သူတို့က တစ်ဦးနဲ့တစ်ဦး ထိုက်တန်ရဲ့လား။
Vol. 12 Ch. 158
“ငါတို့ကို ဖုန်းခေါ်လာတာ တရုတ်တွေကွ။ ဒါဆို ငါတို့ကိုကူညီတာတရုတ်တွေပေါ့”
အဒူးဘို့စ်က တအားပျော်ရွှင်မြူးတူးနေသည်။
“ဒါပေမဲ့ ထူးဆန်းတာက သူတို့က ငါတို့ရဲ့ ဘဏ်အကောင့်ကိုဘယ်လိုသိတာလဲ။ ငါတို့ကို ဘယ်လိုလုပ်ပြီး ဆက်သွယ်ခဲ့တာလဲ”
“ဒီပိုက်ဆံကို သူတို့လေလံဆွဲဖို့ ဘာကြောင့် မသုံးတာလဲ။ ပထမတစ်ခေါက် ဆေးနှစ်ပုလင်း လေလံဆွဲတုန်းကလည်း တရုတ်တွေဝင်ပြီးလေလံဆွဲတာ မတွေ့ဘူးလေ။ ဟုတ်တယ်မလား”
“ဒါဆို ငါတို့ကိုပိုက်ဆံပို့ပေးတဲ့လူက ဒီပွဲထဲမှာပဲရှိရမယ်။ အခန်း (၁)က တရုတ်ဘီလီယံနာများဖြစ်နေမလား”
“မသိပါဘူး။ သူတို့က ကူညီပေးပြီးပြီဆိုတော့ သူတို့စိတ်ပျက်အောင်မလုပ်သင့်ဘူး။ ဒီ (၃၀)ဘီလီယံနဲ့ဆို စွမ်းအားမြှင့်ဆေးတစ်စုံကို ငါတို့ဝယ်နိုင်ပြီ”
“ဒီကိစ္စကို အထက်လူကြီးကိုတင်ပြဖို့လုပ်လိုက်ဦး။ လေလံဆွဲဖို့ ကိစ္စကို ငါ့တာဝန်ထားလိုက်။ တရုတ်လူမျိုးတွေက ငါတို့ကိုကူညီထားတာဆိုတော့ ဒီအချိန်မှာ ဘာမှမလုပ်ပေးနိုင်ဘူးဆိုလျှင်တောင် တစ်ခုခုတော့ ပြန်ပြီးကျေးဇူးဆပ်ရမှာပေါ့”ဟု အဒူးဘို့စ်ကဆိုသည်။
“ဟုတ်ပြီ။ ငါအခုပဲသွားလိုက်မယ်”
စိတ်ပျက်လက်ပျက်ဖြစ်ပြီးမှိုင်တွေနေသော အဒူးဘို့စ်သည် ယခုအချိန်မှာ အပျော်ကြီးပျော်နေတော့သည်။
“မင်းတို့မှာ ပိုက်ဆံရှိကြရဲ့လား။ ငါတို့ရဲ့ မိတ်ဆွေက ငါတို့ကို ကူညီပေးထားတာဆိုတော့ ပွဲကတော့လှပြီ”
“DSB -003အတွက် ကြမ်းခင်းစျေးက ၂ ဘီလီယံပါ။ အခုပဲ လေလံဆွဲနိုင်ပါပြီ”
“၆ ဘီလီယံ” ပွဲခင်းထဲမှာရှိနေသော နိုင်ငံကိုယ်စားလှယ်အတော်များများ လက်လှမ်းမမှီနိုင်သော စျေးကို အမေရိကန်ဘက်က ပေးသည်။
“၇ ဘီလီယံ”
“၈ ဘီလီယံ”
“၁၀ဘီလီယံ”ဂျင်းဂန်ရှုးဂျီက အမြင့်ဆုံးစျေးကို ပေးလိုက်သည်။
