အခန်း (၄၄၈)
Vol. 30 Ch. 448
လေလံစံအိမ်အပြင်ဘက်မှ လူအုပ်ကြီး ဘယ်ညာနှစ်ခြမ်းကွဲသွားပြီး အလယ်၌ လမ်းကြောင်းတစ်ခုဖြစ်ပေါ်လာကာ နဂါးရိုင်းလေးကောင် ဆွဲလာသည့် ရထားတစ်စင်း ထွက်ပေါ်လာခဲ့သည်။
ထိုနဂါးရိုင်းလေးကောင်၏ ခန္ဓာကိုယ်မှ ပြင်းထန်သော အရှိန်အဝါများ တဟုန်းဟုန်းထွက်ပေါ်နေပြီး လူသားဘုရင်အဆင့်ကျင့်ကြံသူများကိုပင် တစ်ခါတည်း လောင်ကျွမ်းသွားစေနိုင်စွမ်း ရှိနေသည်ဖြစ်ရာ မည်သူမှ အနီးအနားသို့ မကပ်ဝံ့ကြချေ။
အလျင်အမြန် နောက်ဆုတ်လိုက်ကြ၏။
၎င်းတို့က အင်ပါယာတစ်ဝက်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သော နတ်ဆိုးသားရဲများဖြစ်ကြပြီး ယခုတွင်မူ ရထားလုံးအား ဆွဲရသည့် ကျေးကျွန်ဘဝသို့ ရောက်နေခဲ့လေသည်။
ထိုရထားလုံးထက်တွင် အလွန်မောက်မာဟန်ရသော လူငယ်တစ်ဦး ထိုင်နေခဲ့ကာ ပတ်ဝန်းကျင်မှ လူတိုင်းအား အထင်သေးစွာ ကြည့်နေခဲ့၏။
၎င်းတို့ ဖြတ်သန်းသွားလာရာ လမ်းတစ်လျှောက်တွင် နဂါးရိုင်းများ၏ အရှိန်အဝါကြောင့် လူတချို့ ဒဏ်ရာရရှိသွားခဲ့ကြသော်လည်း မည်သူမှ အပြစ်တင်စကားမဆိုဝံ့ကြချေ။
“အဲဒါ အသင်္ချေနဂါးမင်းဆက်ရဲ့ ပဉ္စမမြောက်မင်းသားပဲ… သူနဲ့ မငြိစေနဲ့… ငါတို့ ဒီနေရာက သွားကြရအောင်”
လူအုပ်ထဲမှ တစ်စုံတစ်ယောက်က ထိုလူငယ်၏ နောက်ခံကို မှတ်မိသွားပြီး နံဘေးမှ အဖော်အား ဆွဲခေါ်ကာ အဝေးသို့ အလျင်အမြန် ထွက်ခွာသွားခဲ့သည်။
“အသင်္ချေနဂါးမင်းဆက်လား”
ရွှမ်ယီ မျက်မှောင်ကြုတ်လိုက်မိသည်။
လက်ရှိအချိန်တွင် သူနှင့် ထိုနဂါးရိုင်းလေးကောင်ဆွဲလာသည့် စစ်ရထားတို့က ခြေလှမ်းတစ်ရာမျှလောက်သာ ဝေးတော့၏။
ထိုနဂါးရိုင်းလေးကောင်ထဲမှ တစ်ကောင်က သူတို့လမ်း၌ ရပ်နေသည့် ရွှမ်ယီအား သတိပြုမိသွားပြီး ရက်စက်ကြမ်းကြုတ်သော အလင်းတန်းတစ်ခု ၎င်း၏ အညိုရောင်ဒေါင်လိုက်မျက်ဝန်းများထဲ၌ ဖြစ်ပေါ်လာခဲ့သည်။
ထို့နောက် သူ၏ပါးစပ်အား ဖွင့်ဟကာ အလွန်ပူလောင်လှသော လေများအား မှုတ်ထုတ်လိုက်သည်။
ပုံစံကြည့်ရသည်မှာ သာမန်အတိုင်း အသက်ရှူလိုက်သည့်အလားပင်။
သို့သော် ၎င်း၏လမ်းကြောင်း၌ ပိတ်နေသူအား သတ်ရန်ကြံစည်နေခဲ့ကြောင်း ထင်ရှားသည်။
“ဘာလဲဟ”
