မင်းကို မစ္စစကားလက်က တွေ့ချင်နေတယ်
Vol. 12 Ch. 159
လေလံပွဲလည်း ပြီးဆုံးတော့မည်။ ဖန့်ကြွယ်ယွီအနေဖြင့် ပစ္စည်းအမျိုးအစားပေါင်း (၂၄)မျိုးကိုလေလံအောင်ခဲ့သည်။ သူ၏ ရည်ရွယ်ချက်မှာရိုးရှင်းသည်။ ပိုက်ဆံကိုအကုန်သုံးပစ်မည်ဆိုသည့် အရာပဲရှိသည်။
နိုင်ငံသုံးနိုင်ငံကိုအကူအညီပေးသော ၆၀ဘီလီယံပါ ပေါင်းထည့်မည်ဆိုပါက လေလံပွဲတွင် သူသုံးစွဲသော ပမာဏသည် ၁၄၀ဘီလီယံ နီးပါးရှိသည်။ ထိုပမာဏသည် သူ၏ ဖခင် ဖန့်ဟွိုက်တောင်မှ တလုံးတခဲထဲ မသုံးခဲ့ပေ။
“ငါ တရုတ်ကို ပြန်ရောက်တဲ့အချိန်ကျရင် သဲကန္တာရတည်ဆောက်ဖို့ လုပ်ရမယ်။ အဲ့တာဆိုပထမအဆင့်ပြီးဖို့ နည်းနည်း နီးစပ်လာပြီပြောရမယ်”
သူက ကူးရီတို့လို အစွမ်းမျိုးပိုင်ဆိုင်ဖို့ သိပ်ပြီး အလှမ်းမကွာတော့ဘူးဆိုတာ တွေးမိပြီး စိတ်ထဲပျော်လာသည်။
နောက်ဆုံး အားဖြည့်ဆေးဖြစ်သော DSB- 003ကို ကြမ်းခင်းစျေးယူရို ၂ ဘီလီယံဖြင့် စျေးစဖွင့်သည်။
နိုင်ငံ့ခေါင်းဆောင်များကလည်း နောက်ဆုံးပိတ်ဖြစ်သော ဆေးကိုရနိုင်ဖို့ နည်းလမ်းပေါင်းစုံကြံစည်ကြတော့သည်။
ဂျပန်ကိုယ်စားလှယ်များ၏ အခန်းထဲကို လူတစ်ဦးက သွေးအလိမ်းလိမ်းဖြင့် ဒယိမ်းဒယိုင်ဝင်လာသည်။
“ကာတို ဘာဖြစ်လာတာလဲ”
ရှုဂျီက သူ့ကို ဆွဲထူလိုက်သည်။ ကာတို၏ခန္ဓာကိုယ်အခြေအနေက ဆိုးဝါးနေသည်။ သူက စွမ်းအားကိုသုံးပြီးတိုက်ခိုက်ဖို့ ပြင်ချိန်တွင် တစ်ဖက်သူ၏ တန်ပြန်တိုက်ခိုက်မှုကို ခံလိုက်ရပုံရသည်။
“ဘာဖြစ်လာလဲ ပြောစမ်းပါ ကာတို” ရှုဂျီက အစိမ်းရောင်ဆေးရည်များဖြင့်ပြည့်နေသော ဆေးထိုးအပ်ကို ကာတို၏ လက်မောင်းထဲထိုးလိုက်သည်။
“ထင်မထားတာတွေဖြစ်လာတာ”
ကာတိုသည် ပါကစ္စတန်ကိုယ်စားလှယ်များဆီမှ ဆေးကိုလုယူရန် ခိုင်းစေခံခဲ့ရသည်။ ပြောရမည်ဆို အနည်းဆုံး နိုင်ငံ (၁၀)ခုလောက်က သူတို့၏ စွမ်းအားရှင်များကို လမ်းတွင်အသင့်စောင့်ခိုင်းနေကြသည်။