“ကျွတ် ကျွတ် ကျွတ်။ သူတို့အကုန်ရူးကုန်ကြပြီပဲ” ဟု ဝမ်ချုံးက မှတ်ချက်ပြုသည်။ သူတက်ဖူးသော လေလံပွဲများမှာ တစ်ဘီလီယံတောင်မကျော်ဖူးပေ။
“ညီလေးဖန့် ဒီတစ်ကြိမ်ရော ဘယ်လောက်ထိ စျေးမြင့်မယ်ထင်လဲ”
“ မပြောတတ်ဘူးလေ။ ဒါပေမဲ့ သိပ်မကြာခင်မှာ အမေရိကန် နဲ့ ဂျပန်က လူတွေအားလုံး အံ့အားသင့်တာတွေ ဖြစ်လာတော့မယ်”
“ဟမ် မင်းဘယ်လိုသိတာလဲ”
“ကြည့်နေပါ..သိပ်မကြာတော့ဘူး သိလာလိမ့်မယ်”
“၁၂ ဘီလီယံ” တစ်ခါမှမကြားဖူးသောအသံကိုကြားလိုက်ရသဖြင့် အားလုံးအထူးတဆန်းဖြစ်ကုန်ကြသည်။
“ဟမ် ပါကစ္စတန်”
“သူတို့မှာ ဘယ်လိုလုပ်ပြီး ဒီလောက်ပမာဏရှိမှာလဲ။ မဖြစ်နိုင်တာ”
လွန်ခဲ့သောနှစ်က ပါကစ္စတန်နိုင်ငံ၏ ပျမ်းမျှ တစ်ဦးချင်းဝင်ငွေသည် ဒေါ်လာ ၃၀၀ ဘီလီယံပဲရှိသည်။ သူတို့က နိုင်ငံဖွံ့ဖြိုးရေးအတွက် မသုံးကြတော့ဘူးလား။ သူတို့နိုင်ငံကလူတွေက နေဖို့ထိုင်ဖို့ စားဖို့သောက်ဖို့ မလိုတော့ဘူးလား။ ဤ စွမ်းအားဖြည့်ဆေးအတွက် ဘီလီယံပေါင်းများစွာသုံးစွဲခြင်းက အလဟသမဖြစ်ပေဘူးလား။
“၁၂.၂ ဘီလီယံ” ရှုးဂျီဘက်က စျေးထပ်မြှင့်သည်။ အမေရိကန်စစ်တပ်က ပထမဆေးနှစ်ဗူးမှာကတည်းက ပိုက်ဆံအကုန်သုံးလိုက်ပြီမို့ သူတို့လက်ထဲတွင် ပိုက်ဆံများများစားစား သုံးဖို့ မကျန်တော့ပေ။
ထိုအခြေအနေမှာ အပြင်ဘက်တွင် ပျံ့သွားသော စွမ်းအားမြှင့်ဆေးအားလုံးကို ဝယ်ယူရန် အမေရိကန်ဘက်မှ မတတ်နိုင်တော့ပေ။ သူတို့အနေဖြင့် ဆေးတစ်စုံကိုသာ ဝယ်နိုင်တော့သည်။
“ဒါက သူတို့အမြင့်ဆုံးပေးနိုင်တဲ့ ပမာဏပဲဖြစ်ရမယ်။ ဒီ့ထက်ပိုပြီး မတတ်နိုင်လောက်တော့ဘူး”
အမေရိကန်များက (၃၀)ဘီလီယံလောက်နှင့် ဆေးများကိုအကုန်ဝယ်ယူနိုင်လောက်မည်ဟု အပိုင်တွက်ထားခဲ့ပုံရသည်။
“၁၃ ဘီလီယံ”အဒူးဘို့စ်က စျေးထပ်မြှင့်သည်။
“၁၄.၅ ဘီလီယံ” အမေရိကန်ဘက်မှ ထပ်တိုးပေးသည်။
“၁၅ ဘီလီယံ”
“သေစမ်းကွာ” အမေရိကန်များ ဒေါသပုန်ထကုန်ကြသည်။
“၁၅ ဘီလီယံတစ်ကြိမ်”
