← Chapters

အခန်း (၁၆)

Vol. 2 Ch. 16

အခန်း (၁၆)

Vol. 2 Ch. 16

ကုရှီအန်း သူပဲတန်းစီလိုက်ပြီး လင်းယောင်မှာ သစ်ပင်ရိပ်ဆီသို့ အေးအေးဆေးဆေး ပြေးသွားခဲ့ကာ လက်ကိုင်ပုဝါနှင့်ယပ်ခတ်ပြီး အေးမြမှုကို ခံစားနေလိုက်သည်။

ရုပ်ရှင်ရုံရှေ့တွင် Red Star အအေးစက်ရုံရှိသည်။ ၎င်းကိုလွတ်လပ်ရေးမရမီက ဂျာမန်တို့ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ လွတ်လပ်ရေးရပြီးနောက် ဂျာမန်တို့ ထွက်ပြေးခဲ့ကြသည်။

အအေးစက်ရုံသည် ယနေ့တိုင် ဆက်လက်တည်ရှိနေကာ ယွင်ရွှေကောင်တီအနီးရှိ မြို့ငယ်လေးများနှင့် စီရင်စုမြို့တော်သို့ပင် Red Star အအေးစက်ရုံမှ အအေးများကို ပို့ဆောင်ပေးရသည်။

ယနေ့ခေတ်၌ အအေးစက်ရုံများတွင်ပင် ရေခဲမုန့်များ ရေခဲချောင်းများ ရောင်းပေးသည့် ကိုယ်ပိုင်စျေးသည်လေးများရှိလေသည်။ ငှက်ပျောသီးရေခဲမုန့်ကို စက္ကူဘူးများထဲတွင်ထုပ်ပိုးထားပြီး ပိုဈေးကြီးကာ တစ်ခုလျှင် ၁၀ ဆင့် ကျလေသည်။ ရေခဲချောင်းများမှာတော့ အတော်လေး ဈေးသက်သာပြီး ပဲရေခဲချောင်းမှာ ၂ ဆင့်ဖြစ်ကာ ပဲနီရေခဲချောင်းမှာ ၃ ဆင့်ဖြစ်လေသည်။

သို့သော် ယခုခေတ်တွင်တော့ ငှက်ပျောသီးရေခဲမုန့်၌ ဆေးသကြားတွေ အများကြီးပါဝင်ကာ အရသာချိုလွန်းလေသည်။

လင်းယောင်က ပဲရေခဲချောင်းများ စားရသည်ကို ပိုကြိုက်လေသည်။

ညနေပိုင်းတွင် နည်းနည်းအေးလာပြီး သူတို့တန်းစီစောင့်နေချိန်တွင် အပြင်မှာပြန်ပူလာပြန်ကာ လမ်းဘေးရှိကျိုင်းပင်များ၏ အရွက်များမှာလိပ်နေတော့သည်။

လင်းယောင်၏ မျက်နှာလေးမှာ အပူကြောင့် မှုန်ကုပ်ကုပ်လေး ဖြစ်နေသည်။

ရုပ်ရှင်အသစ်ထွက်သည်နှင့် ယောက်ျားပျို၊ မိန်းမပျိုတွေပိုများလာပြီး ရုပ်ရှင်ရုံရှေ့မှာ ရုပ်ရှင်ကြည့်ဖို့တန်းစီနေကြသည်။ အဲဒီအထဲတွင် မိသားစုများနှင့် မိဘများပါပါကြသည်။ လူပိုများလာသောအခါတွင် ကွာစေ့၊မြေပဲဆား‌လှော်ရောင်းသည့် ဈေးသည်များနှင့် စည်ကားနေတော့သည်။ ပဲစဉ်းငုံများ၊ရေခဲစိမ်ဆိုဒါများနှင့် ရေခဲချောင်းများကိုပါ ရောင်းချကြ‌လေသည်။

ကုရှီအန်းသည် ရိုးဖြောင့်သောလူတစ်ယောက်ဖြစ်သော်လည်း သူသည်အမြော်အမြင်ရှိ‌လေသည်။ သူလမ်းဖက်ကို တိတ်တဆိတ် လျှောက်သွားသည်။ ပြန်လာသောအခါတွင် ပဲစဥ်းငုံတစ်စည်း၊ဆိုဒါနှစ်ဘူးနှင့် ပဲနီရေခဲချောင်းတစ်ခု သူ့လက်ထဲတွင်ပါလာသည်။

လက်ထဲကမုန့်တွေကို လင်းယောင်အားပေးလိုက်သည်။

လင်းယောင်သည် လက်များဖြင့် ယပ်ခပ်ဆဲဖြစ်ပြီး အံ့အားသင့်စွာ မေးလိုက်သည်။ "ကျွန်မ အတွက်လား?"