ပါကစ္စတန်လို နိုင်ငံငယ်လေးတစ်ခုမှာ SSအဆင့်စွမ်းအားရှင်များသာ အမြင့်ဆုံးရှိနိုင်သည်။အကယ်၍ SSအဆင့်ချင်းတူနေလျှင်တောင် သူတို့ကပိုမိုသာလွန်သည်ဟု မှတ်ယူထားကြသည်။
သို့သော် မမျှော်လင့်ဘဲ ပါကစ္စတန်ကိုယ်စားလှယ်များကို ကူညီပေးသည့် လူရှိနေသည်။ သူတို့အနေဖြင့် ဘာမှကိုလုပ်ဖို့ အခွင့်မသာခဲ့ပေ။
SSအဆင့် စွမ်းအားရှင်သုံးဦးကို နေရာမှာတင် ချက်ချင်းအပြတ်ရှင်းသွားပြီး ကျန်သောသူများက ဒဏ်ရာအပြင်းအထန်ရကုန်ကြသည်။
သူ့မှာ အစွမ်းသာမရှိပါက ကာတိုအခီရာသည် နေရာတွင်ပွဲချင်းပြီး သေဆုံးနိုင်သည်။
“ဘယ်သူလုပ်တာလဲဆိုတာသိလား”ရှုဂျီကမေးသည်။
ကာတိုက မသိကြောင်း ခေါင်းခါပြသည်။
သူက ပြိုင်ဘက်၏လှုပ်ရှားမှုကို မမှန်းဆနိုင်ပေ။
ထိုလူများက ဆေးကိုလုယူမည့်အကြံကို နှောင့်ယှက်ရုံသာမက ပါကစ္စတန်ကိုယ်စားလှယ်များလွတ်အောင်လည်း ကူညီပေးသည်။
သူတို့က အခန်း-၁က လူနဲ့ ဘယ်လိုများ ပတ်သက်နေကြတာလဲ။
“ကဲ ဘာမှမပူနဲ့။ ကျန်တဲ့ ဆေးကိုရအောင်ဝယ်ကြမယ်”
ရှုဂျီသည် ကာတိုအခီရာကို သက်တောင့်သက်သာနားခိုင်းပြီး လေလံဆွဲမည့်ကိစ္စကို အာရုံစိုက်တော့သည်။
တခြားနိုင်ငံများယူလာသော ငွေပမာဏကို စုံစမ်းပြီးနောက် အမေရိကန်၊ ပြင်သစ်နှင့် ဂျာမဏီတို့နှင့်သာ ယှဉ်ပြိုင်ရမည်ဆိုတာ ရှုဂျီ သိခဲ့ရသည်။ ကျန်နိုင်ငံများကို ထည့်တွက်ဖို့မလိုပေ။
“ကဲ စတင်ပြီး လေလံဆွဲနိုင်ပါပြီ”
“၁၄ ဘီလီယံ”ဆက်လက်ပြီးအကြိတ်အနယ်ပြိုင်နေကြသော နိုင်ငံ့ကိုယ်စားလှယ်များက တစ်ဖက်လူ နောက်ဆုံးပေးနိုင်သောပမာဏကို ခန့်မှန်းနိုင်ကြသည်။ ၂ဘီလီယံကနေ စျေးစပေးသည်မှာ အချိန်ဖြုန်းသလိုဖြစ်နေသဖြင့် ရှုဂျီက သူပေးနိုင်သော ပမာဏကို တစ်ခါတည်းတန်းအော်သည်။
ပြင်သစ်ကိုယ်စားလှယ်များမှာ ၁၃.၈ဘီလီယံပဲ ကျန်တော့သဖြင့် လေလံဝင်မဆွဲနိုင်ဘဲ လက်လျှော့လိုက်ရတော့သည်။
“၁၄.၂ ဘီလီယံ” အမေရိကန်ကိုယ်စားလှယ်ဖြစ်သူ စလိဗ်က စျေးထပ်မြှင့်သည်။