“မစ္စတာဂျင်းဂန်..ငါတို့လေလံဝင်ဆွဲမလား”
“နောက်ထပ်ဆေးတစ်စုံကိုစောင့်ကြတာပေါ့”
သူတို့မှာ (၁၅)ဘီလီယံစွန်းစွန်းမျှသာပါတာမို့ ဂျင်းဂန်က စိုးရိမ်နေမိသည်။
“၁၅ ဘီလီယံ နှစ်ကြိမ်”
“၁၅ ဘီလီယံ သုံးကြိမ်”
“ဒုန်း”
“၁၅ ဘီလီယံနဲ့ လေလံအောင်သွားပါပြီရှင်”
“ဟူးး” အဒူးဘို့စ်က ယခုမှပင် သက်ပြင်းချနိုင်တော့သည်။
သူတို့ဘက်က စွမ်းအားမြှင့်ဆေးကို အဆုံးသတ်မှာ ဝယ်ယူနိုင်ခဲ့ပြီဖြစ်သည်။
“ငါတို့လည်း ဆေးကိုရပြီဆိုတော့ ဒီကမြန်မြန်ထွက်ကြတာပေါ့”
သူတို့က အမေရိကန်များကလွယ်လွယ်နဲ့ အလွတ်မပေးပေ။ ထို့အပြင် အားလုံးကလည်း DSB-003ကို မျက်စိကျနေသည်ဆိုတာ အဒူးဘို့စ်ကောင်းကောင်းသိသည်။
“မစ္စတာကော့တ်..ဒီအနီးအနားမှာ လာဒီးနစ်မိသားစုရဲ့ အဆင့်မြင့်သက်တော်စောင့်တွေ ရှိလား”
“ဟုတ်ကဲ့ ခြောက်ယောက်တော့ရှိပါတယ်။ လူကြီးမင်း ဘာများ….”
“ပါကစ္စတန်က မိတ်ဆွေတွေကို စောင့်ရှောက်ဖို့ နှစ်ယောက်လွှတ်ပေးလိုက်ပါ”
ကော့တ်က ဖန့်ကြွယ်ယွီ၏ ရည်ရွယ်ချက်ကို ချက်ချင်းသဘောပေါက်သည်။ ဒီအနီးအနားပတ်ဝန်းကျင်တွင် တခြားနိုင်ငံများက စေလွှတ်ထားသော စွမ်းအားရှင်များရှိသည်။
သူတို့ကို စွမ်းအားမြှင့်ဆေး ဝယ်ယူနိုင်ဖို့ ဖန့်ကြွယ်ယွီက ကူညီပေးခဲ့သော်လည်း ဒီထဲက ဘေးရန်ကင်းကင်းနှင့် ထွက်နိုင်ဖို့ လိုသေးသည်။
“သခင်လေး ဒီကိစ္စကို ကျွန်တော့်တာဝန်ထားလိုက်ပါ”
“ရှောင်းရီ နိုင်ငံတစ်နိုင်ငံချင်းစီမှာပိုက်ဆံသုံးဖို့ ဘယ်လောက်စီ ကျန်သေးလဲ”
“ဂျပန်က ၁၅.၅ ဘီလီယံ၊ အမေရိကန်က ၁၄.၇ ဘီလီယံ၊ ဂျာမနီက ၁၄.၂ ဘီလီယံ နဲ့ ပြင်သစ်က ၁၃.၈ ဘီလီယံကျန်သေးတယ်”
“သူတို့က ဒီလေလံပွဲကနေ တစ်ခုခုအကျိုးအမြတ်ရမယ် ထင်နေတုန်းလား”
စွမ်းအားမြှင့်ဆေးများကို အမေရိကန်ကထုတ်လုပ်ခဲ့တာဖြစ်သည်။ဖန့်ကြွယ်ယွီက ထိုဆေးများကို စိတ်မဝင်စားသော်လည်းတရုတ်နှင့် မိတ်ဖက်ဖြစ်သော နိုင်ငံများက ထိုဆေးကို လက်ဝယ်ပိုင်ဆိုင်သွားခြင်းက ပိုမကောင်းပေဘူးလား။
