“ငါက ဘီလ်ဂိတ်စ်ပါ။ ငါ့ကိုယ်ငါ သူတောင်းစားလို့ ထင်လာပြီ”
Vol. 12 Ch. 155
လေလံပစ္စည်းအမျိူးပေါင်း (၂၀) သည် တစ်ခုပြီးတစ်ခုရောင်းထွက်ပြီးဖြစ်သည်။ ဖန့်ကြွယ်ယွီရှိနေသဖြင့် ရောင်းမထွက်သော ပစ္စည်းဟူ၍ မရှိပေ။သူက ခွေးခေါင်းရုပ်ထုမှ လွဲပြီး ကျန်ပစ္စည်းများကို အကုန်သိမ်းကြုံးရယူသည်။
ထိုကဲ့သို့ တစ်ဦးတည်းက လက်ဝယ်ပိုင်ဆိုင်မှုအပေါ် မကျေနပ်သော်လည်း မည်သူမှ အသံမထွက်ရဲကြပေ။ သူတို့က ဘာများတတ်နိုင်မည်နည်း။ ဖန့်ကြွယ်ယွီချမ်းသာသလောက် သူတို့မချမ်းသာပေ။
လူတစ်ယောက်က သူ့စိတ်ကြိုက်ပိုက်ဆံသုံးဆွဲနေသည့်အပေါ် မည်သည့်စွဲချက်နှင့် အပြစ်ဆိုနိုင်မည်နည်း။ အကယ်၍ သတ္တိရှိပါက သူ့ထက်ပိုပြီး စျေးပိုပေးဖို့ပဲဖြစ်နိုင်သည်။
“ထင်သလောက်လဲမဟုတ်ပါဘူးကွာ။ ဒီပစ္စည်းတွေက စျေးပေါတယ်”
လေလံပစ္စည်း (၁၉) မျိုးကို ဝယ်ယူပြီးချိန်တွင် သူသည် ယူရို (၂)ဘီလီယံကိုသာ သုံးရသေးသည်။ သူမျှော်မှန်းထားသော သုံးစွဲရမည့်ပမာဏနှင့် လွန်စွာကွာဟနေသည်။ သို့သော် ပထမအဆင့်ပြီးမြောက်မှုသည် သုံးစွဲသော ပမာဏပေါ်မူတည်ပြီး ရာခိုင်နှုန်းအချိုးကျတက်လာမည်။
“ဟင် ဒါက စျေးပေါတာလား”
ဝမ်ချုံးက အခန်းထောင့်နားတွင် တစ်ဦးတည်း အရက်ထိုင်သောက်နေသည်။ ဖန့်ကြွယ်ယွီက စိန်စီထားသော ရေခွက်အစုံလိုက်ကို ယူရိုသန်း (၁၀၀)ဖြင့် မျက်တောင်တစ်ချက်မခတ်ဘဲ ဝယ်ခဲ့သည်။
စိန်ခွက်နှင့် ရေသောက်မည့်အစား ကား၊ အိမ်ခြံမြေ သို့ လုပ်ငန်းတစ်ခုခုမှာရင်းနှီးမြှုပ်နှံလိုက်သည်က ပိုမကောင်းပေဘူးလား။
ဒါတွေက ပိုက်ဆံသုံးဖြုန်းနေတာမဟုတ်ပေဘူးလား။ ဝမ်သူဌေးမျိုးဆက်၏ ဒုတိယမြောက် ဆက်ခံသူဖြစ်လာမည့် ဝမ်ချုံးသည် ဖန့်ကြွယ်ယွီ၏ ဘေးနားတွင် သူတောင်းစားသာသာပဲ ဖြစ်နေတော့တာလားဆိုတာ မဝေခွဲတတ်တော့ပေ။
“အကိုဝမ်..ခင်ဗျားမတရားဘူး။ ဒီလောက်ပျော်ဖို့ကောင်းတဲ့ပွဲကို ခုမှပဲ ငါ့ကိုခေါ်လာတယ်”
“ဟာ ဒီလိုလေလံပွဲဆိုတာ လတိုင်း ရက်တိုင်းရှိနေမယ်ထင်လို့လား။ ပြီးတော့ ငါတို့ချင်းရင်းနှီးကြတာ ကြာမှမကြာသေးတာ။ ဟုတ်တယ်မလား။ ပြီးတော့ ဒီလေလံပွဲက မင်းအတွက်ပဲသီးသန့်လုပ်တဲ့ ပြပွဲ ဖြစ်သွားတာပါကွာ။ ငါတို့က ဒီနေရာမှာအပျော်တမ်းလာကြည့်တဲ့ ဧည့်သည်တွေလိုပဲ။ မင်းဘယ်လောက် ချမ်းသာလဲဆိုတာ သိဖို့အတွက် ဝေးဝေးလံလံကြီးကနေလာရတာဖြစ်ကုန်ပြီ။”