“၁၆ ဘီလီယံ” တလျှောက်လုံးအသံတိတ်နေသော ယူကရိန်းဘက်မှ စတင်လေလံဆွဲတော့သည်။
“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ပါကစ္စတန်ဘက်ကများပြားသောငွေပမာဏဖြင့်လေလံအောင်ပြီးနောက် ယခုအခါလည်း ယူကရိန်းပါဝင်လာမှုက အားလုံးကို ရုတ်ရုတ်သဲသဲဖြစ်စေသည်။
“၁၆ ဘီလီယံ တစ်ကြိမ်”
နိုင်ငံကိုယ်စားလှယ်များမှာ ထိုမျှပမာဏ မရှိတော့သဖြင့် ဘာမှမတတ်နိုင်တော့ပေ။
“ညီလေးဖန့်.ဒါက ယူကရိန်းဘက်က လေလံအောင်တော့မယ့်သဘောလား”
“ဟားဟားဟား ဟုတ်တယ်။ အမေရိကန်နဲ့ ဂျပန်ကလူတွေ မျက်စိမျက်နှာပျက်နေကြပြီ”
“ဂျပန်တွေက ငါတို့ဆီက ပိုက်ဆံကို ခွေးခေါင်းရုပ်ထုကို ဗန်းပြပြီး ရမယ်ထင်ထားတာ”
“ညီလေးဖန့်..မင်းနဲ့တွေ့ရတာကိုက သူတို့ကံဆိုးတာပါ”
ယူကရိန်းဘက်က စွမ်းအားမြှင့်ဆေးတစ်စုံကို ၁၆ဘီလီယံဖြင့် ဝယ်ယူနိုင်ခဲ့ပြီး အစ္စရေးဘက်မှ အခြားစွမ်းအားမြှင့်ဆေးတစ်စုံကို ၁၅.၈ ဘီလီယံဖြင့် အရယူခဲ့သည်။
နောက်ဆုံးတော့ လေလံပွဲအောင်မြင်စွာအဆုံးသတ်ခဲ့သည်။ ကိုးဆယ်ရာခိုင်နှုန်းကျော်သော တက်ရောက်သူများက လက်ဗလာဖြင့် အိမ်ပြန်ကြရသည်။
ဖန့်ကြွယ်ယွီတစ်ဦးတည်းက တပျော်တပါးပိုက်ဆံပေးရင်း ပစ္စည်းအများစုကို အပိုင်သိမ်းနိုင်ခဲ့သည်။
အကြာကြီးနေပြီးမှ သူ၏ပိုင်ဆိုင်မှုငွေကြေးပမာဏသည် (၄၀၀)ဘီလီယံ ဖြစ်လာတော့သည်။
သူလေလံအောင်သောပစ္စည်းများကို အထူးလေယာဉ်ဖြင့် နှစ်ရက်အတွင်း တရုတ်ပြည်သို့ ပို့ပေးမည်ဆိုသောကြောင့် သူဘာမှစိတ်ပူစရာမရှိပေ။
“ရော့စ်ချိုင်းလေလံပွဲအဖွဲ့ကတစ်ယောက်က လူကြီးမင်းဆီ စာပို့လာပါတယ်”ဟု ကော့တ်ကဆိုသည်။
“ဘာတဲ့လဲ”
“မစ္စစကားလက်က လူချင်းတွေ့ပြီးလူကြီးမင်းကို ကျေးဇူးတင်စကားပြောချင်လို့ပါတဲ့”
ဟမ်” ဖန့်ကြွယ်ယွီ အံ့ဩသွားသည်။