ကုရှီအန်း ခေါင်းညိတ်ပြလိုက်သည်။

လင်းယောင်က ပြုံးလျက်ယူလိုက်ပြီး စားစရာတစ်ခုခုရှိသွားသည့်အတွက် သူမပါးစပ်လေးမှာ ချိုသာနေတော့သည်။ "ကျေးဇူးပါ။ ကျွန်မ ပဲနီ‌ရေခဲချောင်းကြိုက်တာကို ဘယ်လိုသိတာလဲ? အစ်မချွင်မေပြောပြတာလား? အစ်မချွင်မေကတော့ ကျွန်မကိုတကယ်နားလည်တာပဲ။ ဒီပဲစဉ်းငုံက အရမ်းအရသာရှိတာ။ စားကြည့်မလား?"

သူမစကားပြောနေစဉ်တွင် ပဲစဉ်းငုံတစ်တောင့်ကို သူမ၏သွယ်လျသော လက်ဖြူဖြူဖြင့် ခွာကာ ကုရှီအန်း၏ ပါးစပ်နားသို့‌ ယူ‌ပေးလိုက်သည်။

ကံကောင်းထောက်မစွာ ထိုအချိန်မှာမှောင်လာပြီဖြစ်ပြီး အနီးနားရှိလူများသည်လည်း ပိုစတာများကို ကြည့်နေကြသည်။ သူတို့ ဒီကိုအာရုံမရှိပေ။ နေ့ခင်းကြောင်တောင်ဆိုလျှင် လင်းယောင်ထိုမျှပွင့်လင်းနေမည် မဟုတ်ပေ။ ကုရှီအန်း ပဲစဉ်းငုံကိုစားလိုက်သည်။

ကုရှီအန်း မကြည့်ဘဲ အေးဆေးတည်ငြိမ်စွာပင် ကောင်မလေး ကျွေးသောပဲစဥ်းငုံများကို စားလိုက်သည်။

တကယ်တော့ သူ့မျက်နှာချောချောမှာ အင်မတန်ပူနွေးနေလေသည်။

လင်းယောင် သူ့ကိုမေးလိုက်သည်။ "ပဲစဉ်းငုံက အရသာရှိလား? ထပ်စားချင်သေးလား?"

ဘာ့ကြောင့်မှန်းမသိပေမယ့် စကားမပြောနိုင်လောက်အောင်ပင်ရှက်နေသော ကုရှီအန်းအား ကြည့်ရသည်ကို သူမအလွန်သဘောကျလေသည်။

ကုရှီအန်း ပြန်ဖြေသည်ဖြစ်စေ မဖြေသည်ဖြစ်စေ ကိစ္စမရှိပါပေ။

သူမသည် ခပ်မြန်မြန် သူ့နားကပ်နေသောကြောင့် အမှောင်ထဲတွင် သူတို့နှစ်ဦးကြားမှ နီးကပ်‌နေသောအကွာအဝေးကို သတိမထားမိလိုက်ပေ။ သူမနီးကပ်လာသည်နှင့်တပြိုင်နက် သူမ၏နှုတ်ခမ်းထောင့်များသည် ကုရှီအန်း၏ ပါးလွှာသောနှုတ်ခမ်းများကို ပွတ်တိုက်မိသွားသည်။

လင်းယောင် - "!!!"

နှစ်ယောက်စလုံး ထိုနေရာ၌ ခဏမျှငြိမ်သွားကြသည်။

ဆံပင်ဖြူဖြူနှင့် အဘွားတစ်ယောက် ဖြတ်သွား‌လေသည်။ နှစ်ယောက်သား မျက်လုံးချင်းဆုံနေတာကိုမြင်တော့ ထိုအဘွားကပြုံးပြီး ခင်ပွန်းဖြစ်သူအားသက်ပြင်းချပြီး ပြောလိုက်သည်။ "အဘိုးကြီး။ ငယ်တာကတယ်ကောင်းတာပဲ။ ဒီလူငယ်စုံတွဲ‌လေးရဲ့ အချစ်ရေးက ဘယ်လောက်ကောင်းလဲကြည့်ကြည့်လိုက်"

အဘိုးကြီးလည်း ရယ်သည်။

"လူငယ်လေး အခုကအချိန်ကောင်းပဲ။ ငယ်ရွယ်တဲ့ မင်းတို့ လင်မယားနှစ်ယောက်က တကယ်လိုက်ဖက်တယ်။ ငယ်တုန်းမှာ အခွင့်အရေးကို အမိဖမ်းဆုပ်ပြီး ကလေးလေးတစ်ယောက်လောက်ယူကြပေါ့"

"မဟုတ်ဘူး......"

