တစ်ယောက်ယောက်က ပုန်ကန်ဖို့ အကွက်ချနေတယ်
Vol. 12 Ch. 163
ဥရောပ၏ ဒုစရိုက်လောကအရှင်သခင်ဖြစ်သူ အက်တမ်သည် ထူးဆန်းစွာပျောက်ဆုံးနေသည်။ ထိုသတင်းသည် နှစ်ရက်အတွင်း ဥရောပတခွင်ပျံ့နှံ့သွားသည်။ ထိုကိစ္စသည် အသေးအဖွဲကိစ္စတော့မဟုတ်ပေ။ ဥရောပတွင် ထိုဒုစရိုက်ဂိုဏ်းများကို လူအများစုက သိကြသည်။ သေးငယ်သောအဖွဲ့အစည်းဖြစ်ပါက ထိုမျှလောက် အာရုံစိုက်ခံရမည်မဟုတ်ပေ။ အက်တမ်ဖြစ်နေသောကြောင့်လူအများစုက ပိုမိုအာရုံစိုက်မိကြခြင်းဖြစ်သည်။
အက်တမ်က မည်သည့်အကြောင်းကြောင့် ပျောက်ဆုံးနေသည်ဆိုတာ မည်သူမှ ဂဃနဏမသိပေ။ရက်အတော်ကြာသည်အထိ ထိုသတင်းသည် ဥရောပမှာသာမက ကမ္ဘာ့နိုင်ငံအတော်များများတွင် ဟိုးလေးတကျော်ဖြစ်နေသည်။
အက်တမ်ကိုနောက်ဆုံးတွေ့မြင်ခဲ့ရသည်မှာ ရော့စ်ချိုင်းမိသားစု၏ လေလံပွဲဟုသာ သိထားကြသည်။ ထိုလေလံပွဲအပြီး ဘာသတင်းမှမရတော့ပေ။
လေးရက်မြောက်နေ့တွင် သတင်းတစ်ခုတက်လာသည်။ယန်ရွှမ်ယင်းဆိုသူက အက်တမ်၏ သေဆုံးမှုကို အတည်ပြုပြောကြားခဲ့သည်။ ထိုသတင်းကို ထပ်မံအတည်ပြုနိုင်သည်မှာ စကားလက်ဖြစ်သည်။လေလံပွဲပြီးနောက် သူမကို အက်တမ်၏လူများက အပူတပြင်းရှာဖွေနေကြသည်။ သူမက အက်တမ်နှင့် နောက်ဆုံးအဆက်အသွယ်ရှိခဲ့သူဖြစ်သည်။
စကားလက်၏ အမြင်တွင် ဖန့်ကြွယ်ယွီက အက်တမ်ထက် ပိုမိုလျှို့ဝှက်နက်နဲသော လူဖြစ်သည်။ ပွင့်ပွင့်လင်းလင်းပြောရမည်ဆို ထိုနေ့က ဖြစ်ပျက်ခဲ့သည်များကို လူအများသိအောင် ဖွင့်ဟပြချင်သည်။
သို့သော် မီဒီယာနှင့်ပရိတ်သက်များက သူမကို ဖိအားအလွန်အမင်းပေးကြသည်။ အက်တမ်က ဥရောပအသိုင်းအဝိုင်းတွင် မသိသူမရှိလောက်အောင်နာမည်ကြီးသည်။ သူ၏ ရုတ်တရက်သေဆုံးမှုကို လူအများက မယုံကြည်နိုင်အောင်ဖြစ်နေပြီး နောက်ကွယ်ကအကြောင်းအရာများကို သိချင်နေကြသည်။
များပြားလှစွာသော ဖိအားအောက်တွင် စကားလက်လည်း မတတ်သာပဲ ဖန့်ကြွယ်ယွီ၏ အကြောင်းကို ထုတ်ပြောလိုက်ရသည်။ သို့သော် ဖန့်ကြွယ်ယွီပြောသော ယန်ရွှမ်ယင်းဟူသော နာမည်က နာမည်ရင်း မဟုတ်ဘဲ နာမည်ပြောင်ဆိုတာ သူမမသိပေ။
“ထူးဆန်းအံ့ဖွယ်တရုတ်သူဌေး….ယန်ရွှမ်ယင်း”
“ဥရောပဒုစရိုက်လောကဆရာတစ်ဆူဖြစ်တဲ့ အက်တမ်က သေဆုံးတယ်ဆိုတာ သေချာပါပြီ။ သူ့သေဆုံးမှုအတွက် သံသယရှိတာကတော့ တရုတ်သူဌေးတစ်ဦးဖြစ်တဲ့ ယန်ရွှမ်ယင်း ဖြစ်ပါတယ်”
