ငါ့မျက်လုံးထဲမှာ သူကအသင့်တော်ဆုံးပဲ
Vol. 12 Ch. 166
“အကိုကြီး..ဥရောပဆိုတာ ငါတို့နယ်မြေလေ။ဖန့်မိသားစုဘယ်လောက်ပဲ ဩဇာကြီးမားတယ်ပြောပြော ငါတို့ထိန်းချုပ်မှုအောက်ကလွတ်နိုင်မယ်ထင်လို့လား”
“စကားကိုရှင်းရှင်းပြောစမ်းပါဟာ။ ဝေ့လည်ကြောင်ပတ်မလုပ်နေနဲ့” ရီနိုနဲ့ အီဗာလာသည် မောင်နှမထဲမှာ အရင်းနှီးဆုံးဖြစ်သည်။သူတို့နှစ်ဦးက စိတ်တူကိုယ်တူ မောင်နှမဖြစ်သည်။
“အင်း..လူကြီးမင်းဖန့်ကို တစ်သက်လုံး ဥရောပမှာပဲ ဖမ်းထားလိုက်မယ်ဆိုရင်ရော”
အီဗာလာ၏ ချောမောလှပသော မျက်နှာပေါ်တွင် စိတ်ပိုင်းဖြတ်ထားမှုများ အတိုင်းသားပေါ်နေသည်။
“နင်ရူးနေပြီလား” အီဗာလာက ဖန့်မိသားစုမှ သီးသန့်ခွဲထွက်ရန် ဖန့်ကြွယ်ယွီကို ခြိမ်းခြောက်မည်ဟုသာ ရီနိုတွေးထားမိသည်။ သူမကို ဒီလောက်ထိအဆုံးစွန်လုပ်လိမ့်မည်ဟု မထင်ထားပေ။
“အကိုကြီးင လူကြီးမင်းဖန့်ပဲ ဆိုပါစို့။ ငါတို့မိသားစုနဲ့ထိပ်တိုက်ရင်ဆိုင်ရပြီး ဥရောပကနေ အေးအေးဆေးဆေး ထွက်သွားချင်မယ်ဆို ဘယ်လမ်းကိုရွေးမှာလဲ”
“သေချာတာပေါ့။ ဒီကနေထွက်ဖို့ ဘယ်နည်းမဆိုသုံးမှာပဲလေ”
“အင်း ဟုတ်တာပေါ့။ လာဒီးနစ်မိသားစုက အင်အားကြီးတယ်ဆိုတာ အားလုံးအသိပဲလေ။ ငါတို့က ကျွမ်းမိသားစုကိုဆို ခေါင်းထဲကို မထည့်တာ။ သူက တခြားမိသားစုတွေရဲ့အင်အားတွေသုံးလျှင်တောင်မှ ငါတို့ကို မယှဉ်နိုင်ဘူး”
လာဒီးနစ်မိသားစုမှာ လျှို့ဝှက်စွမ်းအားရှင်တစ်ရာကျော်ရှိသည်ဟု လူအများက သိကြသည်။ သူတို့၏ ကြွယ်ဝချမ်းသာမှုနှင့် ဩဇာတိက္ကမကြီးမားမှုကို အသုံးပြုပြီး စွမ်းအားရှင်များကို နှစ်ပေါင်းများစွာ တိတ်တိတ်လေး ပျိုးထောင်ခဲ့ကြသည်။
သူတို့က လျှို့ဝှက်ထရိန်နင်များ ပေးနေသည်ကို လာဒီးနစ်မိသားစုဝင်များသာ သိကြသည်။ သူတို့သာ ထိုသတင်းကို မဖြန့်ပါက မည်သူမှ မသိပေ။
ယနေ့အချိန်ထိဆိုလျှင် လာဒီးနစ်မိသားစုတွင် လျှို့ဝှက်စွမ်းအားရှင် တစ်ထောင်ကျော်ရှိပြီး ၁၀ဦးက အမြင့်ဆုံးအဆင့်မှာရှိနေတာမို့ လာဒီးနစ်မိသားစုကို မည်သူကမှ မယှဉ်နိုင်ပေ။