လင်းယောင်၏ မျက်နှာက နီရဲလာသည်။ သူမလက်ထဲတွင် တွင် ပဲစဥ်းငုံကိုကိုင်ကာ စကားပြောနေတာကိုရပ်ပြီး သစ်ပင်ရှိရာဆီ ပြေးသွားတော့သည်။

ကုရှီအန်း စိတ်သက်သာရရသွားပြီး သက်ပြင်းတစ်ချက်ချကာ ဆက်ပြီးတန်းစီလိုက်သည်။

ဒီလိုဖြစ်သွားတာ‌ကြောင့် ဒီနေ့ရုပ်ရှင်ကြည့်ရတာ နည်းနည်းရှက်စရာကောင်း‌နေသည်။ ရုပ်ရှင်ပြသောအခါ ပတ်ဝန်းကျင်မှာမှောင်နေပြီး အလင်းရောင်လုံးဝမရှိ‌ပေ။

အဖြူအမည်း ရုပ်ရှင်မျက်နှာပြင်သည် တဖျပ်ဖျပ်နှင့် အလင်းအ‌မှောင် ရောယှက်နေ‌လေသည်။ လင်းယောင်ပျင်းနေသော်လည်း ထိုင်ပြီးသာကြည့်နေလိုက်သည်။

ကုရှီအန်းက သူမဘေးတွင်ထိုင်နေသည်။ ယွင်ရွှေကောင်တီရုပ်ရှင်ရုံသည် မြောက်နှင့်တောင်ဖက်တွင် လှေကားပုံသဏ္ဍာန်ရှိပြီး အရှေ့နှင့်အနောက်ပိုင်းခြားထားသည်။တစ်ဖက်စီတွင် ခုံ ၁၀၀ ရှိသည်။ နေရာကကျဉ်းသောကြောင့် ဘေးဖက်တွင် လမ်း‌လျှောက်ရန် လူတစ်ယောက်စာသာရှိလေသည်။

တစ်ဖက်တွင်တော့ ဤသည်မှာရုပ်ရှင်ကြည့်နေသော လူငယ်အတွဲလေးများအတွက် လက်ကိုင်ကာအချင်းချင်း ပိုပြီးနီးနီးကပ်ကပ်‌ နေနိုင်ရန်ဖြစ်သည်။ တစ်ဖက်တွင်လည်း အမြတ်များ‌လေသည်။ ထိုင်ခုံတွေ ပိုများလာတာနှင့်အမျှ ရုပ်ရှင်ရုံ၏ ၀င်ငွေလည်း တိုးလာလေသည်။

လင်းယောင်အတွက်‌တော့ သိပ်မကောင်း‌ပေ။ သူမနှင့် ကုရှီအန်းအကြားတွင် လက်သီးတစ်ဆုပ်စာမျှသာရှိပြီး အေးမြသောဆပ်ပြာရနံ့က သူမကို အသက်ရှုမဝဖြစ်စေသည် ။

ကုရှီအန်းသည် အဖြူရောင်ရှပ်အင်္ကျီနှင့် အစိမ်းရောင် စစ်ဝတ်စုံကို၀တ်ဆင်ထားပြီး မတ်မတ်ထိုင်နေကာ ရှည်လျားပြီးစိမ်းနေသော ထင်းရူးပင်နှင့်တူနေသည်။

လင်းယောင်သည် ကုရှီအန်းကို တိတ်တဆိတ်စိုက်ကြည့်ကာ သူမ၏တင်ပါးများကိုရွှေ့ပြီး ထိုင်နေသည့်ပုံစံကိုတိတ်တိတ်လေးပင် ပြောင်းလိုက်သည်။