“ဟဲဟဲဟဲ” ဖန့်ကြွယ်ယွီက ရယ်ရုံပဲတတ်နိုင်တော့သည်။
“မင်းဘာတွေရယ်နေတာလဲ။ ဒီလောက်ကောင်းတဲ့ လေလံပွဲကို မင်းဘယ်လိုပြောင်းလဲလိုက်တာလဲ”
ဝမ်ချုံးက လေလံပွဲပေါင်းများစွာတက်ရောက်ဖူးသည်။ လေလံပွဲတစ်ပွဲတွင် ပစ္စည်းတစ်ခုကို လေလံအောင်ဖို့အရေး သူ့ထက်ငါ အပြိုင်အဆိုင် ယှဉ်ပြိုင်ကြရသည်။ ဒါမှသာ လေလံပွဲတစ်ခု၏ င်္အဂါရပ်နှင့် ပြည့်စုံပေသည်။
ယခုတော့ ပစ္စည်းတစ်ခုလေလံဆွဲဖို့ စင်ပေါ်တွင် ပြသချိန်မှသာ ပွဲတက်လာသူများက တစ်ချက်အာရုံစိုက်ကြသည်။ ထို့နောက် သူတို့ရဖို့မဖြစ်နိုင်သည့်အတွက် လေလံဆွဲဖို့ အာရုံမလာတော့ဘဲ ဖုန်းကိုသာ ကြည့်နေကြသည်။
ပထမတော့ ဖန့်ကြွယ်ယွီနှင့်အပြိုင်လေလံဆွဲကြသည်။ သို့သော် ဖန့်ကြွယ်ယွီက မည်သူမှ လိုက်မမှီနိုင်သော မတန်တဆစျေးကို ပေးသောအခါ မည်သူမှ သူနှင့် မယှဉ်ပြိုင်ဝံ့တော့ပေ။ နောက်ထပ်ရောင်းချသည့် လေလံပစ္စည်း (၅)ခု (၆)ခုက ကြမ်းခင်းစျေးဖြင့်သာ ရောင်းလိုက်ခြင်းဖြစ်သည်။ လေလံပွဲမှာရှိနေသော လူများသည် အသံတစ်သံတောင် မထွက်ကြဘဲ တိတ်ဆိတ်နေကြသည်။
ဒီလိုမျိုးကို လေလံပွဲဟု ခေါ်ထိုက်ပါသလား။
“ဟား လာကြည့်ဦး။ နိုင်ငံခြား သတင်းတွေမှာ မင်းအကြောင်းတွေချည်းပဲ”
ရုတ်တရက်ဆိုသလို သူ၏ဖုန်းထဲမှာ စိတ်ဝင်စားဖွယ်အကြောင်းအရာကို မြင်လိုက်ရသည်။
“ဘာတွေ ဒီလောက်တောင် သဘောကျနေတာလဲ” ဖန့်ကြွယ်ယွီလည်း မနေနိုင်တော့ဘဲ သူ၏ဖုန်းကို ယူကြည့်သည်။
ဤနေရာတွင် ရှိနေသော လူများသည် နာမည်ကြီး သူဌေးသူကြွယ်များဖြစ်ကြပြီး သူတို့၏ ဖေ့စ်ဘွတ်နှင့် တွစ်တာများတွင် ဖောလိုဝါပေါင်းများစွာရှိပြီး ပို့စ်တစ်ခုချင်းစီမှာလည်း ကောမန့်များ ပလူပျံနေသည်။
“ဟဲလို..ငါ ဘီလ်ဂိတ်ပါ။ ငါ အခုလေလံပွဲတစ်ခုရောက်နေတာ။ ဒီပွဲမှာ လူတစ်ဦးကပဲ ရှိသမျှ ပစ္စည်းတွေသိမ်းကျုံးဝယ်နေတာ။ ဒီပွဲမှာသုံးဖို့ဆိုပြီး တစ်ဘီလီယံယူလာတာ။ခုထိ ပစ္စည်းတစ်ခုတောင် လေလံမအောင်ဘူး”
(ဘီလ်ဂိတ်က အခုသုံးနေတဲ့ကွန်ပြူတာ ဝင်းဒိုးက မိုင်ခရိုဆော့ဖ်ကို ပိုင်ပါတယ်)
“အားလုံးပဲ မင်္ဂလာညနေခင်းပါ။ ငါက ဘီလ်ဂိတ်ထက်ချမ်းသာတဲ့ ဂျက်ဖ်ဘီဇို့စ်ပါ။ ခုတော့ ငါ့ကိုယ်ငါ သူတောင်းစားတစ်ယောက်လို့ ခံစားနေရတယ်”
(ဂျက်ဖ်ဘီဇီုစ့်ကတော့ အမေဇုံကိုပိုင်တယ်လေ။ အမေဇုံဆိုတာ ပစ္စည်းတွေကို နိုင်ငံတကာကနေ မှာယူလို့ရတဲ့ အစုံရှိတဲ့ အွန်လိုင်းဝက်ဘ်ဆိုဒ်ပါ)
