ရောက်လာခဲ့ကြပြီး ပြုံးရယ်နေသော မျက်နှာများဖြင့် တစ်ယောက်ကိုတစ်ယောက် စကားပြောနေခဲ့ကြသည်။

၎င်းတို့က သေးငယ်သော တည်ရှိမှုများ ဟုတ်ဟန်မတူပေ။

လေလံစံအိမ်မှ လူများကပင် ၎င်းတို့အား အထူးဧည့်သည်များအဖြစ် သတ်မှတ်ပြီး အပြင်သို့ထွက်ကာ ကြိုဆိုခဲ့ကြသည်။

ထို့နောက် အစွမ်းထက်ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် အလျှိုလျှိုထွက်ပေါ်လာကြ၏။ ထိုအထဲမှာ အားအနည်းဆုံးလူမှာ အစောပိုင်းကောင်းကင်ဘုရင်များ ဖြစ်ကြပြီး အသန်မာဆုံးလူများမှာ အင်ပါယာတစ်ဝက်အဆင့်သို့ပင် ရောက်နေကြပြီဖြစ်၏။

သို့သော် ထိုလူများကမူ အစောပိုင်းက ရောက်လာခဲ့သော လူအိုကြီးများကဲ့သို့ အလေးပေးဆက်ဆံခြင်း ခံရခြင်းတော့ မရှိချေ။ ၎င်းတို့အား လာရောက်ကြိုဆိုသူများ မရှိဘဲ ကိုယ့်ဟာကိုယ် အထဲသို့ ဝင်သွားကြ၏။

မြင့်မြတ်ခြင်းမူလစုဝေးပွဲမှ မြင့်မြတ်ခြင်းမူလလေလံစံအိမ်တွင် ဆယ်နှစ်တစ်ကြိမ် အလွန်ကြီးမားသော လေလံပွဲကြီးတစ်ခုအား ကျင်းပလေ့ရှိသည်။

ထိုအချိန်တွင် ထွက်ပေါ်လာသည့် ရတနာများက တာအိုအရှင်သခင်အဆင့် တည်ရှိမှုများကိုပင် မနာလိုဖြစ်သွားစေနိုင်စွမ်းရှိပြီး အဆင့်(၇) ဆေးလုံးများလည်း ရှားပါးခြင်းမရှိပေ။

“ကောင်းကင်ဘုရင်အဆင့်တွေကိုတောင် ဂရုမစိုက်တဲ့ အင်အားစုတွေ ရှိနေတာပဲ... ဒီတစ်ကြိမ် ကောင်းတာလေးတွေ ထွက်လာတော့မယ်ထင်တယ်”

ရွှမ်ယီ စိတ်အားထက်သန်စွာ ရေရွတ်လိုက်ပြီး လေလံစံအိမ်အတွင်းသို့ ဝင်ရန်ပြင်လိုက်စဉ် အနီးနားမှ လူအုပ်ကြီးကြားတွင် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပေါ်လာခဲ့သည်။

All Chapters