ကုရှီအန်းမှာ ဟိုဟိုဒီဒီကြည့်‌နေကာ သူမ၏လှုပ်ရှားမှုများကို သတိမမူမိသောကြောင့် သူမအောက်နှုတ်ခမ်းကိုတွန့်ကွေးလိုက်သည်။

ရုပ်ရှင်ကြည့်ပြီးသောအခါ ရှစ်နာရီကျော်နေပေပြီ။

လင်းယောင် အရင်က ဒီလောက်နောက်ကျမှ အိမ်မပြန်ဖူး‌ပေ။ ကျန်းဆွေ့လန် စိတ်ပူနေမှာကို စိုးတာ‌ကြောင့် တခြားဘာကိုမှ ဂရုမစိုက်နိုင်‌တော့ပေ။ သူမ စက်ဘီးပေါ်ခုန်တက်လိုက်ကာ ကုရှီအန်းကို ဆော်ဩတော့သည်။ "အရမ်းနောက်ကျနေပြီ။ အိမ်မြန်မြန်ပြန်ကြရအောင်"

အဒေါ်နဲ့တခြားသူတွေ အိမ်မှာစောင့်နေကြသည်။

နွေ၏ ညလေပြေမှာ အေး‌နေသည်။ ကုရှီအန်း၏ အဖြူရောင်ရှပ်အင်္ကျီသည် လေတိုက်၍လွင့်ပျံသွားသည်။လင်း‌ယောင်ထိုင်ခုံပေါ်၌ ခြေထောက်ကိုလှုပ်ယမ်း‌နေလေသည်။ လမ်းဘေးရှိ တယ်လီဖုန်းတိုင်များအောက်မှ လမ်းမီးများလင်းလာပြီး လိမ္မော်ရောင် မီးရောင်ဖြင့် လင်းထိန်နေသည်။ စက်ဘီးဖြင့်လမ်းအတိုင်း စီးနင်းလာရာ ဆီဆေးရှုခင်းပန်းချီကားတစ်ချပ်ကဲ့သို့ပင် တိတ်ဆိတ် ငြိမ်သက်နေ‌တော့သည်။

*

စွင်းကျားလျန်တစ်ယောက် အနက်ရောင်လက်ဆွဲအိတ်ကိုကိုင်ထားပြီး ညအမှောင်ထဲတွင် ကောင်တီမီးသီးစက်ရုံဒါရိုက်တာ၏ အိမ်မှ ထွက်လာခဲ့သည်။

သူသည်အနက်ရောင်ကိုင်းနှင့် မျက်မှန်ကို တပ်ထားပြီး နူးညံ့သိမ်မွေ့သော မျက်နှာရှိကာ ဆံပင်တွေကို ဂျယ်လ်လိမ်းထားပြီး သေချာဖြီးသင်ထားတာ တောက်ပြောင်နေလေသည်။ သူသည်စျေးကွက်တွင် လူကြိုက်အများဆုံး အမျိုးသားနာရီကို ၀တ်ဆင်ထားသည်။ ကြည့်တတ်မြင်တတ်သူတိုင်းမှာ သူသည်မိသားစုကောင်းကောင်းမှ ဆင်းသက်လာကြောင်းကို တစ်ချက်ကြည့်တာနှင့်သိနိုင်သည်။ သူသည် စစ်သား၏သားလည်း ဖြစ်နေပြန်သည်။

စွင်းကျားလျန်သည် ဒီတစ်ကြိမ်တွင် မီးသီးစက်ရုံ၏ ဒါရိုက်တာရာထူးကို ရယူရန် ခရိုင်မြို့သို့ ရောက်လာခဲ့ခြင်းဖြစ်သည်။

မီးသီးစက်ရုံ၏ ဒါရိုက်တာဟောင်းသည် အသက် ၅၀ ကျော်ရှိပြီး လာမည့်နှစ်တွင် သူသည်အနားယူတော့မည်ဖြစ်သည်။ သူပင်စင်ယူတာနှင့် လူတော်တော်များများက ဤရာထူးကို မျက်စိကျနေကြသည်။ စွင်းကျားလျန်သည် မကြာသေးမီက ခရိုင်မီးသီးစက်ရုံသို့ ယဉ်ကျေးမှုဆိုင်ရာအရာရှိအဖြစ် ပြောင်းရွှေ့ခံခဲ့ရသည်။ ၎င်းသည်ရာထူးအသေးလေးဖြစ်ကာ သူကလုံးဝအလေးအနက်မထားပေ။