“ငါက ဘာ့ဖတ်ပါ။ တရုတ်ပြည်ကလူတွေက ဒီလိုပဲ အရမ်းအံ့ဩစရာကောင်းတာပဲလား။ အာ့ဆို ငါတရုတ်ပြည်မှာ အခြေကျနေထိုင်တော့မယ်။ သေချာလေး အခွန်ဆောင်ပါ့မယ်”
ကမ္ဘာကျော်ဘီလီယံနာသူဌေးကြီးများက သူတို့၏ ဆိုရှယ်မီဒီယာထက်တွင် တူညီသောပို့စ်ကို တင်ကြသည်။ ဤလေလံပွဲတွင် တရုတ်သူဌေးတစ်ဦးကြောင့် သူတို့က သူဆင်းရဲသဖွယ်ဖြစ်ကုန်ကြသည်။ ဒီလူက လေလံပွဲ၏ အနှစ်သာရကို သေချာနားမလည်ဘဲ မြင်သမျှ ပစ္စည်းတိုင်းကို ဝယ်ယူနေသည်။
ထိုသတင်းက တစ်ကမ္ဘာလုံးချက်ချင်းပျံ့နှံ့သွားတော့သည်။ ဖန့်ကြွယ်ယွီသာ လူလုံးထွက်ပြပါက ကမ္ဘာကျော်သွားပြီး ပထမအဆင့်ကို ချက်ချင်းပြီးမြောက်သွားလိမ့်မည်။
နိုင်ငံခြားသားများမဆိုနှင့်။ တရုတ်လူမျိုးများတောင်မှ မယုံကြည်နိုင်အောင်ဖြစ်နေကြသည်။ ထိပ်တန်းသူဌေးကြီးများကိုတောင် ဘာမှမစွမ်းဆောင်နိုင်သည်အထိဖြစ်စေတာမို့ ကမ္ဘာ့အချမ်းသာဆုံးစာရင်း သတ်မှတ်ထားမှုက ဘက်လိုက်ပြီး မျှတမှုမရှိခြင်းကို မီးမောင်းထိုးပြနေသည် မဟုတ်ပါလော။
ကန်ရှီဖူး - “ဒီတရုတ်လူမျိုးက ဘယ်သူလဲဆိုတာ သိကြလား”
Red Carp, Green Carp & Donkey- @ဖန့်ကြွယ်ယွီ…ဒါက ဥက္ကဌဖန့်အဖေလား။
မင်းရဲ့အမျိုးသမီး- ဥက္ကဌဖန့်က ဥရောပဖက်ကို ခရီးထွက်နေတာမလား။ သေချာပါတယ်။ သူပဲဖြစ်မယ်။
မြင်းရိုင်း- ဘာမှ မပြောကြနဲ့။ ဒါက ငါ့အမျိုးသား ငါ့အပိုင်လေးပဲ။
“ဟား တွေ့လား။ မင်းဒီလောက်ထုတ်ကြွားနေမှတော့ မင်းဘယ်သူလဲဆိုတာ တန်းသိကြတယ်တွေ့လား”
“ရယ် ရယ် သေအောင်ရယ်နေလိုက်” ဖန့်ကြွယ်ယွီက ဖုန်းကိုပြန်ပေးသည်။
“ငါပိုင်တဲ့ပိုက်ဆံ ငါသုံးချင်လို့သုံးတာလေကွာ။ ဒါကို လူတွေက ရေးကြီးခွင်ကျယ်လုပ်လို့ကွာ။ ပြောလို့ကိုမပြီးနိုင်ဘူး။ ထစ်ခနဲရှိ အဲ့တာကိုပဲ ဘာလို့လိုက်ပြီး ပြောဆို နေကြတာလဲ”
“ပိုက်ဆံသုံးချင်တယ်မလား။ မိုးပျံရထားသွားဆောက်လေ။ ဂြိုဟ်တုတွေဘာတွေ ဆောက်ပါ့လား။ ဂြိုဟ်သားတွေကို လိုက်ရှာပြီး ကမ္ဘာမြေကြီးကိုကာကွယ်ခိုင်းပါ့လား”
“ဟာ ငါတကယ်ပြောနေတာကွ။ ယုံချင်ယုံ မယုံချင်လည်းနေကွာ”ဟုဆိုကာ ဖန့်ကြွယ်ယွီက ဆိုဖာပေါ်လှဲချသည်။
တခဏကြာ အနားယူပြီးနောက် လေလံပွဲပြန်စသည်။