ရွှမ်ယီ၏ မျက်ဝန်းများ အေးစက်သွား၏။ ထို့နောက် ညာလက်အား အသာအယာဝှေ့ယမ်းလိုက်လျှင် ကြက်သွေးရောင် ဓားရည်ရွယ်ချက်အလင်းတန်းတစ်ခု ပြေးထွက်သွားလေသည်။
ကြက်သွေးရောင် ဓားအလင်းက နဂါးရိုင်း၏ ဦးခေါင်းကို ထိုးဖောက်ဝင်ရောက်သွားကာ သွေးများ ပန်းထွက်လာခဲ့သည်။
ထိုနဂါးရိုင်း၏ မျက်လုံးများထဲမှ အလင်းများ ချက်ချင်းမှေးမှိန်သွားပြီး မြေပြင်ထက်သို့ ဝုန်းခနဲ လဲကျသွားတော့၏။
ဝုန်း…
စစ်ရထားလုံးအား ဆွဲနေသည့် နဂါးရိုင်း လဲကျသွားသည်ဖြစ်ရာ နောက်မှ စစ်ရထားလုံးကလည်း မတည်မငြိမ်ဖြစ်လာခဲ့ပြီး လမ်းတစ်ဖက်သို့ တိမ်းစောင်းသွားခဲ့လေသည်။
စစ်ရထားအတွင်းမှ ပဉ္စမမင်းသားဆိုသူ ရုတ်တရက်ခုန်ထလိုက်ပြီး ရွှမ်ယီအား ရက်စက်သော မျက်ဝန်းများဖြင့် လှမ်းကြည့်လိုက်သည်။
“ဒီတောသား ဘယ်က ရောက်လာတာလဲ... ငါ့ရဲ့လမ်းကြောင်းကို ပိတ်ဆို့နေရုံနဲ့ အားမရလို့ ငါ့ရဲ့ နတ်ဆိုးကျွန်ကိုပါ သတ်ရဲသေးတယ်လား…?”
ပဉ္စမမင်းသားက ငယ်ရွယ်သေးသော်ငြား အလွန်အစွမ်းထက်လှသည်။
ထို့အပြင် အသင်္ချေနဂါးမင်းဆက်က အရှေ့ပိုင်းတိုက်ကြီး၏ ရှေးအကျဆုံးသော အင်ပါယာများထဲမှ တစ်ခုလည်းဖြစ်၏။
အသင်္ချေနဂါး အင်ပါယာတွင် တာအိုအရှင်သခင်အဆင့် ကျောထောက်နောက်ခံမရှိသော်လည်း ၎င်းတို့မျိုးဆက်တိုင်း၌ အဌမအတိဒုက္ခအဆင့်နှင့် အထက် ကျင့်ကြံသူများ ပိုင်ဆိုင်ထားခဲ့သည်။
၎င်းတို့ထံတွင် ရှေးဟောင်းအမွေအနှစ်များစွာ ရှိနေခဲ့ပြီး ကီလိုမီတာ ထရီလီယံနှင့်ချီသော နယ်မြေကြီးကိုလည်း ပိုင်ဆိုင်ထား၏။
အသင်္ချေနဂါး မင်းဆက်မှ မင်းသားတစ်ယောက်အနေဖြင့် တိုက်ခိုက်ရန် ခွန်အား မရှိလျှင်ပင် ၎င်း၏ အရင်းအမြစ်များအား ထုတ်ယူဖောက်ခွဲလိုက်ရုံနှင့် ကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူကို အလွယ်တကူ သတ်နိုင်စွမ်းရှိသည်။
ထို့အပြင် အသင်္ချေနဂါး မင်းဆက်မှ ပဉ္စမ မင်းသားမှာမူ အသက် (၁၀၀) ပင်ကျော်သေးဟန်မရသော်လည်း အင်ပါယာတစ်ဝက်အဆင့် နဂါးရိုင်းများဆွဲသော ရထားလုံးအား စီးရန် အရည်အချင်းပြည့်မှီနေချေပြီ။
၎င်းက အသင်္ချေနဂါး အင်ပါယာ၌ အလွန်မျက်နှာသာပေးခြင်းခံရသူဖြစ်ရမည်။
၎င်းက သူ၏အရှိန်အဝါများအား ဖြန့်ကျက်လိုက်လျှင် ပတ်ဝန်းကျင်သို့ ကြီးမားသော စိတ်ဝိညာဉ် စွမ်းအင်လှိုင်းလုံးများ ရိုက်ခတ်သွားခဲ့ပြီး ကောင်းကင်ဘုရင်အဆင့် ဖိအားများ ထွက်ပေါ်လာခဲ့သည်။