“ဪ သခင်လေးက မသိသေးလို့ပါ။ ရော့စ်ချိုင်းမိသားစုလေလံပွဲကို စီစဉ်တင်ဆက်သူက လုပ်အားခအများကြီးရတာ။ အဲ့တာအပြင် မူရင်းစျေးနဲ့ ခန့်မှန်းစျေးကွာဟမှုအပေါ်မူတည်ပြီး ကော်မရှင်ခက ရသေးတာ။ မစ္စစကားလက်က ဒီညအတော်လေး ရသွားတာဖြစ်မယ်”
“ညီလေးဖန့် ..ငါ အရင်ပြန်နှင့်ရတော့မယ်နဲ့တူပါတယ်။ မင်းသူ့ကို တွေ့မယ်မလား”
ဝမ်ချုံးက မဟုတ်တရုတ်အတွေးများတွေးပြီး သူ့ကို စနောက်နေသည်။
စကားလက်ကနာမည်ကြီးမင်းသမီးတစ်ဦးဖြစ်သော်ငြား သူမ၏လှပမှုက ဖန့်ကြွယ်ယွီကို ရင်ခုန်အောင် မစွမ်းဆောင်နိုင်ပေ။သို့သော် ကျေးဇူးတင်စကားပြောချင်သည့်အပေါ် သူက ငြင်းစရာအကြောင်းတော့မရှိပေ။
“ကော့တ်..ဝမ်ချုံးကို အိမ်ပြန်ပို့ပေးဖို့ တစ်ယောက်ယောက်ကို ခိုင်းလိုက်ပါဦး။ သူ အိမ်အပြန်လမ်းမှာ ဒုက္ခရောက်နေမှာဆိုးလို့ပါ”ဟု ဖန့်ကြွယ်ယွီက စီစဉ်သည်။
“စိတ်ချပါ လူကြီးမင်းဖန့်..မစ္စတာဝမ်ချုံးကို အိမ်ကို ချောချောမွေ့မွေ့ပြန်ရောက်အောင်ပို့ပေးလိုက်ပါ့မယ်”
“ခုလိုကူညီပေးတဲ့အတွက်ကျေးဇူးပါဗျာ”
“ရယ်ပြန်ပြီ။ မစ္စတာဝမ်ရဲ့ဘိုင်တာအုပ်စုကို ဝယ်ပြီး မင်းကို အိမ်သာခန်းကြီးကြပ်ရေးမှူးလုပ်ခိုင်းမယ်။ ဘာမှတ်နေလဲ”
ထိုအခါမှသာ ဝမ်ချုံးလည်း ဆက်မရယ်ရဲတော့ပေ။ ဖန့်ကြွယ်ယွီ၏ အနေအထားနှင့် မလုပ်နိုင်တာမရှိပေ။
“ကဲ မစ္စစကားလက်ကိုသွားတွေ့ကြတာပေါ့”
ရော့စ်ချိုင်းမိသားစုက တွေ့ဖို့နေရာနှင့်တကွ သက်တော်စောင့်ပါစီစဉ်ပေးသည်။ သို့သော် ကူးရီက ဘေးနားမှာရှိနေတာမို့ မစိုးရိမ်ပေ။
“လူကြီးမင်း..မစ္စစကားလက်က အခန်းထဲမှာစောင့်နေပါတယ်”
“သခင်လေး..ကူးရီနဲ့ကျွန်မက အပြင်မှာစောင့်နေမယ်လေ”
“အင်း ကောင်းပြီလေ။ စကားစမြည်ပြောရုံပဲဆိုတော့ မကြာပါဘူး”
အခန်းတွင်းသို့ ဝင်လိုက်သည်နှင့် မွှေးကြိုင်သောရနံ့ကဆီးကြိုနေသည်။စကားလက်က ဂါဝန်နှင့် ငွေရောင်ဒေါက်ဖိနပ်ကို စီးထားသည်။
သူမက အနီရောင်ဝိုင်ခွက်ကို ကိုင်ထားပြီး သူမ၏ နှုတ်ခမ်းနီအရောင်မှာ နီမြန်းနေသည်။
“သေစမ်း ပိုးသားဂူထဲ ဝင်နေရသလို ခံစားချက်ပါလား”