ယဉ်ကျေးမှုဆိုင်ရာအရာရှိသည် ရာထူးနိမ့်ပါးပြီး စွင်းကျားလျန်အတွက် အမြင့်သို့တက်လှမ်းရန် အသုံးချသော နေရာတစ်ခုသာဖြစ်သည်။

သူသည် အမြဲတမ်း ရည်မှန်းချက်ကြီးပြီး လေ့လာရာ၌ ထူးချွန်သူဖြစ်သည်။ သူထိုလုပ်ငန်းထဲ ဝင်လိုက်သည်နှင့် စက်ရုံဒါရိုက်တာဟောင်း၏ မျက်နှာသာပေးခြင်းကို ခံခဲ့ရသည်။ အထက်လူကြီးများကို ကျေနပ်အောင်လုပ်နိုင်သ​ရွေ့ သူမီးသီး​စက်ရုံ​၏ ဒါရိုက်တာ​ဖြစ်ပေမည်​။

စွင်းကျားလျန်သည် အလုပ်များနေပြီး အမျိုးသမီးတစ်ဦးကို မထိ‌တွေ့ရတာကြာ‌ချေပြီ။ ဤအခိုက်အတန့်တွင် သူ့နှလုံးသားသည် သက်တောင့်သက်သာ ဖြစ်သွားပြီး လင်းဟုန်န၏ ဖောင်းကားနေသော ရင်သားများ၊ ခါးသေးသေးလေးနှင့် အနက်ရောင်မျက်မှန်ကိုင်းနောက်ရှိ သူမ၏ မျက်လုံးများထဲမှ ဆိုးသွမ်းနေသောအရိပ်အယောင်များ အ‌ကြောင်းကို မတွေးပဲမနေနိုင်ပေ။

လင်းမိသားစုအား အနည်းငယ် ချိုသာပြရန်အတွက် လင်းကျားကျွမ်သို့ သွားရမည့်အချိန်ရောက်ပြီထင်သည်။

တကယ်တော့စွင်းမိသားစု ကောင်းကောင်းသိလေသည်။ လင်းဟုန်နနှင့် သူသည် သူ့မိသားစုနောက်ခံနှင့် ချမ်းချမ်းသာသာ နေလိုသောကြောင့်သာ သည်အ‌ခြေအနေ ရောက်လာခြင်းဖြစ်သည်။

ကမ္ဘာပေါ်တွင် အလကားစားရသော နေ့လယ်စာဟူသည်မရှိပေ။

စွင်းကျားလျန်သည် လိမ္မာပါးနပ်ပြီး ကိုယ့်အတွက်သာကိုယ်စိတ်ဝင်စားကာ အကျိုးအမြတ် ကြည့်သူဖြစ်လေသည်။ သူ၏ အိမ်ထောင်ရေးသည် အကျိုးစီးပွားဖလှယ်ခြင်း တစ်ခုလည်းဖြစ်သည်။ သူ့အမျိုးသမီးဖြစ်လို‌သောသူသည် မိသားစုနောက်ခံကောင်းရှိရမည်။ လှပသောမျက်နှာရှိရမည်။ သို့တည်းမဟုတ် ထက်မြက်ပြီးအကြံသမားဖြစ်ကာ သူ့အားအထောက်အကူဖြစ်စေရမည်။

လင်ဟုန်နသည် ဤသုံးချက်ထဲမှ မလွတ်သဖြင့် လင်းဟုန်နနှင့်သာ ကစားခဲ့သည်။

မိန်းမတစ်ယောက်နှင့် အလကားကစားခွင့်ရတာ မဆိုးပါပေ။

*

ခြံဝင်းထဲတွင်ကျန်း‌ဆွေ့လန်သည် ရေနံဆီမီးအိမ်ကို ထွန်းထားပြီး အခန်းထဲတွင် ပြောင်းဖူးမှုန့်များကို ဆန်ခါချနေသည်။

သူတို့ ကောင်တီကန်တင်းတွင် စားခွင့်ရပြီးကတည်းက ကုမိသားစုသည် လစဉ်လမ်းထဲသို့ ဆန် ၁၀ ကီလိုဂရမ်နှင့်ခေါက်ဆွဲများ ပေးလေသည်။ ယခုရာသီဥတုပူသောကြောင့် ဝမ်လိတွင် ပြောင်းဖူးဈေး ဖွင့်လှစ်ထားပြီး မှိုနှင့်ပိုးကောင်များ အလွယ်တကူ ပေါ်လာကြလေသည်။