“မင်း လေလံမဆွဲနေတော့နဲ့ကွာ။ ရော့ချ်ချိုင်းမိသားစုကို တိုက်ရိုက်ဆက်သွယ်ပြီး ပစ္စည်းတွေအကုန်ဝယ်ချင်ပါတယ်လို့ပြောလိုက်။ သူတို့ကစျေးပြော။ ပစ္စည်းတွေအကုန်ထုတ်ပိုးပေး။ မင်းအိမ်ကိုပို့ပေး။ ကျသင့်သလောက် ငွေပေးချေလိုက်ရင် ပြီးပြီလေ”
ဝမ်ချုံးကိုယ်တိုင်ကပင် လေလံပွဲကို အာရုံထဲမရှိတော့ပေ။
တချို့ပြည်သူများက သူဘယ်သူလဲဆိုတာသိသွားမည်ကို ကာကွယ်ရန် သူ့နှင့်တူသော ပုံတစ်ပုံကို တုပပြီး ဝီဘိုမှာတင်ရန် ရှောင်းရီကို ခိုင်းလိုက်သည်။
“မင်း ငါဘယ်သူလဲဆိုတာ လျှောက်ပြောရဲပြောကြည့်။ မင်းအဖေရဲ့ Patek ကို မနက်ဖြန်မှာ ဝယ်ပစ်မယ်” ဟု ဝမ်ချုံးကို ခြိမ်းခြောက်လိုက်သည်။
စကားလက်၏ မျက်နှာက မကြည်မသာဖြစ်နေသည်။ လေလံပွဲအစမှာတုန်းက ဖန့်ကြွယ်ယွီက စျေးမတန်တဆပေးသဖြင့် သူမအတွက် ကော်မရှင်ကြေးများစွာရခဲ့သည်။ သို့သော် နောက်ပိုင်းပစ္စည်းများက ကြမ်းခင်းစျေးဖြင့်သာ ရောင်းချခဲ့သည်။လေလံပွဲတင်ဆက်သူအနေဖြင့် ပစ္စည်းများကို အမြင့်ဆုံးစျေးရအောင် စွမ်းဆောင်ရမည်။
အစကတော့ စိတ်ဝင်စားဖို့ အကောင်းဆုံးပစ္စည်းများကို လေလံပွဲ၏ အဆုံးသတ်အစီအစဉ်မှသာ ရောင်းရန် စီစဉ်ထားသော်လည်း လေလံပွဲတက်သူများ၏ စိတ်ဝင်စားမှုကို ပြန်လည်ရရန်လိုအပ်သည်။ ထို့ကြောင့် ပစ္စည်းနှစ်ခုကို ယခုအချိန်တွင် ထုတ်ပြီးရောင်းရပေတော့မည်။
“ခုထပ်ပြီးရောင်းချမဲ့ လေလံပစ္စည်းက အဆုံးသတ်ကျမှ ရောင်းဖို့ ပြင်ထားတာပါ။ ဒါပေမဲ့ပွဲစီစဉ်သူတွေက အခုအချိန်မှာ ရောင်းချဖို့ ဆုံးဖြတ်လိုက်ပါတယ်။ DSB-003 စွမ်းအားမြှင့်ပစ္စည်း နှစ်မျိုးကိုရောင်းချပါမယ်။ တစ်မျိုးကိုကြမ်းခင်းစျေး တစ်ဘီလီယံဖြစ်ပါတယ်။ စျေးကန့်သတ်ထားတာမရှိပါဘူး”
ထိုပစ္စည်းများနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို စကားလက်က မသိပေ။ သို့သော် သူမသိထားဖို့ မလိုအပ်ဘဲ အကြမ်းဖျဉ်းရှင်းပြရုံဖြင့် အဆင်ပြေသည်ဟု ပွဲစီစဉ်သူများက ညွှန်ကြားသည်။
သူမစကားဆုံးသည်နှင့် လေလံပွဲတစ်ခုလုံး ချက်ချင်းအသက်ဝင်လာသည်။ အားလုံးက စိတ်ဝင်တစားရှိလာကြပြီး သုံးစွဲနိုင်မည့်ပမာဏကို တွက်ချက်နေကြသည်။
“ ဒီပစ္စည်းကို စောစောထုတ်ရောင်းလာပြီပဲ”
“ငါတို့ပိုက်ဆံဘယ်လောက်ရနိုင်မလဲ။ ဒီပစ္စည်းကိုတော့ သေချာပေါက်ရမှ ဖြစ်မယ်”
“ဘာ နှစ်ဘီလီယံပဲ အများဆုံးရမယ်ဟုတ်လား။ မရဘူး။ ဒီ့ထက်ပိုရမှဖြစ်မယ်။ မင်းကို အချိန်ဆယ်မိနစ်ပေးမယ်ကွာ”