ထို့နောက် မည်သည့်စကားမှ မဆိုတော့ပဲ လက်သီးဖြင့် လှမ်းထိုးလိုက်၏။
ထိုအခါ စိတ်ဝိညာဉ်စွမ်းအင်များက ရွှေရောင်နဂါးကြီးတစ်ကောင်အသွင် ပြောင်းလဲလျှက် ရွှမ်ယီထံသို့ ဝင်ရောက်သွားခဲ့သည်။
ပတ်ဝန်းကျင်မှ လူတိုင်းအံ့ဩနေခဲ့ကြသည်။
ထို အံ့ဩမှုက ပဉ္စမမင်းသား၏ ကျင့်ကြံမှုကြောင့်မဟုတ်ပေ။ နဂါးရိုင်းအား သတ်ပစ်လိုက်သော ပုဂ္ဂိုလ်၏ ရဲရင့်မှုကြောင့်ဖြစ်၏။
သူက အသင်္ချေနဂါးအင်ပါယာမှ ပဉ္စမမင်းသားကိုပင် ရန်စရန် ဝန်မလေးခဲ့ချေ။
“ သူ ဘယ်သူလဲ… သတ္တိတော့ ကောင်းသားပဲ…”
“ သူဘယ်သူလဲဆိုတာက အရေးမကြီးဘူး… အရေးကြီးတာက အဲ့ကောင် မကြာခင်သေတော့မယ်… ကြည့်ရတာ မဟာပျက်စီးခြင်းနယ်မြေက တောသားတစ်ယောက်ထင်တာပဲ…”
ပတ်ဝန်းကျင်မှ တစ်စုံတစ်ယောက်က ရွှမ်ယီအား လှောင်ပြောင်စကား ဆိုလိုက်သည်။
သို့သော် သူစကားဆုံးသည်နှင့် ရွှမ်ယီ၏ ခန္ဓာကိုယ်က လျှပ်တပျက် လှုပ်ရှားသွား၏။ ရွှမ်ယီ၏ လှုပ်ရှားမှုက အလွန်လျှင်မြန်လှပြီး လျှပ်စီးလက်သွားသည့်အလားပင်။
လေဟာနယ်မှ ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့၏။
ရွှမ်ယီက ရွှေရောင်နဂါး ပုံရိပ်ကြီးအား ဖျက်ဆီးရန်အတွက် ခန္ဓာကိုယ်ခွန်အားကိုသာ အသုံးပြုခဲ့ပြီး မျက်စိတစ်မှိတ်အတွင်း ပဉ္စမ မင်းသားရှေ့သို့ ရောက်သွားခဲ့သည်။
“ အုန်း….”
“ မင်းဘယ်သူလဲ… ငါ့ကိုမသိဘူးလား…”
ပဉ္စမ မင်းသား အနည်းငယ်တုန်လှုပ်သွား၏။
သူ၏ တိုက်ခိုက်မှုက အလွန်ပြင်းထန်လှပြီး အလယ်အလတ်ကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူများပင် ထိုလက်သီးချက်အောက်၌ သေဆုံးသွားပေလိမ့်မည်။
သို့သော် သူ့ရှေ့မှ လူငယ်ကမူ ထိုလက်သီးချက်အား ကာကွယ်ရန် ခန္ဓာကိုယ်ခွန်အား တစ်ခုတည်းကိုသာ အသုံးပြုခဲ့ပြီး မည်သည့်ဒဏ်ရာမျှ မရခဲ့ချေ။
ဤသို့ဖြင့် ပဉ္စမမင်းသား၏ ခြေလှမ်းများ နောက်သို့ တစ်လှမ်းခြင်းဆုတ်သွားခဲ့သည်။ သူက ထိုလူ၏ ပြိုင်ဘက်မဖြစ်နိုင်ကြောင်း ထင်ရှားသည်။
တဖြည်းဖြည်း ပဉ္စမမင်းသား၏ မျက်နှာ ဖြူဖျော့လာခဲ့ပြီး
“ အကြီးအကဲ တိုင်ရွှမ်… ခင်ဗျား မလှုပ်ရှားသေးဘူးလား…”
ဒင်….