ထိုသတင်းက သတင်းခေါင်းစဉ်၊ ခေါင်းကြီးပိုင်း အနေဖြင့် မီဒီယာတိုင်းမှာပျံ့နှံ့လာသည်။ ယန်ရွှမ်ယင်းက ဘယ်သူလဲဆိုတာ လိုက်ရှာကြသော်လည်း သတင်းအစအနမရကြပေ။
ယန်ရွှမ်ယင်းဆိုသည်မှာ ရုပ်ရှင်ဇာတ်ကောင်တစ်ခုဟု တရုတ်လူမျိုးများက သိကြသည်။
“ဟား..ယန်ရွှမ်ယင်းဘယ်သူလဲဆိုတာ မသိကြဘူးမလား။ ပြောပြမယ်။ သူက ငါတို့တရုတ်မှာ အင်အားအကြီးဆုံးလူပဲ”
“တရုတ်က ဘယ်လောက်တောင် စိတ်ဝင်စားစရာတွေပြည့်နှက်နေလဲဆိုတာ မင်းတို့မသိကြပါဘူး။ စိတ်မပူပါနဲ့။ မင်းတို့ဘက်က နျူးကလီးယားလက်နက်မသုံးဘူးဆို နိုင်ငံတကာကိစ္စတွေကိုဖြေရှင်းဖို့ ငါတို့ဆီက ယန်ရွှမ်ယင်းကို မင်းတို့ဆီ မလွှတ်ပါဘူး”
“ငါက ယန်ရွှမ်ယင်း..မင်းသေနတ်ထဲမှာ ကျည်တစ်ထောင့်မှမရှိဘူးလို့ လောင်းရဲတယ်”
“ငါက ယန်ရွှမ်ယင်း..မင်းတို့ရဲ့ နျူးကလီးယားဓာတ်ပေါင်းဖိုထဲမှာ ယူရေနီယမ်တွေမရှိစေရဘူး”
“ဟုတ်တယ် အက်တမ်ကို သတ်တဲ့သူက ငါဆိုတဲ့ ယန်ရွှမ်ယင်း..”
“ဟားး” တက်လာသမျှသတင်းတိုင်းကို ထိုင်ဖတ်ပြီး ဖန့်ကြွယ်ယွီသည် ခွက်ထိုးခွက်လှန်ရယ်မောနေသည်။ သူက စနောက်ပြီးပြောမိသော နာမည်ကို စကားလက်က မီဒီယာထံ ဖွင့်ဟလိုက်သည်။
သို့သော် နိုင်ငံခြားသားများကတော့ စကားလက်ပြောသည့် ယန်ရွှမ်ယင်းလို လူမျိုး
တရုတ်မှာရှိလောက်မည်ဟု တွေးထားပုံရသည်။
“သခင်လေး လာဒီးနစ်မိသားစုလည်း ပြသနာတက်နေပြီထင်တယ်”
ဖန့်ကြွယ်ယွီက သတင်းကြည့်နေချိန် ကျွမ်းရီက ထိုသတင်းကို သူ့ဆီသယ်လာသည်။
“ဘာတွေဖြစ်နေလို့လဲ”
“ကော့တ်ကို ဆက်သွယ်လို့မရဘူး”
“ဘာဖြစ်လို့လဲ” ကော့တ်က သူ့အတွက် ပိုက်ဆံအများကြီးရှာပေးသော်လည်း သူ့ကို စိတ်မဆိုးပေ။ သူသည် ဖန့်မိသားစုအပေါ် အလွန်သစ္စာစောင့်သိသောလူဖြစ်သည်။
“မစ္စတာကော့တ်က တခြားအဖွဲ့တွေဆီက သိမ်းလာတဲ့ပိုက်ဆံကို သခင်လေးဆီ လွှဲပေးလိုက်တယ်လေ။ ဒါကို လာဒီးနစ်မိသားစုထဲမှာ သဘောမတွေ့တဲ့လူတွေပါလောက်တယ်။ သူပျောက်နေတာ ဒီအကြောင်းနဲ့ ဆက်စပ်မယ်လို့ထင်တယ်”
“အို ဟုတ်လား။”
ပြောရမည်ဆို လာဒီးနစ်တစ်မိသားစုလုံးကို သူပိုင်သည်။ ထိုပိုက်ဆံက လာဒီးနစ်မိသားစုထဲမှာပဲရှိရှိ ကျွမ်းမိသားစုထဲပဲရောက်ရောက် ဘာမှမထူးခြားပေ။ ကြည့်ရတာ လာဒီးနစ်မိသားစုထဲမှာ ပြသနာတက်နေပုံရသည်
“သခင်လေး..လာဒီးနစ်မိသားစုရဲ့ လက်ရှိခေါင်းဆောင်က အစ်ပိုးလ်လာဒီးနစ်ဖြစ်ပါတယ်။ သူက မကြာသေးခင်ကမှ ကျန်းမာရေးမကောင်းလို့ ဆေးရုံတက်နေရတာ။ ကြည့်ရတာ နောက်ထပ်ဆက်ခံမဲ့လူက ဘယ်သူဖြစ်မလဲဆိုတာနဲ့ပတ်သပ်ပြီး အငြင်းပွါးကြပုံပဲ”