ကျန်းဆွေ့လန်သည် အားသည့်အခါတိုင်း ဆန်ခါကိုယူကာ ပြောင်းဖူးမှုန့်ရှိ အညစ်အကြေးများကို စစ်ချလေသည်။

အပြင်ဘက်တွင် စက်ဘီးဘဲတီးသံကိုကြားရပြီး လင်းယောင်မျက်နှာနီနီဖြင့် အိမ်ထဲသို့ပြေးဝင်လာခဲ့သည်။ အထဲကိုဝင်လိုက်တာနှင့် အော်ပြောလိုက်သည်။ “အ‌ဒေါ် သမီးပြန်လာပြီ”

ကျန်းဆွေ့လန်မှာ ကလေးနှစ်ယောက် အိမ်ပြန်ရောက်ရန်စောင့်နေခဲ့ပြီး သူတို့ကိုနှုတ်ဆက်ဖို့ အမြန်ထသွားလိုက်သည်။

အပြင်ဘက်တွင် ညလေညှင်းများအေးမြပြီးစိုစွတ်နေကာ ခြံဝင်းအတွင်းရှိ တံခါးများနှင့် ပြတင်းပေါက်များမှ တကျွီကျွီ အသံများထွက်ပေါ်နေသည်။

ကျန်းဆွေ့လန်အပြင်ဖက်ရှိ သားဖြစ်သူကိုကြည့်လိုက်ပြီး အခန်းထဲမှာ မုန့်စားနေသော ယောင်ယောင်ကိုမေးလိုက်သည်။ "ယောင်ယောင် ဒီနေ့ပြတဲ့ရုပ်ရှင်က ကောင်းလား?"

လင်းယောင် ချောင်းဆိုးသွားပြီး "...မဆိုးပါဘူး"

လင်းယောင်သည် အဒေါ် ဆွေ့လန် နောက်ထပ်မေးခွန်းများ မေးမည်ကို ကြောက်သောကြောင့် သူမလက်ထဲတွင်ရှိသောမုန့်များကို ပါးစပ်ထဲ ထိုးထည့်လိုက်ပြီး ရေပင်မသောက်ဘဲ အခန်းထဲသို့ ပြန်သွားတော့သည်။

ကျန်းဆွေ့လန်က သံသယစိတ်နှင့် ကုရှီအန်းကိုထပ်မေးသည်။

ကုရှီအန်းက "မဆိုးပါဘူး" ဟုသာပြောပြီး သူ့အလုပ်သူသွားပြန်လုပ်ကာ ဘာမှထပ်မပြောတော့ပေ။

"မင်း မင်းက မင်းအဖေနဲ့တစ်ခြားစီပဲ။ မင်းအဖေက

ပျင်းစရာတော့ ကောင်းပေမယ့် အနည်းဆုံးတော့ သူကအမေ့ကို လက်ကိုင်ပုဝါ၊သစ်သီး စတာတွေပေးတယ်။ခွေးသားလေး မင်းက မင်းမိန်းမကို‌တောင် မလိုက်နိုင်ဘူး။ ယောင်ယောင်က မိန်းမကောင်းလေး။ ထိုင်ပြီးအချိန်ဖြုန်းမနေနဲ့။ ကမ္ဘာပေါ်မှာ ယောက်ျားကောင်းတွေ အများကြီးရှိတယ်။ တစ်နေ့မှာ ယောင်ယောင်က မင်းကိုမကြိုက်တော့ပဲ တစ်ခြားသူရဲ့ဇနီးပဲလုပ်မယ်ဆိုကာမှ ငိုမနေနဲ့..."

ကျန်းဆွေ့လန် ဒေါသတကြီး ပြောတော့သည်။

မမျှော်လင့်ပဲကုရှီအန်းက "မဖြစ်နိုင်ဘူး" ဟု အခိုင်အမာပြောလာလေသည်။

ကျန်းဆွေ့လန် - "ဘာမဖြစ်နိုင်တာလဲ?"

"သူတစ်ခြားမိသားစုကို လက်ထပ်မှာမဟုတ်ဘူး"

သူမကို နမ်းပြီးသည့်နောက် ဒီဘ၀တွင် သူမကို သူ လွှတ်ပေးမည် မဟုတ်တော့ပေ။

All Chapters