“အစ္စရေး နဲ့ ယူကရိန်းရော ဘယ်လိုလဲ”
“သူတို့မှာ ပါလာတာက ၅ ဘီလီယံတောင် မရှိပါဘူး”
“အမရီ အစ္စရေးနဲ့ ယူကရိန်းကိုယ်စားလှယ်တွေဆီ ၁၅ ဘီလီယံဆီ လွှဲပေးလိုက်ပါ”
“ဟုတ်ကဲ့ သခင်လေး။ အခုချက်ချင်းလွှဲလိုက်ပါ့မယ်”
“ညီလေး ဖန့် ..ဘာတွေလုပ်နေတာလဲ” ဝမ်ချုံးလည်း သူ့အပြုအမူများကို နားမလည်နိုင်တော့ပေ။ ယခုလေးတင် ပါကစ္စတန်ဘက်ကိုပိုက်ဆံလွှဲခဲ့သည်။ အခြားနိုင်ငံက လူများကို ဘာအတွက်ကြောင့်များ
ကူညီပေးနေသနည်း။
ယူရို ၆၀ ဘီလီယံဆိုသောပမာဏသည် ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင်နိုင်သည်။
“ဘာမှ ထွေထွေထူးထူးမရှိပါဘူး။ ဒီလူတွေကို အာရုံနောက်အောင်လုပ်ဖို့နဲ့ ပိုက်ဆံများများပိုသုံးဖို့ပဲရှိတာပါ”
ဂျပန်နှင့် အမေရိကန်ဘက်ကလူများက စိတ်ပျက်လက်ပျက်ဖြစ်သွားကြသည်ကိုမြင်ရတာအလွန်ပင် ကျေနပ်မိသည်။
“ဪ မင်း ပျော်ချင်လို့ ပိုက်ဆံတွေလျှောက်သုံးနေတာပေါ့လေ။ အင်း စဉ်းစားကြည့်တော့လည်း ဟုတ်ပါတယ်လေ”
အမေရိကန်များက ပိုက်ဆံများများထည့်လာသော်လည်း ဆေးအားလုံးကိုလေလံမအောင်ပေ။ ယုံကြည်ချက်အပြည့်နှင့် တက်လှမ်းလာသော ဂျပန်လည်းအခြေအနေမဟန်ပေ။
သူတို့နှစ်နိုင်ငံထက် ပိုများသောပိုက်ဆံကိုလက်ဝယ်ပိုင်ဆိုင်ထားသော နိုင်ငံနှစ်နိုင်ငံရှိလိမ့်မည်ဟု မည်သူက ထင်မည်နည်း။
နောက်ဆုံးကျန်ရှိသော စွမ်းအားမြှင့်ဆေးနှစ်စုံအတွက် လေလံပွဲစတင်တော့မည်။
ဝမ်ချုံးက ဂျပန်နှင့် အမေရိကန်ဘက်က လူများ၏ စိတ်ပျက်လက်ပျက်ဖြစ်သွားမည့်ပုံစံကို မျက်လုံးထဲမြင်ယောင်နေမိသည်။
ယခုအခါမှာ ဝမ်ချုံးက စကားပုံတစ်ခု၏ အဓိပ္ပါယ်ကို ကွက်ကွက်ကွင်းကွင်း နားလည်တော့သည်။
“ချမ်းသာတဲ့လူတွေက တကယ်ပျော်ကြလား။
ပိုက်ဆံအရမ်းချမ်းသာတဲ့လူတွေရတဲ့ပျော်ရွှင်မှုကို တွေးကြည့်လို့တောင်မရဘူး”