“ဒီပြသနာက မစ္စတာကော့တ်နဲ့ ဘာဆိုင်လို့လဲ”
“သခင်လေး လူဆိုတဲ့ အမျိုးကပြောင်းလဲတတ်တယ်လေ။ လာဒီးနစ်မိသားစုဆိုတာ ဖန့်မိသားစုကို နှစ်အကြာကြီး သစ္စာခံရင်း ဥရောပမှာ အချမ်းသာဆုံးမိသားစုထဲက တစ်ခုဖြစ်လာတာလေ။ သူတို့မိသားစုထဲမှာ တချို့က သခင်လေးကို သစ္စာခံလိုကြတယ်။ တချို့ကတော့ ဆန့်ကျင်လာချင်ကြပြီလေ”
“ဒါဆို လာဒီးနစ်မိသားစုထဲက တချို့က ဖန့်မိသားစုနဲ့ ဆက်ပြီးလက်မတွဲချင်တော့ဘူးပေါ့ အဲ့သဘောလား”
တကယ်တော့ လာဒီးနစ်မိသားစုသည် အတော်လေးချမ်းသာကြွယ်ဝသည်ဟု ဆိုနိုင်သည်။ ထိုအနေအထားမှာ မည်သူကများ တစ်ဦးတစ်ယောက်၏ လက်ပါးစေဖြစ်လိုမည်နည်း။
“လာဒီးနစ်မိသားစုက နှစ်ပိုင်းကွဲနေတာလို့ ကော့တ်ကတစ်ခါပြောဖူးတယ်။ တစ်ဖက်က မစ္စတာအစ်ပိုးလ်ရဲ့ သားကြီးနဲ့ သမီးငယ်ဦးဆောင်တယ်။ တစ်ဖက်ကကျတော့ သားအလတ်နဲ့ သမီးကြီးက ဦးဆောင်တယ်။ ဒါပေမဲ့ မစ္စတာအစ်ပိုးလ်ရဲ့ အုပ်ထိန်းမှုအောက်မှာ မည်သူကမှ အသံမထွက်ရဲဘူး”
“သူတို့နှစ်ဖွဲ့က ဘာတွေကွာတာလဲ”
“မစ္စတာကော့တ်က သားအလတ်ဦးဆောင်တဲ့ဘက်ကပေါ့။ သူတို့က သခင်လေးကိုဆက်ပြီး သစ္စာခံလိုကြတဲ့ အဖွဲ့တွေပေါ့”
“ဒါဆို သားအကြီးဆုံးကရော”
“လာဒီးနစ်မိသားစုရဲ့ အနေအထားက တဖြည်းဖြည်း မြင့်လာခဲ့တယ်။သူတို့လုပ်ငန်းတွေကို ဥရောပမှာသာမက တစ်ကမ္ဘာလုံးမှာချဲ့ထွင်နိုင်ခဲ့တယ်။ သားအကြီးဆုံးက ရည်မှန်းချက်အရမ်းမြင့်တယ်။သူ့လုပ်ငန်းတွေကို ဥရောပမှာတင်မဟုတ်ဘဲနဲ့ အာရှဒေသဘက်ကိုတောင် ခြေဦးလှည့်ချင်တယ်ဆိုကြတယ်”
“အဲ့တာက ဘာထူးဆန်းလို့လဲ”
“ဒါပေမဲ့ မိသားစု(၇)ခုခေါင်းဆောင်တွေ လိုက်နာရမဲ့ စည်းမျဉ်းစည်းကမ်းဆိုတာရှိတယ်။ ကျွမ်းမိသားစုပါဝါက တရုတ်ပြည်ကိုမကျော်ရဘူး။ အယ်ဒါမိသားစုကကျ တရုတ်ကလွဲပြီး ကျန်တဲ့အာရှဒေသတွေအထိ ပါဝါဖြန့်ကျက်နိုင်တယ်။လာဒီးနစ်မိသားစုရဲ့ပါဝါကို ဥရောပထဲမှာပဲ တည်ဆောက်ရမယ်။ နှစ်တွေအကြာကြီးအထိ လူတိုင်းက ဒီစည်းမျဉ်းကိုလိုက်နာကြတယ်”
လာဒီးနစ်မိသားစု၏ သားအကြီးဆုံးသည်လောဘကို အတောမသတ်နိုင်ပေ။
“သူတို့ကိုယ်သူတို့ဟုတ်လှပြီထင်နေတာပေါ့။ စိတ်ဝင်စားစရာပဲ။ ဒါက ပုန်ကန်မှုပဲလေ။ လာဒီးနစ်မိသားစုထံလည်း သွားလည်ဦးမှပါပဲ။ အမရီ ငါ့ကိုတစ်ခုလောက်ကူညီပေး။ မနက်ဖြန်လာဒီးနစ်မိသားစုဆီသွားချင်တယ်”