ပဉ္စမမင်းသား၏ အကူအညီတောင်းသံ ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်မှ လူများ၏ အမူအယာများ ပြောင်းလဲသွားခဲ့သည်။
ရုတ်တရက် ခေါင်းလောင်းသံ တစ်ခု ထွက်ပေါ်လာခဲ့ပြီး ကြောက်မက်ဖွယ်အရှိန်အဝါအား ပိုင်ဆိုင်ထားသည့် ငွေရောင်တာအိုဝတ်စုံနှင့် အဘိုးအိုတစ်ဦးက လက်ထဲ၌ မြင်းမြှီးယပ်တောင်တစ်ချောင်းကိုင်ဆောင်လျှက် ထွက်ပေါ်လာ၏။
သူက လေဟာနယ်အတွင်းမှ ရုတ်တရက်ထွက်ပေါ်လာပြီးနောက် ရွှမ်ယီ၏ တိုက်ခိုက်မှုအား တားဆီးလိုက်သည်။
“ မိတ်ဆွေလေး… ဒီတစ်ကြိမ် ငါတို့ဘက်က လွန်သွားကြောင်းဝန်ခံပါတယ်… ဒါပေမယ့် အသင်္ချေနဂါးမင်းဆက်မျက်နှာကို ထောက်ပြီး ခွင့်လွှတ်ပေးလို့မရဘူးလား…”
သူ၏ စကားများက ပျော့ပြောင်းနေဟန်ရသော်လည်း အသင်္ချေနဂါးမင်းဆက်ဟူသော နေရာတွင် အနည်းငယ်နှေးကွေးလေးလံသွားခဲ့သည်။
သာမန်အတိုင်းကြည့်လျှင် မိမိအမှားအား ဝန်ခံနေဟန်ရသော်လည်း တစ်ဖက်လှည့်ဖြင့် ရွှမ်ယီအား ဖိနှိပ်နေခဲ့ခြင်းပင်။
ပတ်ဝန်းကျင်မှလူတိုင်း မှင်သက်နေခဲ့ကြ၏။ ငွေရောင်ဝတ်အဘိုးအိုထံမှ ထွက်ပေါ်နေသည့် ဖိအားများကြောင့် အသက်ရှူ၍မဝသလိုပင် ခံစားနေရသည်။
အသင်္ချေနဂါးမင်းဆက်၏ အုတ်မြစ်က အမှန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
မင်းသားတစ်ယောက်အား ကာကွယ်ရန် အင်ပါယာအဆင့် ကျင့်ကြံသူတစ်ယောက်အား စေလွှတ်ထားခဲ့၏။
ထို ငွေရောင်ဝတ်စုံဖြင့် အဘိုးအိုက ပထမအတိဒုက္ခအဆင့် အင်ပါယာတစ်ယောက်မျှသာ ဖြစ်သော်လည်း လက်ရှိပတ်ဝန်းကျင်မှ လူတိုင်းအား ထိတ်လန့်သွားစေရန် လုံလောက်သည်။
“ အိုး… သူမှားသွားတာပေါ့… ဟုတ်လား…”
ရွှမ်ယီ အနည်းငယ် ရယ်မောလိုက်သည်။ ထို့နောက် သူ၏ အကြည့်များက ငွေရောင်ဝတ်စုံနှင့် အဘိုးအိုထံသို့ ရောက်သွားခဲ့ပြီး
“ သူ့လက်သီးချက်ထဲမှာ ပါဝင်တဲ့ သတ်ဖြတ်ငွေ့တွေက အတုလုပ်လို့တော့မရဘူး… တကယ်လို့ အဲ့ဒီလက်သီးချက်အောက်မှာ ကျုပ်သေသွားလို့ရှိရင်ရော သူ့အမှားလို့ပြောဦးမှာလား…”
ရွှမ်ယီ၏ စကားကြောင့် ငွေရောင်ဝတ်စုံဖြင့် အဘိုးအို၏ မျက်နှာ အလွန်အေးစက်သွားခဲ့သည်။
သူ၏ အမြင်တွင် ထိုလူငယ်က အနည်းငယ်ထူးဆန်းနေဟန်ရသော်လည်း ဤမျှလောက်နှင့် သူ့အား ထိတ်လန့်သွားစေရန် မလုံလောက်သေးချေ။
သူ အလွန်သတိထားနေရခြင်းမှာ ထိုလူငယ်က လျှို့ဝှက်ဂိုဏ်းကြီးတစ်ဂိုဏ်းမှ မြင့်မြတ်သားတော်တစ်ယောက်ဖြစ်နေမည် စိုးသောကြောင့်ပင်။
အကယ်၍ ထိုသို့ဖြစ်နေပါက သူ့အား သတ်လိုက်မိလျှင် အနာဂါတ်၌ ဒုက္ခများပေလိမ့်မည်။
ထို့ကြောင့် အနည်းငယ် သတိထားနေခြင်းသာဖြစ်ပြီး ရွှမ်ယီအား ကြောက်လန့်ခြင်းအလျင်းမရှိပေ။