ဖန့်ကြွယ်ယွီက သက်တောင်စောင့်အဖြစ် ကူးရီကိုသာ ခေါ်လာခဲ့သည်။ လျှို့ဝှက်စွမ်းအားရှင် ၁၀၀၀ကျော်က သူ့ကို ထိန်းနိုင်ပါ့မလား။
“အကိုကြီး သူနဲ့ထိပ်တိုင်ရင်ဆိုင်တဲ့အချိန်မှာ ဆုံးဖြတ်ချက်ပြတ်ပြတ်သားသားလုပ်ရမယ်။သူ့ကို ဘယ်တော့မှ အခွင့်မသာစေရဘူး”
“ဒါဆို အခုလက်ရှိ လူဘယ်နှယောက်လောက် ငါတို့သုံးနိုင်မလဲ”
“လျှို့ဝှက်စွမ်းအားရှင်တွေဖြစ်ဖို့ သင်တန်းပို့ချပေးနေတဲ့ လူတစ်ဝက်လောက်က ငါ့ထိန်းချုပ်မှုအောက်မှာရှိတယ်။ ကနဦးအင်အားပါပေါင်းမယ်ဆို ၇၀၀လောက်ရမယ်လေ”
“၇၀၀ဆိုတာ တကယ်များတာပဲ။ သူတို့ဘယ်လောက်ပဲ အင်အားကြီးကြီး ငါတို့ကို မယှဉ်နိုင်တော့ပါဘူး”
“ဒါပေမဲ့ သူ့သက်တော်စောင့်က ပြသနာပဲ”
ဖန့်မိသားစုက ချန်ထားခဲ့သော စွမ်းအားရှင်ကျင့်ကြံခြင်းလမ်းစဉ်သည် တစ်စိတ်တစ်ပိုင်းသာဖြစ်သည်။ ထို့ကြောင့် ဖန့်ကြွယ်ယွီဆီမှာ ကျန်တဲ့အပိုင်းများရှိနိုင်သည်။
ဖန့်ကြွယ်ယွီ၏ သက်တော်စောင့်ကအဆင့်မြင့် လျှို့ဝှက်စွမ်းအားရှင်နှင့် အနေအထားမကွာပါက ပြသနာမဟုတ်တော့ပေ။
“စိတ်မပူပါနဲ့။ အဲ့သက်တော်စောင့်က ဘယ်လောက်စွမ်းတယ်ဆိုတာတော့ သေချာမသိဘူး။ ဒါပေမဲ့ သူ့ဆီကရတဲ့ စွမ်းအင်တွေအရဆို ၂၈နှစ်ပဲရှိဦးမယ်။ သူကငယ်ငယ်လေးကတည်းက စပြီးကျင့်ခဲ့မယ်ဆိုရင်တော့ ငါတို့ထက် နှာတစ်ဖျား သာလောက်မယ်”
အသက်ငယ်ငယ်ရွယ်ရွယ်လေးနှင့် အဆင့်မြင့်စွမ်းအားရှင်အနေအထားကို တက်လှမ်းနိုင်သည်ဖို့ဆိုတာ မလွယ်ကူပေ။ သူတို့လေးဦးတောင်မှ အထောက်အပံ့ကောင်းကောင်းဖြင့် လျှို့ဝှက်စွမ်းအားရှင်ဖြစ်လာခဲ့သည်။
ကူးရီက ၂၈နှစ်သာရှိသေးသည်။သူ့ကိုဖန့်မိသားစုက မည်မျှပင်ထောက်ပံ့ထားစေကာမူ စွမ်းအားရှင် ရာနှင့်ချီသော ပမာဏကို ကူးရီယှဉ်နိုင်မှာမဟုတ်ပေ။
“ဟုတ်တယ်။ စိတ်ပိုင်းဖြတ်ပြီး အဆုံးထိသေသေချာချာ လုပ်သွားရမယ်”
“နားလည်ပြီ”
…
ဖန့်ကြွယ်ယွီက ကားရှေ့ခန်းတွင် ထိုင်လိုက်လာပြီး အစ်ပိုအကြောင်းတွေးတောနေသည်။
ဒါ့အပြင် သူက လာဒီးနစ်မိသားစုနှင့် မရင်းနှီးပေ။သူ့အတွက်တော့ အစ်ပိုက အဖိုးတန်ရတနာတစ်ပါးဖြစ်သည်။
ဖန့်ကြွယ်ယွီက ကော့တ်၏ လုံခြုံရေးကို ပိုမိုပြီးစိတ်ပူသည်။ မစ္စတာကော့တ်သည် အလွန်သစ္စာသိပြီး စောင့်သိရိုသေသော လူဖြစ်သည်။
“ကူးရီ သူတို့ဘာတွေတွေးနေလဲဆိုတာ အာရုံခံမိလား”
“သခင်လေး သူတို့အားလုံးက လျှို့ဝှက်စွမ်းအားရှင်တွေပါ။ ကျွန်တော်က ပင်မစွမ်းအင်အသုံးပြုသူပါ။ တူသယောင်ယောင် ထင်ရပေမဲ့ ကွဲပြားတယ်။သူတို့ ကျွန်တော့်ကိုလည်း ရှာတွေ့ကြမယ်ထင်တယ်”
“သူတို့လောက်ကို ခေါင်းထဲမထည့်စမ်းပါနဲ့ကွာ”
နာရီဝက်ကြာမောင်းနှင်လာပြီးနောက် အဆုံးသတ်တွင် ကားသည် နန်းတော်သဖွယ်ခမ်းနားသော အဆောက်အဦးရှေ့ရပ်လိုက်သည်။
“သခင်လေးကို တည်ခင်းဧည့်ခံဖို့ နေ့လည်စာပြင်ဆင်ထားပါတယ်”ဟု ရီနိုက ဆိုသည်။
“ကျေးဇူးပါဗျာ” ဟု ဆိုကာ ဖန့်ကြွယ်ယွီသည် ထမင်းစားဝိုင်း၏ ထိပ်တွင် နေရာယူသည်။
အစ်ပို၏ သားသမီးလေးဦးစလုံးက စားပွဲ၏ တစ်ဖက်တစ်ချက်စီတွင် အသီးသီးနေရာယူကြသည်။ တချို့သော လာဒီးနစ်မိသားစုဝင်များက ဖန့်မိသားစုဝင်ကို အခုမှ မြင်ရခြင်းဖြစ်သည်။
“သခင်လေးနဲ့ဆုံတုန်းလေးတစ်ခွက်လောက် တိုက်ပါရစေ” ဟုဆိုကာ ရီနိုက မတ်တပ်ရပ်သည်။
“ဖြည်းဖြည်းသုံးဆောင်ကြပါ။ မစ္စတာရီနို ငါ ဒီနေ့ဒီကိုလာရတာ စားဖို့သောက်ဖို့မဟုတ်ပါဘူး။ တစ်ခုခုအကြောင်းသိချင်လာလို့ပါ”
ရီနိုက စိတ်ထဲထင့်ခနဲဖြစ်သွားပြီး အီဗာလာကို တစ်ချက်လှမ်းကြည့်သည်။
“သခင်လေး စိတ်တိုင်းကျတဲ့ထိခိုင်းပါ။ သခင်လေးအတွက်ဆို လာဒီးနစ်မိသားစုက အသင့်ပါပဲဗျာ”ဟု မိုခီက ပြောသည်။
“ဒါဆိုလည်း တိုတိုနဲ့လိုရင်းပဲပြောလိုက်တော့မယ်။ ငါတို့နဲ့ အမြဲတရင်းတနှီးဆက်ဆံနေတဲ့ မစ္စတာ ကော့တ်နဲ့ အဆက်အသွယ်မရတာကြာပြီ”
မိုခီက ပြောဟန်ပြင်ချိန်တွင် ရီနိုက လက်ဦးမှုရယူသွားသည်။
“သခင်လေး ကော့တ်က သာမန်ဆက်သွယ်ရေးတာဝန်ခံတစ်ဦးလောက်ပဲရှိတာလေ။ ဒါဆို ဒီကိုရောက်လာတာက သူ့ကိုရှာဖို့အတွက်ပဲလား”
ရီနိုက စိတ်ထဲမှာ တခါတည်း အသင့်ပြင်လာသော အဖြေရှိနေသည်။
သခင်လေး..ကော့တ်က လာဒီးနစ်မိသားစုရဲ့ စည်းမျဉ်းစည်းကမ်းတွေချိုးဖောက်တာမို့ အပြစ်ပေးတဲ့အနေနဲ့ ဆက်သွယ်ရေးတာဝန်ခံရာထူးကို သိမ်းထားလိုက်တာပါ”
“အဲ့လိုလား။ ငါ့မျက်နှာကိုငဲ့ပြီးသူ့ကိုလွှတ်ပေးမလား”ဟု ဖန့်ကြွယ်ယွီက မေးသည်။
စာစဉ်ပြီး၏